ဆရာမ ဘယ်လို ဒီကို ရောက်လာတာလဲ
Vol. 74 Ch. 1107
နန်းကုန်းယွဲ့ဟွာ ရောက်ရှိလာခြင်းအား လုချန်း အနည်းငယ်မျှ အံ့ဩခြင်း မရှိခဲ့ပေ။ ကျိရှောင်နိုင်ငံတော်၏ ဧကရီ ဖြစ်လာခဲ့ပြီးနောက် သူမသည် အာဏာ၏ အရသာတွင် ယစ်မူးနေခဲ့သည်မှာ ကြာပြီဖြစ်သည်။ ထို့ကြောင့် လာမည့် ကျိယန်ကမ္ဘာကို စိုးမိုးအုပ်ချုပ်ရာတွင် ပြိုင်ဘက်ရှိခြင်းကို သူမ သဘာဝအတိုင်း အလိုမရှိခဲ့ပေ။
ထိုအချိန်တွင် လုချန်းက နန်းကုန်းယွဲ့ဟွာကို ခေါင်းအစ ခြေအဆုံး ကြည့်လိုက်သည်။ သူမသည် အနီရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး သူမ၏ ဆံပင်များက ခါးအထိ ကျဆင်းနေသည်။ ဦးခေါင်းထိပ်တွင်မူ မြင့်မားသော ဆံထုံးကို ထုံးထားပြီး သူမအား ထူးခြားစွာ နူးညံ့သိမ်မွေ့ပြီး တည်ကြည်ခန့်ညားစေသည်။ သူမထံမှ မြင့်မြတ်သော အငွေ့အသက်တစ်ခုကိုလည်း ထုတ်လွှတ်နေခဲ့ပြီး လူတစ်ဦးကို သူမအား ပိုမိုသိကျွမ်းလိုစိတ် မဖြစ်ပဲ မနေနိုင်အောင် ဆွဲဆောင်နေသည်။
“ကျွန်တော်ကျိရှောင်နိုင်ငံတော်ကို ဖျက်ဆီးဖို့ အစီအစဉ် မရှိဘူး။ အဲဒါ ဆက်ပြီး တည်ရှိနေနိုင်တယ်။ ပြီးတော့ ခင်ဗျားလည်း ဧကရီအဖြစ် ဆက်ရှိနေမှာပဲ။”
လုချန်း၏ စကားကို ကြားသောအခါ နန်းကုန်းယွဲ့ဟွာ အံ့အားသင့်သွားသည်။ လုချန်းက ကျိရှောင်နိုင်ငံတော်ကို ဖျက်သိမ်းပြီး ကမ္ဘာကြီးကို ပြန်လည်ဖွဲ့စည်းရန် ရည်ရွယ်ထားသည်ဟု သူမက ထင်မှတ်ထားခဲ့သည်။ ထိုအခါ ကျိရှောင်နိုင်ငံတော်၏ ဧကရီအဖြစ် သူမ၏ အုပ်ချုပ်မှု ပြီးဆုံးသွားခြင်းကို ဆိုလိုပေလိမ့်မည်။
လုချန်းတွင် ကျိရှောင်နိုင်ငံတော်ကို ဖျက်သိမ်းရန် အစီအစဉ် မရှိဟု သူမ တွေးခဲ့ဖူးခြင်း မရှိပေ။
လုချန်းက
“ကျွန်တော် ကျိယန်ကမ္ဘာ တစ်ခုလုံးကို ပေါင်းစည်းပြီးသွားရင် အပိုင်းနှစ်ပိုင်း ခွဲပစ်မယ်။ နယ်မြေနဲ့ အာဏာ တစ်စိတ်တစ်ပိုင်းကို ကျိရှောင်နိုင်ငံတော်ထဲ ထည့်သွင်းမယ်။ ကျန်တစ်ပိုင်းက သွေးသက်တံရဲတိုက် လက်အောက်ကို ကျရောက်သွားလိမ့်မယ်။ ပြီးရင်တော့ ကျွန်တော်တို့ ကျင့်ကြံသူ မဟာမိတ်အဖွဲ့တစ်ခု ထူထောင်ကြမယ်။ ခင်ဗျားရဲ့ ညီမက အဲ့ဒီမဟာမိတ်အဖွဲ့ကို တာဝန်ယူရမယ်။ ခင်ဗျားကတော့ ကျိရှောင်နိုင်ငံတော်ကို ဆက်ပြီး အုပ်ချုပ်ပေါ့။”
