အခန်း (၅၆)
Vol. 5 Ch. 56
နောက်နေ့မနက် စထွက်ကြတော့ ယန်မျိုးနွယ်ခေါင်းဆောင် ယန်ကျန့်ဖျင်ကိုယ်တိုင် လိုက်လာလို့ စုန့်ဝမ် နည်းနည်းတော့ အံအားသင့်သွားတယ်။ ယန်ကျန့်ဖျင်နဲ့အတူ ယန်မျိုးနွယ်က ချီစုစည်းခြင်း နှောင်းပိုင်းအဆင့် ၃ ယောက်နဲ့ အလယ်အဆင့် ၁၃ ယောက်ပါ ပါလာကြတယ်။
ယန်ကျန့်ဖျင် နောက်ကလိုက်ရင်း လှေကြီးတစ်စီးဆီ ရောက်လာတယ်။ လှေက ရေစူးတိမ်လွန်းလို့ ဝါးဖောင်လား မှတ်ရတယ်။ အဆိပ်ငွေရွံ့နွံတောက အနက်ဆုံးနေရာတောင် ၆ ပေလောက်ပဲ ရှိတော့ ရေစူးများရင် ဝင်မရဘူး။ အဆိပ်ငွေ့ တိုက်စားတာ ခံနိုင်အောင် အထူးသစ်သားတစ်မျိုးနဲ့ တည်ဆောက်ပြီး အစီအရင်တွေ ထည့်သွင်းထားမှန်း သိပေမယ့် ဘာတွေနဲ့၊ ဘယ်လိုလုပ်ထားလဲတော့ စုန့်ဝမ် လက်လှမ်းမမီ၊ နားမလည်နိုင် ဖြစ်နေတယ်။
လှေပေါ်မတက်ခင် ယန်ကျန့်ဖျင်က ပုလင်းတစ်လုံး ထုတ်ယူလိုက်တယ်။
"ကဲ .. အားလုံးပဲ မြူခိုးအဆိပ်ဖြေဆေး လာယူကြ"
စုန့်ဝမ်တို့တွေလည်း တစ်ယောက် တစ်လုံးစီ ယူသောက်လိုက်ကြတယ်။ ယန်ကျန့်ဖျင်အဆိုအရ ဒီဆေးက အဆိပ်ရွံ့နွံတောမှာ ဖုံးလွှမ်းနေတဲ့ အဆိပ်ငွေ့ကို ၄ နာရီကြာအောင် ခံနိုင်တယ်လို့ဆိုတယ်။ ဒါပေမယ့် ယန်ကျန့်ဖျင်နဲ့ ယန်မျိုးနွယ်က ချီစုစည်းခြင်း နှောင်းပိုင်းအဆင့် ၃ ယောက် သောက်တာ မတွေ့ရဘူး။ ကောထောင်လည်း နှောင်းပိုင်းအဆင့်ဆိုပေမယ့် သောက်ရတယ်။ ဒါဆို အဆိပ်ခံနိုင်စွမ်းက ကျင့်ကြံမှုအဆင့်နဲ့ မဆိုင်လောက်ဘူး၊ ကျင့်စဥ်နဲ့ ဆိုင်လိမ့်မယ်။ ယန်မျိုးနွယ်က အဆိပ်ငွေ့ရွံ့နွံတောမှာ နှစ်ရာချီ အခြေချလာတာဆိုတော့ သူတို့ကျင့်စဥ်တွေက အဆိပ်နဲ့ ဆက်နွယ်နေပြီ ထင်တာပဲ။
ဆေးသောက်ပြီးတာနဲ့ လှေပေါ်တက်ပြီး ထွက်လာခဲ့ကြတယ်။ တချို့နေရာတွေဆို ရေလမ်းကြောင်းက အတော်ကျဥ်းတယ်။ လှေဝင်သာရုံပဲ ရှိတယ်။ နာရီဝက်လောက်ကြာအောင် လှည့်ပတ်သွားနေပြီးမှ တစ်နေရာအရောက်မှာ လှေရပ်လိုက်တယ်။
