လျှို့ဝှက်ဆန်းကြယ်သော ထျန်းကျိမိန်းမပျို
Vol. 74 Ch. 1106
ယခုအချိန်တွင် နဂါးတပ်မတော်သည် တိုက်ပွဲဝင်ရန်အတွက် မိုးပျံလှေများကို အဓိက အသုံးပြုနေပြီဖြစ်သည်။ ထို့ကြောင့် ထိုမိုးပျံလှေများ၏ အမြန်နှုန်းဖြင့် ချူးနိုင်ငံ၏ နေပြည်တော်သို့ ရောက်ရှိရန် တစ်ရက်ပင် ကြာမည်မဟုတ်ချေ။
ချူးနိုင်ငံ ဧကရာဇ်သည် ဉာဏ်ရှိသူတစ်ဦးဖြစ်ကြောင်း လုချန်း ယုံကြည်ထားသည်။ ဤအချိန်တွင် မည်သည့်အရာကို လုပ်ဆောင်သင့်သည်ကို ချူးဧကရာဇ်သည် သိလိမ့်မည်ဟု သူ တွေးလိုက်သည်။
ချူးဧကရာဇ်သာ အသိတရားရှိမည်ဆိုလျှင် ချူးနိုင်ငံ တော်ဝင်မိသားစုဝင်များအားလုံး အသက်ရှင်သန်နိုင်မည် ဖြစ်သည်။ သို့သော် ချူးဧကရာဇ်ကသာ ဆက်လက် ခုခံရန် စိတ်ပိုင်းဖြတ်ထားပါက ချူးနိုင်ငံ တော်ဝင်မိသားစုအတွက် ပျက်စီးခြင်းသည်သာလျှင် စောင့်ကြိုနေလိမ့်မည်။
…….
စစ်ဆင်ရေးကိစ္စများကို စီမံပြီးနောက် နန်းကုန်းယွဲ့ဟွာ၏ အခန်းသို့ သွားရောက်ရန် လုချန်း စဉ်းစားလိုက်သည်။ သို့သော် ထိုစဉ်မှာပင် အထူးကိုယ်ရံတော်တစ်ဦး စာကြည့်ခန်းထဲသို့ ဝင်လာသည်။
“မင်းကြီး။ ထျန်းကျိရဲတိုက်က အကြီးအကဲ တွေ လနက်မြို့ကို ရောက်လာပါပြီ။”
ထျန်းကျိရဲတိုက်ကိစ္စများကို ဖြေရှင်းပြီးစီးသည့်နောက် ရှောင်ယွမ်ကျားသည် ထျန်းကျိရဲတိုက်မှ အကြီးအကဲအချို့နှင့် ထူးချွန်သော တပည့်အချို့ကို လနက်မြို့သို့ ချက်ချင်း ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။
အထူးကိုယ်ရံတော်၏ စကားကို ကြားသောအခါ လုချန်းက အမိန့်ပေးရန် သူ၏လက်ကို မြှောက်လိုက်သည်။ ထိုအချိန်တွင်ပင် အစေခံတစ်ဦး စာကြည့်ခန်းထဲသို့ ဝင်လာပြန်သည်။
“မင်းကြီး။ ထျန်းကျိရဲတိုက်က အကြီးအကဲ က တွေ့ဆုံခွင့် တောင်းနေပါတယ်။”
လုချန်းက သူ၏လက်ကို ပြန်ချလိုက်ပြီး ချက်ချင်းပင်
“ထားလိုက်တော့။ ရှောင်းယွမ်ကျားကို ဝင်လာခိုင်းလိုက်။”
“ဟုတ်ကဲ့ပါ။”
မကြာမီတွင် ရှောင်းယွမ်ကျားသည် စာကြည့်ခန်းသို့ ရောက်ရှိလာသည်။
“ဒီအပြစ်သားက မင်းကြီးကို ဂါရဝပြုပါတယ်”
လုချန်းက
