မိဖုရားကြီးဘွဲ့ပေးမယ်
Vol. 74 Ch. 1098
လုချန်း နှုတ်ဆိတ်သွားသည်ကို ကျိချိုးယု မြင်လိုက်ရသည်။ သူက သူမ၏ အမေးကို ချက်ချင်း ပြန်မတုံ့ပြန်ခဲ့ပေ။ ထိုအခါ ကျိချိုးယု သူမ၏ သွားများကို တင်းတင်းကြိတ်လိုက်မိ၏။ ဒါဟာ သူမ တွေးထင်ထားသည့် အတိုင်းပင် ဖြစ်နေသည်။
လုချန်း၏ ရုပ်သေးက သူမနှင့် အတူရှိနေခဲ့စဉ် သူ၏ ပင်မခန္ဓာကိုယ်က အမှန်တကယ်ပင် အခြားအမျိုးသမီးတစ်ဦးဦး၏ ကုတင်ပေါ်၌ ရှိနေခဲ့သည်။
လုချန်း၏ ရုပ်သေးက သူမအား ချိုမြိန်သော စကားလုံးများ တီးတိုးပြောနေခဲ့သည့် အချိန်တွင် သူ၏ ပင်မခန္ဓာကိုယ်က အခြားအမျိုးသမီးတစ်ဦးနှင့် ထိုအရာများ ပြုလုပ်နေခဲ့သည်။ ထိုအတွေးက ကျိချိုးယု၏ နှလုံးသားထဲတွင် ဖော်မပြနိုင်သော နာကျင်မှုတစ်ခုကို စူးစူးနစ်နစ် ခံစားစေခဲ့သည်။
လုချန်း တစ်စုံတစ်ခု ပြောတော့မည် အပြုမှာပင် ကျိချိုးယုက
“ရှင်က တကယ့်ကို လူလိမ်ပဲ။”
သူမ၏ စကားများ အဆုံးသတ်သွားသည်နှင့် ကျိချိုးယုလည်း မျက်ဝန်းထောင့်များမှ မျက်ရည်စက်များ ယိုစီးကျလာသည်ကို မည်သို့မှ မထိန်းချုပ်နိုင်တော့ပေ။
လုချန်းထံ၌ အခြားမိန်းမများ ရှိနေသည်ကို သူမ လက်ခံနိုင်ခဲ့သည်။ ယခုအခါ လုချန်းသည် အခြားကမ္ဘာမှ ကျူးကျော်သူတစ်ဦး ဖြစ်သည်ကိုပင် သူမ လက်ခံနိုင်ခဲ့ပြီ ဖြစ်သည်။ သို့သော်... သူက သူမကို သူ၏ ရုပ်သေးဖြင့် လှည့်စားနေစဉ်တွင် သူ၏ ပင်မခန္ဓာကိုယ်က အခြားအမျိုးသမီးတစ်ဦးနှင့် အတူရှိနေခဲ့သည်ဟူသော အချက်ကိုတော့ သူမ လက်ခံရန် အလွန်ခက်ခဲနေခဲ့သည်။
ကျိချိုးယု၏ သနားစဖွယ် အခြေအနေကို မြင်သောအခါ လုချန်းလည်း အပြစ်ရှိသလို အနည်းငယ် ခံစားလိုက်ရသည်။ သူသည် ထိုကဲ့သို့သော အရာကို အမှန်တကယ် ပြုလုပ်ခဲ့၏။
သူသည် သူ၏ ဇနီးမယားများနှင့် ချစ်ခင်ရင်းနှီးအောင် ထိုကိစ္စများ မကြာခဏ ပြုလုပ်လေ့ရှိ သောကြောင့် ဒါက သူ့အတွက် ပုံမှန်သာဖြစ်သည်။
သို့သော် ယောက်ျားနှင့် မိန်းမတို့၏ ကိစ္စရပ်များကို ပထမဆုံးအကြိမ် ကြုံတွေ့ဖူးသော ကျိချိုးယုကဲ့သို့ မိန်းမတစ်ဦးအတွက်တော့ ဒါမျိုးက လက်ခံရန် အနည်းငယ် ခက်ခဲနိုင်ကြောင်း သူ ကောင်းကောင်း နားလည်သည်။
ယွမ်ရှန်ရှန်သည်လည်း အစပိုင်းတွင် သူ့ထံ၌ မိန်းမများစွာ ရှိသည့်အချက်ကို လုံးဝ လက်မခံနိုင်ခဲ့ပေ။
လက်ရှိအခြေအနေတွင်တော့ လုချန်း လုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ သူမကို နှစ်သိမ့်ပေးရန်သာ ဖြစ်တော့သည်။
