ပွဲသိမ်းတိုက်ကွက်
Vol. 1 Ch. 129
"သတ်"
ကျန်းရိလျှိုနှင့် ကျန်းစွန်းဝူကျိ ခေါ်လာခဲ့သော လူအရေအတွက် စုစုပေါင်းသည် ရှစ်ရာ၊ ကိုးရာခန့် ရှိလေသည်။ ကျန်းရီ၏ ဆက်တိုက် သတ်ဖြတ်မှုများ အပြီးတွင် လူငါးရာ၊ ခြောက်ရာခန့်သာ ကျန်တော့သည်။ ဤနယ်မြေအနီးတွင် ရှိနေခဲ့သော လူအရေအတွက်သည် တစ်ထောင် ကျော်လိမ့်မည် ဖြစ်ပြီး ဗရမ်းဗတာ တိုက်ပွဲကြီး အပြီးတွင် လူရှစ်ရာခန့်သာ ကျန်ရစ်ခဲ့လေသည်။ ယခုမူ လူအယောက် တစ်ထောင်ကျော်သည် ကျန်းရီထံ စိတ်လှုပ်ရှားစွာ ပြေးလာနေခဲ့ကြသည်။
ကျန်းရီသည် လူတစ်ယောက် မဟုတ်တော့ဘဲ လူပုံစံ ဖြစ်နေသော ခရမ်းရောင် ရွှေငါးသန်းနှင့် ကောင်းကင်အဆင့် လက်နက်တစ်ခု ဖြစ်လို့နေလေသည်။
"ဝှစ်"
ကျန့်ဝူရွှမ်းသည် နောက်လိုက် ခြောက်ဆယ်၊ ခုနှစ်ဆယ်ခန့်သာ ခေါ်လာခဲ့သော်လည်း အားလုံးသည် အရည်အချင်း ရှိကြသည်။ သူတို့သည် အနိမ့်ဆုံး ခရမ်းရောင် နန်းတော်ရှင် ပဉ္စမအဆင့်၌ ရှိကြပြီး ဆယ်ယောက်ကျော်သည် ခရမ်းရောင် နန်းတော်ရှင် အမြင့်ဆုံး အဆင့်တွင် ရှိလေသည်။ ကျန့်ဂိုဏ်းသည် သူတို့၏ ခေါင်းဆောင်ငယ်လေးအား အလွန် တန်ဖိုးထား၍ မည်သည့် အန္တရာယ်မှ မရှိစေလိုသည်မှာ ထင်ရှားသည်။
"အစ်ကိုကျန်းရီ ... ပြေးတော့"
ကျန့်လင်းအာအား ခရမ်းရောင် နန်းတော်ရှင် အမြင့်ဆုံး အဆင့်တစ်ယောက်မှ ကာကွယ် ပေးထားသည်။ သူမသည် ကျန်းရီသည် မြေပြင်ပေါ်တွင် ဒူးထောက်၍ စုလောရွှယ်အား ကြည့်နေသည်ကို မြင်လိုက်သည်။ သူမသည် လူအုပ်ကြီးအား ဂရုမစိုက် နိုင်တော့ဘဲ နူးညံ့သော လေသံလေးနှင့် အားကုန် အော်ဟစ်လိုက်သည်။
နောက်ဆုံးတွင် ကျန်းရီသည် ခေါင်းကို မော့ကာ စုလောရွှယ်အား ပွေ့ချီ၍ မတ်တတ် ရပ်လိုက်သည်။ သူ၏ သွေးရောင် မျက်လုံးများသည် ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး သတ်ဖြတ်ခြင်း အရှိန်အဝါများ ထွက်ပေါ် လာလေသည်။ ထို့နောက် သူသည် ကျန့်ဝူရွှမ်းထံ ပြေးသွား လိုက်သည်။
သတ်ဖြတ်ခြင်း အရှိန်အဝါ ထွက်ပေါ်လာသည်နှင့် အနီးရှိ လူများသည် နှေးကွေး သွားကြလေသည်။ သူသည် အနက်ရောင် အတွင်းအားများကို ခြေထောက်ဆီ ပို့ဆောင်လိုက်ပြီး မျောက်ဝံ တစ်ကောင်လို ခုန်လိုက်သည်။ ထို့နောက် ခပ်လှမ်းလှမ်းမှ ကျန့်ဝူရွှမ်းတို့ လူစုအား ကြည့်ကာ အော်ပြောလိုက်သည်။
