← Chapters

အခန်း (၅၅)

Vol. 5 Ch. 55

အခန်း (၅၅)

Vol. 5 Ch. 55

ကောထောင်က ယုံကြည်မှုအပြည့်နဲ့ ဆက်ပြောလာတယ်။

“ဒီနေ့ ယဲ့ဝမ်က ရည်ရွယ်ချက်ရှိရှိ ရန်စပြီး လူကြားထဲ အရှက်ခွဲတာကို ဘာမှ မတုံ့ပြန်ရဲဘူး။ နစ်နာကြေးဆိုပြီး ချီစုစည်းဆေး နည်းနည်းပါးပါး ပေးတာတောင် ဝမ်းသာနေသေးတယ်။ သူက သတ္တိမရှိပါဘူး။ စိတ်ပူဖို့ မလိုပါဘူး”

ယန်ကျန့်ဖျင်ရဲ့ တင်းမာနေတဲ့မျက်နှာ ပြေလျော့သွားပြီး ခေါင်းညိမ့်လိုက်တယ်။

“မင်းပြောတာ မှန်တယ်၊ ဒါပေမယ့် ပေါ့ဆလို့ မရဘူး။ ယဲ့ဝမ် အရှက်ခွဲတာ ခံရတဲ့အချိန် မတုံ့ပြန်ရဲဘူးဆိုပေမယ့် သူ့ပုံစံက တည်တည်ငြိမ်ငြိမ်ပဲ။ ချီလှုပ်ရှားမှု အရိပ်အယောင်လည်း မပေါ်ဘူး။ ၁၅ နှစ်၊ ၁၆ နှစ်အရွယ် ကျင့်ကြံသူက ဒီလို စိတ်ထိန်းနိုင်တာ ရှားတယ်။ အများစုက စိတ်လိုက်မာန်ပါ မတုံ့ပြန်ရင်တောင် ဒေါသထွက်မှာပဲ။ သူက မတူဘူး”

ခန္ဓာကိုယ်ကြံ့ခိုင်တဲ့တစ်ယောက်က စိတ်မရှည် ဖြစ်လာတယ်။

“အကိုကြီးက အရမ်းစဥ်းစားနေတာပဲ။ ငါတို့ ယန်မျိုးနွယ်ပိုင်နက်မှာ ချီစုစည်းခြင်း တတိယအဆင့်ကောင်က ဒေါသထွက်ရဲမှာတဲ့လား။ စိုးရိမ်နေရင်လည်း ဒီကောင့်ကို တခါတည်း ရှင်းပစ်လိုက်တာပေါ့။ အဲဒါဆို သက်တံမြက်လျှို့ဝှက်ချက် ပေါ်သွားမှာ စိုးရိမ်ဖို့ မလိုတော့ဘူး”

ယန်ကျန့်ဖျင်က ခေါင်းမသုံးတတ်တဲ့ သူ့ရဲ့တတိယညီ ယန်ကောင်းကို စိတ်ပျက်လက်ပျက် ကြည့်လိုက်မိတယ်။

“မိုက်လိုက်တဲ့ကောင် .. ကျိယင်က ငယ်သေးတော့ လှည့်စားရတာ လွယ်တယ်။ သူ့ကို သတ်လိုက်ရင် အလောင်းနတ်ဆိုးဂိုဏ်းက မြေခွေးအိုကြီးတွေ အာရုံကို ဆွဲဆောင်သလို ဖြစ်သွားမယ်။ ဒါဆို လျှို့ဝှက်ချက် ထိန်းသိမ်းဖို့ အရမ်းခက်သွားမယ်၊ နားလည်လား”

ယန်ကောင်း ငြိမ်သွားတော့မှ ယန်ကျန့်ဖျင်က ကောထောင်ဆီ အကြည့်ရောက်လာတယ်။

“ရှောင်ထောင် .. မင်းက မျိုးနွယ်စုအတွက် အများကြီး ပေးဆပ်ခဲ့တယ်။ ကိုယ့်ဘဝမှန်ကို ဖုံးကွယ်ပြီး အလောင်းနတ်ဆိုးဂိုဏ်းထဲ ဝင်ခဲ့တယ်။ ကိုယ့်အားကိုယ်ကိုးပြီး အတွင်းစည်းတပည့် ဖြစ်အောင် ကြိုးစားတယ်၊ အခုဆို သက်တံမြက်စာရင်းကောက်တဲ့ကိစ္စ အရယူနိုင်ခဲ့တယ်။ မင်းရဲ့ ပေးဆပ်မှုကို ယန်မျိုးနွယ်က အမြဲသတိရနေမှာပါ။ ဒီတစ်ခေါက် မျိုးနွယ်စုရဲ့ အစီအစဥ် အောင်မြင်ရင် မင်းရဲ့အားထုတ်မှုအတွက် ထိုက်ထိုက်တန်တန် ချီးမြှင့်မယ်။ အနာဂတ်မှာ အခြေခံတည်ဆောက်ခြင်းဆေးလုံးက မင်းအတွက်ပဲ”