ထို့နောက် လုချန်း တစ်ဖန် ကိုင်းလိုက်ပြီး ကျိချိုးယု၏ နှုတ်ခမ်းများကို ပိတ်ဆို့လိုက်သည်။ ထို့နောက် သူမ၏ စိတ်ခံစားချက်များကို ပြေလျော့စေရန် ကြိုးစားရင်း သူ အလုပ်များသွားတော့သည်။
ကျိချိုးယု မှင်သက်သွား၏။ သူမ ဝမ်းနည်းပြီး စိတ်သောကရောက်နေစဉ်တွင်ပင် လုချန်းက သူမအပေါ် ထိုအရာများကို ပြုလုပ်လိမ့်မည်ဟု သူမ လုံးဝ မျှော်လင့်မထားခဲ့ပေ။
ဒီလူယုတ်မာ...။
သက်ပြင်းချသံတစ်ချက် ထွက်ပေါ်လာသည်။
ထားလိုက်ပါတော့...။
ခဏခန့် အကြာတွင် လုချန်း၏ နှစ်သိမ့်မှုများအောက်တွင် သူ ယူဆောင်လာခဲ့သော ဝမ်းနည်းပူဆွေးမှုများလျင်မြန်စွာ မေ့ပျောက်သွားတော့သည်။
ထိုကဲ့သို့ အကျိုးအကြောင်းမသိတတ်သော လူတစ်ယောက်နှင့် ရင်ဆိုင်ရသောအခါ သူမ ဘယ်လိုမှ ဒေါသမထွက်နိုင်တော့ချေ။ သူမ ဒေါသထွက်သည်နှင့် ထိုလူယုတ်မာက သူမကို ကိုယ်တွယ်ဖြေရှင်း မည်ဖြစ်သည်။ ထိုအခါ သူမ၏ အတွင်းစိတ်မှ ဝမ်းနည်းမှုနှင့် စိတ်သောကများ အားလုံးလည်း ကျယ်လောင်သော ငိုရှိုက်သံများအဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်။
အချိန်မည်မျှကြာသွားသည် မသိ အခန်းသည် တစ်ဖန် ပြန်လည် တိတ်ဆိတ်သွားခဲ့သည်။ ကျိချိုးယု၏ မျက်လုံးများမှာလည်း နောက်တစ်ကြိမ် ဝေဝါးသွားပြန်သည်။
လုချန်းက သူမကို သူ၏ ရင်ဘတ်ပေါ်တွင် တစ်ဖန် ပြန်လည် လဲလျောင်းစေသည်။ ထို့နောက် သူမ၏ ကျောပြင်ကို သူ၏လက်ဖြင့် ညင်သာစွာ ပွတ်သပ်ပေးလျက် သူမ၏ စိတ်ခံစားချက်များကို ပြေလျော့စေခဲ့သည်။
ကျိချိုးယုသည် ယခုအခါ စကားပြောရန် သို့မဟုတ် လှုပ်ရှားရန် စိတ်မဝင်စားနိုင်တော့ပေ။ သူမသည် ထိုနေရာတွင် ငြိမ်သက်စွာ လဲလျောင်းနေရုံသာ ရှိတော့သည်။
အကယ်၍သာ သူမ စကားအနည်းငယ် ထပ်ပြောလိုက်ပါလျှင် ထိုအာဏာရှင်က သူမကို တစ်ဖန် နှိပ်စက်ဦးမည်ဟု သူမ ခံစားနေရသည်။
ထို့နောက် လုချန်းက
“မင်းက အဲဒီလို ကိစ္စမျိုးကို လက်မခံနိုင်လောက်ဘူး။ ဒါပေမဲ့ ကိုယ့်မှာ ဇနီးမယားတွေ အများကြီး ရှိတယ်။ သူတို့ တစ်ယောက်ချင်းစီက ကိုယ့်ရဲ့ ဂရုစိုက်မှုကို လိုအပ်တယ်။ တာဝန်သိတတ်တဲ့ ယောက်ျားတစ်ယောက်အနေနဲ့ ကိုယ်က သူတို့ကို ဘယ်လိုလုပ် ပစ်ထားနိုင်မှာလဲ။”
“ပြီးတော့။ ဒီလိုလုပ်ခြင်းအားဖြင့် သူတို့ရဲ့ ကျင့်ကြံမှုကို ကိုယ် ကူညီပေးနိုင်တယ်။ ဒါက နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့ အခြေအနေပဲ။”