စုန့်ဝမ်လည်း တည်နေရာကို အကြမ်းဖျင်း မှတ်လိုက်တယ်။ ချန်ယီဆီကရတဲ့ အချက်အလက်တွေထဲမှာ အဆိက်ငွေ့ရွံ့နွံတောရဲ့ မြေပုံကြမ်းတစ်ခု ပါတယ်။ မြေပုံကြမ်း ဆိုပေမယ့် အတော်တိကျတယ်၊ လမ်းကြောင်းကို မှတ်သားလို ရသလို အခု ရပ်လိုက်တဲ့နေရာလည်း ပုံဖော်လို့ ရတယ်။ ဒီလောက် တိကျပုံ ထောက်ရင် ဆေးခန်းမ အကြီးအကဲက ကိုယ်တိုင်ရောက်ဖူးပုံ ရတယ်။
စိုက်ခင်းတည်နေရာက နည်းနည်းထူးဆန်းတယ်။ အဆိပ်ငွေ့ရွံ့နွံတောရဲ့ ဗဟိုမှာ မရှိဘဲ၊ အစွန်နားလေးမှာ ရှိနေတယ်။ ယန်မျိုးနွယ်ခြံဝင်းကမှ အတွင်းရောက်ဦးမယ်။ စိုက်ခင်းက ရွံ့နွံတောအစပ်နဲ့ဆို နှစ်မိုင်ကျော်ကျော်ပဲ ဝေးမယ်။ ဒါပေမယ့် စိုက်ခင်းရှိရာ သန့်စင်ကောင်းကင်နယ်မြေက ကျွန်းမရှိဘူး၊ ရွံ့နွံထူထပ်တဲ့ ရေပြင်ကျယ်ကြီး။ ဒါကြောင့် ယန်မျိုးနွယ်က အိမ်ဆောက်နေလို့ မရတာ ဖြစ်မယ်။ ဒီနေရာက ဝိညာဥ်စွမ်းအင် ထူထပ်တာတော့ စုန့်ဝမ် သတိထားမိတယ်။
"ဧည့်သည်တော်တို့ ရှေ့မှာ မြင်နေရတာ၊ သက်တံမြက်စိုက်ခင်းရှိတဲ့ သန့်စင်ကောင်းကင်နယ်မြေပဲ"
ပြောပြောဆိုဆို ယန်ကျန့်ဖျင် လက်ဝေ့ယမ်းလိုက်တာနဲ့ ရှေ့ကသစ်ပင်ငယ်တွေ ဘေးတိမ်းသွားပြီး သက်တံမြက်စိုက်ခင်းကြီး ပေါ်လာတယ်။
စိုက်ခင်းကြီးက ကျယ်ပြောလှတဲ့ရေပြင်မှာ အပြည့်ပဲ။ မြက်ခင်းတွေက ရေပေါ်မှာ ပေါလောပေါ်နေတာ အစိမ်းရောင်ကော်ဇောကြီး ခင်းထားသလိုပဲ။ အောက်ခံမြက်ခင်းကြီးက တစ္ဆေဝိညာဥ်မြက်တွေ၊ သူတို့က အမြစ်ရှည်လျားတော့ ရွံ့နွံအောက်မြေပြင်ထဲ ၆ ပေလောက်ထိ စွဲဝင်နေပြီး၊ ရေပေါ်မှာက မြက်ခင်းပြင်ကြီးတစ်ခု ဖြစ်လာတယ်။
ယန်မျိုးနွယ်က တစ္ဆေဝိညာဥ်မြက်ခင်းကို ဆယ်ပေကျယ်ပြီး၊ ပေ ၅၀ လောက်ရှည်တဲ့ ကျွန်းမျောလို ဖန်တီးထားတယ်။ ဒီကျွန်းမျောမြက်ခင်းတွေ တန်းစီဆက်စပ်ထားတာ အတော်လေး ရှည်လျားတယ်။ ရေပေါ်မြက်ခင်းပေါ်မှာမှ သက်တံမြက်ပင်တွေကို ဆယ်ပေစီခြားပြီး စိုက်ပျိုးထားတယ်။ သက်တံမြက်ပင်က နှစ်ပေလောက် ရှည်တယ်။ သက်တံမြက်ပင်က ဖတ်ထားရသလို အတော်ထူးဆန်းတယ်။ သူက ကပ်ပါးပိုးနဲ့တောင် ပိုတူတယ်။ တစ္ဆေဝိညာဥ်မြက်ခင်းပေါ် ပေါက်ရောက်ပြီး၊ အဲဒီမြက်ခင်းက ထုတ်လုပ်တဲ့ ဝိညာဥ်စွမ်းအင်ကို စုပ်ယူရှင်သန်တာ။ စိုက်ခင်းဗဟိုနားမှာ အနက်ရောင်အစင်းပါ သက်တံမြက်တွေ ရှိတယ်။ တချို့နေရာတွေမှလည်း ဟိုတစ်ပင်၊ ဒီတစ်ပင် တွေ့ရတယ်။ ဒါက သက်တမ်းနှစ်တစ်ရာ ပြည့်ခါနီးအပင်တွေပဲ။
