ရုပ်သေးနဲ့ ပင်ကိုယ်ရုပ်က တစ်ပုံစံတည်းလား
Vol. 74 Ch. 1096
နန်းကုန်းယွဲ့ဟွာ၏ အကြည့်တို့က သူ၏ရုပ်သေးခန္ဓာထက်၌ တစ်စုံတစ်ရာကို လေးနက်စွာ အကဲခတ်နေဟန် စူးစိုက်လျက်ရှိသည်ကို မြင်သောအခါ လုချန်းက စကားဆက်လိုက်သည်။
“ခင်ဗျားတို့ ကျွန်တော့်ရဲ့မိန်းမ ဖြစ်လာပြီးနောက်မှာ ခင်ဗျားတို့ကို ကောင်းကင်နတ်ဆိုးရဲ့ စွမ်းအားကို ထိန်းချုပ်နိုင်မယ့် ကျင့်စဉ်တစ်ခု ပေးမယ်။ ပြီးတော့ သူတော်စင်အဆင့် ကျင့်စဉ်တစ်ခုကိုလည်း လက်ဆင့်ကမ်းပေးမယ်။”
ထိုစကားကို ကြားလိုက်ရချိန်တွင် အမျိုးသမီးနှစ်ဦးလုံး အံ့အားသင့် မှင်သက်သွားကြလေ၏။
သူတော်စင်... သူတော်စင်အဆင့် ကျင့်စဉ်...
ဆွမ်ဧကရာဇ်ထံ၌ သူတော်စင်အဆင့် ကျင့်စဉ် အမှန်တကယ် ရှိနေပါသလော။
ကျိယန်ကမ္ဘာတစ်ခွင်လုံး၌ပင် အမြင့်မားဆုံးသော ကျင့်စဉ်မှာ မြေအဆင့်ကျင့်စဉ်ဟု သတ်မှတ်ထားသည်။ ယခု ဆွမ်ဧကရာဇ်က သူတော်စင်အဆင့် ကျင့်စဉ်ကို ပိုင်ဆိုင်ထားသည်ဟု ဆိုနေပါလား။
သူတော်စင်အဆင့် ကျင့်စဉ်တစ်ခုကို ပိုင်ဆိုင်ထားခြင်းကို ထောက်ရှုပါက ဆွမ်ဧကရာဇ်သည် သာမန်အဆင့်သခင်တစ်ဦး မဖြစ်နိုင်ကြောင်း သေချာနေ၏။
သူမတို့နှစ်ဦးသည် ကျိယန်ကမ္ဘာမှ တစ်ကြိမ်တစ်ခါမှ ထွက်ခွာမသွားဖူး သော်ငြားသော်လည်း ပြင်ပလောကများ၏ အကြောင်းကို လုံးဝနားမလည်သော လူအများတော့ မဟုတ်ကြချေ။
မည်သို့ပင်ဖြစ်စေ သူမတို့၏ ဘိုးဘေးများပင်လျှင် အခြားကမ္ဘာတစ်ခုမှ ဆင်းသက်လာခဲ့ကြဖွယ် ရှိသည်။ ၎င်းတို့ ချန်ရစ်ခဲ့သော အခြားကမ္ဘာများဆိုင်ရာ သတင်းအချက်အလက် အစအနများကြောင့် အခြားကျင့်စဉ်ကမ္ဘာများအကြောင်းကို တစ်စွန်းတစ်စတော့ သူတို့ ထားကြ၏။
ဧကရာဇ်ကြီးတစ်ပါး၌ပင် သူတော်စင်အဆင့် ကျင့်စဉ်တစ်ခုကို ပိုင်ဆိုင်ရန် အလွန်တရာ ခဲယဉ်းလှသည်။ ကောင်းကင်ဘုံအဆင့် ကျင့်စဉ်တစ်ခု ရှိရုံမျှဖြင့်ပင် အထင်ကြီးလေးစားဖွယ်ရာ ကောင်းလှသည်ဟု သတ်မှတ်နေကြချိန်၌ ဆွမ်ဧကရာဇ်ကဲ့သို့ သခင်တစ်ဦးက သူတော်စင်အဆင့် ကျင့်စဉ်ကို မည်သို့များ ပိုင်ဆိုင်နိုင်ပါမည်နည်း။