“ခုချိန်ကစပြီး ကိုယ့်ကိုယ်ကိုယ် ‘အပြစ်သား’ လို့ မသုံးနှုန်းပါနဲ့တော့။ ခင်ဗျားတို့ဟာ ထျန်းကျိရဲတိုက်ရဲ့ အဖွဲ့ဝင်တွေ မဟုတ်ကြတော့ဘူး။ ပြီးတော့ ကောင်းကင်နတ်ဆိုးကို လွှတ်ပေးခဲ့တဲ့ကိစ္စကလည်း ခင်ဗျားတို့နဲ့ မသက်ဆိုင်တော့ဘူး။”
ရှောင်းယွမ်ကျားက
“ဟုတ်ကဲ့ပါ မင်းကြီး”
လုချန်းက ဆက်လက်၍
“ခင်ဗျားတို့က အခု ကျွန်တော့်ကို သစ္စာခံလိုက်ပြီဆိုတော့ ခင်ဗျားတို့ရဲ့ အချိန်ဖြုန်းတီးပြီး အရည်အချင်းတွေ အလဟဿဖြစ်သွားအောင် ကျွန်တော် ခွင့်မပြုနိုင်ဘူး။”
“ကျွန်တော် ‘နန်းတွင်း နက္ခတ်ဗေဒဌာန’ ဆိုတဲ့ အဖွဲ့အစည်းသစ်တစ်ခု ဖန်တီးဖို့ စီစဉ်ထားတယ်။ အဲ့ဒီမှာ ခင်ဗျားက ပထမဆုံး ဌာနမှူးဖြစ်လာလိမ့်မယ်။”
“နန်းတွင်း နက္ခတ်ဗေဒဌာနရဲ့ အဓိက တာဝန်ကတော့ ကောင်းကင်ဘုံရဲ့ လျှို့ဝှက်ချက်တွေကို နိမိတ်ဖတ်ဖို့ပဲ။ ဒါ့အပြင် ရှနိုင်ငံတော် စစ်တပ် ကြုံတွေ့ရနိုင်တဲ့ အန္တရာယ်တွေကို ကြိုတင်ခန့်မှန်းဖို့ပါပဲ။”
ထျန်းကျိရဲတိုက်မှ လူများသည် ကံကြမ္မာစွမ်းအားကြီးမားသူများ၏ ဘဝကို ကြိုတင်ဟောကိန်းထုတ်နိုင်ခြင်း မရှိသော်လည်း ရှနိုင်ငံတော် စစ်တပ်အတွက် ဖြစ်လာနိုင်ခြေရှိသော အန္တရာယ်များကို ဟောကိန်းထုတ်ခြင်းကတော့ သိပ်ကြီးမားသော ပြဿနာတစ်ခု ဖြစ်လိမ့်မည် မဟုတ်ပေ။
လုချန်း၏ စကားကို ကြားသောအခါ ရှောင်ယွမ်ကျား အလွန်အမင်း စိတ်လှုပ်ရှားသွားသပြီး မြေပြင်ပေါ်တွင် ဒူးထောက်လိုက်ကာ
“မင်းကြီးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်မျိုး မင်းကြီးကို စိတ်ပျက်အောင် လုပ်မှာမဟုတ်ပါဘူး”
ထို့နောက် လုချန်းက
“ခင်ဗျား ထျန်းကျိရဲတိုက်က သမိုင်းမှတ်တမ်းတွေ ယူလာခဲ့လား။”
ရှောင်းယွမ်ကျားက
“ အားလုံး ယူလာခဲ့ပါတယ်။ အခု မိုးပျံလှေပေါ်မှာ ရှိနေပါတယ်။”
လုချန်းက
“ကျွန်တော့်ကို လိုက်ပြပါ။”
ရှောင်းယွမ်ကျားကလည်း
“မင်းကြီး ကျွန်တော့်နောက် လိုက်ခဲ့ပါ”
ဟု ချက်ချင်း ပြန်ပြောလိုက်သည်။
ရှောင်းယွမ်ကျား၏ ဦးဆောင်မှုဖြင့် ထျန်းကျိရဲတိုက်၏ မိုးပျံလှေတစ်စီးဆီသို့ လုချန်း ရောက်သွားသည်။
မိုးပျံလှေ၏ အတွင်းခန်းထဲတွင် စာလိပ်များနှင့် စာအုပ်များ မရေမတွက်နိုင်အောင် စုပုံနေသည်။ ၎င်းတို့အထဲမှ အများစု၌ ကျင့်စဉ်ဆိုင်ရာ အကြောင်းအရာများ ပါဝင်နေသည်ကို တွေ့ရသည်။