ယန်ကျန့်ဖျင်က သက်တံမြက်စိုက်ခင်းကို ကြည့်ရင်း ဂုဏ်ယူနေတယ်။
"ဧည့်သည်တော်လေးတို့ တွေ့ပြီမလား၊ ဒါက ယန်မျိုးနွယ်ရဲ့ မျိုးဆက်အဆက်ဆက် အားထုတ်ကြိုးပမ်း တည်ထောင်ခဲ့ရတဲ့ သက်တံမြက်ပင်စိုက်ခင်းပဲ။ ဘယ်ဘက်ခြမ်းမှာ စိုက်ခင်း ၅၀ ရှိတယ်။ သက်တမ်းနုတဲ့အပင်တွေ အဓိကပျိုးထောင်တယ်။ သိပ်အဆင့်မမြင့်လို့ တန်ဖိုးနည်းပေမယ့် အရေအတွက်များတော့ နှစ်စဥ်ပုံမှန်ဝင်ငွေ အတော်လေး များတယ်။ ညာဘက်ခြမ်းက စိုက်ခင်း ၄၀ မှာ နှစ် ၇၀ သက်တမ်းရှိတဲ့အပင်တွေ အဓိကစိုက်တယ်။ သူတို့ကို နက်နဲချီဆေးလုံး ဖော်စပ်ဖို့ သုံးတယ်။ အလယ်က စိုက်ခင်း ၃၀ က နှစ်တစ်ရာသက်တမ်းရှိတဲ့ သက်တံမြက်တွေ ပျိုးထောင်တာ။ ဒါပေမယ့် အောင်မြင်တဲ့နှုန်းက အတော်နိမ့်တယ်၊ နှစ်တစ်ရာဆိုတာ အင်မတန်ရှည်လျားတဲ့ကာလလေ၊ ဟုတ်တယ်မလား"
စုန့်ဝမ်နဲ့ ကောထောင်လည်း ခေါင်းညိမ့်ပြလိုက်တယ်။ ယန်ကျန့်ဖျင်ပြောတာလည်း မမှားဘူး။ ချီစုစည်းခြင်း အထွတ်အထိပ်ရောက်သူက နှစ် ၁၈၀ လောက်ပဲ အသက်ရှည်တာဆိုတော့ သူ့တစ်သက်မှာ နှစ်တစ်ရာသက်တံမြက် ၂ ပင် မြင်ရရုံပဲ ရှိမယ်။
ယန်ကျန့်ဖျင်က ဆက်ရှင်းပြတယ်။
"ဂိုဏ်းက နှစ်တစ်ရာသက်တမ်းရှိတဲ့အပင်တွေကို ပုံမှန် ရိတ်သိမ်းတယ်။ လက်ရှိမှာ နှစ်တစ်ရာသက်တမ်းဝင်အပင် ၁၁၃ ပင်ပဲ ရှိတယ်။ မင်းတို့ စာရင်းစစ်ရမှာက နှစ်တစ်ရာသက်တံမြက်နဲ့ နှစ် ၇၀ အထက် သက်တံမြက်တွေပဲမလား"
ကောထောင်က ခေါင်းညိမ့်လိုက်တယ်။
"ဟုတ်ပါတယ်။ နှစ် ၇၀ အောက်တွေက အရေးမကြီးပါဘူး"
“ဒီလှေက ကြီးလွန်းတယ်၊ စိုက်ခင်းတွေကြားက ရေလမ်းကြောင်း ကျဥ်းတယ်၊ ဝင်လို့ မရဘူး။ လှေအသေး ပြောင်းစီးရမယ်။ လှေအသေးကို ချလိုက်”
ယန်ကျန့်ဖျင် စကားဆုံးတာနဲ့ လူနှစ်ယောက် လှေငယ်တစ်စီးကို ထုတ်ယူလာပြီး ရေပြင်ပေါ် ချလိုက်တယ်။ လှေက အတော်သေးတယ်။ အလွန်ဆုံး စီးလို့ရရင် ၅ ယောက်ပေါ့။