"ကျန့်ဝူရွှမ်း ... ငါ့ကို ကူပြီး စုလောရွှယ်ကို စောင့်ရှောက်ထားပေးပါ ... တခြား ကိစ္စတွေကိုတော့ ... မင်းတို့တွေ ဝင်မပါပါနဲ့တော့"
ကျန်းရီသည် စုလောရွှယ်အား ကျန့်လင်းအာထံ ပစ်ပေးလိုက်သည်။ ထို့နောက် ကျန်းရီသည် သူ့နောက် သုံးဖက်သုံးတန်မှ ပြေးလာနေသော ရန်သူများ ဘက်သို့ လှည့်လိုက်သည်။
"ကျန်းရီ ... ပြန်လာခဲ့"
ကျန့်ဝူရွှမ်းသည် ကျန့်လင်းအာအား စုလောရွှယ်ကို ဖမ်းထားရန် အချက်ပြလိုက်ပြီး ချက်ချင်း အော်ဟစ် လိုက်သည်။
"မသတ်နဲ့တော့ ... မြန်မြန်ပြေး ... ကျန်းရိလျှိုက ပွဲသိမ်း တိုက်ကွက်ကို ထုတ်သုံးတော့မယ်"
"ခေါင်းဆောင် ... နောက်ဆုတ် ရပါမယ်"
ကျန့်ဝူရွှမ်းသည် စကားဆုံးအောင်တောင် မပြောလိုက်ရပါဘဲ ခရမ်းရောင် နန်းတော်ရှင် အမြင့်ဆုံး အဆင့်မှ လူတစ်ယောက်၏ ဆွဲခေါ်ခြင်းအား ခံလိုက်ရသည်။ သူသည်လည်း အန္တရာယ် အငွေ့အသက်ကို ခံစားလိုက်ရ၍ အလျင်အမြန် နောက်ဆုတ် လိုက်မိသည်။
"နောက်ဆုတ်ကြ"
ကျန့်ဂိုဏ်းမှ အခြားသော ခရမ်းရောင် နန်းတော်ရှင် အမြင့်ဆုံး အဆင့်မှ လူများသည် အမိန့် ပေးလိုက်ကာ ကျန့်လင်းအာအား ခေါ်ဆောင်၍ နောက်ဆုတ် လိုက်ကြသည်။ သူတို့ အားလုံးသည် လေထုအလယ်ရှိ ကျန်းရိလျှိုနှင့် ကျန်းစွန်းဝူကျိအား ကြောက်စရာ အကြည့်များနှင့် ကြည့်လိုက် ကြသည်။
"ဝီ"
အားကောင်းသော တည်ရှိမှု တစ်မျိုးသည် လေထုထဲတွင် ပေါ်ထွက် လာခဲ့သည်။ ထိုတည်ရှိမှုသည် ကောင်းကင်အား အေးခဲသွားစေ၍ အောက်ရှိ လူများအား သက်ရောက်လာခဲ့သည်။
"အမ်"
ကျန်းရီသည် ကြောက်စရာ ကောင်းသော တည်ရှိမှု တစ်ခုကို ခံစားမိလိုက်ရ၍ ခေါင်းမော့ ကြည့်လိုက်သည်။ သွေးနီရောင် မျက်လုံးတစ်စုံသည် ကျဉ်းမြောင်း သွားခဲ့ပြီး အလန့်တကြား ရေရွတ် လိုက်သည်။
"ဒုတိယအဆင့် အထွတ်အထိပ် ဝိညာဉ်သားရဲ"
"ဂရား ... ဂရား"
ကောင်းကင်ယံထက်တွင် နဂါးအော်သံများ ထွက်ပေါ်လာခဲ့သည်။ ပေတစ်ရာကျော် ရှည်လျားသော အပြာရောင် နဂါးကြီးသည် ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။ နဂါးပြာကြီး ပေါ်လာသည်နှင့် ပတ်ဝန်းကျင် တစ်ခွင်သည် ရေခဲတမျှ အေးစက်လာခဲ့သည်။ နဂါးကြီးသည် ကောင်းကင်တွင် ခဏမျှ လှည့်ပတ်နေပြီး အောက်သို့ နိမ့်ဆင်းလာကာ လေအေးများ မှုတ်ထုတ် လာခဲ့သည်။
"အား"
