ငါ့စကားနားထောင်ရင် ထွန်းကားမယ်၊ ငါ့ကိုဆန့်ကျင်ရင် ပျက်စီးမယ်
Vol. 21 Ch. 302
"ကောင်းပြီ... ဒါဆိုရင် စွမ်းအားမပါဘဲ လက်ခြေသိုင်းပညာနဲ့ပဲ ယှဉ်ပြိုင်ကြမယ်..."
ချီဂူးယွမ်၏အဆိုပြုချက်ကို လင်ရှောင်ယွမ်က ခေါင်းညိတ်လက်ခံလိုက်သည်။
"ရတယ်..."
ချီဂူးယွမ်၏မျက်နှာတွင် အပြုံးတစ်ခုဖွင့်လှစ်လာသည်။
လူအုပ်ကြီး၏အကြည့်များ သူတို့နှစ်ဦးပေါ်သို့ စုစည်းရောက်ရှိလာချိန်တွင် နှစ်ဦးသား စတုတ္ထတိုက်ပွဲစင်မြင့်ပေါ်သို့ တက်လာကြသည်။
ဤမြင်ကွင်းက အပြင်စည်းတပည့်များစွာကို အနည်းငယ်အံ့သြစေခဲ့သည်။
လင်ရှောင်ယွမ်ကို အကောင်းဆုံးနားလည်သူ ချန်လင်းယူက သံသယဖြစ်မိသည်။
"ထူးဆန်းလိုက်တာ... ဆရာတူအစ်ကိုကြီးလင်ရဲ့စိတ်ဓာတ်အရ ချီဂူးယွမ်နဲ့ ယှဉ်ပြိုင်ဖို့ မဖြစ်နိုင်ဘူးလေ..."
လော့ချန်က ပြောသည်။
"ဒါက ငါ့အတွက်လား..."
ချန်လင်းယူက ခေါင်းခါလိုက်သည်။
"သူ့အမြင်မှာ တစ်ဆိုရင် တစ်၊ နှစ်ဆိုရင် နှစ်ပဲ... မင်းကို သူကာကွယ်ပေးတာက မင်းက ဆရာ့တပည့်ဖြစ်နေလို့သက်သက်ပဲ။ သူက ဆရာတူအစ်ကိုကြီးဖြစ်နေလို့ပဲ... ဒါပေမယ့် ချီဂူးယွမ်ကို သူ ရည်ရွယ်ချက်ရှိရှိ မတိုက်ခိုက်ဘူး..."
လော့ချန်က ခေါင်းညိတ်လိုက်သည်။ အကြိမ်အနည်းငယ်ထိတွေ့ဆက်ဆံပြီးနောက် ဤဆရာကြီး၏ စိတ်ဓာတ်ကို သူ အနည်းငယ်နားလည်လာသည်။ ထိုသူသည် ဖြောင့်မတ်သလို ကိုယ်ပိုင်ဂုဏ်သိက္ခာလည်း ရှိသည်။
"ဆက်ကြည့်ရင်း သိလာမှာပါ..."
တိုက်ပွဲစင်မြင့်ပေါ်တွင်။
လင်ရှောင်ယွမ်က ပေါ့ပေါ့ပါးပါး ရပ်တည်နေသည်။ သိပ်မမြင့်မားသည့် ခန္ဓာကိုယ်မှ အားပြင်းထွက်ပေါ်လာသော အရှိန်အဟုန်တစ်ခုကို ဖြာထွက်လျက်ရှိသည်။ လက်တစ်ဖက်ကို ချီဂူးယွမ်ဆီ လှမ်းပြလိုက်သည်။
"ဂူးယွမ်... မင်း အရင်စလိုက်ပါ..."
"ဒါဆို ငါ အားမနာတော့ဘူးနော..."