လုချန်းသည် ထိုကျင့်စဉ်များကို အထူးတလည် စိတ်ဝင်စားခြင်း မရှိပေ။ သူ အဓိက စစ်ဆေးချင်သည်မှာ ထျန်းကျိရဲတိုက်၏ သမိုင်းမှတ်တမ်းများတွင် အခြားကမ္ဘာများနှင့် ပတ်သက်သော အချက်အလက်များ ပါဝင်ခြင်း ရှိ မရှိ ဆိုတာသာ ဖြစ်သည်။
ထို့နောက် သူက ရှောင်းယွမ်ကျားအား
“ဒီစာအုပ်တွေထဲမှာ ဘယ်ဟာတွေက တခြားကမ္ဘာတွေအကြောင်းလဲ။”
ရှောင်းယွမ်ကျားက
“စင်ရဲ့ နောက်ဆုံးတန်းက စာလိပ်တွေမှာ တခြားကမ္ဘာတွေအကြောင်း အချက်အလက်တွေ ပါပါတယ် မင်းကြီး။”
လုချန်း ထိုစာလိပ်များကို လှမ်းကြည့်လိုက်သည်။ ၎င်းတို့သည် ဝါး သို့မဟုတ် တိရစ္ဆာန် သားမွေးဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ ထိုအချက်က ထျန်းကျိရဲတိုက်ကို ဤကမ္ဘာတွင် အလွန်စောစီးစွာ တည်ထောင်ခဲ့ကြောင်း ညွှန်ပြနေသည်။ ထိုအချိန်သည် ကျိယန်ကမ္ဘာတွင် စက္ကူပင် မပေါ်သေးသော အချိန်လည်း ဖြစ်သည်။
ထို့နောက် လုချန်းက နောက်ဆုံးတန်းရှိ စင်များဆီသို့ လျှောက်သွား၍ စာလိပ်တစ်လိပ်ကို ကောက်ယူကာ အာရုံစိုက်၍ စတင်ဖတ်ရှုလိုက်သည်။ ဖတ်ပြီးသွားသောအခါ သူ အနည်းငယ် အံ့အားသင့်သွားမိ၏။
အမှန်စင်စစ် ထျန်းကျိရဲတိုက်ဟု ခေါ်သော အဖွဲ့အစည်းသည် ကျိယန်ကမ္ဘာတစ်ခုတည်းမှ အင်အားစုတစ်ခု မဟုတ်ပေ။ ကျိယန်ကမ္ဘာရှိ ထျန်းကျိရဲတိုက်ကို တည်ထောင်သူသည် ပိုမိုအဆင့်မြင့်သော ကျင့်စဉ် ကမ္ဘာတစ်ခုမှ လာသူဖြစ်ပြီး ထိုကမ္ဘာရှိ ထျန်းကျိရဲတိုက်၏ တပည့်တစ်ဦးသာ ဖြစ်သည်။
ထိုတပည့်သည် မူလက တာဝန်တစ်ခုဖြင့် ထျန်းကျိရဲတိုက်ကို တည်ထောင်ရန် ကျိယန်ကမ္ဘာသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ သို့သော် ထိုတိကျသော တာဝန်မှာ အဘယ်အရာဖြစ်သည်ကိုတော့ ထိုသူ တစ်ဦးတည်းသာ သိခဲ့ပုံပေါ်သည်။
ကံမကောင်းစွာဖြင့် ထျန်းကျိရဲတိုက်၏ ပထမဆုံး ရဲတိုက်သခင်၏ အရည်အချင်းက ကန့်သတ်ချက်ရှိခဲ့သည်။ စကြာဝဠာ၏ လျှို့ဝှက်ချက်များကို နှစ်ပေါင်းများစွာ လေ့လာစူးစမ်းခဲ့ပြီး မကြာမီပင် ကွယ်လွန်သွားခဲ့ရသည်။
