ဒါ ဘယ်လိုအဖွဲ့အစည်းကြီးလဲ
Vol. 73 Ch. 1451
အဘိုးအိုနှင့် အခြားသူများသည် နျုံစစ်သွမ်း၏ ခန္ဓာကိုယ်ကို ရှာဖွေပြီးသွားပြီဖြစ်သည်။
သေချာစွာ စစ်ဆေးလေ့လာပြီးနောက် သေဆုံးခြင်း၏ အကြောင်းပြချက်အစစ်အမှန်ကို ရှာမတွေ့နိုင်ခဲ့ပေ။
သူတို့သည် အရေးကြီးသောအချက်ကို ကျော်ကြည့်မိခြင်းဖြစ်နိုင်ပေသည်။
အပ်ပေါက်ရာ
ထိုအခါမှ အဘိုးအိုသည် အချက်အလက်များ စပ်ဆက်ကာ နျုံစစ်သွမ်းအား မည်သည်က သတ်လိုက်သည်ကို နောက်ဆုံး၌ ရှာတွေ့သွားတော့သည်။
သို့သော် ထိုသည်မှာ နောက်ကျသွားပြီဖြစ်လေသည်။
ပညာရှင်များ၏ တိုက်ပွဲကြားမှ သေရေးရှင်ရေးသည် အတွေးတစ်ခုတည်းဖြင့် အဆုံးအဖြတ်ပေးနိုင်သည်။
ထို့အပြင် အဘိုးအိုသည် အမှားကြီးကို ကျူးလွန်ခဲ့ပြီးဖြစ်ရာ ယဲ့ဖန်သည် သူ့ကို အသက်ရှူရန်ပင် အခွင့်မပေးခဲ့ပေ။
ဘန်း
အဘိုးအို၏ ရင်ဘတ်ပေါ်သို့ လက်သီးတစ်ချက်မှာ မုန်တိုင်းတစ်ခုသဖွယ် ရောက်ရှိလာသည်ကို မြင်လိုက်သည်။
ထို့နောက် ယဲ့ဖန်၏လက်သီးချက်များသည် မိုးသီးမိုးပေါက်များကဲ့သို့ ကျရောက်လာသည်။
လေချွမ်လက်သီးသိုင်း၏ လက်သီးချက်များသည် အတိုဆုံးအကွာအဝေးအတွင်း အကြီးမားဆုံး ခွန်အားကို အသုံးချနိုင်မည်ကို အာမခံနိုင်သည်။
ဘုန်း
ဘုန်း
ဘုန်း
ယဲ့ဖန်၏ လက်သီးချက်များမှာ တလှည့်စီပြောင်းကာ အဘိုးအို၏ ရင်ဘတ်ကို တချက်ပြီးတချက် ထိုးသည်။
ဘေးလူများသည် ယဲ့ဖန်လက်သီးချက်များ၏ ပုံရိပ်ယောင်များကိုသာ မြင်နိုင်သည်။
အဘိုးအိုသည် ကြိမ်ဖန်များစွာ ထိုးနှက်ခံရပြီးနောင် ပါးစပ်မှ သွေးများ ထွက်ကျလာသည်။
ဘန်း
နောက်ဆုံးလက်သီးချက်ကို ပစ်ထိုးလိုက်သောအခါ အဘိုးအို၏ ခန္ဓာကိုယ်သည် ကြိုးပြတ်သွားသော စွန်တစ်ခုကဲ့သို့ လွင့်ထွက်သွားပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျသွားသည်။
ဖူး
ဖူး
အဘိုးအိုသည် နောက်ထပ် သွေးနှစ်လုတ်ကို ထွေးထုတ်လိုက်သည်။
ထိုသွေးထဲ၌ သူ့နှလုံးသားထဲမှ အပိုင်းအစများပင် ရောနှောပါလာသည်။
အဘိုးအို၏မျက်လုံးများမှာ တဖြည်းဖြည်း မှေးမှိန်လာပြီး အမြင်အာရုံ ဝေဝါးလာတော့သည်။