သူသာ သူတော်စင်အဆင့် ကျင့်စဉ်ကို အမှန်တကယ် ပိုင်ဆိုင်ထားသည်ဆိုပါက သူသည် သာမန် သခင်တစ်ဦး မဟုတ်နိုင်တော့ပေ။သူ၏နောက်ကွယ်၌ အဆမတန် ကြီးမားသော နောက်ခံအင်အားတစ်ခု ရှိနေရမည်ဟုပင် အဓိပ္ပာယ်သက်ရောက်နေ၏။
ထိုကဲ့သို့ အင်အားကြီးမားခိုင်မာလှသော နောက်ခံရှိသည့် စွမ်းအားရှင် တစ်ဦးနှင့် ရင်ဆိုင်တွေ့ကြုံရသောအခါ နန်းကုန်းယွဲ့ဟွာနှင့် နန်းကုန်းချင်ရတို့ ညီအစ်မနှစ်ဦးစလုံး အကူအညီမဲ့သွားသလို ခံစားချက်မျိုးကို တစ်ပြိုင်နက်တည်း ခံစားလိုက်ကြရသည်။
တစ်ချိန်တည်းမှာပင် သူမတို့၏ စိတ်အတွေးများလည်း အလွန်အမင်း ရှုပ်ထွေးနောက်ကျိသွားခဲ့သည်။
မည်သို့ပင် ဆိုစေကာမူ ထိုအရာက သူတော်စင်အဆင့် ကျင့်စဉ် ဖြစ်နေသည်...
ထို့ပြင် ဆွမ်ဧကရာဇ်က သူမတို့အား ကောင်းကင်နတ်ဆိုး၏ စွမ်းအားကို ထိန်းချုပ်နိုင်မည့် ကျင့်စဉ်ကိုလည်း လက်ဆင့်ကမ်းပေးဦးမည်ဟု ဆိုခဲ့သေးသည်။
ဆွမ်ဧကရာဇ်ထံ၌ သူတော်စင်အဆင့် ကျင့်စဉ် အမှန်တကယ် ရှိ မရှိကို သူမတို့ မသေချာ နိုင်သေးသော်ငြားလည်း သူ့တွင် ကောင်းကင်နတ်ဆိုး၏ စွမ်းအားကို ထိန်းချုပ်နိုင်စွမ်းရှိသော ကျင့်စဉ်တစ်ခု ရှိနေသည်ကတော့ အလွန်သေချာလှ၏။
အစပိုင်းတွင်မူ လုချန်းအား နတ်ဆိုး သတ္တဝါဆန်းများကို ထိန်းချုပ်နိုင်သည့်အတွက် သူတို့ ရှာဖွေခဲ့ကြခြင်း ဖြစ်သည်။ သို့သော် သူ၏ နတ်ဆိုးစွမ်းအင်ကို ထိန်းချုပ်နိုင်စွမ်းမှာ သူ၏ ကိုယ်ခန္ဓာကြောင့်သာ ဖြစ်မည်ဟု မှားယွင်းစွာ ထင်မှတ်မိကာ လုချန်း၏ လှည့်စားခြင်းကို ခံခဲ့ကြရသည်။
ကောင်းကင်နတ်ဆိုး၏ စွမ်းအားကို ထိန်းချုပ်နိုင်စွမ်းရှိသော ကျင့်စဉ်တစ်ခုသာ လက်ဝယ်ရှိနေပါက အနာဂတ်ကာလ၌ နတ်ဆိုးကျင့်ကြံသူများ သို့မဟုတ် ကောင်းကင်နတ်ဆိုးများကိုပင် ကြောက်ရွံ့တုန်လှုပ်နေစရာ အကြောင်း မရှိတော့ပေ။
ဤကျင့်စဉ်ကမ္ဘာလောကကြီးတွင် လူတို့၏ စိတ်နှလုံးမှလွဲလျှင် အန္တရာယ်အရှိဆုံးသော အရာများမှာ ကောင်းကင်နတ်ဆိုးများပင် ဖြစ်ကြသည်။
ကောင်းကင်နတ်ဆိုးတို့သည် ကျိယန်ကမ္ဘာတစ်ခုတည်း၌သာ ရှိနေခြင်းမျိုး မဟုတ်ပေ။