ချီဂူးယွမ်က မျက်နှာပေါ်တွင် အပြုံးတစ်ခုဖွင့်လှစ်ကာ ခြေတစ်လှမ်းကို ဖြတ်ကျော်လိုက်သည်။ ဆယ်ပေအကွာအဝေးကို လုံးဝမမြင်သလိုဖြတ်ကာ လက်ဖဝါးတစ်ခုကို လေထဲတွင် အားပြင်းပြင်း ရိုက်ချလိုက်သည်။ ထိုလက်ဖဝါးက မရေမတွက်နိုင်သော လက်ရာများကို ဆွဲထုတ်လိုက်သည်။
လင်ရှောင်ယွမ်က ရှောင်တိမ်းရန်အလိုမရှိသလို ခြေတစ်ဖက်ကို ရှေ့သို့တစ်လှမ်းတိုးကာ လက်နှစ်ဖက်ကို လေထဲတွင်ထောက်လိုက်သည်။
"ဖန်း..."
လေထုကို ပေါက်ကွဲသံတစ်ခုနှင့်အတူ လှိုင်းလုံးများ လူးလွန့်ထွက်လာသည်။
နှစ်ဦးသား တပြိုင်နက်နောက်သို့ဆုတ်သွားကြသည်။ ခြေထောက်အောက်က မြေပြင်က အက်ကွဲပြီး ပြိုကျကာ အနည်းငယ်နိမ့်ကျသွားသည်။
"ဟယ်... သူတို့နှစ်ယောက်လုံး ချီစွမ်းအင်ကို မသုံးဘဲ ခန္ဓာကိုယ်အင်အားနဲ့ပဲ ယှဉ်ပြိုင်နေကြတာပဲ..."
"ဒါက သူတို့နှစ်ယောက်က လက်ခြေသိုင်းပညာကိုပဲ အပြန်အလှန်စမ်းသပ်ချင်တာပဲ... အပြတ်အသတ်တိုက်ခိုက်ဖို့ မဟုတ်ဘူးလေ..."
"ဟာ... ဒါဆို ဘာကြည့်စရာရှိမှာလဲ..."
လူအုပ်ကြီးက အသံလှိုင်းထကာ ဆွေးနွေးနေကြသည်။ သူတို့နှစ်ဦး၏ အထွတ်အထိပ်တိုက်ပွဲကို မျှော်လင့်ထားသူများက အကြီးအကျယ်စိတ်ပျက်သွားကြသည်။
"မဆိုးဘူး... နောက်တစ်ခေါက်ထပ်လာစမ်းပါ..."
ဆုတ်ခွာနေရာမှ ရပ်တန့်လိုက်ပြီး ချီဂူးယွမ်က ပေါ့ပေါ့ပါးပါး ရယ်လိုက်ကာ ခန္ဓာကိုယ်ကို ထပ်မံထိုးဖောက်လာသည်။
"လာစမ်းပါ..."
လင်ရှောင်ယွမ်က လက်နှစ်ဖက်ကို ရင်ဘတ်ရှေ့တွင် လှည့်ပတ်ကာ ခုခံအကွက်တစ်ခုကို ဖန်တီးလိုက်သည်။ ထိုအကွက်က သဘာဝအတိုင်း ပြည့်စုံလှသည်။
နှစ်ဦးအကွာအဝေးက ချက်ချင်းပင်ကျဉ်းမြောင်းလာပြီး ဆယ်ပေအောက်သို့ရောက်ရှိလာသည်။
ချီဂူးယွမ်၏ နှုတ်ခမ်းထောင့်က အနည်းငယ် မြင့်တက်သွားပြီး ကောက်ကျစ်သည့်အရိပ်အယောင်များ ထွက်ပေါ်လာကာ လက်ထဲတွင် ဓားတစ်လက် ရုတ်တရက်ပေါ်ထွက်လာသည်။
"ကောင်းကောင်း ခံလိုက်စမ်း..."
ချီဂူးယွမ်က အေးစက်စွာ အော်ဟစ်လိုက်သည်။ ထိုခဏအတွင်း သူ့ခန္ဓာတစ်ဝိုက်တွင် ချီစွမ်းအင်က ပေါက်ကွဲထွက်လာပြီး ဓားအရှိန်က လှိုင်းလုံးကြီးကဲ့သို့ လူးလွန့်ပျံ့နှံ့ကာ လေးဘက်လေးတန်သို့ လင်ရှောင်ယွမ်ကို သော့ခတ်လိုက်သည်။ ထို့နောက် ဓားတစ်ချက်ကို လေထဲတွင် ဝှေ့ရမ်းပိုင်းဖြတ်လိုက်သည်။
"ဘုန်း..."