ထိုအခိုက်အတန့်တွင် လူငယ်လေးသည် သူ့အာရုံမြင်ကွင်းအကြည့်တွင် ပြန်ပေါ်လာသည်။
သို့သော် ဤတစ်ကြိမ်၌ သူ့ပုံစံမှာ အောင်ပွဲခံနေပုံရသည်။
" မင်း ...... မင်းရဲ့ဝှက်ဖဲက တကယ်တော့ ငွေအပ်လား ....... "
အဘိုးအို သေခါနီးသည် သူ့နှလုံးသားထဲမှ ပြင်းထန်သော ခံစားချက်တစ်ခု တိုးလာသည်။
သူသည် အထွတ်အထိပ်စွမ်းအားများ ရှိနေသော်လည်း နောက်ဆုံး၌ ငွေအပ်လေးတစ်ခုကြောင့် သေဆုံးရမည်ဟု မမျှော်လင့်ထားပေ။
သူသည် ဤသတင်းကို ဌာနချုပ်သို့ ပြန်ပို့ကာ နောင်လာမည့်လူများကို ပိုသတိရှိရန် သတိပေးချင်သည်။
သို့သော် နောက်ကျသွားပြီဖြစ်သည်။
ဤလျှို့ဝှက်ချက်သည် သူ သေဆုံးပြီးနောက် ထာဝရပျောက်ကွယ်သွားမည်ဖြစ်သည်။
ဝှက်ဖဲ၏ပစ္စည်းကို သူကိုယ်တိုင်မှလွဲ၍ အခြားမည်သူမျှ သိတော့မည်မဟုတ်ပေ။
" ခင်ဗျား တော်တော်မိုက်မဲတဲ့အမှားကို လုပ်ခဲ့တာက ကျုပ်ရန်သူဖြစ်လာတာပဲ။ တစ်နေ့တော့ ခင်ဗျားတို့အားလုံးကို ရှင်းပစ်မယ်။ ကံမကောင်းစွာနဲ့ဘဲ အဲ့ဒီနေ့ကို ခင်ဗျား မြင်နိုင်မှာတော့ မဟုတ်ဘူး "
ယဲ့ဖန်သည် အဘိုးအိုဘေးတွင် ထိုင်ချလိုက်ပြီး အောင်နိုင်သူအဖြစ် ပြောလိုက်သည်။
အဘိုးအိုသည် ဆက်လက်တိုက်ခိုက်ပြီး အဖွဲ့အစည်းအတွက် ကြီးစွာသောခြိမ်းခြောက်မှု ဖြစ်စေသည့် ဤလူငယ်လေးကို ကိုယ်တိုင်သတ်ပစ်ချင်ခဲ့သည်။
သို့သော် သူသည် မတိုက်ခိုက်နိုင်တော့ပေ။
လဲကျသွားစဉ် သူ့ညာလက်ကို တစ်ဝက်မြှောက်လိုက်ပြန်သည်။
သို့သော် ဘာမှ မလုပ်နိုင်ဘဲ နောက်ဆုံး၌ အမုန်းတရားများနှင့်အတူ သေဆုံးသွားသည်။
ယဲ့ဖန်သည် ဖြည်းညှင်းစွာ မတ်တပ်ထရပ်ကာ ချန်းဖေးအယ်နှင့် ဖန်းကျန်းဝူကို ကူညီရန် ပြင်ဆင်သည်။
သို့သော် နောက်ဖြစ်လာသောမြင်ကွင်းသည် လူတိုင်း၏မျှော်လင့်ချက်ထက် ကျော်လွန်သွားခဲ့သည်။
မိန်းကလေးနှစ်ယောက်ကို တိုက်ခိုက်နေသော ကိုယ်ခံပညာရှင်များသည် အဘိုးအိုသေဆုံးသွားသည်ကို မြင်ပြီးနောက် ယဲ့ဖန်၏လက်မှ မလွတ်မြောက်နိုင်မှန်းသိကာ သူတို့သည် တွန့်ဆုတ်မနေဘဲ ပါးစပ်ထဲမှ အဆိပ်ထုပ်အိတ်ကိုကိုက်ကာ သတ်သေခဲ့သည်။