နန်းကုန်းယွဲ့ဟွာ၏ မျက်ခုံးများ အနည်းငယ် တွန့်သွားပြီး လုချန်း၏ အကြံအစည်ကို သူမ ချက်ချင်း သဘောပေါက်သွားသည်။ ကမ္ဘာကြီးကို နှစ်ပိုင်းခွဲ၍ သီးခြားစီ အုပ်ချုပ်စေခြင်းဖြင့် သူက ကျိယန်ကမ္ဘာ တစ်ခုလုံးကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းခြင်းဖြစ်သည်။ ဒါက သူမအား နန်းကုန်းချင်ရနှင့် သဘောထား ကွဲလွဲစေလိုသည့် ပရိယာယ်ပင်ဖြစ်သည်။
ကိုယ်တိုင် ဧကရီတစ်ဦးဖြစ်သော နန်းကုန်းယွဲ့ဟွာသည် နန်းတွင်း အုပ်ချုပ်ရေး၏ ပရိယာယ်များကို ကောင်းစွာ နားလည်သည်။
လုချန်းက သူ၏ ရည်ရွယ်ချက်များကို ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် သူမ မည်သို့ပင် လုပ်စေကာမူ ကျိယန်ကမ္ဘာ၏ ထက်ဝက်ကိုသာ ထိန်းချုပ်နိုင်မည်ဟု အဓိပ္ပာယ် သက်ရောက်နေသည်။
သို့သော် ဒါကပင် သူမအတွက် လုံလောက်နေခဲ့သည်။ ယခင် ကျိရှောင်နိုင်ငံတော်သည် အင်အားကြီးမားသော်လည်း ကျိယန်ကမ္ဘာ၏ ထက်ဝက်ကို အုပ်ချုပ်နိုင်စွမ်း မည်သည့်အခါကမှ မရှိခဲ့ပေ။
ကျိရှောင်နိုင်ငံတော်၏ နယ်မြေနှင့် သြဇာလွှမ်းမိုးမှု တိုးချဲ့လာသည်နှင့်အမျှ သူမ၏ အာဏာသည်လည်း တိုးပွားလာမည် ဖြစ်သည်။ သူမသည် လုချန်း၏ ကန့်သတ်ခြင်းကိုတော့ ခံရမည် ဖြစ်သည်။ သို့သော် သူသည် ကြောက်မက်ဖွယ်ကောင်းသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး သူကဲ့သို့ လူတစ်ဦးသည် ကျင့်စဉ်လောက၏ အောက်ပိုင်း ကမ္ဘာများတွင် ထာဝရ နေထိုင်မည် မဟုတ်တာက သေချာသလောက် ရှိသည်။
လုချန်း ထွက်ခွာသွားသည့်အခါ ကျိရှောင်နိုင်ငံတော်သည် သူမ အမိန့်ပေး စေခိုင်းနိုင်သည့် နေရာအဖြစ် ရှိနေဦးမည် ဖြစ်သည်။
ထို့ကြောင့် သူမ၏ ခန္ဓာကိုယ်ဖြင့် အရောင်းအဝယ် ပြုလုပ်ခြင်းသည် သူမအတွက် အရှုံးမရှိသော သဘောတူညီမှုတစ်ခုဟု နန်းကုန်းယွဲ့ဟွာ ယူဆလိုက်သည်။
ဤအချိန်တွင် နန်းကုန်းယွဲ့ဟွာက
“မင်းကြီးက ကျွန်မကို ဘယ်အချိန် အိပ်ဆောင်ထဲ ဝင်စေဖို့ အစီအစဉ် ရှိပါသလဲ။”
လုချန်းက ကျီစယ်သော အပြုံးတစ်ခု ပြုံးလိုက်ပြီး
“ဘာဖြစ်လို့ ခင်ဗျားတို့ ညီအစ်မက တစ်ယောက်ပြီးတစ်ယောက် ဒီလောက် စိတ်မရှည် ဖြစ်နေကြရတာလဲ။”
