← Chapters

တောင်နက်ဂိုဏ်းက တကယ် အစွမ်းထက်တာပဲ

Vol. 73 Ch. 1457

တောင်နက်ဂိုဏ်းက တကယ် အစွမ်းထက်တာပဲ

Vol. 73 Ch. 1457

" ခင်ဗျားတို့ရဲ့ တောင်နက်ဂိုဏ်းက ဘယ်လောက်တောင် အစွမ်းထက်လဲ သိချင်ပါသေးတယ် "

ယဲ့ဖန်သည် အဘိုးအို၏ အကြံဉာဏ်ကို လျစ်လျူရှုကာ တောင်နက်ဂိုဏ်းမှ လူများကို ရင်ဆိုင်ရန် လှည့်ကြည့်လိုက်သည်။

" ကောင်လေး၊ မင်းက သတ္တိရှိတာပဲ ...... စောင့်နေလိုက် "

နယ်ခံလူရမ်းကားကြီးသည် သူ့ကို ပြင်းထန်သောအမူအရာဖြင့် လက်ညှိုးထိုးပြပြီး နောက်လှည့်ကြည့်ကာ ချက်ချင်းပင် ရိုင်းစိုင်းစွာ ပြောလိုက်သည်။

" အစ်ကိုရှန်း၊ ဒါက ကျွန်တောင်တို့ကို ရိုက်တဲ့ ကောင်ပဲ။ သူက ကျွန်တော်တို့ တောင်နက်ဂိုဏ်းကလူတွေကို ခွေးမသားတွေလို့တောင် ကြိမ်းမောင်းသေးတယ်။ အစ်ကိုရှုန်းက သူရဲဘောကြောင်တယ်လို့လည်း ပြောတယ် ....... "

ထိုလူရမ်းကားသည် သူ၏ ချဲ့ကားသောဖော်ပြချက်အပေါ် အလွန်ဂုဏ်ယူနေသည်။

ထိုကောင်လေး မည်သို့သေမည်ဆိုတာကို သူသိချင်နေပြီဖြစ်သည်။

အစ်ကိုရှန်းဟု ခေါ်သော အမျိုးသားသည် နေကာမျက်မှန်တပ်ထားပြီး ပါးစပ်ထဲတွင် ဆေးလိပ်တစ်လိပ်ထည့်ကာ အင်္ကျီကို ပုခုံးပေါ်တင်ထားသည်။

ကြည့်ရသည်မှာ ဂိုဏ်းမှ အစ်ကိုကြီးတစ်ယောက်ပုံစံရှိသည်။

အနီးနားပတ်ဝန်းကျင်မှ ကြည့်ရှုသူများသည် ထိုလူကိုတွေ့သောအခါ တုန်လှုပ်ခြောက်ခြားသော အမူအရာများကို ချက်ချင်း ထုတ်ဖော်ခဲ့ကြသည်။

" ဒါက ဖုရှန်းလား။ တကယ်ကြီး ပြုံးနေတဲ့ ယာမာဖုရှန်းလား။ သွားပြီ၊ ဒီလူငယ်လေးတော့ သေပြီ "

" ဟုတ်တယ်၊ ဖုရှန်းက ချန်းရှောင်ရှုန်းထက်တောင် ပိုရက်စက်တယ်လို့ ပြောလို့ရတယ်။ သူ့လက်ထဲကျရင် အသက်ရှင်တာထက် သေတာကမှ ပိုကောင်းလိမ့်မယ် "

" ဖုရှန်းက လူ့အသားစားပြီး သူ့ပါးစပ်ကို လူသွေးနဲ့ ပလုတ်ကျင်းတယ်လို့ ငါ ကြားဖူးတယ် "

" ဒါကတော့ နည်းနည်း ချဲ့ကားလွန်းတယ် မဟုတ်ဘူးလား "

" ဒါက ချဲ့ကားတာ မဟုတ်ဘူး။ သူ့အိမ်မှာ လူအရေပြားနဲ့ လုပ်ထားတဲ့ ဆိုဖာတစ်ခုတောင် ရှိတယ်ဆိုပြီး ငါကြားဖူးတယ်။ သူက နတ်ဆိုးပဲ "