ထို့နောက် နောက်ထပ် စာလိပ်များကို ဆက်လက်ဖတ်ရှုရင်း ထျန်းကျိရဲတိုက်နှင့် သက်ဆိုင်သော အခြေအနေအချို့ကို လုချန်း တဖြည်းဖြည်း နားလည်လာခဲ့ရ၏။
ထျန်းကျိရဲတိုက်သည် စကြာဝဠာအတွင်း ကြီးမားကျယ်ပြန့်သော အင်အားစုတစ်ခုဖြစ်ပြီး ကမ္ဘာများစွာတွင် ဌာနခွဲများ ရှိသည်။ ကျိယန်ကမ္ဘာ၏ ပထမဆုံး ရဲတိုက်သခင်၏ မှတ်တမ်းများအရ ထျန်းကျိရဲတိုက်သည် တစ်စုံတစ်ယောက်ကို ရှာဖွေနေပုံရသည်။
ပထမဆုံး ရဲတိုက်သခင် ကျိယန်ကမ္ဘာသို့ ရောက်ရှိလာစဉ်က သူ၏ ဆရာမသည် သူ့အား အချို့သော ကိစ္စရပ်များအကြောင်း ညွှန်ကြားခဲ့သည်။ သို့သော် ထိုအကြောင်းအရာကိုတော့ ချရေးမထားခဲ့ပေ။ လူအများ မသိစေရန် လျှို့ဝှက်ထားလိုသောပုံလည်း ပေါက်သည်။
လုချန်း ရယ်မောလိုက်သည်။ ၎င်းသည် လျှို့ဝှက်ဆန်းကြယ်မှုများ၊ လှည့်ဖြားမှုများဖြင့် ပြည့်နှက်နေသော နိမိတ်ဖတ်သူများ၏ ပုံစံနှင့် အတော်ပင် ကိုက်ညီနေသည်ကို သူ တွေ့ရှိရသည်။
သူတို့သည် ထျန်းကျိရဲတိုက်၏ တာဝန်များအကြောင်း မှတ်တမ်းတင်ခဲ့ကြသော်လည်း အသေးစိတ် အချက်အလက်များ မပြည့်စုံပေ။
အဲ့ဒါဆို ဘာအတွက်ကြောင့် မှတ်တမ်းတင် ခဲ့ကြသေးတာလဲ။
လုချန်း၏ အမူအရာ အနည်းငယ် မကျေမနပ်ဖြစ်နေပုံ ပေါက်သည်ကို ရှောင်းယွမ်ကျားက သတိပြုမိလိုက်သည်။ ထို့ကြောင့် သူက
“မင်းကြီး။ ဒီစာလိပ်တွေမှာ ပြဿနာ တစ်စုံတစ်ရာ ရှိနေတယ်ဆိုရင် ကျွန်တော် ချက်ချင်း ဖျက်ဆီးခိုင်းလိုက်ပါ့မယ်။”
လုချန်းက သူ၏ စိတ်ကို ပြန်လည် ထိန်းချုပ်လိုက်ပြီး စာလိပ်ကို စင်ပေါ်သို့ ပြန်တင်လိုက်သည်။
“ဒါတွေက သမိုင်းမှတ်တမ်းတွေပဲ။ ဘာပြဿနာ ရှိနိုင်မှာလဲ။”
စကားပြောနေရင်း လုချန်းက အခြားစင်တစ်ခုမှ နောက်ထပ် စာလိပ်တစ်လိပ်ကို ယူလိုက်ပြီး ထပ်မံ ဖွင့်လိုက်သည်။
ထိုစာလိပ်ပါ အကြောင်းအရာကို မြင်လိုက်ရသောအခါ လုချန်း အတွေးထဲ နစ်မြောသွားသည်။ ၎င်းထဲတွင် ထျန်းကျိရဲတိုက်၏ အမှန်တကယ် အာဏာရှိသူမှာ ရဲတိုက်သခင် မဟုတ်ပဲ ထျန်းကျိမိန်းမပျိုဟု သိကြသော သခင်မ ဖြစ်ကြောင်း ဖော်ပြထားသည်။
ထိုစာလိပ်တွင် ထျန်းကျိမိန်းမပျို၏ ကြိုတင်ဟောကိန်းထုတ်နိုင်စွမ်းများသည် အလွန် အစွမ်းထက်သည်ဟု မှတ်တမ်းတင်ထားသည်။ ထို့ကြောင့် သူမသည် ယခင်ခေတ်နှင့် နောက်လာမည့်ခေတ်များတွင် ဖြစ်ပျက်မည့်အရာများကိုပင် မြင်နိုင်စွမ်းရှိသည်။