ဓားစွမ်းအင်တစ်ခုက လှိုင်းထွက်လာပြီး လင်ရှောင်ယွမ်ကို ဦးတည်ပိုင်းဖြတ်လိုက်သည်။ ထိုဓားစွမ်းအင်က တိုက်ပွဲစင်မြင့်တစ်ခုလုံး၏ လေထုကို အသံမထွက်ဘဲ အက်ကွဲသွားစေသည်။
လင်ရှောင်ယွမ်၏မျက်လုံးများက တဒင်္ဂတုံ့ဆိုင်းသွားသည်။ အကြပ်အတည်းခဏအတွင်း သူက ချီစွမ်းအင်ကို အလျင်အမြန်လည်ပတ်ကာ ဆုတ်မသွားဘဲ ရှေ့သို့တိုးဝင်လာသည်။
"ခရမ်းရောင် စွမ်းအင်..."
ဒေါသတကြီးအော်ဟစ်လိုက်ပြီး လင်ရှောင်ယွမ်၏ ညာလက်သီးပေါ်တွင် ခရမ်းရောင်အလင်းတန်းများ ဆူပွက်ထွက်လာသည်။ ထိုလက်သီးက ခရမ်းရောင်လျှပ်စီးတစ်ခုကဲ့သို့ ဓားစွမ်းအင်ဆီ အားပြင်းထိုးဖောက်လာသည်။
"ဘုန်း..."
အင်အားပြင်းထန်သော စွမ်းအားနှစ်ခုက ချက်ချင်းပင်ထိတိုက်မိသွားပြီး ပြင်းထန်သောအကျိုးသက်ရောက်မှုက ဓားစွမ်းအားကို သုံးပုံတစ်ပုံလောက် ယိမ်းယိုင်သွားစေသည်။ သို့သော် ကျန်နှစ်ပုံက... ဆက်လက် ဖြတ်သန်းလာသည်။
"ဖူး..."
သွေးရောင်အလင်းတန်းများ ပန်းထွက်လာပြီး လက်တစ်ဖက်က မြင့်မြင့်မားမား လွင့်ထွက်သွားသည်။
လင်ရှောင်ယွမ်က လေထဲသို့ပြန်လည်လွင့်ထွက်သွားပြီး သွေးတစ်ပွက်ကို လေထဲတွင်ပန်းထွက်ကာ ကြမ်းပြင်ပေါ်သို့ အားပြင်းပြင်း ပြန်လည်ပြုတ်ကျလာသည်။
"ဘာလဲ..."
ဤရုတ်တရက်ဖြစ်ပေါ်လာသော အပြောင်းအလဲက နေရာတွင်ရှိသူအားလုံးကို အံ့သြမှင်တက်မိသွားစေသည်။
"အစ်ကိုကြီးလင်..."
ချန်လင်းယူက ထရပ်လိုက်ပြီး မျက်နှာက ဖြူဖျော့လာသည်။
လော့ချန်က မျက်ခုံးများကို တင်းတင်းညှစ်လိုက်ပြီး အကြည့်များက အေးစက်လာသည်။
ယခင်တိုက်ပွဲများအရ လင်ရှောင်ယွမ်၏စွမ်းအားက ထူးခြားလှသည်။ သူပင်လျှင် အားလုံးကိုထုတ်မသုံးပါက ထိုသူကို အလွယ်တကူအနိုင်မယူနိုင်ပေ။ ချီဂူးယွမ်က လင်ရှောင်ယွမ်ကို ချက်ချင်းအနိုင်ယူရန်ဆိုသည်မှာ ဖြစ်နိုင်ချေမရှိသလောက်ပင်။
စင်မြင့်ပေါ်တက်လာပြီးနောက် နှစ်ဦးသား အကာအကွယ်မထားဘဲ နီးကပ်စွာလက်ခြေသိုင်းဖြင့် တိုက်ခိုက်နေသည်ကို တွေးမိရင်း လော့ချန်က ဖြစ်ပျက်သမျှကို ခန့်မှန်းမိလိုက်သည်။
"ချီဂူးယွမ်... မင်း မတော်မတရားလုပ်ရဲတယ်ပေါ့..."