“ကျနော်က ယန်မျိုးနွယ်ပါ။ မိသားစုအတွက် ပေးဆပ်ဖို့က ကျနော့်တာဝန်၊ အသက်နဲ့ ရင်းချင် ရင်းရပါစေ၊ အောင်မြင်အောင် ကြိုးစားပါ့မယ်”

“အင်း .. ဒီတစ်ခေါက် စစ်ဆေးရေးတာဝန်က မင်းယူတာဆိုပေမယ့် စိတ်ချရအောင် သေချာစီစဥ်မှ ဖြစ်မယ်။ ကျိယင်ကို စည်းရုံးလို့ မဖြစ်သလို၊ ရှင်းပစ်တာ၊ စစ်ဆေးခွင့်မပေးတာလည်း လုပ်လို့ မဖြစ်ဘူး။ သူ့ကို လျှော့တွက်လို့ မရဘူး၊ ရှောင်ထောင် မင်းက သေချာစောင့်ကြည့်ထား။ တစ်ခုခု သံသယဝင်စရာ ရှိရင် ငါ့ကို ချက်ချင်း သတင်းပို့။ မဖြစ်မနေ လိုအပ်လာရင်တော့ ရှင်းပစ်ရမှာပဲ”

“ဟုတ်ကဲ့ .. စိတ်ချပါ”

“ယန်ကောင်း .. ဝိညာဥ်စိုက်ခင်းမှာ ပြင်ဆင်တာ ဘယ်လောက်ကြာဦးမလဲ”

“၆ ရက်၊ ၇ ရက်လောက် လိုဦးမယ်”

“ကောင်းပြီ၊ မြန်မြန်လုပ်ကြ။ ဒီကြားထဲ ရှောင်ထောင်က အချိန်ဆွဲထား”

“ဟုတ်ကဲ့”

……

နောက်တစ်နေ့ မိုးလင်းတာနဲ့ စုန့်ဝမ်လည်း လမ်းလျှောက်ထွက်ဖို့ အခန်းတံခါးဖွင့်ပြီး အပြင်ထွက်လိုက်တယ်။

“ကျီ”

ချက်ချင်းဆိုသလို ဘေးအိမ်က အခန်းတံခါး ပွင့်ပြီး ကောထောင်လည်း ထွက်လာတယ်။

“ဂျူနီယာကျိယင်ပါလား၊ အစောကြီး ရှိသေးတယ်။ ဘယ်သွားမလို့လဲ”

“ဟိုနားဒီနား လမ်းလျှောက်ထွက်မလို့ပါ။ အကိုကော လိုက်ဦးမလား”

“မသွားနဲ့၊ ခုနကတင် လူကြီးမင်းယန် အကြောင်းကြားလာတယ်။ အဆိပ်ငွေ့ရွှံ့နွံတောမှာ မြူခိုးလှိုင်း ဖြစ်နေတယ်တဲ့။ ယန်မိသားစုခြံဝင်း အပြင်ဘက်မှာ အဆိပ်မြူတွေ ဖုံးနေပြီ၊ ငါလို ချီစုစည်းခြင်း နှောင်းပိုင်းအဆင့်တောင် အန္တရာယ်ရှိလို့ သတိထားနေရတယ်။ စစ်ဆေးမယ့်ရက်လည်း ရွေ့ထားတယ်။ ဒီရက်ပိုင်း ငါတို့နှစ်ယောက်လုံး ကိုယ့်အခန်းထဲ နေတာပဲ ကောင်းတယ်။ ငါတို့က ဒီနေရာနဲ့ မရင်းနှီးဘူး။ မတော်တဆ အဆိပ်မြူတွေနဲ့ တိုးရင် အသက်ဆုံးရှုံးနိုင်တယ်”

အသက်အန္တရာယ်ဆိုတာနဲ့ စုန့်ဝမ်မျက်နှာမှာ စိုးရိမ်စိတ် အထင်းသား ပေါ်လာတယ်။

“ဒါဆို လမ်းလျှောက်ထွက်ဖို့ အဆင်မပြေဘူး။ အခန်းထဲပဲ နေတော့မယ်။ သွားစစ်မယ့်အချိန်ကျမှ ကျနော့်ကို အကြောင်းကြားပေးပါ”

စကားဆုံးတာနဲ့ စုန့်ဝမ် အခန်းထဲ ပြန်ဝင်သွားတယ်။

ကောထောင်က လှောင်ပြုံးပြုံးရင်း ရပ်ကြည့်နေတယ်။

“အတွေ့အကြုံ မရှိတဲ့ကောင်လေးတွေက ကိုင်တွယ်ရ လွယ်ပါတယ်”

