ချန်ဝမ်ရွန်၏ ထူးခြားသော ခန္ဓာကိုယ် ဖွဲ့စည်းပုံ
Vol. 74 Ch. 1109
ယွမ်ချင်းရှု၏ ပင်မခန္ဓာကိုယ်အပေါ် မနာလိုဖြစ်ခဲ့သည့်အပြင် သူမနှင့် အချို့သော လှုပ်ရှားမှုများ ပြုလုပ်ရန် လုချန်းအား အဆက်မပြတ် ပူဆာခဲ့ခြင်းတို့ကို ယွမ်ရှန်ရှန် ပြန်လည်တွေးမိသောအခါ အနည်းငယ် ရှက်ရွံ့စိတ် ဝင်လာသည်။
သူမ၏ ဆရာမသည် ကပ်ဘေးကြီးကို ကျော်လွှားဖို့ နည်းလမ်းရှာဖွေရန် ထျန်းချန်ကမ္ဘာတွင် နေထိုင်ခဲ့သည်။ သူမကမူ ထိုအဖြစ်မှန်ကို မျက်ကွယ်ပြုကာ မနာလိုဝန်တိုမှုကိုသာ သိခဲ့သည်။
ဤအချိန်တွင် ယွမ်ရှန်ရှန်၏ ခံစားချက်များ ပြောင်းလဲသွားသည်ကို ယွမ်ချင်းရှုလည်း ခံစားမိလိုက်ပြီး
“နင်တို့ စုံတွဲကျင့်စဉ် ကျင့်ကြံတာကို ငါ မတားပါဘူး။ ဒါပေမဲ့ နင် ဘာကို ဦးစားပေးရမလဲဆိုတာ ရှင်းရှင်းလင်းလင်း သိစေချင်တယ်။”
“လုချန်းသာ ဆက်ပြီး ပျက်စီးနေပြီး ဧကရာဇ် အဆင့်မဖြစ်ပဲ ကပ်ဘေးကြီးနဲ့ ကြုံတွေ့ရမှာ ငါ စိုးရိမ်မိတယ်။”
“နင်က ငါ့ရဲ့ နတ်စိတ်ဝိညာဉ် အမျှင်တစ်စနဲ့ ကောင်းချီးပေးခံထားရတဲ့ ကိုယ်ပွားဖြစ်နေတော့ နင်ဧကရာဇ်အဆင့် မဖြစ်ရင်တောင် ငါနဲ့ သက်တမ်း တူညီနေလိမ့်မယ်။ ပြီးတော့ ငါ့မှာ မဆုံးနိုင်တဲ့ သက်တမ်းရှိတယ်။”
“သူ့ကို နင့်မျက်စိရှေ့မှာ သေဆုံးသွားတာ တကယ် မြင်ချင်လို့လား။”
ဒါက...
ယွမ်ရှန်ရှန်သည် တုန်လှုပ်သွားခဲ့သည်။ ဤအကြောင်းကို သူမ ယခင်က တစ်ခါမှ မတွေးခဲ့ဖူးကြောင်း ဝန်ခံရမည်။
လုချန်း သူမရှေ့တွင် သေဆုံးသွားသည်ကို သူမ မြင်လိုခြင်း မရှိပေ။ အကြောင်းမှာ လုချန်း သေဆုံးသွားပြီး သူမက မဆုံးနိုင်သော သက်တမ်းနီးပါး ပိုင်ဆိုင်နေပါက သူမ၏ ဘဝတစ်သက်တာလုံး မည်သို့ ကုန်ဆုံးရမည်ကို မတွေးဝံ့၍ ဖြစ်သည်။
လုချန်း၏ အမျိုးသမီး မဖြစ်လာမီက သူမသည် တစ်သက်လုံး တစ်ယောက်တည်း နေထိုင်နိုင်ခဲ့သည်။
သို့သော် သူ၏ အမျိုးသမီးအဖြစ် သူ့ကို နက်နက်ရှိုင်းရှိုင်း ချစ်မြတ်နိုးမိပြီးနောက်တွင်မူ လုချန်း မရှိပဲ သူမ၏ နေ့ရက်များ မည်မျှ နာကျင်ဖွယ်ကောင်းမည်ကို သူမ စိတ်ကူး၍ပင် မရနိုင်ခဲ့တော့ပေ။
အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် ယွမ်ရှန်ရှန်က
“တပည့် နားလည်ပါပြီ”
ဟု ခေါင်းညိတ် ဆိုလိုက်သည်။
လုချန်းတွင် အမျိုးသမီးများစွာ ရှိသည်ကို ယွမ်ရှန်ရှန် သိသည်။