လေအေးများသည် အောက်ရှိ လူတချို့ထံ ကျဆင်းလာခဲ့ပြီး သူတို့၏ ကိုယ်ပေါ်တွင် ရေခဲများ ဖြစ်တည်လာခဲ့သည်။ သူတို့သည် အေးစက်မှုကြောင့် တုန်ယင်လာခဲ့ပြီး ထွက်ပြေး ချင်လာကြသည်။ သို့သော် ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် သူတို့သည် ခွေခေါက်ကာ လဲကျ ကုန်ကြသည်။ သူတို့၏ အပူချိန်များသည် ရေခဲမှတ်သို့ ရောက်နေကြပေပြီ။
"ကျန်းရိလျှို ... ကျန်းစွန်းဝူကျိ ... မင်းတို့တွေ လူစိတ်လုံးဝ မရှိဘူး ... ကျန်းရီသေတော့မယ်"
ကျန့်ဝူရွှမ်းသည် ကျန်းရီနှင့် လူတစ်စု မလှုပ်ရှား နိုင်သည်ကို မြင်လိုက်သော အခါ သူတို့၏ ပရိယာယ်ကို နားလည်သွားခဲ့သည်။ သူတို့သည် ကျန်းရီအား အချိန်ဆွဲရန် လူအုပ်ကြီးနှင့် ကျန်းစွန်းဝူကျိ၏ ဝိညာဉ်သားရဲ နဂါးပြာကြီး သုံး၍ လူတိုင်းကို အေးခဲလိုက်သည်။ ကျန်းရီ မလွတ်မြောက် နိုင်မှန်း သေချာသွားသော အခါတွင် နတ်ဘုရား အဆင့် လက်နက်ကို သုံး၍ သူ့အား တစ်စစီ လုပ်ပစ်တော့မည် ဖြစ်သည်။
ကျန်းရိလျှို၏ လက်မှ ရှေးဟောင်း နတ်ဘုရား လက်စွပ်သည် အလင်းရောင် တစ်ချက် လက်သွားပြီး ရွှေရောင် တံဆိပ်တုံးလေး တစ်ခု ထွက်ပေါ်လာခဲ့သည်။ တံဆိပ်တုံးသည် ရွှေရောင် အလင်းများ တောက်ပနေခဲ့ပြီး ရွှေရောင်နဂါး ပုံရိပ်တစ်ခု ရှိနေခဲ့သည်။
ဤလက်နက်သည် အတွင်းအား မထည့်သွင်းခင်တည်းက အလင်းရောင်များ တောက်ပ နေသည်ကို ကြည့်၍ အရူးတောင် ရှားပါး လက်နက်မှန်း သိနိုင်လေသည်။
"မျိုးမစစ်ကောင် ... သေစမ်း"
ကျန်းရိလျှို၏ မျက်လုံးများတွင် ရက်စက်သော အရိပ်အယောင်များ ဖုံးလွှမ်း လာခဲ့သည်။ သူသည် ရွှေရောင်တံဆိပ်တုံးထံ အတွင်းအားများ ဖြည့်သွင်းလိုက်ရာ အလင်းရောင်များ ပိုမို တောက်ပလာခဲ့သည်။ တံဆိပ်တုံးထက်မှ ရွှေရောင်နဂါး ပုံရိပ်သည် စတင် လူးလွန့်လာခဲ့သည်။
"ဂရား ... ဂရား"
လေထဲမှ ကျန်းစွန်းဝူကျိ၏ အပြာရောင် နဂါးကြီးသည် ကျန်းရီရှိရာသို့ လေအေးများ ဆက်တိုက် မှုတ်ထုတ်နေသည်။ ကျန်းရီ၏ ဆံပင်များသည် အေးခဲနေခဲ့ပြီး သူ့ကိုယ်သည်လည်း တောင့်တင်း နေလေပြီ ... သူသည် အတွင်းအားများကို ဆက်တိုက် သုံးစွဲ၍ လေအေးများကို တောင့်ခံနေရသည်။ မဟုတ်လျှင် သူသည် လုံးဝရေခဲ ဖြစ်သွားမည် ဖြစ်ပြီး မလွတ်မြောက် နိုင်တော့ပေ။
နဂါးပြာကြီးသည် ဒုတိယ အဆင့်သာ ဖြစ်၍ တော်သေးသည်။ တတိယအဆင့် သတ္တဝါသာ ဆိုလျှင် လေအေး တစ်ချက်မျှနှင့် သူရေခဲတုံး ဘဝ ရောက်သွားနိုင်ပေသည်။