လုချန်း၏ အရှက်မရှိသော စကားများကို ကြားရသောအခါ ကျိချိုးယုစိတ်ထဲ သူ့ကို အရေးလုပ် ပြန်ပြောချင်စိတ် ပျောက်သွားသည်။ သူမလုပ်နိုင်သည်မှာ အေးစက်စွာ နှာခေါင်းရှုံ့လိုက်ရုံသာ ဖြစ်သည်။
သူမ လုံးဝ ကျဆုံးသွားခဲ့ပြီဟု သူမ သိလိုက်၏။ ဤလိမ်လည်သူသည် အမှန်တကယ်ပင် လိမ်လည်သူတစ်ဦး ဖြစ်သည်။ သို့သော် သူ၏ အင်အားမှာ အလွန်အမင်း ကြီးမားလှပြီး သူမ အနေနှင့် ခုခံနိုင်စွမ်း လုံးဝ မရှိခဲ့ပေ။
ဤလိမ်လည်သူက သူမကို လုံးလုံးလျားလျား သိမ်းပိုက်ခဲ့ပြီဖြစ်ကြောင်း သူမ ယခု သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။ သူ၏ လှည့်စားတတ်သော စကားများကို ဂရုစိုက်နေရခြင်းက ဘာအဓိပ္ပာယ် ရှိတော့မည်နည်း။
ကျိချိုးယု စကားမပြောပဲ ငြိမ်သက်နေသည်ကို မြင်လျှင် လုချန်းက
“မင်း စကားမပြောဘူးဆိုရင်။ ကိုယ်...”
ဟု ခြိမ်းခြောက်သလို ပြောလိုက်သည်။
လုချန်း စကားမဆုံးမီမှာပင် ကျိချိုးယုက
“ရှင် ကျွန်မကို ဘာလုပ်ဖို့ စီစဉ်ထားတာလဲ။”
ဟု လျင်မြန်စွာ ဖြတ်မေးလိုက်သည်။
လုချန်းက သူမအပေါ် တစ်ဖန် အခွင့်အရေး ယူလိုနေပြန်ပြီဟု ကျိချိုးယုက ရှင်းလင်းစွာ ခံစားလိုက်ရသည်။ ဤလူလိမ်၌ မိန်းမများနှင့် ဆက်ဆံရန် လှည့်ကွက်တစ်ခုပြီးတစ်ခု ရှိနေ၏။ ယခု သူမ သူ့အပေါ် လုံးဝ စိတ်မရှည်နိုင်တော့ချေ။
လုချန်းက ပြုံးလိုက်သည်။
“မင်း ဘာတွေ ပြောနေတာလဲ၊။ မင်းကို ဖြေရှင်းတာတို့ မဖြေရှင်းတာတို့ဆိုတာတွေက အဓိပ္ပာယ် မရှိဘူး။ မင်းက ကိုယ့်ရဲ့ မိန်းမပဲ။ ကိုယ်က မင်းကို ဘာလို့ ဖြေရှင်းရမှာလဲ။”
“ကိုယ် ကျိယန်ကမ္ဘာကို ပေါင်းစည်းပြီးတဲ့အခါ မင်းကို မိဖုရားကြီး အဖြစ် ခန့်အပ်မယ်။ မင်း အဲဒါကို ဘယ်လို သဘောရလဲ။”
ကျိချိုးယု တစ်ဖန် နှုတ်ဆိတ်သွားပြန်၏။
သူမ ပျော်ရွှင်ရမှာလား ဝမ်းနည်းရမှာလား မသိတော့ပေ။ အကြောင်းမှာ လုချန်းထံ၌ မိန်းမများစွာ ရှိသည်ကို သူမ သိထားသောကြောင့် ဖြစ်သည်။
သို့သော် တစ်ဖန် စဉ်းစားကြည့်လျှင် မိဖုရားကြီး ဆိုသည်မှာ ဧကရာဇ်၏ မိဖုရားဆောင်တွင် အတော်လေး မြင့်မားသော အဆင့်အတန်းတစ်ခု ဖြစ်သည်။ ဤအဆင့်အတန်းသည် သာမန် ကိုယ်လုပ်တော်များထက် များစွာ သာလွန်သည်။ ဤအချက်ကလည်း လုချန်း သူမအပေါ် အမှန်တကယ် အတော်လေး ကောင်းမွန်ကြောင်း ပြသနေသည်။
သို့သော်...