သူမ တစ်ယောက်တည်း လုချန်းကို လုံးဝ ဖျောင်းဖျနိုင်မည် မဟုတ်ပေ။
သူမက သူ့အား ကျင့်ကြံမှုအပေါ် အာရုံစိုက်ရန် တိုက်တွန်းသည့် အခါတိုင်း လုချန်းက ‘ဘဝလမ်းစဉ်ကို လိုက်နာခြင်း’ ဟူသော အကြောင်းပြချက်ဖြင့် သူမအား ဒုက္ခပေးရန် အခွင့်အရေး အရယူလေ့ရှိသည်။
သူမနှင့် ပူးပေါင်းရန် လုချန်း၏ အခြား ဇနီးမယားများကိုပါ ဖျောင်းဖျနိုင်ခဲ့ပါက အတိုင်းအတာတစ်ခုအထိ ထိရောက်မှု ရှိနိုင်မည်ဖြစ်သည်။
သူမ ထိုသို့ တွေးမိသော်လည်း ယွမ်ရှန်ရှန် မျှော်လင့်ချက် များများစားစား မထားခဲ့ပေ။
ထိုလူယုတ်မာနှင့် နှစ်ပေါင်းများစွာ အတူနေခဲ့ပြီးဖြစ်သဖြင့် သူ မည်သို့သော လူစားမျိုးဖြစ်သည်ကို သူမ အသေအချာ သိနေခဲ့သည်။
ယွမ်ရှန်ရှန်၏ တုံ့ပြန်မှုကို ကြားသောအခါ သူမ၏ စကားများကို စိတ်ထဲ ထည့်သွားခဲ့ပြီဖြစ်ကြောင်း ယွမ်ချင်းရှုက သိလိုက်ပြီး
“ဒီနေ့ကစပြီး အရမ်း အရေးကြီးတဲ့ အခြေအနေမျိုးနဲ့ ကြုံရတာ ဒါမှမဟုတ် နင့်ရဲ့ အသက် အန္တရာယ် ဆုံးရှုံးရနိုင်တဲ့ အခြေအနေမျိုးကလွဲရင် ငါ နင့်ရဲ့ခန္ဓာကိုယ်ကို ထိန်းချုပ်တော့မှာ မဟုတ်ဘူး။”
“ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ။”
ယွမ်ရှန်ရှန်သည် တုန်လှုပ်သွားသော်လည်း သတိပြန်ဝင်လာပြီး
“ဆရာမရဲ့ စေတနာအတွက် ကျေးဇူးတင်ပါတယ်”
ဟု စိတ်လှုပ်ရှားစွာ ဆိုလိုက်သည်။
ယွမ်ရှန်ရှန် စကားဆုံးသည်နှင့် အစေခံတစ်ဦး၏ အသံက တံခါးဝမှ ထွက်ပေါ်လာသည်
“မိဖုရားကြီး။ မိဖုရားကြီး ချန် ရောက်လာပါတယ်။”
ထိုအရာကို ကြားသောအခါ ယွမ်ရှန်ရှန်က “သူမကို ဝင်လာခိုင်းလိုက်”
ဟု တုံ့ဆိုင်းခြင်းမရှိပဲ ဆိုလိုက်သည်။
နောက်တစ်ခဏတွင် ချန်ဝမ်ရွန် အခန်းထဲသို့ ဝင်လာပြီး အခန်းထဲတွင် အခြားအမျိုးသမီးတစ်ဦး ရှိနေသည်ကို မြင်လိုက်ရသည်။ ထိုအမျိုးသမီးက သူမ၏ ဆရာမကို ကုတင်ပေါ်တွင် ဖိချုပ်ထားသည်ကိုပင် တွေ့လိုက်ရသည်။
ဤမြင်ကွင်းက ချန်ဝမ်ရွန်၏ အေးစက်သော မျက်နှာပေါ်တွင် မသိမသာ ထူးဆန်းသော အမူအရာတစ်ခုကို ထွက်ပေါ်လာစေသည်။
လုချန်းနှင့် အချိန်ကြာမြင့်စွာ အတူရှိနေခဲ့သဖြင့် သူမ၏ အတွေးများသည် ထိုဆိုးရွားသော လွှမ်းမိုးမှု၏ အဆိပ်သင့်ခြင်းကို မလွှဲရှောင်နိုင်စွာ ခံခဲ့ရပုံပေါ်သည်။
ထိုမြင်ကွင်းကို မြင်သောအခါ ယွမ်ရှန်ရှန်နှင့် ယွမ်ချင်းရှုတို့ ရင်းရင်းနှီးနှီး နေနေကြသည်ဟုပင် သူမက တွေးလိုက်မိသည်။