" ဘုရားရေ၊ ဒါဆို ဒီညီလေး သေချာပေါက် သေတော့မှာပေါ့ ....... "

ဖုရှန်း၏ နာမည်သည် အလွန်ကြောက်စရာကောင်းသည်မှာ ထင်ရှားသည်။

လူများစွာသည် ကျင်ငယ်ရည်ထွက်ကျမတတ် ချက်ချင်း ကြောက်လန့်ကုန်ကြသည်။

" ငါ့ကိုသတ်ချင်ရင် ငါနဲ့ပဲရှင်း။ ဒီလူငယ်လေးနဲ့ဘာမှမဆိုင်ဘူး။ သူ့ကို လွှတ်ပေးလိုက်။ မင်းတို့ငါ့ကို ဘာမဆို လုပ်လို့ရတယ် "

ထိုအချိန်တွင် အဘိုးအိုသည် ရုတ်တရက် ထရပ်ကာ ယဲ့ဖန်ကို ကာကွယ်လိုက်သည်။

သူသည် ဆယ်စုနှစ်များစွာ ပုန်းအောင်းနေခဲ့ရသည်။

ဤတစ်ကြိမ်၌ သူ ပုန်းကွယ်မနေချင်တော့ပေ။

ဤယဲ့ဖန်ဆိုသည့်လူငယ်လေးကို သူ့အတွက်ကြောင့် မသေစေချင်ပေ။

သို့သော် လူတိုင်းကို အံ့ဩတကြီးဖြစ်သွားစေသည်မှာ ဖုရှန်းသည် ချက်ချင်း ဒေါသမထွက်ဘဲ ယဲ့ဖန်အား ကြောင်အစွာ စိုက်ကြည့်နေခြင်းကြောင့် ဖြစ်သည်။

" ယဲ့ ...... ယဲ့ဖန်လူကြီးမင်းလား "

သူသည် နေကာမျက်မှန်ကို ချွတ်လိုက်ပြီး အသံမှာ တုန်ရီနေသည်။

မနေ့ညက တောင်နက်ဂိုဏ်းရဲ့ ဌာနချုပ်ကို ပြဿနာလာရှာတဲ့ လူငယ်လေး မဟုတ်လား။

သူတို့၏ဥက္ကဌ ချန်းရှောင်ရှုန်းသည် ဤရန်သူအား အချိန်အတိုင်းအတာတစ်ခုထိ ပြဿနာမရှာရန် လူတိုင်းကို အကြိမ်ကြိမ် အမိန့်ပေးထားပြီးသားဖြစ်သည်။

တစ်ဖက်လူနဲ့ ဒီလောက်မြန်မြန်ဆန်ဆန် ပြဿနာဖြစ်မယ်လို့ ဘယ်သူက ထင်မှာလဲ။

သူ ကံမကောင်းနေတာလား။

ယဲ့ဖန်သည်လည်း သူ့ကို မှတ်မိလိုက်သည်။

သူက မနေ့ညက တောင်နက်ဂိုဏ်း ဌာနချုပ်မှာ တွေ့တဲ့လူ မဟုတ်လား။

" ခင်ဗျားတို့ရဲ့ တောင်နက်ဂိုဏ်းက အရမ်းအားကြီးတာပဲ "

ယဲ့ဖန် မတတ်နိုင်ဘဲ လှောင်ပြောင်လိုက်သည်။

ဖုရှန်းသည် အနည်းငယ် ကြောက်ရွံ့သွားကာ ရိုသေစွာ ချက်ချင်း ပြုံးပြလိုက်သည်။

" ယဲ့လူကြီးမင်း၊ ဒါက နားလည်မှုလွဲတာပါ၊ နားလည်မှုလွဲတာ။ ကျွန်တော်တို့ တောင်နက်ဂိုဏ်းက လူကြီးမင်းကို ဆန့်ကျင်ဖို့ ရည်ရွယ်ချက်မရှိပါဘူး "

" ဝါး ....... "