နန်းကုန်းယွဲ့ဟွာက ပြန်လည်ဖြေရှင်းခြင်း မပြုပဲ
“မင်းကြီးက ကျွန်မကို အိပ်ဆောင်ထဲမှာ ခစားဖို့ လိုအပ်တယ်ဆိုရင် ကျိရှောင်နိုင်ငံတော်ရဲ့ တော်ဝင်အမိန့်နဲ့ အချိန်မရွေး အကြောင်းကြားနိုင်ပါတယ်။”
“ကျွန်မက ခုထိ ဘယ်ယောက်ျားရဲ့ ညစ်ညမ်းစေတာကိုမှ မခံရသေးပဲ သန့်စင်နေတုန်းပါ။”
များသောအားဖြင့် အာဏာရှိသော အမျိုးသမီးများသည် ယောက်ျား အချစ်တော်များ ထားရှိတတ်ကြသည်။ သို့သော် နန်းကုန်းယွဲ့ဟွာသည် ကျင့်စဉ်အပေါ်တွင်သာ အမြဲတစေ အာရုံစိုက်ခဲ့ပြီး ယောက်ျားများ၏ အပေါင်းအသင်းပြုခြင်းကို စိတ်ဝင်စားမှု အနည်းငယ်သာ ရှိခဲ့သည်။
ထို့ပြင် ကျိရှောင်နိုင်ငံတော်၏ ပြည်တွင်းပဋိပက္ခများကြောင့် မျက်စိများစွာက သူမအပေါ်တွင် ရှိနေခဲ့သည်။ ဤအခြေအနေတွင် သူမ ခြေချော်လက်ချော် ဖြစ်မည့်အချိန်ကို စောင့်မျှော်နေခဲ့ကြသည်။ ထိုအချိန်အတွင်း ယောက်ျား အချစ်တော်များ ထားရှိပြီး အာရုံပျံ့လွင့်မှုများတွင် ပါဝင်နေရန် သူမမရဲခဲ့ပေ။
လုချန်းက
“ခင်ဗျား ဘာတွေးနေလဲဆိုတာ ကျွန်တော် သိတယ်။ ခင်ဗျားက သူတော်စင်အဆင့် ကျင့်စဉ်တစ်ခု လိုချင်နေတာ။”
နန်းကုန်းယွဲ့ဟွာက
“ဒါက အရောင်းအဝယ်တစ်ခု ဖြစ်တဲ့အတွက် ကျွန်မမှာ တောင်းဆိုစရာတွေ ရှိနေတာက သဘာဝကျပါတယ်”
ဟု ခံစားချက်ကင်းမဲ့စွာ တုံ့ပြန်လိုက်သည်။
လုချန်းက ပြုံးလိုက်ပြီး
“ခင်ဗျား ပြောတာ မှန်တယ်။ သူတော်စင်အဆင့် ကျင့်စဉ်က ကျွန်တော်ပေးမယ်လို့ ကတိပေးထားတဲ့အရာပဲ။ အချိန်တန်တဲ့အခါ ကျွန်တော် ခင်ဗျားကို ပေးမယ်။”
“နောက်ပြီး သူတော်စင်အဆင့် ကျင့်စဉ်ကို ခင်ဗျားရဲ့ ညီမဆီ ပေးပြီးသွားပြီ။”
ထိုအရာကို ကြားသောအခါ နန်းကုန်းယွဲ့ဟွာ အနည်းငယ် တုန်လှုပ်သွားသည်။ နန်းကုန်းချင်ရက ဆွမ်ဧကရာဇ်၏ သူတော်စင်အဆင့် ကျင့်စဉ်ကို ရရှိသွားခဲ့ပြီလော။
ဒါက အမှန်ပဲလား။
နန်းကုန်းချင်ရက သူမထက် အနည်းငယ် စော၍သာ ရောက်ရှိခဲ့တာ မဟုတ်လား။
လဝက်ခန့်သာ ရှိသေး၏။
လဝက်ခန့်မျှ ပြုစုပေးရုံဖြင့် သူတော်စင်အဆင့် ကျင့်စဉ်ကို သူမထံ လွှဲပြောင်းပေးရလောက်သည်အထိ ဆွမ်ဧကရာဇ်၏ ယုံကြည်မှုကို ရရှိသွားခဲ့နိုင်ပါသလား။