ချန်ဝမ်ရွန်၏ ထူးဆန်းသော အကြည့်ကို မြင်သောအခါ ယွမ်ရှန်ရှန်က အနည်းငယ် ချောင်းဟန့်လိုက်ပြီး
“ရွန်ရွန်။ ဒါက နင့်ရဲ့ ဆရာမကြီးပဲ”
ထိုအရာကို ကြားသောအခါ ချန်ဝမ်ရွန် ခဏခန့် မှင်သက်သွားသည်။
ဆရာမကြီး....။
ချန်ဝမ်ရွန် ယွမ်ချင်းရှုကို လှမ်းကြည့်လိုက်ရာ သူမ၏ ဆရာမကြီးသည် သူမ၏ ဆရာမနှင့် အံ့ဩဖွယ်ရာ တူညီလှသည်ကို ချက်ချင်း သတိပြုမိလိုက်သည်။
များများစားစား မတွေးတောပဲ ယွမ်ချင်းရှုကို အလျင်အမြန် ဦးညွှတ်လိုက်ပြီး
“ဆရာမကြီးကို ဂါရဝပြုပါတယ်”
ချန်ဝမ်ရွန်၏ စကားသံ ဆုံးသည့်အခိုက်တွင်စိတ်ဝိညာဉ် စွမ်းအားတစ်ခု သူမ၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်လာသည်ကို ခံစားလိုက်ရသည်။
သို့သော် ၎င်းက သူမ၏ ကျင့်ကြံခြင်း အရည်အချင်းကို ယွမ်ချင်းရှုက အကဲဖြတ်နေခြင်း ဖြစ်ကြောင်း သိသောကြောင့် မဆင်မခြင် တုံ့ပြန်ခြင်း မပြုခဲ့ပေ။
ထိုအချိန်တွင် ယွမ်ချင်းရှု၏ အမူအရာသည် ရုတ်တရက် လေးနက်သွားသည်။
ယွမ်ချင်းရှု မျက်မှောင် အနည်းငယ် ကြုတ်သွားသည်ကို မြင်သောအခါ ချန်ဝမ်ရွန်နှင့် ပတ်သက်၍ ထူးခြားမှု တစ်စုံတစ်ခု ရှိရမည်ကို ယွမ်ရှန်ရှန်က သိလိုက်သည်။
သူမက
“ရွန်ရွန်က ထျန်းချန်ကမ္ဘာမှာ ကြီးပြင်းလာတာပါ။ သူ့ရဲ့ အရည်အချင်း ကောင်းတာကို တွေ့လို့ ကျွန်မက သူ့ကို တပည့်ရင်းအဖြစ် လက်ခံခဲ့တာ။”
ခဏခန့် တိတ်ဆိတ်သွားပြီးနောက် ယွမ်ချင်းရှုက ချန်ဝမ်ရွန်အား
“ဇွဲရှိရှိနဲ့ ကျင့်ကြံပါ။ မင်းရဲ့ အရည်အချင်းနဲ့ဆိုရင် ဧကရာဇ်အဆင့် ဖြစ်လာဖို့က အချိန်တစ်ခုပဲ လိုတော့တာ”
ဟု တွေးတွေးဆဆ ပြောလိုက်သည်။
ယွမ်ချင်းရှု ချန်ဝမ်ရွန် အပေါ် ထိုကဲ့သို့ မြင့်မားသော ချီးကျူးမှုက ယွမ်ရှန်ရှန်အား လုံးဝ မှင်တက်သွားစေသည်။
ဧကရာဇ်အဆင့် ဖြစ်လာဖို့ အချိန်တစ်ခုပဲ လိုတော့တာလား။
ဒါက သူမ ဧကရာဇ် အသေအချာ ဖြစ်လာမည်ဟု ဆိုလိုနေတာလား။
ထိုချီးကျူးမှုက အလွန်မြင့်မားလွန်းနေသည် မဟုတ်ပါလား။
အနာဂတ်တွင် ဧကရာဇ်အဆင့် ဖြစ်လာမည်ဟု သေချာပေါက် ပြောနိုင်ရန်အတွက် လူတစ်ဦးအနေနှင့် မည်မျှ အရည်အချင်း ရှိရမည်နည်း။
ယွမ်ချင်းရှုက
“လုချန်းရဲ့ ရှေးဟောင်းခေတ်က မှတ်ဉာဏ်တွေ နိုးထလာတဲ့အခါ သူ့ကို မင်းရဲ့ အရည်အချင်းတွေကို အကဲဖြတ်ခိုင်းလိုက်ပါ။ အဲဒီအခါကျရင် ငါ ဘာကို ဆိုလိုသလဲဆိုတာ မင်း နားလည်သွားလိမ့်မယ်။”