လုချန်း အလွန်အမင်း တုန်လှုပ်သွားသည်။
ဒီလောက်တောင် ကြောက်စရာ ကောင်းလား။
ဤ ထျန်းကျိမိန်းမပျိုသည် မဟာဧကရာဇ်တစ်ပါးထက်ပင် သာလွန်သော ပဂ္ဂိုလ်တစ်ဦး ဖြစ်နေနိုင်လား။
သို့သော် ထို့နောက်တွင် စာလိပ်၌ ဖော်ပြထားသည်မှာ ထျန်းကျိမိန်းမပျိုသည် ထိုကဲ့သို့သော စွမ်းရည်များ ပိုင်ဆိုင်ထားသော်လည်း သူမသည် အခြားခေတ်များအကြောင်းကို လွယ်လွယ်ကူကူ ဟောကိန်းထုတ်လေ့ မရှိပေ။ အဘယ်ကြောင့်ဆိုသော် ထိုသို့ပြုလုပ်ခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးသည် သူမအား ပျောက်ကွယ်သွားစေနိုင်သောကြောင့်ဖြစ်သည်။
သို့သော် ဤ ပျောက်ကွယ်ခြင်းသည် သေဆုံးခြင်းကို မဆိုလိုပေ။ လေထဲတွင် ပျောက်ကွယ်သွားခြင်းဖြစ်ပြီး သူမနှင့် ပတ်သက်သမျှ အရာအားလုံး ကမ္ဘာလောကကြီးထဲ၌ တည်ရှိမှု ရပ်တန့်သွားစေမည် ဖြစ်သည်။ ထိုအခါ သူမ၏ ဟောကိန်းများကိုလည်း သူမတစ်ဦးတည်းသာ သိမည်ဖြစ်ပြီး အခြားခေတ်များ၏ အသေးစိတ် အချက်အလက်များကို မည်သူ့ကိုမှ မျှဝေနိုင်မည် မဟုတ်ပေ။
လုချန်း အာရုံစူးစိုက်၍ ဆက်လက် ဖတ်ရှုနေစဉ် စာလိပ်၏ နောက်ဆုံးစာကြောင်းက သူ့အား ရုတ်တရက် ဆွံ့အသွားစေသည်။
“အပေါ်က အချက်အလက်တွေ အားလုံးက တစ်ဆင့်ကြား စကားတွေချည်းပဲ။ ကျွန်တော်တောင်မှ ကျွန်တော့်ရဲ့ ဆရာမဆီက ကြားခဲ့ရတာ။”
ဟုရေးသားထားခြင်းဖြစ်သည်။
လုချန်း စာလိပ်ကို ချက်ချင်း လိပ်လိုက်ပြီး စင်ပေါ်သို့ ပြန်တင်လိုက်သည်။ ကျိယန်ကမ္ဘာရှိ ထျန်းကျိရဲတိုက်၏ ပထမဆုံး ရဲတိုက်သခင်သည် ကောလာဟလ သက်သက်မျှကို မှတ်တမ်းတင်ထားရလောက်အောင် အမှန်တကယ် အားနေခဲ့သလားဟု သူက တွေးမိသည်။
ထို့နောက် လုချန်းလည်း နောက်ထပ် စာလိပ်များကို ဆက်လက် ဖတ်ရှုခဲ့ရာ သူ သတိမထားမိလိုက်ခင်မှာပင် နေ့တစ်ဝက် ကုန်ဆုံးသွားခဲ့သည်။
လုချန်း လှမ်းကြည့်လိုက်ရာ စင်ပေါ်တွင် စာလိပ်များစွာ ကျန်ရှိနေသေးသည်ကို တွေ့လိုက်ရသည်။ ၎င်းတို့ထဲမှ အများစုသည် ကောလာဟလများကိုသာ မှတ်တမ်းတင်ထားသော်လည်း ၎င်းက သူ့အား စကြာဝဠာအကြောင်း ပိုမို သိရှိလာစေရန် အထောက်အကူ ပြုခဲ့သည်။