ထိုစကားကို ပြောပြီးသည့်နှင့် ဘေးပတ်ဝန်းကျင်မှ ချက်ချင်း ရုတ်သည်းသွားသည်။

လူတိုင်း အံ့ဩသွားကြသည်။

လူ့အသားကိုစားပြီး လူသွေးသောက်တဲ့ ဒဏ္ဍာရီလာ ဖုရှန်းက ဒီလူငယ်လေးကို တကယ်ကြီး ယဉ်ကျေးပြနေတာလား။

ထို့အပြင် မြှောက်ပင့်ပေးနေသည့် အရိပ်အမြွက်ပင် ရှိနေခဲ့သည်။

ဒါက ဘာ ....... ဘာတွေဖြစ်နေတာလဲ။

ကြည့်ရှုသူများသာမက ယဲ့ဖန်နှင့်အစောက ပြဿနာဖြစ်ခဲ့သည့် လူရမ်းကားတစ်စုမှာလည်း အံ့သြသွားခဲ့သည်။

" အစ်ကိုရှန်း၊ ဒီကလေးက ဘယ်သူလဲ။ အစ်ကို ဘာလို့ သူ့ကို ဒီလိုဆက်ဆံနေတာလဲ ........ "

နယ်ခံလူရမ်းကားကြီးသည် မေးခွန်းပင် မဆုံးလိုက်ချေ။ ဖုရှန်းမှ သူ့ကို ပါးရိုက်လိုက်သည်။

" ခွေးကောင်၊ မင်း မျက်စိကန်းနေတာလား။ မင်း ယဲ့လူကြီးမင်းကို ဘယ်လိုလုပ် စော်ကားရဲတာလဲ။ မြန်မြန်လာပြီး ဒူးထောက်စမ်း "

လူရမ်းကားများသည် ချက်ချင်းပင် တုန်ရီစွာနှင့် ဒူးထောက်လိုက်ကြသော်လည်း သူတို့၏စိတ်ထဲတွင် သံသယများဖြင့် ပြည့်နှက်နေသည်။

ရက်စက်ကြမ်းကြုတ်မှုများကြောင့် အမြဲနာမည်ကြီးသည့် ဖုရှန်းသည် ဘာကြောင့် ဤအကြိမ်၌ ကြောက်နေသည်ကို နားမလည်ပေ။

တစ်ဖက်သူက တစ်ယောက်တည်းပဲလေ။ ဒီလောက်ထိ ကြောက်နေဖို့ လိုလို့လား။

အားလုံးစုပြီး တိုက်ခိုက်ရင် ဒီကလေးကို နုတ်နုတ်စင်းနိုင်မှာ မဟုတ်ဘူးလား။

ဖုရှန်းသည် ယဲ့ဖန်ကို ဂရုတစိုက်ကြည့်နေသည်။

" လူကြီးမင်း၊ ဒီမျက်ကန်းကောင်တွေက လူကြီးမင်းကို စော်ကားထားတော့ သေဖို့ ထိုက်တန်ပါတယ်။ လူကြီးမင်းသဘောပါ။ ပြောလိုက်တာနဲ့ သူတို့ မနက်ဖြန် နေကိုတောင် မမြင်နိုင်စေရဘူးလို့ အာမခံပါတယ် "

မြေပြင်ပေါ်၌ ဒူးထောက်နေကြသော်လည်း ခေါင်းဆောင်ဖုသည် ဟန်ပြလုပ်နေသည်ဟုထင်ကာ စိတ်ထဲမထားကြပေ။

သို့သော် ဖုရှန်း၏စကားကို ကြားပြီးနောက် လူရမ်းကားများ ကြောက်လန့်သွားသည်။

သူတို့၏အသက်သည် ယဲ့ဖန်လက်ထဲ၌ ရှိနေ၍ ကြောက်လန့်ကာ ဆီးထွက်ကျကုန်သည်။

" ယဲ့ ..... ယဲ့လူကြီးမင်း၊ ကျွန်တော်တို့အသက်ကို ချမ်းသာပေးပါ။ ကျွန်တော်တို့က မျက်စိကန်းခဲ့တာပါ။ အကြိမ်တစ်သောင်းမကသေဖို့ ထိုက်တန်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ သနားစရာကောင်းတဲ့ ဘဝတွေကို ညှာတာပေးဖို့ တောင်းပန်ပါတယ် ........ "