ကျန်းရိလျှိုသည် အတွင်းအားများကို တံဆိပ်တုံးထံ ဆက်လက် ဖြည့်သွင်း နေခဲ့သည်။ ကြောက်စရာ အရှိန်အဝါသည် ပိုမို သိပ်သည်း လာခဲ့သည်။
"ပြီးသွားပြီ ... "
ခပ်လှမ်းလှမ်းရှိ သစ်ပင်ထက်တွင် ပုန်းအောင်းနေသော ကျီထင်ယွီသည် အသာအယာ ရေရွတ်လိုက်သည်။ သူမသည် ကျန်းရီကို ကြည့်လိုက်သည်။ ထို့နောက် ကောင်းကင်ထက်တွင် ရှိနေသော ကျန်းရိလျှိုအား ကြည့်လိုက်ပြီး သက်ပြင်းဖွဖွ ချလိုက်သည်။
"ကျန်းရိလျှို ... မဆိုးဘူး ... အရေးကြီးတဲ့ အရာတွေကို လုပ်တဲ့အခါမှာ ပေါ့ပျက်ပျက် မလုပ်ဘူး ... ယောက်ျား ဆိုတာက သြဇာအာဏာ ရရှိဖို့ အတွက်ဆို ကရုဏာထားနေဖို့ မလိုဘူး ... ကျန်းပိုင်လီရဲ့ သားဆိုမှတော့ ကျားတစ်ကောင်ပဲပေါ့"
"ဟူး ... "
ကျန့်လင်းအာ၏ တွဲထားခြင်း ခံရသော စုလောရွှယ်သည် အေးခဲနေပြီ ဖြစ်သည့်တိုင် မတ်တတ် ရပ်နေဆဲ ဖြစ်သော ကျန်းရီအား ကြည့်လိုက်သည်။ သူမသည် သူ၏ သွေးနီရောင် မျက်လုံးတစ်စုံအား ကြည့်နေရင်း ကူကယ်ရာမဲ့စွာ သက်ပြင်း ချလိုက်သည်။ သူမသည် မျက်လုံးများအား ဝမ်းနည်းစွာ မှိတ်ချ လိုက်သည်။ သူမ၏ မျက်ဝန်းထောင့်များမှ မျက်ရည်နှစ်စက် စီးကျလာခဲ့သည်။
သူမသည် အုပ်ချူပ်သူ တံဆိပ်တုံး၏ အစွမ်းအား ကောင်းကောင်းကြီး သိပါသည်။ ကျန်းရိလျှိုသည် တံဆိပ်တုံးကို အပြည့်အဝ မထိန်းချုပ် နိုင်သေးသော်လည်း စွမ်းအား၏ တစ်ဝက်လောက်ကို ထုတ်သုံး နိုင်လိုက်လျှင်ပင် သူ့အောက်ရှိ အရာရာသည် အမှုန့် ဖြစ်သွားပေလိမ့်မည်။
"ဖူး ... "
ကျန်းရိလျှိုသည် တံဆိပ်တုံးထံ အတွင်းအားများ အဆက်မပြတ် ဖြည့်သွင်း နေခဲ့ရာ ယခုတွင် သူ့မျက်နှာသည် ဖြူဖျော့နေခဲ့ပြီ ဖြစ်သည်။ သူ့ကိုယ်သည် တုန်ယင်နေခဲ့ပြီး ပါးစပ်ကို ဟကာ သွေးတစ်ပွက် အန်ချလိုက်သည်။ သို့သော် သူသည် မျက်လုံးများ တောက်ပလာခဲ့ပြီး အော်ပြော လိုက်သည်။
"သေစမ်း ... ကျန်းရီ ... သွားသေလိုက်စမ်း ... အုပ်ချုပ်သူ တံဆိပ်တုံးက အားလုံးကို ဖိနှိပ်နိုင်တယ် ... အုပ်ချုပ်သူ တံဆိပ်တုံး ... သွားတော့"
"ဝှစ်"
တံဆိပ်တုံးသည် လေပေါ်သို့ ပျံတက် သွားခဲ့သည်။ ကျန်းရိလျှိုသည် အားနည်းသွားကာ လဲကျသွားမတတ် ဖြစ်သွားခဲ့သည်။ သူ့မျက်နှာသည် ဆီးနှင်းအလား ဆွတ်ဆွတ် ဖြူနေသည်။ သူသည် တုံ့ဆိုင်းမနေဘဲ ရှေးဟောင်း စစ်တပ်သုံး ရထားလုံးအား ဘေးဘက်သို့ မောင်းနှင်လိုက်သည်။ ကျန်းစွန်းဝူကျိ သည်လည်း သူ၏ နဂါးပြာကြီးအား ဝိညာဉ်သားရဲ အဆောင်လေးထဲသို့ ပြန်လည် သိမ်းဆည်း လိုက်သည်။