သူမတို့၏ ရှေးဟောင်းမှတ်တမ်းများအရ အခြားသော ကျင့်စဉ်ကမ္ဘာ အသီးသီးတွင်လည်း ၎င်းတို့ တည်ရှိနေကြ၏။ ကျင့်စဉ်ကမ္ဘာ အဆင့်မြင့်လေလေ ထိုအရပ်၌ ရှိနေသော ကောင်းကင်နတ်ဆိုးများကလည်း ပို၍ပင် ကြောက်မက်ဖွယ်ကောင်းလေ ဖြစ်သည်။
သူမတို့ ကျိယန်ကမ္ဘာမှ ထွက်ခွာသွားနိုင်ခဲ့လျှင်ပင် အနာဂတ်၌ ကောင်းကင်နတ်ဆိုးများနှင့် ထပ်မံ၍ ကြုံတွေ့ရနိုင်ခြေ ရှိနေသေးသည်။
လုချန်း ပိုင်ဆိုင်ထားသော ကောင်းကင်နတ်ဆိုး၏ စွမ်းအားကို ထိန်းချုပ်နိုင်သည့် ကျင့်စဉ်သည် သူမတို့နှစ်ဦးစလုံးအတွက် အလွန်တရာ အရေးပါလှ၏။ အထူးသဖြင့် မိစ္ဆာကျင့်ကြံသူတစ်ဦး ဖြစ်နေသည့် နန်းကုန်းချင်ရအတွက် ပို၍ပင် အရေးကြီး၏။
နန်းကုန်းချင်ရသည် မိစ္ဆာကျင့်ကြံသူတစ်ဦးသာ ဖြစ်ပြီး နတ်ဆိုးကျင့်ကြံသူတစ်ဦးတော့ မဟုတ်ပေ။
သူမသည် ကောင်းကင်နတ်ဆိုးများကို ဆွဲဆောင်ရန် အလွယ်ကူဆုံးသော အရာဖြစ်သည့် သွေးစွမ်းအားကို အသုံးပြု၍ ကျင့်ကြံနေသူ ဖြစ်သည်။
ကောင်းကင်နတ်ဆိုးများ တည်ရှိရာ မည်သည့်ကမ္ဘာ၌မဆို ၎င်းတို့သည် သူမကဲ့သို့သော မိစ္ဆာကျင့်ကြံသူတစ်ဦး၏ တည်ရှိမှုကို အချိန်မရွေး ထောက်လှမ်းသိရှိနိုင်စွမ်းရှိပြီး သူမထံ ချက်ချင်း ရောက်ရှိလာနိုင်ကြသည်။
နန်းကုန်းယွဲ့ဟွာတစ်ယောက် လုချန်း၏စကားများကြောင့် မင်သက်နေဆဲ အခိုက်မှာပင် သူမ၏နံဘေးမှ နန်းကုန်းချင်ရ၏ အသံသည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
“ကောင်းပြီ။ ကျွန်မ လက်ခံတယ်။”
သူမသည် သူတော်စင်အဆင့် ကျင့်စဉ်ကို လက်လွှတ်နိုင်သော်ငြား ကောင်းကင်နတ်ဆိုး၏ စွမ်းအားကို ထိန်းချုပ်နိုင်သော ကျင့်စဉ်ကိုမူ သူမ မဖြစ်မနေ ရရှိရမည် ဖြစ်သည်။
သူမ ထိုကျင့်စဉ်ကို ရရှိနိုင်မည်ဆိုပါက ဆွမ်ဧကရာဇ်၏ မိန်းမ အဖြစ် သူမ၏ ဂုဏ်သိက္ခာကို စတေးလိုက်ရခြင်းပင်လျှင် တန်ဖိုးရှိသည်ဟု ဆိုရပေလိမ့်မည်။
ထို့ပြင် မိစ္ဆာကျင့်ကြံသူတစ်ဦး ဖြစ်သည့်အားလျော်စွာ သူမကိုယ်တိုင်ကလည်း အပျိုစင်ဘဝဆိုသည့်အရာကို များစွာ အလေးမထားပေ။