လူရမ်းကားအချို့သည် ငိုယိုပြီး မြေကြီးပေါ်နဖူးတိုက် အရိုအသေပေးကြသည်။

ခဏအကြာတွင် သူတို့၏နဖူးများသည် သွေးထွက်လာပြီ ဖြစ်သည်။

ယဲ့ဖန်သည် ထိုလူများကို ကြည့်ပြီးနောက် ဖုရှန်းကို ကြည့်လိုက်သည်။

" ဒါက ဘာကိုဆိုလိုတာလဲ "

ဖုရှန်းသည် မျက်နှာပေါ်တွင် ဖြူစင်သော အပြုံးတစ်ခု ရှိနေသည်။

" ယဲ့လူကြီးမင်း၊ နားလည်မှုမလွဲပါနဲ့။ တခြားဘာကိုမှ မဆိုလိုပါဘူး။ ကျွန်တော်တို့ တောင်နက်ဂိုဏ်းရဲ့ ရိုးသားမှုကို ယဲ့လူကြီးမင်းစီ ထုတ်ပြတာပါ။ ကျွန်တော်တို့ တောင်နက်ဂိုဏ်းက ယဲ့လူကြီးမင်းနဲ့ နားလည်မှုလွဲတာလေး ရှိနေတော့ လူကြီးမင်းက သဘောထားကြီးပြီး ခွင့်လွှတ်ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အနာဂတ်မှာလည်း ပူးပေါင်းဆောင်ရွက်မှာတွေ အများကြီးရှိသေးတယ် မဟုတ်လား "

" ပူးပေါင်းဆောင်ရွက်တာတွေလား "

ယဲ့ဖန်သည် ထိုစကားစုကိုကြားသောအခါ မထိန်းနိုင်ဘဲ ပြုံးလိုက်သည်။

ဖုရှန်းမှ ကြောင်အစွာ ပြုံးလိုက်သည်။

" ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ဥက္ကဌချန်း က တင်းတင်းကြပ်ကြပ် အမိန့်ပေးထားပါတယ်။ လူကြီးမင်းကို တောင်နက်ဂိုဏ်းက ဘယ်သူကမှ စော်ကားခွင့် မပေးဘူး။ စည်းကမ်းချိုးဖောက်တဲ့သူတွေကို ပြင်းပြင်းထန်ထန် အပြစ်ပေးမှာပါ။ ဒီကောင်တွေက သေချင်နေမှတော့ ယဲ့လူကြီးမင်း ကြိုက်သလို ဆုံးဖြတ်ပါ "

ယဲ့ဖန် သူ့လက်များကို ဝှေ့ယမ်းလိုက်သည်။

" စိတ်မကောင်းပါဘူး။ ကျွန်တော်က ခင်ဗျားတို့ရဲ့ တောင်နက်ဂိုဏ်းနဲ့ မတူဘူး။ တရားမဝင်တဲ့အရာတွေကို မလုပ်နိုင်ဘူး။ ကျွန်တော်က ဥပဒေလိုက်နာတဲ့ နိုင်ငံသားတစ်ယောက်။ သူတို့က ခင်ဗျားရဲ့ တောင်နက်ဂိုဏ်းဝင်တွေပဲ။ ခင်ဗျား ကြိုက်သလိုသာလုပ် "

" နားလည်ပါပြီ "

ဖုရှန်းသည် ယဲ့ဖန်၏ ဆိုလိုရင်းကို နားလည်သည်ဟု ထင်ကာ လက်အောက်ငယ်သားများကို အေးစက်စွာ ကြည့်လိုက်သည်။

" ယဲ့လူကြီးမင်း ပြောတာ ကြားလား။ ရဲဌာနက သွားပြီး ချက်ချင်း ဝန်ခံကြ။ အဘိုးအိုရဲ့ ဈေးဆိုင်ကို အကြောင်းပြချက်မရှိ ဘယ်လို ရိုက်ခဲ့တာလဲ အမှန်အတိုင်း ပြောပြလိုက်။ နားလည်လား "