ရုတ်တရက် အေးစက်သောအသံတစ်ခုက နေရာတစ်ခုလုံးတွင် ပေါက်ကွဲထွက်လာပြီး နေရာတစ်ခုလုံးကို တုန်ခါသွားစေသည်။
ထိုသူက ချန်ရွှမ်အကြီးအကဲဖြစ်သည်။
လင်ရှောင်ယွမ်သည် သူကိုယ်တိုင် ဂိုဏ်းသို့ခေါ်ဆောင်လာခဲ့သော တပည့်ရင်းဖြစ်ပြီး တစ်စတစ်စ ကြီးပြင်းလာသည်ကို ကြည့်ရှုခဲ့ရသူဖြစ်သည်။ သူက ထိုသူအပေါ် မျှော်လင့်ချက်ကြီးမားစွာထားရှိထားသည်။ ယခုအခါ ချီဂူးယွမ်က ထိုသူ၏လက်တစ်ဖက်ကို ခုတ်ဖြတ်လိုက်သည်။
တရားမျှတသောတိုက်ပွဲဖြစ်ခဲ့လျှင်တော့ သူလည်း ပြောစရာမရှိပေ။ သို့သော် မျက်စိရှိသူတိုင်း လင်ရှောင်ယွမ်သည် ချီဂူးယွမ်၏ လှည့်ဖျားမှုကို ခံလိုက်ရသည်ကို သိမြင်နိုင်သည်။
"မင်းက လော့ချန်နဲ့ သေခြင်းရှင်ခြင်းတိုက်ပွဲလုပ်ဖို့ သဘောတူထားတာ... ဒါက မင်းတို့သဘောတူညီမှုအရ ငါ ဝင်မပါဘူး... ဒါပေမယ့် အခုက သိုင်းပညာစမ်းသပ်မှုတစ်ခုပဲ... မင်းက ဒီလောက်ရက်ရက်စက်စက် လက်ချရဲတယ်ပေါ့... ငါလို ဒုတိယအကြီးအကဲကို မင်း ဘယ်လိုမှတ်နေတာလဲ..."
"ချီဂူးယွမ်... မင်း အရှက်မရှိတဲ့ကောင်ပဲ..."
ဒေါသတကြီးအော်ဟစ်သံတစ်ခုက ထပ်မံထွက်ပေါ်လာသည်။
ချန်လင်းယူက ချီဂူးယွမ်ကို ဒေါသအမျက်ချောင်းချောင်းထွက်နေသော အကြည့်များဖြင့်ကြည့်လိုက်ပြီး သွားများကို တင်းတင်းကြိတ်ကာ ပြောသည်။
"အရင်တုန်းက မင်းက ချူမင်းဆက်ဂိုဏ်းရဲ့ တပည့်တစ်ဦးကို ပြစ်မှားမိလို့ လိုက်ဖမ်းခံရပြီး လင်းဂူးတောင်ထိပ်မှာ ပိတ်မိနေခဲ့တယ်... အသက်ဆုံးရှုံးမလိုဖြစ်ခဲ့တယ်... အဲ့ဒီအချိန်မှာ ဆရာတူအစ်ကိုကြီးလင်က အန္တရာယ်ကို ဂရုမစိုက်ဘဲ မင်းကို ဝင်ကယ်ပေးခဲ့တယ်... အဲ့ဒီအတွက် ဆရာတူအစ်ကြီးလင်က ကုတင်ပေါ်မှာ လဝက်လောက် လှဲနေခဲ့ရတယ်... မင်း ဒီကျေးဇူးကို ခုလို ဆပ်လိုက်တာပေါ့လေ..."
ချန်လင်းယူက ဒေါသတကြီးပြောနေရင်း မျက်နှာလေးက နီရဲလာသည်။
ဤအကြောင်းကို လူများစွာက သိရှိထားပြီး လူအုပ်ကြီးက တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင်ကြည့်နေကြသည်။
ချီဂူးယွမ်က ဓားသွားကို လက်ညှိုးဖြင့်ထိလိုက်ပြီး လင်ရှောင်ယွမ်ကို လှမ်းကြည့်ကာ မျက်နှာပေါ်တွင် ကျီစယ်သောအပြုံးတစ်ခုဖွင့်လှစ်လိုက်သည်။
"ငါက သူနဲ့ သိုင်းပညာစမ်းသပ်ကြည့်ချင်ရုံပါ... ဒါပေမယ့် သူက ဒီလောက်အားနည်းနေမယ်လို့ မထင်ထားမိဘူး... ဒါကို ငါ့အပြစ်လို့ ပြောလို့ရဘူးလေ..."