အနက်ရောင်သွေးများ ပါးစပ်ထောင့်မှ စီးကျလာပြီး အားလုံး မြေပြင်ပေါ်သို့ လဲကျကာ သေဆုံးသွားကြသည်။
ဘေး၌ ရှိနေသူအားလုံး အံ့သြတုန်လှုပ်သွားကာ ဦးရေပြားပင် ထုံကျင်သွားကြသည်။
" ဒါက ဘယ်လိုအဖွဲ့အစည်းမျိုးမလို့ ဒီလိုပုံမှန်မဟုတ်တဲ့လူတွေကို လေ့ကျင့်ပေးထားတာလဲ "
ချန်းဖေးအယ် မတတ်နိုင်ဘဲ ရေရွတ်လိုက်သည်။
လုံခြုံရေးအဖွဲ့မှ အဖွဲ့ဝင်များအားလုံးသည် အတွေ့အကြုံရင့် စစ်သားများဖြစ်ကြသည်။
ဝန်ခံထုတ်ဖော်ပြောဆိုရန် ခြိမ်းခြောက်ခံရသည့်အခါ သူတို့သည် ပါးစပ်ကို ပိတ်ထားကြမည်သာဖြစ်သည်။
သို့သော် ပြင်းထန်သောအခြေအနေ၌ အဆိပ်သောက်သတ်သေရန် မဖြစ်နိုင်ပေ။
ထို့ကြောင့် သူမသည် ဤလျှို့ဝှက်ဆန်းကြယ်သောအဖွဲ့အစည်းကို ကြောက်ရွံ့သွားသည်။
" မင်း အဆင်ပြေရဲ့လား "
ယဲ့ဖန်သည် ခဏတာမျှ အံ့အားသင့်သွားပြီး အကြည့်ကို ပြန်ရုတ်လိုက်ကာ လန်ရှင်းယွီစီသို့ လျှောက်သွားလိုက်သည်။
" အဆင်ပြေပါတယ် "
လန်ရှင်းယွီသည်လည်း မှင်တက်သွားသည်။
သူမသည် သိသာစွာ ထိတ်လန့်နေသော်လည်း သူမ ထပ်ပြောသည်။
" သူတို့ ...… သူတို့က ကျွန်မကို မထိဘူး "
" အိုး ....... "
ယဲ့ဖန် မည်သို့ ပြန်ဖြေရမည် မသိချေ။
သူမကိုယ်သူမ အပြစ်ကင်းစင်နေသေးတယ်လို့ ပြောချင်တာလား။
သူ့ကို ဘာလို့ ဒီလိုပြောတာလဲ။
လန်ရှင်းယွီသည် သူမ၏ စကားနောက်ကွယ်မှ အဓိပ္ပါယ်ကို နားလည်သွားသည်။
သူမ၏လှပသော မျက်နှာလေးသည် နီရဲလာပြီး ခေါင်းကို အလျင်အမြန် ငုံ့လိုက်သည်။
ဘာကြောင့်မှန်း သူမ မသိပါသော်လည်း ယဲ့ဖန်မှ သူမအား အထင်သေးသွားမည်ကို ကြောက်သောကြောင့် သူမသည် ထိုစကားကို ထပ်ထည့်ပြောလိုက်ခြင်းဖြစ်သည်။
ယခု သူမ တွေးကြည့်မိသည့်အခါ ရှက်လွန်း၍ သေချင်လာမိသည်။
ယဲ့ဖန်သည် သူမ၏အတွေးကို ဂရုမစိုက်ဘဲ ပေါ့ပါးစွာသာ ပြုံးလိုက်သည်။
ထို့နောက် နောက်လှည့်ပြီး လုံခြုံရေးအဖွဲ့ဝင်များအရှေ့သို့ လျှောက်သွားကာ ဒဏ်ရာများကို စစ်ဆေးပေးသည်။
အပြင်းထန်ဆုံး ဒဏ်ရာရသူမှာ ကျန်းချန် ဖြစ်သည်။