စူးစမ်းလိုစိတ်များဖြင့် ပြည့်နှက်လျက် နန်းကုန်းယွဲ့ဟွာက
“ သူ သူတော်စင်အဆင့် ကျင့်စဉ်ကို ရပြီး နောက်ပိုင်း ဒီကမ္ဘာကနေ ထွက်ပြေးသွားမှာကို မင်းကြီး မစိုးရိမ်ဘူးလား။”
လုချန်းက အပြုံးဖြင့်
“သူက သူ့ရဲ့ အသက်သွေး အနှစ်သာရကို ကျွန်တော့်ဆီမှာ ဆန္ဒအလျောက် ပေးအပ်ခဲ့တယ်။”
ဒါက...
ရုတ်တရက် သူမ၏ စိတ်ထဲတွင် ဗလာ ဖြစ်သွားသလို နန်းကုန်းယွဲ့ဟွာ ခံစားလိုက်ရသည်။
သူတော်စင်အဆင့် ကျင့်စဉ် ရရှိရန်အတွက် နန်းကုန်းချင်ရက သူမကိုယ်သူမ ဆန္ဒအလျောက် ပေးခဲ့သည်ကို သူမ သိသည်။ သို့သော် နန်းကုန်းချင်ရက သူမ၏ သစ္စာစောင့်သိမှုကို ဤမျှလောက်အထိ ပြသဖို့ အမှန်တကယ် လိုအပ်ပါသလား။
၎င်းသည် အသက်သွေး အနှစ်သာရ ဖြစ်သည်။ တစ်ကြိမ် ပေးအပ်ပြီးသည်နှင့် ထိုအချိန်မှစ၍ နန်းကုန်းချင်ရ၏ အသက်သည် ဆွမ်ဧကရာဇ်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေမည်ဖြစ်သည်။ ထို့နောက် သူသည် အတွေးတစ်ချက်မျှဖြင့်ပင် သူမအား သေဆုံးစေနိုင်သည်။
နန်းကုန်းချင်ရသည် အဘယ်ကြောင့် ဤမျှ မိုက်မဲနိုင်ရသနည်း။ သူမက ဒါကို တကယ် အလေးအနက် မထားတာလား။
နန်းကုန်းချင်ရ၏ လုပ်ရပ်များကို နန်းကုန်းယွဲ့ဟွာ လုံးဝ နားမလည်နိုင်ခဲ့ပေ။ သူမအနေနှင့်တော့ သူမ၏ အသက်ကို ခြိမ်းခြောက်ခံရသည့်တိုင်အောင် သူမ၏ အသက်သွေး အနှစ်သာရကို လုံးဝ လက်လွှဲပေးအပ်မည် မဟုတ်ပေ။
သူမ၏ အမြင်တွင် တစ်စုံတစ်ယောက်အား သူမ၏ အသက်သွေး အနှစ်သာရကို ပေးအပ်ခြင်းသည် အစေခံတစ်ဦး ဖြစ်သွားခြင်းနှင့် ဘာမျှ မခြားနားပေ။ ပိုမို တိကျစွာဆိုရလျှင် ရုပ်သေးရုပ်တစ်ရုပ်လို ဖြစ်သွားခြင်းဖြစ်သည်။
ယခုမှစ၍ ဆွမ်ဧကရာဇ်က နန်းကုန်းချင်ရအား မည်သည့်အရာကို လုပ်စေလိုသည်ဖြစ်စေ သူမ လုပ်ဆောင်ရပေတော့မည်။
ရူးသွပ်မှုတစ်ခုပင်။
နန်းကုန်းချင်ရ တစ်ယောက်လုံးဝ စိတ်လွတ်သွားခဲ့ပြီ။ အင်အားကြီးမားလာစေရန်အတွက် သူမသည် မိမိကိုယ်မိမိ ကျေးကျွန်အဖြစ် တက်ကြွစွာ ရောင်းချခဲ့သည်။
နန်းကုန်းယွဲ့ဟွာ မျက်မှောင်ကြုတ်လျက် အလွန် အလေးအနက် ဖြစ်နေသည်ကို မြင်သောအခါ လုချန်းက