ယန်ကျန့်ဖျင်က ချက်ချင်း ခုန်တက်လိုက်တယ်။
“သွားမယ်ဟေ့ .. တက်ကြ”
ယန်မိသားစုဝင်တွေထဲက ချီစုစည်းခြင်း နောက်ဆုံးအဆင့် ၃ ယောက် လှေပေါ် ခုန်တက်သွားတယ်။ လှေက လူပြည့်သလောက် ဖြစ်သွားပြီး၊ လှေဘောင်က ရေမျက်နှာပြင်နဲ့ တစ်ထွာလောက်ပဲ ကွာတေ့တယ်။
“လှေက လူ ၅ ယောက်ပဲ ဆံ့တယ်။ ကောထောင်၊ ကျိယင် မင်းတို့နှစ်ယောက် ဘယ်သူလိုက်မှာလဲ။ တစ်ယောက်က စာရင်းကောက်၊ တစ်ယောက်က လှေကြီးပေါ်က စောင့်ပေါ့။ မြန်မြန်လုပ်”
ယန်ကျန့်ဖျင်က ကောထောင်နဲ့ စုန့်ဝမ်ကို လှမ်းကြည့်ရင်း ပြောလာတယ်။
ယန်မိသားစုက ဒီလောက် ဗြောင်ကျကျ ညစ်လာမယ် ထင်မထားလို့ စုန့်ဝမ် ကြောင်သွားတယ်။ ဘယ်လိုများ လှည့်ကွက်ဆင်ထားမလဲ ထင်နေတာ၊ ခုတော့ မဝင်နဲ့၊ မစစ်နဲ့တဲ့လား။ တစ်ယောက်ပဲဆို ခေါင်းဆောင်လာတဲ့ စီနီယာဖြစ်သူ ကောထောင်ပဲ ဝင်ရမှာလေ။
ကောထောင်ကလည်း ယန်ကျန့်ဖျင်လေသံအတိုင်း လိုက်လာတယ်။
“ညီငယ်ကျိယင်၊ မင်းဒီမှာ နေခဲ့လိုက်။ အကြီးအကဲယန်တို့နဲ့ ငါလိုက်သွားမယ်”
စုန့်ဝမ် အသည်းအသန် စဥ်းစားနေတယ်။ လက်ခံလိုက်ရင်ရော၊ သူတို့လိုချင်တဲ့အဖြေဆိုပေမယ့် လွယ်လွယ်ကူကူ လက်ခံရင် တမျိုးမြင်သွားနိုင်တယ်။ လက်မခံဘူးဆိုပြီး သူ့လူတစ်ယောက် လျှော့ခိုင်းရမလား၊ လိုက်လျောမယ် မထင်ပေမယ့် သူတို့အပေါ် သံသယ မဝင်ဘူးလို့ ယူဆသွားလိမ့်မယ်။ ရွေးခြယ်စရာတိုင်းက ဓားသွားပေါ် လမ်းလျှောက်နေရတာပဲ။
စုန့်ဝမ်လည်း သဘာဝကျအောင် စိတ်ရှုပ်ဟန်နဲ့ စောဒကတက်တယ်။
“အကြီးအကဲယန်၊ ဂိုဏ်းက ကျနော်နဲ့ အကိုကောတို့ နှစ်ယောက်အတူ စာရင်းကောက်ဖို့ လွှတ်လိုက်တာပါ။ ကျနော့်ကိုလည်း စာရင်းတစ်ခု ပေးလိုက်တယ်။ ကိုယ်တိုင် တိုက်စစ်ရလိမ့်မယ်။ ပျက်ကွက်တာ သိသွားရင် မကောင်းဘူး”
မျက်ခြေမပြတ် စောင့်ကြည့်နေတဲ့ ယန်ကျင့်ဖျင် စိတ်အေးသွားတယ်။ ဒီလိုနေရာမှာ ချက်ချင်း လက်ခံတာက တစ်ခုခု လွဲနေတဲ့သဘောပဲ။ ခုလို အတိုက်အခံ လုပ်တာကမှ ပုံမှန်။
