အခန်း (၅၇)
Vol. 5 Ch. 57
စောင့်ကြည့်သူ မရှိတာကြောင့် စုန့်ဝမ်လည်း လှေကိုယ်ထည်ပေါ် လက်တင်ပြီး အတောင်မာကူတစ်ကောင်ကို စေလွှတ်လိုက်တယ်။ ကူပိုးကောင်က လှေပေါ်ကနေ စုန့်ဝမ် စေလွှတ်တဲ့လမ်းအတိုင်း နှစ်တစ်ရာသက်တမ်းရှိ သက်တံမြက်စိုက်ခင်းဆီ ပျံသန်းသွားတယ်။ စုန့်ဝမ် ချီစုစည်းခြင်း စတုတ္ထအဆင့် ရောက်ပြီးတည်းက ကူပိုးကောင်ကတဆင့် ဝိညာဥ်စွမ်းအင် ထုတ်လွှတ်ရင် ပေ ၁၂၀၀ အထိ လွှမ်းခြုံနိုင်နေပြီ။ ဒီအကွာအဝေးက စုံစမ်းဖို့ လုံလောက်တယ်။ ကူပိုးကောင် မပါရင်တော့ ပေ ၃၀၀ လောက်ပဲ လွှမ်းခြုံနိုင်တယ်။
အတောင်မာကူက စုံစမ်းကင်းထောက်တဲ့ အမျိုးအစားပီပီ သူ့သဘာဝကိုက ပုန်းလျှိုးကွယ်လျှိုး လုပ်နိုင်တယ်။ အသံတိုးညှင်းပြီး အကောင်ငယ်သလို၊ စွမ်းအင်အော်ရာ ပျံ့လွင့်တာနည်းလို့ ချီစုစည်းခြင်း နှောင်းပိုင်းအဆင့်တောင် အပြည့်အဝ အာရုံမစိုက်ရင် ရှာမတွေ့နိုင်ဘူး။
အတောင်မာကူက စုန့်ဝမ် ညွှန်ကြားတဲ့အတိုင်း အနီးဆုံးမှာရှိတဲ့ နှစ်တစ်ရာသက်တမ်းရှိ သက်တံမြက်ပင်ပေါ် နားလိုက်တယ်။ ချက်ချင်းဆိုသလို စုန့်ဝမ်ရဲ့ဝိညာဥ်စွမ်းအင်က သက်တံမြက်အပေါ် လွှမ်းခြုံသွားတယ်။
“ပြဿနာတော့ စပြီ”
စုန့်ဝမ် အသံမထွက်ဘဲ ရေရွတ်လိုက်မိတယ်။ အပင်ရဲ့ဝိညာဥ်စွမ်းအင်က နည်းလွန်းနေတယ်၊ နှစ်တစ်ရာ မဖြစ်နိုင်ဘူး။ အလွန်ဆုံးရှိလှ နှစ် ၂၀ ပေါ့။
အတောင်မာကူကို အရွက်နဲ့ ရောင်စုံကွင်းတွေကို စစ်ခိုင်းပြီးတာနဲ့ စုန့်ဝမ် အဖြစ်မှန်ကို သိသွားပြီ။ အားလုံးက ဆိုးဆေးတစ်မျိုးနဲ့ သေချာ အရောင်ဆိုးထားတာ။ ဒါကြောင့် ကြေးနီမှန်က ကြည့်ရင် အစစ်အမှန်လို့ ထင်ရတာ။ အပင်အများကြီး ဆေးဆိုးနေရလို့ တစ်ပတ်နီးနီး အချိန်ဆွဲထားတာပဲ။
ကောထောင်တို့လှေငယ် တခြားစိုက်ခင်းတွေဘက် ဆက်သွားချိန် အတောင်မာကူကို ၄၊ ၅ ပင်လောက် ကျပန်းစစ်ခိုင်းတယ်။ ရလဒ်က အတူတူပဲ၊ နှစ်တစ်ရာသက်တမ်းရှိတဲ့အပင် တစ်ပင်မှ မရှိလောက်တော့ဘူး။ နှစ် ၇၀ သက်တမ်းရှိ အပင်တွေတောင် အစစ်ဟုတ်ချင်မှ ဟုတ်တော့မှာ။ ယန်မျိုးနွယ်က ဘာလုပ်ချင်တာလဲ။ နှစ်နှစ် တစ်ကြိမ် စစ်ဆေးတာကို ရေရှည် ရှောင်လွှဲနိုင်မယ်လို့ တွက်ရအောင် သူတို့လည်း မရူးသေးဘူး။ ဒါဆို ဆေးဖော်လို့ရတဲ့ သက်တံမြက်တွေကို ရိတ်သိမ်းပြီး တစ်နေရာကို ရွေ့ပြောင်းနေတာလား။ သက်တံမြက်ရော၊ မိသားစုပါ ရွေ့မှာလား။ ဒါဆို အလောင်းနတ်ဆိုးဂိုဏ်းက ရေဆုံး၊ မြေဆုံး လိုက်သတ်မှာပဲ။ ဒီလောက် အန္တရာယ်များတဲ့ကြားက စွန့်စားရဲတယ်ဆိုတာ အင်အားကြီးတစ်ခုခု နောက်ခံရထားတာ သေချာတယ်။