သူသည် အဘိုးအို၏ တိုက်ခိုက်ခြင်းကို ပထမဆုံးခံခဲ့ရသူလည်း ဖြစ်သည်။
သူ၏ရင်ဘတ်ရှိ နံရိုးအနည်းငယ်ကျိုးသွားကာ နှလုံးကို ထောင့်ဖြတ်ထိုးနေသည်။
ထို့ကြောင့် စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိသည်။
ယဲ့ဖန်သည် စဉ်းစားရန် အချိန်မရှိသဖြင့် အခင်းဖြစ်ပွားရာနေရာ၌ ဒဏ်ရာရသူများကို ချက်ချင်း ကုသပေးခဲ့သည်။
နှစ်နာရီကြာ ကုသပေးပြီးနောက် ယဲ့ဖန်သည် လုံခြုံရေးအဖွဲ့မှ အဖွဲ့ဝင်အားလုံး အန္တရာယ်မကျရောက်အောင် အလုပ်လုပ်ပေးနိုင်ခဲ့သည်။
ထို့နောက် ဒဏ်ရာများ ပြန်လည်သက်သာလာရန် ဆေးရုံသို့ ပို့ဆောင်ကြသည်။
" ယဲ့ဖန်၊ ကျေးဇူးတင်ပါတယ် "
ချန်းဖေးအယ်သည် ယဲ့ဖန်ကို ကျေးဇူးတင်စွာ ကြည့်နေသည်။
ကုသမှု ချက်ချင်း မခံယူပါက အနည်းဆုံးအနေဖြင့် အဖွဲ့ဝင်အချို့ သေဆုံးခြင်း သို့မဟုတ် မသန်စွမ်းဖြစ်သွားမည် ဖြစ်သည်။
" ကိုယ့်ကို ဒီလောက် ယဉ်ကျေးနေဖို့ မလိုပါဘူး "
ယဲ့ဖန်သည် သူမကို မျက်လုံးမှိတ်ပြလိုက်သည်။ သူသည် ပရောပရည်လုပ်နေပုံရသည်။
လက်အောက်ငယ်သားများကို ကြည့်ပြီး ချန်းဖေးအယ်၏မျက်နှာ နီရဲသွားသည်။
သူမသည် လုပ်ဖော်ကိုင်ဖက်များရှေ့၌ စနောက်ခံနေရသည်။
နောက်ကျ သူတို့ကို ဘယ်လိုမျက်နှာချင်းဆိုင်ရတော့မှာလဲ။
ကံကောင်းစွာဖြင့် အဖွဲ့ဝင်များသည် အခင်းနေရာကို ရှင်းလင်းနေသောကြောင့် အခြေအနေကို သတိမထားမိကြပေ။
ထိုသည်က သူမကို စိတ်သက်သာရာရစေသည်။
" တစ်ယောက်မှ မရှင်တာ စိတ်ပျက်စရာပဲ "
ချန်းဖေးအယ်သည် အယောက်၂၀မကသော အလောင်းများကို ကြည့်ကာ နောင်တရစိတ်ရှိနေသည်။
သူတို့သည် တစ်ယောက်လောက်ကိုသာ အရှင်ဖမ်းနိုင်ပါက ထိုအဖွဲ့အစည်းအကြောင်းကို သိနိုင်ပေမည်။
" တောင်နက်ဂိုဏ်းကို မေးနိုင်လောက်မယ် "
ယဲ့ဖန် ရုတ်တရက် သတိပေးလိုက်သည်။
ချန်းဖေးအယ်၏မျက်လုံးများ ချက်ချင်း တောက်ပလာသည်။
" ဟုတ်တယ်။ တောင်နက်ဂိုဏ်းအပေါ် သူတို့ တော်တော်လေး အာဏာရှိနေတာဆိုတော့ တောင်နက်ဂိုဏ်းကနေ သဲလွန်စတချို့ကို ရှာတွေ့နိုင်လောက်တယ် "