လေထုအလယ်မှ တံဆိပ်တုံးကြီးသည် ရွှေရောင်များ တောက်ပလာခဲ့သည်။ ရွှေရောင်နဂါး ပုံရိပ်သည်လည်း ပိုမိုလှုပ်ရှား လာခဲ့သည်။ ရွှေရောင် အလင်းများသည် စူးရှ တောက်ပလွန်းနေရာ လူတိုင်းသည် မျက်လုံးများအား မှိတ်ချ လိုက်ကြသည်။
ရွှေရောင် တံဆိပ်တုံးသည် ပိုမိုကြီးမားလာခဲ့သည်။ ၎င်းသည် တဖြည်းဖြည်းနှင့် ကြီးမားလာကာ ပေတစ်ရာခန့် ဖြစ်သွားပြီး ရွှေတောင်ကြီးနှင့် သဏ္ဌာန် တူလာခဲ့သည်။
"အား”
လူများစွာသည် ကောင်းကင်အား မော့ကြည့် နေခဲ့ကြသည်။ ရွှေတောင်ကြီး အလား တံဆိပ်တုံးကြီးသည် နိမ့်ဆင်းလာသော အခါ ချောက်ချားဖွယ် အော်သံများ စတင် ထွက်ပေါ်လာခဲ့သည်။ သူတို့သည် အတွင်းအားများ သုံး၍ ရေခဲများကို ဖယ်ရှားကာ ထွက်ပြေးရန် ကြံလိုက် ကြသောလည်း ရွှေရောင် တံဆိပ်တုံးကြီးသည် ကောင်းကင်နှင့် မြေကြီးကိုပင် ဖျက်ဆီးပစ်နိုင်သည့် စွမ်းအားများ ပါရှိနေသည့် အလား ဖိအားများ ထုတ်လွှတ်နေခဲ့သည်။ လူများသည် လွတ်မြောက်ရန် မဆိုထားနှင့် မတ်တတ်ရပ်ရန်ပင် အနိုင်နိုင် ကြိုးစား နေရသည်။ သူတို့သည် အော်ဟစ်ရင်းဖြင့်သာ ကျဆင်း လာသော ရွှေရောင် တံဆိပ်တုံးကြီးအား ကူကယ်ရာမဲ့စွာ ကြည့်နေခဲ့ကြသည်။
လူတိုင်းသည် မြေပေါ်တွင် လဲကျနေကြပြီ ဖြစ်သော်လည်း ကျန်းရီသည် ခေါင်းမာစွာ ရပ်နေမြဲပင် ... သူ၏ အရိုးများသည် ဖိအားကြောင့် ကျိုးကြေသွားမတတ် ဖြစ်နေသော်လည်း သူသည် အံကိုကြိတ်၍ တောင့်ခံထားဆဲပင် ...
သူ၏ သွေးနီရောင် မျက်လုံး တစ်စုံသည် လေထုထဲသို့ ကြည့်လိုက်သည်။ သူ့ဆံပင်များသည် လေမတိုက်ပါဘဲနှင့် တဖျပ်ဖျပ် လွင့်နေခဲ့သည်။ သူ့ကိုယ်မှ သတ်ဖြတ်ခြင်း အရှိန်အဝါများ ပေါ်ထွက် လာခဲ့ပြီး တံဆိပ်တုံး၏ ဖိအားအား တွန်းလှန်နေခဲ့သည်။
လက်ရှိအချိန်တွင် ကျန်းရီ၏ မျက်နှာထက်တွင် ကြောက်လန့်မှု တစ်စွန်းတစ်စတောင် ရှိမနေခဲ့ဘဲ လှောင်ရိပ်တို့သာ စွန်းထင်း နေခဲ့သည်။ သူသည် ခပ်တိုးတိုး ရေရွတ်လိုက်သည်။
"အုပ်ချုပ်သူ တံဆိပ်တုံး ... ဒါက ကျန်းပိုင်လီရဲ့ ရှားပါးလက်နက် ဆိုတာလား ... ငါသိချင်မိတယ် ... ကျန်းပိုင်လီ အတော်လေး ခေါင်းကိုက် သွားမလားလို့ ... ဒီတံဆိပ်တုံးသာ ဖျက်ဆီး ခံလိုက်ရရင်လေ”
***