ယန်မျိုးနွယ်က ဘာပဲကြံစည်နေပါစေ သူဖြေရှင်းနိုင်စွမ်း မရှိတာ စုန့်ဝမ် နားလည်တယ်။ သူ့ခေါင်းထဲမှာ တစ်ခုပဲ ရှိတယ်။ အသက်နဲ့ကိုယ် အိုးစားမကွဲပဲ ဂိုဏ်းဆီ ပြန်ရောက်ဖို့လေ။ ဘာဖြစ်နေတယ်ဆိုတာ စုံစမ်းဖို့ မလိုဘူး၊ တစ်ခုခု မှားယွင်းနေတယ်၊ အလွဲသုံးစား လုပ်နေတယ်ဆိုတာ အကြီးအကဲရှန်ဆီ တင်ပြနိုင်ရင် တာဝန်ကျေပြီ။ ကျန်တာ ဂိုဏ်းက ရှင်းလိမ့်မယ်။ ဆုံးဖြတ်ပြီးတာနဲ့ ကူပိုးကောင်ကို ပြန်ခေါ်သိမ်းပြီး ကြေးနီမှန်ကို ဆက်ကြည့်ရင်း ဘာမှမဖြစ်သလို ဟန်ဆောင်နေခဲ့တယ်။
နှစ်နာရီလောက်နေတော့ ကောထောင်တို့ ပြန်ရောက်လာတယ်။
“ဟေ့ .. ကျိယင်ညီလေး၊ သက်တံမြက်စိုက်ခင်းမှာ ပြဿနာ မရှိဘူး။ အရေအတွက်လည်း ကိုက်တယ်။ မင်းလည်း ကြေးနီမှန်ကနေ အကုန်မြင်ရတယ်မလား”
“မြင်တယ် အကိုကော၊ ဒါဆို တာဝန်ပြီးပြီမလား။ ဘယ်အချိန် ဂိုဏ်းကို ပြန်ပြီး အစီရင်ခံမလဲ”
စုန့်ဝမ်စကားကြောင့် ယန်ကျန့်ဖျင်တို့ ယန်မိသားစုဝင်တွေ ဝမ်းသာသွားတယ်။
“ဧည့်သည်တော်လေးက အလျင်လိုနေတာပဲ။ အလုပ်ပြီးမှတော့ ကျုပ်တို့အိမ်မှာ နှုတ်ဆက်ညစာလေး သုံးဆောင်သွားပါဦး။ ခုလည်း ပင်ပန်းနေပြီဆိုတော့ တစ်ညအိပ်ပြီး မနက်မှ ပြန်ပါလား။ မဟုတ်ရင် ယန်မိသားစုက ဧည့်ဝတ်မကျေဘူး၊ ပေါ့ပါ့ဆဆ ဆက်ဆံတယ်လို့ အပြောခံရဦးမယ်”
ကောထောင်က ယန်ကျင့်ဖျင် ဖိတ်ကြားချက်ကို လက်ခံလိုက်တယ်။
“အကြီးအကဲယန် ပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့။ ညီငယ်ကျိယင် အဆင်ပြေတယ်မလား”
စုန့်ဝမ် ခေါင်းညိမ့်သဘောတူလိုက်တယ်။ အတင်းလောနေရင် တစ်မျိုးထင်ခံရမှာလည်း စိုးရိမ်ရသေးတယ်။ ယန်ကျန့်ဖျင်နဲ့ ကောထောင်ကို ကြည့်ရင်း သရုပ်ဆောင် ကောင်းလိုက်တာလို့ စုန့်ဝမ် တွေးမိနေတယ်။ သူ့မှာသာ ကူပိုးကောင် ရှိမနေခဲ့ရင် သူတို့အကွက်ဆင်တဲ့အထဲ မျောပါသွားမှာ သေချာတယ်။ ဒါဆို ဂိုဏ်းက သိသွားတဲ့နေ့ သေပြီပဲ။
......