လူတစ်ဦးသည် အသက်အရွယ် ကြီးရင့်လာလေလေ ၎င်း၏ ကိုယ်ကျင့်တရားဆိုင်ရာ အသိအမြင်များက တဖြည်းဖြည်း နိမ့်ကျလာလေ ဖြစ်တတ်သည်။
သူတို့သည် နှစ်ထောင်ပေါင်းများစွာ အသက်ရှင်သန်ခဲ့ပြီးဖြစ်သည်။ အပျိုစင်ဘဝဆိုသည်ကိုလည်း လုံးဝ တန်ဖိုးမထားကြတော့သည်မှာ ကြာလှပြီ ဖြစ်သည်။
သူတို့ တန်ဖိုးမထားတော့သည့် အရာတစ်ခုကို အသုံးပြုကာ သူတို့ အမှန်တကယ် လိုအပ်နေသော ကျင့်စဉ်တစ်ခုနှင့် လဲလှယ်နိုင်မည်ဆိုလျှင် ဒါက သူတို့အဖို့ ဆုံးရှုံးမှုတစ်စုံတစ်ရာမရှိသော ကြီးမားသည့် အမြတ်တစ်ခုပင် ဖြစ်ပေလိမ့်မည်။
ဟုတ်ပါသည်။ ဤဆုံးဖြတ်ချက်ကို ချမှတ်လိုက်ခြင်းတွင် အန္တရာယ်အချို့တော့ ဒွန်တွဲ ပါလာနိုင်၏။
လုချန်းက သူတို့အား လှည့်ဖြားနေခြင်း ဟုတ်မဟုတ်ကို မည်သူမှ တပ်အပ် မပြောနိုင်ပေ။ လုချန်း၏ ရည်ရွယ်ချက်အမှန်က သူတို့ကို ကျင့်စဉ်မီးဖိုများအဖြစ် အသုံးချရန်သက်သက်လည်း ဖြစ်နေနိုင်ခြေရှိသည်။
သို့သော်ငြားလည်း လုချန်း၏ ရည်ရွယ်ချက်များ မည်သို့ပင် ရှိစေကာမူ လုချန်း ပိုင်ဆိုင်ထားသည့် ထိုနတ်ဆိုးနှင်ကျင့်စဉ်အတွက် မိမိကိုယ်ကို လောင်းကြေးထပ်ရန် နန်းကုန်းချင်ရ ဆန္ဒရှိနေခဲ့၏။
သူမထံ၌ အခြား ရွေးချယ်စရာ မရှိတော့ပေ။
မိစ္ဆာကျင့်ကြံသူတစ်ဦး ဖြစ်နေသည့်အတွက် နတ်ဆိုးများသည် သူမ၏ အကြီးမားဆုံးသော အားနည်းချက် ဖြစ်နေသည်။
နတ်ဆိုးများကို ထိန်းချုပ်နိုင်မည့် နည်းလမ်းတစ်စုံတစ်ရာ မရှိပဲ သူမ အခြားကမ္ဘာတစ်ခုသို့ ထွက်ပြေးလွတ်မြောက်သွားလျှင်ပင် ၎င်းတို့နှင့် ပြန်လည်ကြုံတွေ့ရသည့်အခါတိုင်း အကျပ်အတည်းကြီးထဲသို့ ကျရောက်သွားဖွယ် ရှိနေသည်။
အကယ်၍ နတ်ဆိုးများနှင့် ထပ်မံ၍ ကြုံတွေ့ရဦးမည်ဆိုပါက သူမထံ၌ ရွေးချယ်စရာ လမ်းနှစ်သွယ်သာ ရှိပေလိမ့်မည်။ သေခြင်းတရား သို့တည်းမဟုတ် နတ်ဆိုးကျင့်ကြံသူတစ်ဦးအဖြစ်သို့ အဆင့်နိမ့်ကျသွားရန် ဟူသော လမ်းများဖြစ်သည်။ နတ်ဆိုးကျင့်ကြံသူတစ်ဦး ဖြစ်လာရန် သူမ လုံးဝ ဆန္ဒမရှိပေ။
သူမသည် မကောင်းဆိုးဝါးဆန်သော မိန်းမတစ်ဦး ဖြစ်သော်လည်း သူမ၏ မကောင်းမှုတွင်လည်း အတိုင်းအတာတစ်ခုတော့ ရှိနေသေး၏။