“ဟား ဟား .. ငါသေချာမရှင်းပြမိလို့ အထင်လွဲစရာ ဖြစ်သွားတာပါ။ ညီငယ်ကျိယင်ကို တောင်းပန်ပါတယ်။ အဆိပ်ငွေ့ရွံ့နွံတောက အဆိပ်ငွေ့တွေတင် မကဘူး၊ ရေထဲမှာလည်း အဆိပ်တွေ ပြန့်နေတယ်။ သစ်သားတွေကို တိုက်စားတာ အရမ်းမြန်တယ်။ အဲဒါကြောင့် လှေတွေကို ပါးချင်သစ်သားနဲ့ ဆောက်ရတယ်။ ပါးချင်သစ်သားက ရှားတော့ အရမ်းစျေးကြီးတယ်။ ငါတို့လည်း များများ မဝယ်နိုင်လို့ လှေရှားပါးနေတယ်။ အဲဒါကြောင့် ဒီခရီးစဥ်အတွက် လှေငယ်တစ်စီးပဲ သုံးနိုင်တာ။ ညီငယ်ကပဲ နားလည်ပေးဖို့ တောင်းဆိုပါတယ်။
သူ့လူတစ်ယောက် ပြန်ဆင်းခိုင်းပါလားလို့ ပြောလိုက်ချင်ပေမယ့် စုန့်ဝမ် စိတ်ထိန်းလိုက်ရတယ်။ လုံလုံလောက်လောက် စောဒကတက်ပြီးပြီဆိုတော့ အလျှော့ပေးချိန် ရောက်ပြီ။
“အကြီးအကဲယန် ရှင်းပြတာ ကျေးဇူးတင်ပါတယ်”
အကြီးအကဲယန်နဲ့ ပြောဆိုပြီးပြီးချင်း သူ့ကို စောင့်ကြည့်နေတဲ့ ကောထောင်ဘက် ပြန်လှည့်လိုက်တယ်။
“ဂိုဏ်းတူအကိုပဲ လိုက်သွားလိုက်ပါ။ လမ်းခရီးမှာ ဂရုစိုက်ပါ”
ကောထောင်က ခေါင်းညိမ့်ပြီး လှေပေါ် ခုန်တက်သွားတယ်။
“ကျိယင် .. စိတ်မပူနဲ့။ သန့်စင်ကောင်းကင်နယ်မြေထဲ မင်းကိုယ်တိုင် မဝင်ရပေမယ့် ကိုယ်တိုင်လိုက်ကြည့်သလို မြင်ရအောင် မှော်ရတနာတစ်ခု ငါပေးမယ်”
ယန်ကျန့်ဖျင် ပြောပြောဆိုဆို သိုလှောင်အိတ်ထဲက ဇလုံငယ်အရွယ် ကြေးနီမှန်တစ်ချပ် ထုတ်ယူပြီး စုန့်ဝမ်ဆီ ပစ်ပေးတယ်။
ပြီးမှ လက်သီးဆုပ်အရွယ် ကျောက်တုံးတစ်တုံး ထုတ်ယူပြီး မြှောက်ပြတယ်။
“အဲဒီမှန်က ပုံရိပ်ဖော်မှန်လို့ ခေါ်တဲ့ အလယ်အလတ်အဆင့် ဝိညာဥ်ရတနာ။ ဒီကျောက်မျက်က အရိပ်ကျောက်တုံး။ အရိပ်ကျောက်တုံးကို ဝိညာဥ်စွမ်းအင် သွင်းလိုက်ရင် ပေတစ်ရာအတွင်းက မြင်ကွင်းတွေ ပုံရိပ်ဖော်မှန်မှာ ပေါ်လာလိမ့်မယ်။ အဲဒါဆို မင်းကိုယ်တိုင် လိုက်ကြည့်သလိုပဲလေ”
ပြောပြီးတာနဲ့ ယန်ကျန့်ဖျင်က အရိပ်ကျောက်တုံးကို ကောထောင်လက်ထဲ အပ်လိုက်တယ်။
“ဒါဆို ကောထောင် အရိပ်ကျောက်တုံးကို အသက်သွင်းတာနဲ့ သူမြင်သလို မင်းလည်း မြင်နိုင်ပြီလေ၊ အဆင်ပြေလား”
“အကြီးအကဲယန်ဆီမှာ ဒီလိုရတနာမျိုး ရှိလိမ့်မယ်လို့ ထင်မထားမိဘူး။ ဒီလို ညီလေးကျိယင်က လှေပေါ်ကနေ အန္တရာယ်ကင်းကင်းနဲ့ ကြည့်လို့ရတာပေါ့”