ကျိချိုးယု မသိခဲ့သည့်အရာတစ်ခု ရှိသည်။ ၎င်းမှာ လုချန်း၏ မိဖုရားဆောင်တွင် မိဖုရားနှင့် မိဖုရားကြီးဟူသော ဘွဲ့များသာ ရှိပြီး သာမန် ကိုယ်လုပ်တော်များ လုံးဝ မရှိခြင်း ဖြစ်သည်။
ထိုအခိုက်အတန့်တွင် လုချန်းက သူမအား အလွန်မြင့်မားသော အဆင့်အတန်းတစ်ခု ပေးခဲ့သည်ဟု ကျိချိုးယုက ထင်မှတ်နေဆဲ ဖြစ်သည်။
ကျိချိုးယုက အကြောင်းအရာကို လွှဲလိုက်ပြီး
“ကျိရှောင်ဧကရာဇ်နဲ့ နန်းကုန်းဂိုဏ်းချုပ်က ရှင့်အပေါ် သစ္စာခံဖို့ တကယ် ဆုံးဖြတ်လိုက်ကြပြီလား။”
လုချန်းက
“သေချာတာပေါ့။ သူတို့က ကိုယ့်အပေါ် သစ္စာစောင့်သိကြောင်း တက်တက်ကြွကြွ လာရောက် ဖော်ပြဖို့ လနက်မြို့ကို မကြာခင် ရောက်လာကြလိမ့်မယ်။”
ကျိယန်ကမ္ဘာ၏ နံပါတ်တစ် နိုင်ငံတော်နှင့် နံပါတ်တစ် ဂိုဏ်းအဖွဲ့အစည်းတို့သည် အခြားကမ္ဘာမှ ကျူးကျော်သူတစ်ဦးထံသို့ ဤမျှ လွယ်ကူစွာ လက်နက်ချလိမ့်မည်ဟု သူမ ဘယ်သောအခါကမှ မျှော်လင့်မထားခဲ့ပေ။ ထိုသို့ တွေးမိရင်း ကျိချိုးယု စိတ်ထဲ သက်ပြင်းချလိုက်မိသည်။
လုချန်းက
“မင်း နောက်ထပ် သေချာ အနားယူပြီး မင်းရဲ့ ခန္ဓာကိုယ်ထဲက စိတ်ဝိညာဉ် စွမ်းအားကို ထိန်းညှိသင့်တယ်။”
ထိုအရာကို ကြားလိုက်ရသောအခါ ကျိချိုးယုသည် တစ်စုံတစ်ခု ပြောတော့မည် အပြုမှာပင် ရုတ်တရက် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်သွားသည်။ သူမ၏ ခန္ဓာကိုယ်ထဲ၌ ချိပ်ပိတ်ခံထားရသော စိတ်ဝိညာဉ် စွမ်းအားများက ချက်ချင်း ပွင့်ထွက်သွားသည်ကို သူမ ခံစားလိုက်ရသည်။ ထို့နောက် ကြီးမားကျယ်ပြန့်သော စိတ်ဝိညာဉ် စွမ်းအား ပင်လယ်ကြီးတစ်ခု သူမ၏ စိတ်ထဲတွင် တိုက်ရိုက် ပေါ်ထွက်လာခဲ့သည်။
ကျိချိုးယုသည် လုံးဝ မှင်တက်သွား၏။
သူမ အဆင့်တက်သွားခဲ့ပြီ... ပြီးတော့ ဒါက ယင်ယန်အဆင့်...။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...။
သူမက လုချန်းနှင့် အတူအိပ်ရုံမျှဖြင့် မူလအစ ကမ္ဘာနယ်ပယ်အဆင့် နံပါတ်ငါး အလွှာ မှ ယင်ယန်အဆင့်သို့ အဆင့်ငါးအလွှာကို တိုက်ရိုက် ကျော်ဖြတ်သွားခဲ့တာလား။
ဒါက အရမ်းကို လွန်ကဲလွန်းနေပြီဖြစ်သည်။