ချန်ဝမ်ရွန်သည် သတိပြန်ဝင်လာပြီး
“ဆရာမကြီးကို ကျေးဇူးတင်ပါတယ်”
ယွမ်ချင်းရှုသည် ယွမ်ရှန်ရှန်၏ ခန္ဓာကိုယ်ပေါ်မှ ဖြည်းညှင်းစွာ ဆင်းလိုက်ပြီး ကုတင်ဘေးတွင် မတ်တပ်ရပ်လိုက်သည်။
ထို့နောက် ချန်ဝမ်ရွန်ကို နောက်တစ်ချက် ကြည့်လိုက်ပြီးနောက်
“ငါ့ မြင်တာ မမှားလောက်ပါဘူး…” ဟု သူမဘာသာသူမ ရေရွတ်လိုက်သည်။
ဤအချိန်တွင် ယွမ်ရှန်ရှန်လည်း ထထိုင်လိုက်ပြီး
“ဆရာမ။ တပည့်လည်း ရွန်ရွန်ရဲ့ ခန္ဓာကိုယ်ကို စစ်ဆေးကြည့်ပြီးပါပြီ။ ဒီကမ္ဘာက တခြားလူတွေနဲ့ ယှဉ်ရင် သူ့မှာ အရည်အချင်း အနည်းငယ် ရှိပေမဲ့ ကျင့်စဉ်လောကက ကျင့်ကြံသူတွေနဲ့ ယှဉ်ရင် သူရဲ့ အရည်အချင်းက အများကြီး နည်းပါးပါတယ်။ ဘာလို့ သူ ဧကရာဇ်တစ်ပါး ဖြစ်လာမှာ သေချာတယ်လို့ ပြောရတာလဲ”
ဟု ရှုပ်ထွေးသော အမူအရာဖြင့် မေးလိုက်သည်။
သူမ၏ တပည့်ရင်းတွင် မည်သည့်အရာ ဖြစ်ပျက်နေသည်ကို ယွမ်ရှန်ရှန်က အမှန်တကယ် သိချင်နေသည်။
ယွမ်ချင်းရှုက အေးစက်စွာဖြင့်
“နင့်မှာ ငါ့ရဲ့ မှတ်ဉာဏ်တွေ အကုန်လုံး မရှိဘူး။ ဒါကြောင့် သူရဲ့ ထူးခြားမှုကို နင် မမြင်နိုင်ဘူး။”
“သူရဲ့ ထူးဆန်းတဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံက ရှေးဟောင်းခေတ် တစ်ခေတ်လုံးမှာ အမြင့်ဆုံးအဆင့်ထဲဝင်တယ်။ ငါ သိသလောက်တော့ ရှေးဟောင်းခေတ် တစ်ခေတ်လုံးမှာ ဒီလို ဖွဲ့စည်းပုံမျိုး ပိုင်ဆိုင်တာ သူတစ်ယောက်တည်းပဲ ရှိတယ်။”
ထိုစကားများကြောင့် ယွမ်ရှန်ရှန် နောက်တစ်ကြိမ် ထပ်မံ မှင်သက်သွားပြန်သည်။
ရှေးဟောင်းခေတ် တစ်ခေတ်လုံးမှာ အကောင်းဆုံး ဖွဲ့စည်းပုံလား။
အောက်ကမ္ဘာတစ်ခုမှ မွေးမြူခဲ့သော သူမ၏ တပည့်ရင်းက ထိုကဲ့သို့သော အထူး ဖွဲ့စည်းပုံကို ပိုင်ဆိုင်နေတာလား။
သူမသည် ယွမ်ချင်းရှု၏ မှတ်ဉာဏ်အချို့ကို ယခုလေးတင်မှ လက်ခံရရှိခဲ့သဖြင့် ရှေးဟောင်းခေတ်အကြောင်း အခြေခံ နားလည်မှုတစ်ချို့ ရှိနေခဲ့ပြီဖြစ်သည်။
ရှေးဟောင်းခေတ်သည် မရေမတွက်နိုင်သော နှစ်များစွာ ကြာမြင့်ခဲ့ပြီး မရေမတွက်နိုင်သော ခန္ဓာကိုယ် ဖွဲ့စည်းပုံများကို မွေးထုတ်ပေးခဲ့သော်လည်း ချန်ဝမ်ရွန်၏ ဖွဲ့စည်းပုံက ထိုခေတ်တွင် အမြင့်ဆုံးအဆင့်ထဲဝင်တယ်တဲ့လား။
ပြီးတော့...