နန်းကုန်းချင်ရ သဘောတူညီလိုက်သည်ကို မြင်သောအခါ နန်းကုန်းယွဲ့ဟွာထံသို့ သူ၏အကြည့်ကို မလွှဲပြောင်းမီ လုချန်း ခပ်ရေးရေး ပြုံးလိုက်သည်။
“ခင်ဗျားရဲ့ညီမက သဘောတူလိုက်ပြီ။ ခင်ဗျားကရော ဘယ်လို ဆုံးဖြတ်မလဲ။”
နန်းကုန်းယွဲ့ဟွာက ချက်ချင်း ပြန်မဖြေသေးပဲ မေးခွန်းထုတ်လိုက်သည်။
“ရှင့်ရဲ့ ရုပ်သေးခန္ဓာက ရှင့်ရဲ့ ပင်မခန္ဓာကိုယ်နဲ့ တစ်ပုံစံတည်းပဲလား။”
နန်းကုန်းယွဲ့ဟွာ၏ မေးခွန်းကြောင့် လုချန်းမှာ အတန်ငယ် အံ့အားသင့်သွား၏။ သူမက ထိုကဲ့သို့သော အရာမျိုးကို မေးမြန်းလာလိမ့်မည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့ပေ။
ယေဘုယျအားဖြင့် ကျင့်ကြံသူများသည် အဆင့် မြင့်မားလာလေလေ ရုပ်ရည်သွင်ပြင်ထက် အကျိုးကျေးဇူးများကိုသာ ပိုမို၍ တန်ဖိုးထားတတ်ကြလေလေ ဖြစ်သည်။
မိမိစိတ်ကို အမြန်ပြန်လည် စုစည်းလိုက်ပြီးနောက် လုချန်းက
“ဟုတ်တယ်။ ကျွန်တော့်ရဲ့ ရုပ်သေးခန္ဓာက ကျွန်တော့်ရဲ့ ပင်မခန္ဓာကိုယ်ကို နမူနာယူပြီး ပုံတူပြုလုပ်ထားတာ။”
လုချန်း၏ အဖြေကို ကြားလိုက်ရသောအခါ နန်းကုန်းယွဲ့ဟွာ သက်ပြင်းတစ်ချက် ချနိုင်သွားသည်။ ဆွမ်ဧကရာဇ်သည် အလွန်အမင်း အိုမင်းရင့်ရော်နေသူ သို့မဟုတ် အလွန်တရာ ရုပ်ဆိုးအကျည်းတန်နေသူ မဟုတ်ပါက သူမအနေနှင့် လက်ခံနိုင်သေးသည်ဟု တွေးမိလိုက်သောကြောင့်ဖြစ်သည်။
အကျိုးအမြတ်များက တစ်ပိုင်းဖြစ်သော်လည်း အလွန်တရာ ရုပ်ဆိုးအကျည်းတန်သော အမျိုးသားတစ်ဦးနှင့် သူမ အတူတကွ ရှိမနေလိုပေ။
နန်းကုန်းယွဲ့ဟွာ သက်ပြင်းဖွဖွ ချလိုက်ပြီးနောက်
“ကောင်းပါပြီ။ ကျွန်မ သဘောတူတယ်။”
နန်းကုန်းယွဲ့ဟွာ နောက်ဆုံးတွင် သဘောတူလိုက်သည်ကို မြင်သောအခါ လုချန်းက နှစ်လိုဖွယ် ပြုံးလိုက်ပြီး
“ဒါဆိုရင်။ လဝက်နေရင် ကျွန်တော် ခင်ဗျားတို့ဆီ လာခဲ့မယ်။”
“ပြိီးရင် ကျိရှောင်နိုင်ငံတော်က ရှနိုင်ငံတော်နဲ့ မဟာမိတ်ဖွဲ့ဖို့ ဆုံးဖြတ်လိုက်ပြီလို့ အပြင်ကို ကြေညာလိုက်မယ်။”