…

အခန်းထဲ ပြန်ရောက်တာနဲ့ စုန့်ဝမ် အခြေအနေကို သေချာပြန်တွေးရင်း တွက်ချက်နေတယ်။ အခြေအနေ အရပ်ရပ်က သံသယဖြစ်ဖို့အတွက် လုံလောက်ရုံမက ပိုတောင် ပိုနေပြီ။ တံခါးဖွင့်ဖွင့်ချင်း ကောထောင်နဲ့ တန်းတိုးတာ တိုက်ဆိုင်မှု မဟုတ်ဘူး၊ တမင်စောင့်နေတာ ဖြစ်ဖို့ များတယ်။

မြူခိုးလှိုင်း၊ ဒါက အကြီးအကဲရှန်ပေးတဲ့ အချက်အလက်ထဲမှာ ပါတယ်။ အဆိပ်ငွေ့တွေ လှိုင်းထသလို အလုံးအရင်းနဲ့ ပေါ်လာတာကို ပြောတာ။ အချိန်က ပုံမှန် မရှိဘူး၊ နှစ်နှစ်၊ သုံးနှစ်နေရင် တစ်ကြိမ်လောက် ဖြစ်တတ်တယ်။ အဲဒီအချိန်ဆို ကောင်းကင်မှာ ရောင်စုံအလင်းတန်းတွေ တောက်ပနေတတ်တယ်လို့ ဆိုတယ်။ တချို့က အဆိပ်ငွေ့ရွံ့နွံတောမှာ ရတနာတစ်ခုခု ရှိနေတာကြောင့်လို့ ထင်ကြေးပေးပေမယ့် ဘာမှတော့ မတွေ့ကြဘူးတဲ့။

ခုနက အပြင်ထွက်ချိန် မြင်ရသလောက်ဆို ကောင်းကင်မှာ ဘာရောင်စုံအလင်းမှ မမြင်ရဘူး။ အကာအကွယ် အစီအရင်ရဲ့ အပြင်မှာ မနေ့ကအတိုင်း မှုန်မှိုင်းနေဆဲပဲ ရှိတယ်။ မြူခိုးလှိုင်း တကယ်မဖြစ်ဘဲ ဖြစ်တယ်ပြောပြီး အပြင်လမ်းလျှောက်မထွက်ဖို့ ကောထောင် တားမြစ်တာက အကြောင်းတစ်ခု ရှိရမယ်။ ယန်မိသားစုက ကျင့်ကြံမှု မရှိတဲ့ အစေခံတောင် ခြံဝင်းထဲ သွားလာနေသေးတာပဲလေ။

ကောထောင်အပြုအမူနဲ့ အကြီးအကဲရှန် သတိပေးစကား ပေါင်းစပ်ရင် ကောထောင်နဲ့ ယန်မိသားစုက တစ်ခုခု ပေါင်းကြံနေပြီး ဒါကို ဂိုဏ်းက သံသယရှိနေပြီဆိုတဲ့သဘောပဲ။ စုံစမ်းဖို့ဆိုတာလည်း အများနဲ့တစ်ယောက် လှုပ်မရအောင် စောင့်ကြည့်ခံနေရချိန် ထလုပ်လို့ မဖြစ်သေးဘူး။

စုန့်ဝမ် စိတ်မောလာတယ်။ လွယ်ကူတဲ့တာဝန်ကျအောင် ကြိုးစားခါမှ မြွေတွင်းထဲ ဆင်းမိသလို ဖြစ်နေပြီ။ လက်ရှိမှာတော့ နီးရာဓားက ပိုအန္တရာယ်ပေးနိုင်လို့ ရေလိုက်ငါးလိုက် နေဖို့ ဆုံးဖြတ်လိုက်တယ်။

တခါတလေ လေကောင်းလေသန့်ရအောင် ပြတင်းပေါက်တွေ ဖွင့်တာကလွဲရင် အပြင်ကို ခြေတစ်လှမ်းတောင် မလှမ်းဘဲ အခန်းအောင်းနေခဲ့ပါတော့တယ်။

………

စုန့်ဝမ်လည်း ဘာမှမတတ်နိုင်တဲ့အဆုံး ၅ ရက်လောက် အခန်းအောင်းပြီး အိပ်လိုက်၊ စားလိုက်၊ ကျင့်ကြံလိုက်နဲ့ အချိန်ဖြုန်းနေရတယ်။

၆ ရက်မြောက်နေ့ မနက်မှာတော့ တံခါးခေါက်သံနဲ့အတူ ကောထောင်အသံ ထွက်ပေါ်လာတယ်။

"ဂျူနီယာကျိ .. မြူခိုးလှိုင်း ငြိမ်သွားပြီ။ မနက်ဖြန် မနက် သန့်စင်ကောင်းကင်နယ်မြေမှာ သက်တံမြက်ပင်စာရင်း သွားကောက်မယ်၊ အဆင်သင့်ပြင်ထား"