“ ခင်ဗျားကိုလည်း အသက်သွေး အနှစ်သာရ ပေးအပ်ဖို့ လိုတယ်လို့ ကျွန်တော်က အကြံပေးနေတာ မဟုတ်ပါဘူး။ ခင်ဗျားတို့ရဲ့ အသက်သွေး အနှစ်သာရတွေက ကျွန် တော့်အတွက် ဘာအသုံးမှ မဝင်ဘူး။”
“ခင်ဗျား ကျွန်တော့်ကို အသက်သွေး အနှစ်သာရ မပေးရင်တောင် ကျွန်တော်က ခင်ဗျားကို သူတော်စင်အဆင့် ကျင့်စဉ်ကို သင်ပေးမှာပါ။”
“အချိန်အတိုင်းအတာတစ်ခု ကြာပြီးရင် ကျွန်တော်က ခင်ဗျား ညီမရဲ့ အသက်သွေး အနှစ်သာရကိုလည်း သူ့ဆီ ပြန်ပေးမှာပါ။”
သူ ထိုသို့ ပြောလိုက်စဉ် ရွှေရောင် အလင်းတန်းတစ်ခု လုချန်း၏ နဖူးမှ ထွက်ပေါ်လာသည်။ ထို့နောက် သူက
“ဒါက နတ်ဆိုးမြေမြုပ်ကျင့်စဉ်ပဲ။ ခင်ဗျား ဒီကျင့်စဉ်ကို ကျင့်ကြံလိုက်တာနဲ့ ခင်ဗျားရဲ့ ခန္ဓာကိုယ်ထဲက စိတ်ဝိညာဉ် စွမ်းအားက နတ်ဆိုး စွမ်းအားနဲ့ ကောင်းကင်နတ်ဆိုး စွမ်းအားတွေကို ဖိနှိပ်နိုင်လိမ့်မယ်။”
သူ၏ စကားသံ ဆုံးသည်နှင့် ရွှေရောင် အလင်းတန်းသည် နန်းကုန်းယွဲ့ဟွာ၏ နဖူးထဲသို့ ဝင်ရောက်သွားသည်။ နတ်ဆိုးမြေမြုပ်ကျင့်စဉ်၏ အကြောင်းအရာများကို သိရှိနားလည်လိုက်ပြီးနောက် သူမ အနည်းငယ် အံ့အားသင့်သွားမိသည်။ ဆွမ်ဧကရာဇ်သည် သူမ၏ ခန္ဓာကိုယ်ကို မပိုင်ဆိုင်ရသေးမီတွင် ဤကျင့်စဉ်ကို သူမထံ ပေးအပ်ရန် သတ္တိရှိခဲ့တာလား။
သူမသည် အသက်သွေး အနှစ်သာရ ပေးအပ်ထားသော နန်းကုန်းချင်ရနှင့် မတူပေ။ သူမသည် ဤကမ္ဘာမှ သူမ အလိုရှိသည့် အချိန်ထွက်ခွာသွားနိုင်သည်။
ထိုအခိုက်အတန့်တွင် လုချန်းက
“ကောင်းပြီ။ ကျွန်တော့်မှာ တခြားကိစ္စတွေ လုပ်စရာ ရှိသေးတယ်။ ဒီနေ့အတွက် ဒီလောက်ပါပဲ။ ခင်ဗျား အခုလောလောဆယ် နတ်ဆိုးမြေမြုပ်ကျင့်စဉ်ကို ကျင့်ကြံဖို့ ကြိုးစားကြည့်နိုင်တယ်။”
သူ၏ အသံ ပျောက်ကွယ်သွားသည်နှင့် လုချန်း၏ ပုံရိပ်သည် ထိုနေရာတွင်ပင် ပျောက်ကွယ်သွားခဲ့သည်။ ချူးနိုင်ငံ နေပြည်တော်သို့ သွားရာလမ်းရှိ နဂါးတပ်နှင့် သွားရောက် ပူးပေါင်းရန် ထွက်ခွာသွားခြင်းဖြစ်သည်။ တပ်များကို ဦးဆောင်နေသော ဧကရာဇ်တစ်ပါး အနေနနှင့် အမြဲတစေ နောက်ကွယ်တွင် ပုန်းအောင်းနေပြီး အမျိုးသမီးများနှင့် ရှုပ်နေ၍ မဖြစ်ပေ။
သူသာ အမြဲနောက်တွင် နေမည်ဆိုပါက ဤကမ္ဘာသို့ လုံးဝ မလာခဲ့တာက ပိုကောင်းပေလိမ့်မည်။
….