ဤစကားကိုကြားရသည့်အခါ ချန်ရွှမ်အကြီးအကဲက ဒေါသထွက်လာသည်။
"မိုက်မဲလိုက်တာ... ခုချိန်ထိ ဒီလိုတွေပြောနေရဲသေးတယ်ပေါ့... လူ့ဂုဏ်သိက္ခာအကြောင်း ငါ သင်ပေးမယ်..."
ထိုသို့ပြောပြီး ချန်ရွှမ်အကြီးအကဲက လက်ဖဝါးကို လှန်ပြီး တိုက်ခိုက်ရန် ပြင်လိုက်သည်။ သို့သော် သူ့အနားတွင်ထိုင်နေသော ချင်ယွမ်အကြီးအကဲက လက်ကိုဆန့်ထုတ်ကာ တားမြစ်လိုက်သည်။
"ချန်အကြီးအကဲ... စိတ်မလှုပ်ရှားပါနဲ့..."
ချန်ရွှမ်အကြီးအကဲ၏ မျက်လုံးများက သံမဏိအပ်များကဲ့သို့ ထက်မြက်လာသည်။
"ချင်ယွမ်... မင်း ငါ့ကို တားရဲတယ်ပေါ့..."
"ဒါက ဂိုဏ်းရဲ့ဂုဏ်သတင်းအတွက်ပါ..." ချင်ယွမ်က အေးဆေးစွာပြောလိုက်သည်။
"မင်း..."
လေထုက တင်းမာလာပြီး ထိန်းမနိုင်သိမ်းမရဖြစ်လာတော့မည်ဖြစ်သည်။
"ဆရာ..."
ထိုအခါ နိမ့်ကျသောအသံတစ်ခုက ထွက်ပေါ်လာသည်။
ဘယ်ဖက်လက်တစ်ဖက်ဆုံးရှုံးထားရပြီး သွေးများဖြင့်ပေကျံနေသော လင်ရှောင်ယွမ်က ရုန်းကန်ထရပ်လိုက်ပြီး ပြောသည်။
"ဆရာ... ဒါက ကျွန်တော်နဲ့သူ့ကြားက ကိစ္စပါ... ဒေါသမထွက်ပါနဲ့..."
ထို့နောက် လင်ရှောင်ယွမ်က ချီဂူးယွမ်ကို ကြည့်လိုက်ပြီး ခံစားချက်ကင်းမဲ့သော အေးစက်သည့်အသံဖြင့် ပြောသည်။
"ဘာ့ကြောင့်လဲ..."
ချီဂူးယွမ်၏မျက်လုံးများက အနည်းငယ်မှေးကျဉ်းသွားသည်။ အကြောင်းတစ်ခုခုကြောင့် လင်ရှောင်ယွမ်၏ အေးစက်သောမျက်နှာအမူအရာကို မြင်လိုက်ရသည့်အခါ သူ့ရင်ထဲတွင် ဒေါသတရားကြီးကြီးမားမား ထွက်ပေါ်လာပြီး မခံချင်စိတ်ပြင်းပြလာသည်။ အေးစက်စွာ ရယ်မောလိုက်သည်။
"ဘာ့ကြောင့်လဲ ဟုတ်လား... ဟား... ဟား... လင်ရှောင်ယွမ်... လင်ရှောင်ယွမ်... မင်းက တကယ်ရိုးသားတာလား၊ မိုက်မဲတာလား မသိဘူး... တစ်ခါလောက် ငါ့ကိုကူညီပေးခဲ့လို့ မင်းက ငါနဲ့ တန်းတူရှိတယ်လို့ ထင်နေလား..."
"မင်းက ဘာအဆင့်လဲ... ငါက ဘာအဆင့်လဲ... မင်းက တောင်ကုန်းတစ်ခုကလာတဲ့ သာမန်လူတစ်ယောက်ပဲ... ငါနဲ့ ရင်းနှီးတဲ့ ညီအစ်ကိုလို့ ပြောဆိုဖို့ မင်း ထိုက်တန်ရဲ့လား..."