စုံတွဲကျင့်စဉ်တစ်ခု၌ ဤမျှ ကြီးမားသောကျင့်ကြံမှု အရှိန်အဟုန်မျိုး ရှိသည်ဟု သူမ ဘယ်တုန်းကမှ မကြားဖူးခဲ့ပေ။
ကျိချိုးယု တုန်လှုပ်နေဆဲမှာပင် လုချန်းက သူမ၏ ကျောပြင်ကို ပွေ့ဖက်လိုက်သည်။ သူက သူမကို ညင်သာစွာ လှည့်လိုက်ပြီး သူမ၏ ခန္ဓာကိုယ်ကို ကုတင်ပေါ်တွင် လှဲချလိုက်သည်။
ထို့နောက် သူက ကိုင်းလိုက်ပြီး ကျိချိုးယု၏ နှုတ်ခမ်းများကို တစ်ဖန် ပိတ်ဆို့လိုက်ပြန်သည်။
ကျိချိုးယု၏ ခန္ဓာကိုယ် အနည်းငယ် တုန်ယင်သွားသည်။ လုချန်းက သူမအပေါ် ထိုအရာကို ထပ်မံ ပြုလုပ်တော့မည်ဟု တွေးလိုက်မိသည့် အခိုက်အတန့်တွင် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး တင်းမာသွားသည်။
သို့သော် ထိုအခိုက်အတန့်မှာပင် လုချန်းက ဖြည်းညင်းစွာ ထလိုက်သည်။ သူမတို့၏ နှုတ်ခမ်းများ ကွာသွားသော်လည်း ကျိချိုးယု၏ ခန္ဓာကိုယ်က သူ့ကို တွယ်ကပ်နေဆဲဖြစ်သည်ကို သူ ခံစားမိလိုက်သည်။ ထိုအခါ လုချန်းက ပြုံးလျက်
“မင်းက သာယာမှုကို ဒီလောက်တောင် နှစ်သက်တတ်တယ်လို့ ဘယ်သူက ထင်မှာလဲ။ လဝက်ကျော်တောင် ကြာခဲ့ပြီ မင်းက ကိုယ် ထွက်သွားမှာကို အခုထိတောင် သည်းမခံနိုင်သေးဘူး။”
ဤစကားများကို ကြားလိုက်ရသောအခါ ကျိချိုးယုလည်း သူမ၏ ကိုယ်ပိုင် တုံ့ပြန်မှုကို ချက်ချင်း ပြန်သတိရလိုက်မိသည်။ ခဏအကြာမှာပင် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး အလွန်အမင်း ပူလောင်သွားသည်ဟု ခံစားလိုက်ရသည်။
ဒီကျိန်စာသင့်မည့် လူလိမ်။
သူက သူမ၏ ခန္ဓာကိုယ်ကို ကစားခဲ့ပြီး ယခုတစ်ဖန် သူက သူမကို အရှက်ရစေချင်နေသည်။
“ရှင် ထွက်သွားမှာဆိုရင်လည်း မြန်မြန်သာ သွား” ဟုပြောရရန် ရည်ရွယ်လိုက်သော်လည်း ထိုသို့ ပြောလိုက်ခြင်းက လုချန်းကို ဆွပေးသလိုဖြစ်သွားပြီး အကျိုးဆက်များ ဖြစ်ပေါ်လာနိုင်သည်ဟု တွေးမိသောအခါ သူမသည် ထိုစကားများကို ချုပ်တည်းထားလိုက်ရသည်။
ဤအရှက်မရှိသော လုချန်း၏ ရှေ့မှောက်တွင် သူမ လုံးဝ အင်အားမဲ့နေသည်ဟု ခံစားလိုက်ရသည်။ ထို့ပြင် သူမ၏ ခန္ဓာကိုယ်ကလည်း အမှန်တကယ်ပင် သူ့အပေါ် အနည်းငယ် မှီခိုနေပြီ ဖြစ်ကြောင်း သူမ သဘောပေါက်လိုက်မိသည်။