အလုပ်ကိစ္စပြီးတာနဲ့ လှေကြီးပေါ် ပြန်တက်ပြီး ပြန်ထွက်ခဲ့ကြတယ်။ ထွက်လာလို့မှ ခရီးတောင် သိပ်မပေါက်သေးခင် ရုတ်တရက် အန္တရာယ် ပေါ်လာတယ်။
အနက်ရောင်ဝတ်စုံဝတ် လူတစ်စု ရွံ့နွံတော သစ်ပင်တွေနောက်က ခုန်ထွက်ပြီး မှော်အဆောင်တွေ၊ အဝေးပစ်ဝိညာဥ်လက်နက်တွေနဲ့ တဟုန်တိုး တိုက်ခိုက်လာတယ်။ မီးတောက်တွေ၊ လေဓားတွေ၊ ဓားပျံတွေအပြင် အငြိုးကြီးတစ္ဆေတွေပါ လှေဆီ တရှိန်ထိုး ပြေးဝင်လာတယ်။
“ရန်သူ၊ အကာအကွယ်အစီအရင် ဖွင့်”
ယန်ကျန့်ဖျင်က ချက်ချင်းပဲ ညွှန်ကြားလိုက်တယ်။ သူစကားဆုံးတာနဲ့ အကာအကွယ်အစီအရင်တစ်ခု ထွက်ပေါ်လာပြီး လှေကို ကာကွယ်ထားလိုက်တယ်။
“ဝုန်း .. ဂျိမ်း”
တိုက်ခိုက်ချက်တွေနဲ့ အကာအကွယ်အစီအရင် တိုက်မိသွားပြီး ပြင်းထန်တဲ့ အားလှိုင်းပေါက်ကွဲမှုတွေ ထွက်ပေါ်လာတယ်။ အကာအကွယ်နေရာ အတော်များများ ပျက်စီးသွားသလို လှေကြီးပါ တိမ်းမှောက်လုမတတ် ယိမ်းထိုးသွားတယ်။
အကာအကွယ်အစီအရင် ရှိတာတောင် ပြင်းထန်တဲ့အားလှိုင်းတွေ ရိုက်ခတ်တဲ့ဒဏ်ကို စုန့်ဝမ် အတော်ခံလိုက်ရတယ်။ လူးနေတဲ့လှေပေါ်က ပြုတ်မကျအောင် မနည်းကိုင်ရင်း ဝတ်စုံနက်တွေကို လှမ်းကြည့်ပြီး တုန်လှုပ်သွားတယ်။ ဝတ်စုံနက် ဆယ်ယောက်ကျော်ရှိပြီး အားလုံးက ချီစုစည်းခြင်း နှောင်းပိုင်းအဆင့်၊ တချို့ဆို အဋ္ဌမအဆင့်၊ နဝမအဆင့်။ ဒီလောက် အင်အားကောင်းမှတော့ အဆိပ်ငွေ့ရွံ့နွံတောထဲ ဝင်လာပြီး ယန်မိသားစုကို တိုက်ခိုက်ရဲတာ မဆန်းဘူး။
လှေပေါ်မှာ ရှိတဲ့ ယန်မိသားစုဝင်တိုင်း ကိုယ်စီလက်နက်တွေ အသင့်ကိုင်ဆောင်ရင်း လှေဦးပိုင်းမှာ စုစည်းပြီး ခုခံတိုက်ခိုက်ဖို့ ပြင်ဆင်နေကြတယ်။ ကောထောင်လည်း လှေဦးပိုင်းမှာ မားမားမတ်မတ် ရပ်ရင်း တိုက်ခိုက်ဖို့ အသင့်ဖြစ်နေပြီ။