ထျန်းချန်ကမ္ဘာသည် သူမ ထင်ထားသလောက် မရိုးရှင်းနိုင်ကြောင်း ယွမ်ချင်းရှုက တဖြည်းဖြည်း သတိပြု ခံစားလာမိသည်။
ယွမ်ရှန်ရှန် ထျန်းချန်ကမ္ဘာသို့ ရောက်ရှိပြီးနောက် သူတို့၏ စိတ်အာရုံ ချိတ်ဆက်မှုသည် ပြတ်တောက်သွားခဲ့ရာ ယွမ်ရှန်ရှန်ကို ရှာဖွေရန်နှင့် သူမ၏ တည်နေရာကို တွက်ချက်ဖော်ထုတ်ရန် ထျန်းကျိရဲတိုက်အပေါ် သူမက အားကိုးခဲ့ရသည်။
သူမနှင့် ယွမ်ရှန်ရှန်ကြားရှိ စိတ်အာရုံ ချိတ်ဆက်မှုကို ဖြတ်တောက်ရန် အင်အားကြီးမားသော ပုဂ္ဂိုလ်တစ်ဦးဦးက နည်းလမ်းတစ်ခုခု အသုံးပြုခဲ့ပြီး ယွမ်ရှန်ရှန်ကို အကျဉ်းချထားခဲ့သည်ဟု သူမက အစပိုင်းတွင် ထင်မှတ်ခဲ့သည်။
သို့သော် ယွမ်ရှန်ရှန်၏ မှတ်ဉာဏ်များကို ဝင်ရောက်ကြည့်ရှုပြီးနောက် လုချန်းက ယွမ်ရှန်ရှန်အပေါ် ထိုကဲ့သို့သော အရာ တစ်စုံတစ်ရာ လုပ်ဆောင်ခဲ့ခြင်း မရှိသည်ကို သူမ တွေ့ရှိခဲ့သည်။ အမှန်တော့ ဤကမ္ဘာ၌ လုချန်း မမွေးဖွားမီကတည်းကပင် သူတို့၏ စိတ်အာရုံ ချိတ်ဆက်မှု ပြတ်တောက်နေခဲ့ပြီး ဖြစ်သည်။
ပထမဦးစွာညသူမနှင့် ယွမ်ရှန်ရှန်ကြားရှိ စိတ်အာရုံ ချိတ်ဆက်မှု ပြတ်တောက်ခဲ့သည်။ ထို့နောက်တွင် ရှေးဟောင်းခေတ်မှ အသက်ရှင်ကျန်ရစ်သူ လုချန်းသည် ဤကမ္ဘာ၌ မွေးဖွားလာခဲ့ပြီး ယခုအခါတွင်
ယခင်ခောတ်မှ ဖွဲ့စည်းပုံရှိသော အခြား မိန်းကလေးတစ်ဦး ရှိနေပြန်သည်။
သူမကိုယ်တိုင်လည်း ရှေးဟောင်းခေတ်မှ အသက်ရှင်ကျန်ရစ်သူတစ်ဦး ဖြစ်နေသည့်အလျောက် အင်အားကြီးမားသော စွမ်းအားတစ်ခု သို့မဟုတ် မမြင်နိုင်သော လက်တစ်ဖက်က သူတို့ကို ထျန်းချန်ကမ္ဘာဆီသို့ တွန်းပို့နေသည်ဟု ယွမ်ချင်းရှုက ရုတ်တရက် ခံစားလိုက်ရသည်။
ဤအရာအားလုံး၏ နောက်ကွယ်တွင် တစ်စုံတစ်ယောက် ရှိရမည်။
ထိုအချက်ကို တွေးမိသောအခါ ယွမ်ချင်းရှု၏ အမူအရာသည် ပို၍ပင် အေးစက်သွားပြီး ခန်းမကြီးထဲတွင် အအေးဓာတ်တစ်ခု စတင် လှိုင်းထန်လာတော့သည်။