ကောထောင်က အံအားသင့်တဲ့အမူအရာနဲ့ အလိုက်သင့် ဝင်ပြောလာတယ်။
သူတို့က အတိုင်အဖောက် ညီနေတာနဲ့ စုန့်ဝမ်လည်း ဆက်မပြောဘဲ ခေါင်းညိမ့်ပြလိုက်တယ်။ ယန်ကျန့်ဖျင်နဲ့ ကောထောင်တို့ စီးနင်းတဲ့ လှေငယ်က သန့်စင်ကောင်းကင်နယ်မြေ ရေလမ်းကြောင်းထဲ ဝင်သွားတယ်။ လှေကြီးပေါ် ကျန်နေခဲ့တဲ့ ယန်မျိုးနွယ်ဝင်တွေက ကြေးနီမှန် တင်ဖို့ သစ်သားဘောင်တစ်ခု ယူလာပေးတယ်။
စုန့်ဝမ် ကြေးနီမှန်ကို တပ်နေချိန်မှာပဲ ကောထောင်က အရိပ်ကျောက်တုံးကို အသက်သွင်းလိုက်လို့ သန့်စင်ကောင်းကင်နယ်မြေက မြင်ကွင်းတွေ ပေါ်လာတယ်။ မြင်ကွင်းက လူကိုယ်တိုင် ရောက်နေသလို ကြည်ကြည်လင်လင် ရှင်းရှင်းလင်းလင်း မြင်နေလို့ စုန့်ဝမ် အံသြသွားတယ်။
လှေငယ်က စဝင်တာနဲ့ အရေးအကြီးဆုံးဖြစ်တဲ့ သက်တမ်းနှစ်တစ်ရာဝန်းကျင်ရှိတဲ့ သက်တံမြက်စိုက်ခင်းကို အရင်သွားတယ်။ ဒီအပင်တွေက ဝိညာဥ်စွမ်းအင် လိုအပ်ချက် မြင့်မားလွန်းပြီး စုပ်ယူအားကောင်းလို့ တစ်ပင်နဲ့ တစ်ပင်ကြား ဆယ်ပေလောက်ခြားထား ရတယ်။ ကြေးနီမှန်မှာ ပေါ်တဲ့ပုံရိပ်က ကြည်လင်ပြတ်သားလို့ အရွက်တစ်ရွက်ချင်းစီ၊ အကွင်းတစ်ကွင်းချင်းစီ သေချာမြင်နေရတယ်။ တချို့အပင်တွေဆို အနက်ရောင်ကွင်းတွေ စပေါ်နေလို့ သိပ်မကြာခင် ရိတ်သိမ်းလို့ ရတော့မယ်။
ဒါပေမယ့် မျက်စိနဲ့ ကြည့်မရသလို၊ ဝိညာဥ်စွမ်းအင်နဲ့လည်း စစ်မရလို့ စိတ်မချရဲသေးဘူး။ ဂြိုဟ်ပြာကြီးမှာ ရှင်သန်ခဲ့သူဖြစ်လို့ တိုက်ရိုက်ထုတ်လွှင့်မှုတွေမှာတောင် လှည့်စားလို့ရတာ သိနေသူပီပီ မှော်ပုံရိပ် ထုတ်လွှင့်တာကို ရာနှုန်းပြည့် ဘယ်ယုံပါ့မလဲ။
စုန့်ဝမ် အညောင်းဆန့်ရင်း ဘေးဘယ်ညာ ကြည့်လိုက်တော့ ယန်မျိုးနွယ်ဝင်တွေ ဆယ်ယောက်လောက် ရှိပေမယ့် အုပ်စုဖွဲ့ စကားပြောသူ ပြော၊ ကျင့်ကြံသူ ကျင့်ကြံနဲ့ မျက်စိဒေါက်ထောက် စောင့်ကြည့်သူ မရှိတာ သတိထားမိလိုက်တယ်။ အစက ကြေးနီမှန်ကို စိတ်ဝင်စားလို့ လာကြည့်ပေမယ့် အခု ဘယ်သူမှ စိတ်မဝင်စားတော့ဘူး။
……….