ထိုအချိန်မှာပင်။
ထျန်းချန်ကမ္ဘာတွင်။
အိပ်ဆောင်၏ အေးစက်ချမ်းစိမ့်မှုအတွင်း ရိုးရှင်းသော အဖြူရောင် ဝတ်စုံ ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦး ကုတင်တစ်ခုပေါ်တွင် တရားထိုင်နေခဲ့သည်။ ထိုစဉ် ရုတ်တရက် အေးစက်သော အသံတစ်ခု အခန်းထဲတွင် ပေါ်ထွက်လာသည်။
ဤအသံကို ကြားသောအခါ ယွမ်ရှန်ရှန်သည် ရုတ်တရက် မျက်လုံး ဖွင့်လိုက်သည်။
နောက်တစ်ခဏတွင် နှင်းပွင့်များ အခန်းထဲတွင် လှည့်ပတ် ကခုန်လာကြသည်။ မကြာမီတွင် ထိုနှင်းပွင့်များ စုစည်းကာ လူတစ်ဦး၏ ပုံသဏ္ဌာန် ဖြစ်ပေါ်လာသည်။
ရောက်လာသူမှာ အခြားသူမဟုတ်ပေ။
ယွမ်ချင်းရှု ဖြစ်သည်။
လုချန်း ကျိယန်ကမ္ဘာသို့ သွားနေသည်ကို သူမ သိထားပြီး ဖြစ်သည်။ ထို့ကြောင့် ယခုအချိန်က ယွမ်ရှန်ရှန်နှင့် သီးသန့် တွေ့ဆုံရန် အခွင့်အရေးကောင်းတစ်ခု ဖြစ်သည်။
ယွမ်ချင်းရှုကို မြင်သောအခါ ယွမ်ရှန်ရှန်သည် အလွန်အမင်း တင်းမာသွားသည်။ လုချန်း ထျန်းချန်ကမ္ဘာမှ ထွက်ခွာသွားပြီးနောက် သူမ၏ ဆရာမသည် အခွင့်ကောင်းယူ၍ သူမထံ တိုက်ရိုက် လာရှာလိမ့်မည်ဟု သူမ ခန့်မှန်းမိခဲ့ပြီးသား ဖြစ်သည်။
ယွမ်ရှန်ရှန်၏ အမူအရာ အေးစက်နေဆဲ ဖြစ်သော်လည်း သူမ၏ နှလုံးသားကတော့ လှုပ်ခတ်နေခဲ့ပြီ ဖြစ်သည်။
“ဆရာ… ဆရာမ။ ဆရာမ… ဘာလို့ ရောက်လာတာလဲ…”
ယွမ်ချင်းရှုက
“ဘာလဲ။ ငါ့ကို ဒီမှာ မကြိုဆိုဘူးလား”
ဟု ခံစားချက်ကင်းမဲ့စွာ ပြောလိုက်သည်။