စုန့်ဝမ် စိတ်လှုပ်ရှားသွားတယ်။ ယန်မိသားစုနဲ့ ကောထောင်တို့ အကွက်ချစီစဥ်တာ ပြီးသွားပြီပဲ။ ကြုံလာပြီဆိုတော့ ရှောင်မရတော့ဘူး၊ ဘယ်လိုရင်ဆိုင်ရမလဲ။ ရေလိုက်ငါးလိုက်လုပ်ရမလား၊ ဒါဆို အလုပ်ပြီးတာနဲ့ ယန်မိသားစုပိုင်နက်ကနေ အသက်ရှင်လျက် ထွက်နိုင်မှာ သေချာတယ်။ ဒါပေမယ့် ဂိုဏ်းဆီ ပြန်ရောက်ရင်ရော၊ ဒီကိစ္စက တချိန်မဟုတ်တချိန် ကျိန်းသေပေါ်မှာပဲ။ ကောထောင်က ယန်မိသားစုနဲ့အတူ လွတ်လမ်းရှာထားရင်တောင် ကယ်ထုတ်ပေးမှာ မဟုတ်ဘူး။ ဒါဆို အလောင်းနတ်ဆိုးဂိုဏ်းရဲ့ ရက်စက်တဲ့ပြစ်ဒဏ်ကို ခံရမယ်။ ဂိုဏ်းက ထွက်ပြေးရင်ရော၊ စုန့်ဝမ် ခေါင်းခါလိုက်တယ်။ ချီစုစည်းခြင်းအဆင့်လောက်က ဂိုဏ်းပိုင်နက်က လွတ်အောင်ပြေးဖို့တောင် မလွယ်ဘူး။

တွေးမိတာနဲ့တင် စုန့်ဝမ် ခေါင်းကိုက်လာတယ်။ အိပ်ယာက ဖြည်းဖြည်းချင်း ထပြီး တံခါးဖွင့်လိုက်တော့ တံခါးဝမှာ ရပ်စောင့်နေတဲ့ ကောထောင်နဲ့ ပက်ပင်းတိုးတယ်။

"တစ်ခုခု ဖြစ်နေတာလား၊ မင်းကြည့်ရတာ စိတ်ရှုပ်နေပုံပဲ"

ကောထောင်က စုန့်ဝမ် မျက်နှာပျက်နေတာ သတိထားမိပြီး စိတ်ပူတဲ့ဟန်နဲ့ အလောတကြီး မေးလိုက်တယ်။ ဒီကောင် တစ်ခုခုများ ရိပ်မိသွားတာလားပေါ့။

စုန့်ဝမ်လည်း အခုမှ သတိဝင်ပြီး လန့်သွားတယ်။ စိတ်ထိန်း၊ စိတ်ကို ငြိမ်ငြိမ်ထား။ ဘယ်လောက်အခြေအနေဆိုးဆိုး အချိန်တန်ရင် ထွက်ပေါက်တော့ တွေ့မှာပဲ။ မထိန်းနိုင်မှ အမြန်သေမှာ။

"ဘာမှ မဟုတ်ပါဘူး၊ ကျင့်ကြံရတာ ချောချောမွေ့မွေ့ မရှိလို့ပါ။ ဒီမှာက အလောင်းချီ မရှိတာကြောင့်လို့ ထင်တာပဲ"

စုန့်ဝမ်အဖြေက ကျိုးကြောင်းဆီလျော်နေလို့ ကောထောင် စိတ်အေးသွားတယ်။ ဂိုဏ်းသားသစ်တစ်ယောက် ကျင့်ကြံဖို့အတွက် အလောင်းချီ လုံလုံလောက်လောက် ရဖို့က အရေးပါမှန်း သူသိတယ်လေ။

"အော် .. ဒါလား၊ ဒီရက်ပိုင်းတော့ သည်းခံလိုက်ပါ။ ဂိုဏ်းကို ပြန်ရောက်ရင် အဆင်ပြေသွားလိမ့်မယ်။ ကျင့်ကြံတယ်ဆိုတာ ဒီလိုပဲလေ၊ စိတ်ရှည်သည်းခံဖို့ လိုတယ်"

"ဂိုဏ်းတူအကို လမ်းညွှန်ပေးတာ ကျေးဇူးတင်ပါတယ်။ ဟုတ်တယ်၊ ကျနော် စိတ်လောသွားတာ"

"အေး အေး ... ဒီနေ့ နားပြီး အားမွေးထား။ မနက်ဖြန် စာရင်းစစ်ပြီးရင် ပြန်ကြတာပေါ့"

"ဟုတ်ကဲ့"

…………….

All Chapters