ကျိချိုးယု ပြန်ပြောလိုသော်လည်း မပြောရဲသကဲ့သို့ ဖြစ်နေပြီး သူမ၏ မျက်နှာက အရှက်ကြောင့် နီမြန်းနေသည်ကို မြင်သောအခါ လုချန်းလည်း သူမကို ဆက်လက် စနောက်ခြင်း မပြုတော့ပေ။
သို့သော် သူ မရယ်ပဲလည်း မနေနိုင်ခဲ့ပေ။
မကြာမီပင် လုချန်း သူမထံမှ ခွာလိုက်ပြီး ထွက်သွားခဲ့သည်။ ထို့နောက် ဘေးခန်းတွင် ရေအမြန်ချိုးပြီး အဝတ်အစားများကို လဲလှယ်လိုက်ကာ ကျိချိုးယု ရှိနေသော အဆောင်မှ ထွက်ခွာသွားတော့သည်။
လုချန်း ထွက်ခွာသွားသည်နှင့် ကျိချိုးယု ကုတင်ပေါ်မှ လျင်မြန်စွာ ထလိုက်ကာ တင်ပျဉ်ခွေ ထိုင်လိုက်ပြီးနောက် သူမ၏ ခန္ဓာကိုယ်အတွင်းမှ စိတ်ဝိညာဉ် စွမ်းအားကို ချိန်ညှိလိုက်သည်။ သူမ ယင်ယန်အဆင့်သို့ အမှန်တကယ် အဆင့်တက်သွားခဲ့ကြောင်း အတည်ပြုပြီးသောအခါ ခံစားလိုက်ရသော စိတ်လှုပ်ရှားမှုများ ငြိမ်သက်သွားရန် အချိန်အတော်ကြာ ယူခဲ့ရသည်။
သူမ အမှန်တကယ် အဆင့်တက်သွားခဲ့ခြင်း ဖြစ်သည်။ ၎င်းမှာ သူမ၏ စိတ်ကူးသက်သက် မဟုတ်ခဲ့ပေ။
ယင်ယန် အဆင့်သို့ တက်လှမ်းရန် မည်သည့်အချိန်က ဤမျှ လွယ်ကူသွားခဲ့ပါသနည်း။
သူမ၏ မူလ တိုးတက်နှုန်းအရဆိုလျှင် ယင်ယန်အဆင့်သို့ ရောက်ရှိရန် နှစ်ငါးရာခန့် ကြာမြင့်မည် ဖြစ်သည်။
ယခုမူ လဝက်မျှ အချိန်အတွင်း ထိုအဆင့်သို့ ရောက်ရှိခဲ့သည်။ ထိုအရာကလည်း သူမ သတိမထားမိခင်မှာပင် ဖြစ်ပွားသွားခဲ့သည်။
ဤအရာအားလုံးက လုချန်း၏ ကျေးဇူးကြောင့်ဖြစ်ကြောင်း ရှင်းလင်းနေသည်။
သူမ၏ ကျင့်စဉ်အဆင့် တိုးတက်စေရန် ကူညီပေးခဲ့သော ထိုလူလိမ် အကြောင်းကိုတွေးမိတိုင်း ကျိချိုးယု၏ စိတ်ခံစားချက်များ ပို၍ပင် ရှုပ်ထွေးလာသည်။
လုချန်းက သူမကို လှည့်စားခဲ့သည်။ ပြီးတော့ သူသည် အခြားကမ္ဘာမှ ကျူးကျော်သူတစ်ဦး ဖြစ်သည်။ သဘဝအတိုင်း ဆိုလျှင် သူမသည် သူ၏ ရန်သူ ဖြစ်သင့်၏။ သူမတို့နှစ်ဦး အတူတကွ မရှိသင့်ပေ။
အကယ်၍ လုချန်းသာ သာမန် ကျင့်ကြံသူတစ်ဦးမျှသာ ဖြစ်ခဲ့လျှင် သူ အခြားကမ္ဘာမှ ကျူးကျော်သူတစ်ဦး ဟူသော အချက်ကို သူမ သိရှိလိုက်သည့် အခိုက်အတန့်တွင်ပင် သူမတို့၏ ရေစက်အဆုံးသတ်သွားဖွယ် ရှိနေသည်။