ထိုစကားကို ကြားလိုက်ရသောအခါ ထိုလူထံ၌ ဤအစီအစဉ်များ အမှန်တကယ် ရှိနှင့်နေပါလားဟု နန်းကုန်းယွဲ့ဟွာ တွေးလိုက်မိသည်။
ကျိရှောင်နိုင်ငံတော်နှင့် ရှနိုင်ငံတော်တို့ မဟာမိတ်ဖွဲ့ခြင်းကို လူအများသိအောင် ကြေညာလိုက်ပါက ဤကမ္ဘာပေါ်မှ အခြားသော အင်အားစုများကလည်း အလားတူ လိုက်လံလုပ်ဆောင်ကြနိုင်ခြေ ရှိနေသည်။
အခြေအနေနင့် အချိန်အခါကို ကောင်းစွာ နားလည်သဘောပေါက်သူများသာလျှင် တကယ့်ပညာရှိများ ဖြစ်ကြသည်။
အခိုင်မာဆုံးသော အင်အားစုက လက်နက်ချ အညံ့ခံလိုက်ပါက အခြားသော အင်အားစုငယ်များ ဆက်လက်၍ ခေါင်းမာကာ ခုခံနေစရာ အကြောင်းမရှိတော့ပေ။
အကယ်၍ သူတို့ ဆက်လက်၍ ခေါင်းမာနေဦးမည်ဆိုပါက ရှနိုင်ငံတော်သည် ကောင်းကင်နတ်ဆိုး လွှတ်ပေးခြင်းအား အကြောင်းပြချက်တစ်ခုအဖြစ် အသုံးချကာ ထိုအင်အားစုများကို ပြတ်ပြတ်သားသား ဝင်ရောက်တိုက်ခိုက်မည်မှာ မလွဲဧကန်ပင်။
ဖြစ်စဉ်တစ်ခုက နောက်ဖြစ်စဉ်ဆီသို့ အမြဲတမ်း ဦးတည်နေတတ်သည်။ ဤအရာအားလုံးသည် ဆွမ်ဧကရာဇ်၏ အမြင်ထဲတွင်မူ နိုင်ငံရေးအရ တွက်ချက်မှုတစ်ခုမျှသာ ဖြစ်ပုံရသည်။
ဖြစ်နိုင်သည်မှာ ဆွမ်ဧကရာဇ်သည် သူမတို့ကို ပုဂ္ဂိုလ်ရေးအရ အမှန်တကယ် သဘောကျနေခြင်း မဟုတ်ပဲ ကျိယန်ကမ္ဘာအား ထိန်းချုပ်နိုင်ရန် ကိရိယာများအဖြစ် အသုံးချနေခြင်း သက်သက်လည်း ဖြစ်နိုင်သည်။
ထိုသို့ တွေးမိလိုက်သောအခါမှ နန်းကုန်းယွဲ့ဟွာ၏ စိတ်ထဲ၌ အနည်းငယ် သက်သာရာရသွားသကဲ့သို့ ခံစားလိုက်ရသည်။
လုချန်းက သူမတို့အား ပျော်ပါးရန်အတွက် မဟုတ်ပဲ ကိရိယာတစ်ခုအဖြစ်သာ သဘောထားနေခြင်းလည်း ဖြစ်နိုင်သည်။
နောင်အနာဂတ်တွင် သူမအနေနှင့် အလုပ်တာဝန်များကို ထမ်းဆောင်ပေးရန်သာ လိုအပ်ပြီး စုံတွဲကျင့်စဉ် ကျင့်ကြံသည့်အခါမျိုး၌ သူနှင့်အတူ ပူးပေါင်းရန် မလိုအပ်တော့ဟု မျှော်လင့်ရသည်။
နန်းကုန်းယွဲ့ဟွာတစ်ယောက် အတွေးထဲ၌ နစ်မြောနေစဉ်မှာပင် လုချန်း၏ အသံ ထပ်မံထွက်ပေါ်လာပြန်သည်။
“ကျွန်တော် အခု ပြန်တော့မယ်။
ကိစ္စတစ်ခုခုရှိရင် လနက်မြို့မှာ ကျွန်တော့်ကို လာရှာဖို့ လူတစ်ယောက် လွှတ်လိုက်ပါ။ ဒါမှမဟုတ် ကိုယ်တိုင် လာခဲ့လို့ရပါတယ်။”