ထိုစာလိပ်များသည် သူ၏ ကမ္ဘာ့အမြင်ကို ကြွယ်ဝစေခဲ့သည်။ ထို့ကြောင့် ၎င်းတို့အတိုင်းအတာတစ်ခုအထိ အသုံးဝင်သည်ဟု ဆိုရပေမည်။
ထို့နောက် လုချန်းက ရှောင်းယွမ်ကျားအား
“ဒီသမိုင်းမှတ်တမ်းတွေ အားလုံးကို လနက်မြို့က မြို့သခင်ရဲ့ စံအိမ်ကို ရွှေ့ထားလိုက်ပါ”
ရှောင်းယွမ်ကျားက
“ဟုတ်ကဲ့ပါ မင်းကြီး”
ဟု ချက်ချင်း တုံ့ပြန်လိုက်သည်။
ထို့နောက်တွင် လုချန်းသည် အလင်းအရိပ်ကျင့်စဉ်ကို အသုံးပြုလိုက်ပြီး မိုးပျံလှေပေါ်မှ နန်းကုန်းယွဲ့ဟွာ နေထိုင်ရာသို့ တိုက်ရိုက် ထွက်ခွာသွားသည်။
ထိုအချိန်တွင် နန်းကုန်းယွဲ့ဟွာသည် သူမ၏ အခန်း ပြတင်းပေါက်နားတွင် ရပ်နေသည်။ သူမသည် ချူးနိုင်ငံ၏ နေပြည်တော်ဆီသို့ ဦးတည်နေသော နဂါးတပ်မတော်၏ မိုးပျံလှေများကို မော့ကြည့်နေပြီး တစ်စုံတစ်ရာကို တွေးတောနေပုံလည်း ရသည်။
နောက်တစ်ခဏတွင် အခန်းထဲ၌ လူရှိနေသည့် အငွေ့အသက်ကို သူမ ခံစားမိလိုက်သည်။ ခေါင်းလှည့်ကြည့်လိုက်သောအခါ လုချန်း ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။
နန်းကုန်းယွဲ့ဟွာက ချက်ချင်းပင်
“ဂါရဝပြုပါတယ်... မင်းကြီး။”
နန်းကုန်းယွဲ့ဟွာသည် ထိုစကားများကို ခက်ခက်ခဲခဲ ပြောဆိုလိုက်ကာ စိတ်မပါဟန်ဖြင့် ဦးညွှတ်လိုက်သည်။ မည်သို့ပင်ဆိုစေ သူမကိုယ်တိုင်သည်လည်း ဧကရီတစ်ဦး ဖြစ်ခဲ့သည်။ အခြားသူများက သူမအား ဦးညွှတ်ရခြင်းကို ကျင့်သားရနေသူလည်း ဖြစ်သည်။ ယခုမူ သူမသည် အခြား ဧကရာဇ်တစ်ပါးအား ဦးညွှတ်ရမည် ဖြစ်သည်။ ထို့ကြောင့် ထိုအပြောင်းအလဲကို သူမ ကျင့်သားရရန် ခက်ခဲနေခဲ့သည်။
လုချန်းက အနည်းငယ် ပြုံးလိုက်ပြီး
“ထုံးစံတွေ ထားလိုက်ပါ ကျိဧကရီ။”
သူ စကားပြောနေစဉ်ပင် နန်းကုန်းယွဲ့ဟွာ၏ အချက်အလက်ကို လှမ်းကြည့်လိုက်သည်။
နန်းကုန်းယွဲ့ဟွာသည် သူတော်စင်အဆင့် ကျင့်စဉ်အတွက် လာခဲ့ခြင်းဖြစ်ကြောင်းကို သူ တွေ့ရှိခဲ့ရသော်လည်း ၎င်းသည် ဒုတိယ ရည်ရွယ်ချက်သာ ဖြစ်သည်။ နန်းကုန်းယွဲ့ဟွာ၏ တကယ့်ရည်မှန်းချက်မှာ ဤကမ္ဘာကို ထိန်းချုပ်နိုင်ခွင့်အတွက် နန်းကုန်းချင်ရနှင့် ယှဉ်ပြိုင်ရန်ပင် ဖြစ်သည်။