ဒူးထောက်နေသော လူရမ်းကားများသည် လွတ်ငြိမ်းချမ်းသာခွင့် ရသွားသလို ခံစားလိုက်ရပြီး အလျင်အမြန် ကျေးဇူးတင်စကား ပြောကြသည်။

သူတို့အား သီးသန့်ပြစ်ဒဏ် မရသရွေ့ အရာအားလုံး အဆင်ပြေလေသည်။

သူတို့၏ ဈေးဆိုင်ဖျက်ရာဇ၀တ်မှုမှာ ရက်အနည်းငယ်ကြာ ထိန်းသိမ်းခံရမည်ဖြစ်ပြီး ဒဏ်ငွေလည်း ပေးဆောင်ရုံသာ ဖြစ်မည်။

ထို့ကြောင့် ချက်ချင်းပင် ရဲစခန်းဘက်သို့ ပြေးသွားသည်။

ထို့နောက် ဖုရှန်းသည် ယဲ့ဖန်ကို ပြုံးလျက် ကြည့်လိုက်သည်။

" ယဲ့လူကြီးမင်း၊ တခြားညွှန်ကြားချင်တာ ရှိသေးလား "

" ထွက်သွား "

ယဲ့ဖန်သည် သူနှင့် အပိုစကားများ ပြောရန် စိတ်မ၀င်စားဘဲ ရွံရှာစွာဖြင့် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

ဖုရှန်း၏ မျက်နှာပေါ်ရှိ အပြုံးသည် အေးခဲသွားသည်။

ယဲ့ဖန်သည် သူ့ကို လုံးဝ မျက်နှာသာမပြပေ။

" ဒါဆို လူကြီးမင်းကို မနှောင့်ယှက်တော့ပါဘူး "

ဖုရှန်းသည် တိတ်တဆိတ် ဒေါသထွက်နေသော်လည်း သူ့မျက်နှာပေါ်၌ အပြုံးတစ်ခု ရှိနေသေးသည်။

ထိုသို့ပြောပြီးနောက် လက်အောက်ငယ်သားများနှင့်အတူ ထွက်ခွာသွားခဲ့သည်။

" ခဏစောင့်ဦး "

ယဲ့ဖန် သူ့ကို တားလိုက်သည်။

ဖုရှန်းသည် သူ့နောက်ကျောမှ တင်းကြပ်မှုကို ခံစားလိုက်ရပြီး ပြန်လှည့်ကာ ပြုံးပြသည်။

" လူကြီးမင်းမှာ တခြားအမိန့်ရှိလို့လား "

ယဲ့ဖန်သည် အဘိုးအိုကို ညွှန်ပြသည်။

" ခင်ဗျားတို့ရဲ့ တောင်နက်ဂိုဏ်းနဲ့ ဒီအဘိုးကြီးက ဘာရန်ငြိုးရှိလို့လဲ "

" ဘာ ...… ဘာရန်ငြိုးမှ မရှိပါဘူး "

ဖုရှန်းသည် နဖူးမှချွေးအေးများကို သုတ်လိုက်သည်။

အမှန်တကယ်၌ သူသည်လည်း ဤကိစ္စကို သေချာမသိပေ။

သူတို့၏ဥက္ကဌ ချန်းရှောင်ရှုန်းသည် အဘယ်ကြောင့် ဤအဘိုးအိုကို မကြိုက်ကြောင်းမသိသော်လည်း သူ့ကို နှောင့်ယှက်ရန် လူများကို စေလွှတ်လေ့ရှိသည်။

" ပြန်သွားပြီး ချန်းရှောင်ရှုန်းကိုပြောလိုက်။ ဒီအဘိုးရဲ့ဘဝကို ထပ်ပြီး မနှောင့်ယှက်နဲ့လို့။ မဟုတ်ရင် ကျုပ်ကိုယ်တိုင် သူ့ကို စာရင်းလာရှင်းမယ် "

ယဲ့ဖန် အေးစက်စွာ ခြိမ်းခြောက်လိုက်သည်။

All Chapters