"မင်းရဲ့အရည်အချင်းက မဆိုးဘူးလို့ ငါထင်တာ... အနည်းငယ်အသုံးဝင်တယ်လို့ ထင်လို့ မင်းကို မင်းသားတန်းထဲ ဝင်ခွင့်ပေးခဲ့တာပဲ... လေ့ကျင့်ရေးအရင်းအမြစ်တွေလည်း ပေးခဲ့တယ်... ပြောရရင် မင်းက ငါမွေးထားတဲ့ ခွေးတစ်ကောင်ပဲ..."
လင်ရှောင်ယွမ်၏မျက်နှာက ရုတ်တရက်ပြောင်းလဲသွားပြီး ခန္ဓာကိုယ်တစ်ခုလုံး အနည်းငယ်တုန်လှုပ်လာသည်။ မျက်နှာက ဖြူဖျော့လာသည်။
"တကယ်လို့ မင်းက စကားနားထောင်ရင် ငါ မင်းကို ဆက်မွေးထားပြီး ဂုဏ်သိက္ခာရှိတဲ့ အနာဂတ်တစ်ခုကို ပေးမယ်လို့ စိတ်ကူးထားခဲ့တာ... ဒါပေမယ့်..."
လော့ချန်ကို လက်ညှိုးထိုးလိုက်ပြီး ချီဂူးယွမ်က မထီမဲ့မြင်စွာ ရယ်မောလိုက်သည်။
"မင်းက ဒီလို အသုံးမကျတဲ့ကောင်တစ်ယောက်အတွက် ငါ့ကို ဆန့်ကျင်ရဲတယ်ပေါ့... ဒါဆို ငါ့ကို အပြစ်တင်လို့ မရတော့ဘူး..."
"ငါ့အလိုအတိုင်းလိုက်နာသူတွေ ထွန်းကားမယ်... ငါ့ကိုဆန့်ကျင်သူတိုင်းပျက်စီးမယ်... ဒီအရာအားလုံးက မင်း ကိုယ့်အမှားကိုယ် ခံရတာပဲ... ဒီနေ့ ငါက မင်းကို ဖျက်ဆီးရုံသာမက မင်း မျက်စိရှေ့မှာပဲ မင်းရဲ့ဆရာတူ ညီလေးကို ငါသတ်ပြမယ်ကွ... ဟား... ဟား... ဟား..."
ချီဂူးယွမ်က လင်ရှောင်ယွမ်ကို မြင့်မားစွာကြည့်ကာ နတ်ဘုရားတစ်ပါးကဲ့သို့ အောက်သို့ စူးစိုက်ကြည့်လိုက်သည်။
"ဟူး..."
လင်ရှောင်ယွမ်က ညစ်ညမ်းသောလေထုကို ဖြည်းညင်းစွာ မှုတ်ထုတ်လိုက်သည်။ အေးဆေးသောအကြည့်များထဲတွင် ကိုယ့်ကိုယ်ကို ကျီစယ်သလို ခံစားချက်ရောထွက်လာသလို အနည်းငယ်သက်သာရာရသလိုလည်း ခံစားလိုက်ရသည်။ ဖြည်းဖြည်းချင်း ပြောလိုက်သည်။
"အရင်တုန်းက တခြားသူတွေက ဒီလိုပြောတာကို ငါ မယုံခဲ့ဘူး... တကယ်ပဲ မင်းက ငါ့ကို ဒီလိုမြင်နေတာကိုး... ဘာသေဖော်ရှင်ဖက် ရင်းနှီးမှုတဲ့လဲ... ငါ့ရဲ့ တစ်ဖက်သတ်ထင်ယောင်ထင်မှားပဲ ဖြစ်နေခဲ့တာကိုး..."
ထိုသို့ပြောရင်း လင်ရှောင်ယွမ်၏ ခန္ဓာကိုယ်မှ အရှိန်အဟုန်ကြီးမားလာသည်။ မြေပြင်မှ ထောင်ထောင်မားမား ထွက်ပေါ်လာသော တောင်တန်းတစ်ခုကဲ့သို့ တိုက်ပွဲစိတ်ဓာတ်က မိုးကောင်းကင်ထိ တက်လှမ်းလာသည်။