" ချန်းရှောင်ရှုန်းကိုရှာပြီး သူ့ကို မေးရမယ် "
သူတို့နှစ်ဦးသည် ဆုံးဖြတ်ပြီးနောက် ချက်ချင်း ထွက်သွားကြသည်။
လုံခြုံရေးအဖွဲ့မှ ဒဏ်ရာအနည်းငယ်သာရသူများသည် တိုက်ပွဲနေရာရှင်းလင်းရေးနှင့် ဆေးရုံပို့ဆောင်ရေးကို တာဝန်ယူသည်။
ဖန်းကျန်းဝူသည် လန်ရှင်းယွီကို ပြန်ပို့ပေးရန် တာဝန်ကျသည်။
ယဲ့ဖန်နှင့် ချန်းဖေးအယ်တို့သညါ တောင်နက်ဂိုဏ်းဌာနချုပ်ဆီသို့ မောင်းသွားသည်။
အချိန်အားဖြင့် မနက်၂နာရီဖြစ်သောကြောင့် မြို့ကြီးတစ်ခုလုံးမှာ တိတ်ဆိတ်နေသည်။
ချန်းဖေးအယ်သည် ခရီးသည်ထိုင်ခုံကို မှီလျက် ရှားပါးလှသော တိတ်ဆိတ်ငြိမ်သက်မှုကို ခံစားနေလေသည်။
ထို့နောက် သူမ အိပ်ပျော်သွားလေတော့သည်။
ယဲ့ဖန်သည် သူမကို မနှောင့်ယှက်ဘဲ သီချင်းသံကို လျှော့လိုက်သည်။
တောင်နက်ဂိုဏ်း၏ ဌာနချုပ်သည် ရှီချန်းရပ်ကွက် လူချမ်းသာရပ်ကွက်တွင်ရှိသည်။
သုံးထပ်မြင့်အဆောက်အဦးဖြစ်ကာ အထဲမှမီးများ ထွန်းလင်းနေသည်။
"တောင်နက် လုံခြုံရေးကုမ္ပဏိီ"ဟူသော ဆိုင်းဘုတ်ကြီးတပ်ထားသည်။
ကြည့်ရသည်မှာ တကယ့်ကုမ္ပဏီအစစ်နှင့်တူသည်။
ယဲ့ဖန်သည် ကားကို အဝင်ဝ၌ ရပ်သည်။
ချန်းဖေးအယ်ကို မနှိုးဘဲ တောင်နက်ဌာနချုပ်ထဲသို့ ဝင်သွားသည်။
ပထမထပ်၌ ကတ်ကစားနေသော လူအချို့ရှိပြီး ယဲ့ဖန်ဝင်လာသည်ကို မြင်သောအခါ လူတစ်ယောက်မှ ချက်ချင်း မေးမြန်းသည်။
" ဘယ်သူလဲ။ မင်းကို ဘယ်သူက ဝင်ခိုင်းလို့လဲ။ ဒီနေရာကဘာလဲ မင်း သိလား "
" ချန်းရှောင်ရှုန်း ဘယ်မှာလဲ။ ထွက်လာပြီး တွေ့ခိုင်းလိုက် "
ယဲ့ဖန်သည် အိတ်ကပ်ထဲလက်ထည့်ပြီး ဘေးပတ်လည်ကို ကြည့်သည်။
" မင်းကိုယ်မင်း ဘယ်သူ ထင်နေတာလဲ။ မင်းက ငါတို့ ဥက္ကဌကိုများ တွေ့ချင်တာတဲ့လား "
ထိုလူများထဲမှအချို့မှာ လက်ထဲမှ ကတ်များကို ပစ်ချပြီး ထရပ်လာကြသည်။
ယဲ့ဖန်သည် ဘေး၌ ဘယ်သူမှမရှိသလို လမ်းလျှောက်လာပြီး ဆိုဖာပေါ်ထိုင်ကာ စားပွဲပေါ်မှ ပိုကာကတ်တစ်ကတ်ကို ယူလိုက်သည်။
" ချန်းရှောင်ရှုန်းကို ခေါ်ဖို့ တစ်မိနစ်အချိန်ပေးမယ်။ မဟုတ်ရင် ကိုယ်တိုင်သွားရှာမယ် "