ထိုအချိန်တွင် နန်းကုန်းချင်ရက
“ရှင်ထွက်သွားတာနဲ့ ကျွန်မတို့က ကမ္ဘာဖြတ်ကျော် လမ်းကြောင်းတစ်ခုကို ချက်ချင်း ဖန်တီးပြီး ဒီကမ္ဘာကနေ ထွက်ပြေးသွားမှာကို ရှင် မကြောက်ဘူးလား။”
လုချန်းက ပခုံးတွန့်ကာ
“ခင်ဗျားတို့က သူတော်စင်အဆင့် ကျင့်စဉ်ရမယ့် အခွင့်အရေးကို စွန့်လွှတ်ဖို့ ဆန္ဒရှိတယ်ဆိုရင်တော့ ကျိယန်ကမ္ဘာကနေ ကြိုက်သလို ထွက်ပြေးကြပါ။”
သူ၏စကားများ အဆုံးသတ်သွားသည်နှင့်တပြိုင်နက် ရုပ်သေးလုချန်းလည်း တော်ဝင်ဥယျာဉ်တော်အတွင်းမှ ဖြည်းညင်းစွာ ထွက်ခွာသွားတော့သည်။
ရုပ်သေးလုချန်း၏ တဖြည်းဖြည်း ထွက်ခွာပျောက်ကွယ်သွားသော ပုံရိပ်ကို ငေးကြည့်ရင်း အမျိုးသမီးနှစ်ဦးစလုံး အတွေးကမ္ဘာထဲ နစ်မြောသွားကြပြန်သည်။
လုချန်း၏ ပုံရိပ် သူတို့၏ အမြင်အာရုံမှ လုံးဝ ပျောက်ကွယ်သွားသည့်အခါမှ နန်းကုန်းချင်ရက နန်းကုန်းယွဲ့ဟွာရှိရာဘက်သို့ ခေါင်းလှည့်လိုက်ပြီး
“နင် ဘာလုပ်ဖို့ စီစဉ်ထားလဲ။”
နန်းကုန်းယွဲ့ဟွာက သက်ပြင်းတစ်ချက်ချကာ
“တကယ်လို့ သူ ငါတို့ကို တစ်ခုခု လုပ်ချင်ခဲ့တာဆိုရင် ငါတို့ ဒီကမ္ဘာက ထွက်ပြေးမယ့် အစီအစဉ်က အရမ်းနောက်ကျနေပြီ။ သူ့ရဲ့ ရည်ရွယ်ချက်က ကျိယန်ကမ္ဘာတစ်ခုလုံးကို ထိန်းချုပ်ဖို့ သူ့ကို ကူညီပေးမယ့် တစ်ယောက်ယောက်ကို ရှာနေတာပဲ ဖြစ်လိမ့်မယ်။”
နန်းကုန်းယွဲ့ဟွာသည် ယခုအချိန်တွင်တော့ လုချန်း၏ စကားများကို လုံးလုံးလျားလျား ယုံကြည်သွားခဲ့ပြီဖြစ်သည်။
ကောင်းကင်နတ်ဆိုးတစ်ကောင်ကို ဓားတစ်ချက်တည်းဖြင့် သုတ်သင်ရှင်းလင်းနိုင်သည့်အပြင် ကောင်းကင်နတ်ဆိုးများကို တန်ပြန်နိုင်သော ကျင့်စဉ်ကိုပင် ပိုင်ဆိုင်ထားသူတစ်ဦး၏ အစွမ်းအစမှာ နတ်ဘဝပြောင်းလဲခြင်း အဆင့်ထက် ကျော်လွန်နေဖွယ်ရှိ၏။
ထို့ပြင် နတ်ဘဝပြောင်းလဲခြင်း အဆင့်ထက် ကျော်လွန်နေသော ကျင့်ကြံသူတစ်ဦးအဖို့ သူမတို့အား ထိန်းသိမ်းချုပ်နှောင်ထားခြင်းမှာ လက်ဖဝါးတစ်ချက်လှန်လိုက်သကဲ့သို့ မပြောပလောက်သော အလုပ်တစ်ခုသာ ဖြစ်လိမ့်မည်ဟု သူမ ယုံကြည်သည်။