စုန့်ဝမ်က သူတို့နဲ့ မပူးပေါင်းဘဲ ပဲ့ပိုင်းကို ဆုတ်ပြီး နေရာယူတယ်။ ချီစုစည်းခြင်း နှောင်းပိုင်းအဆင့်တိုက်ပွဲက သူဝင်ပါလို့ရတဲ့နေရာ မဟုတ်ဘူးလေ။ တစ်ခုခုဆို ယန်မိသားစုက သူ့ကို အကာအကွယ် ပေးမှာ မဟုတ်မှန်းလည်း သိတယ်။ လုပ်ချင်ရင် သတ်ဖြတ်ပြီး ရန်သူ့လက်ချက်နဲ့ သေပါတယ်လို့တောင် ဂိုဏ်းကို လိမ်ညာသတင်းပို့ချင် ပို့နေမှာ။
စုန့်ဝမ်လည်း အလာင်းရုပ်သေးကို ထုတ်ယူပြီး ပထမခံစစ်အဖြစ် သူ့ရှေ့မှာ နေရာချတယ်။ ညာလက်က တစ္ဆေဦးခေါင်းဒိုင်းကိုင်ပြီး အသက်သွင်းဖို့ ပြင်လိုက်တယ်။ ဘယ်လက်က ပျံသန်းခြင်းအဆောင်ကို အသင့်ကိုင်ပြီး အခြေအနေ မဟန်တာနဲ့ ထွက်ပြေးဖို့ ကြံရွယ်ထားတယ်။ ဒီနေရာက ရေလမ်းကြောင်း ကျဥ်းပြီး ဘေးနှစ်ဖက်မှာလည်း သစ်ပင်ကြီးတွေ ရှိတယ်။ မခုခံနိုင်တဲ့အဆုံး သစ်ပင်ပေါ် အားကုန်ထုတ် ခုန်ထွက်ပြီးတာနဲ့ ပျံသန်းခြင်းအဆောင် အသက်သွင်း၊ တောနက်ရာဆီ ပျံသန်းပြေးဖို့ စိတ်ကူးထားပြီးသား။ တစ္ဆေဦးခေါင်းဒိုင်းက အလယ်အလတ်အဆင့်ဖြစ်လို့ အတိုင်းအတာတစ်ခုထိ ကာကွယ်နိုင်ဖို့ မျှော်လင့်ထားတယ်။ အနည်းဆုံးတော့ ပြေးချိန်ရအောင် အချိန်ဆွဲနိုင်မယ် ထင်တာပဲ။
သူတို့ရဲ့ အငိုက်ဖမ်း တိုက်ခိုက်မှုက အကာအကွယ်အစီအရင်ကို ချက်ချင်း မချိုးဖြတ်နိုင်တာကြောင့် ဝတ်စုံနက်တွေ တိုက်ခိုက်တာ ခဏရပ်လိုက်တယ်။ အလစ်အငိုက်ဖမ်း တိုက်ခိုက်တာ ပြီးသွားပြီ၊ ကျင့်ကြံသူချင်း သူသေကိုယ်သေ ထိပ်တိုက်ရင်ဆိုင် ရတော့မယ်။
ဝတ်စုံနက်တွေထဲက အသက် ၄၀ အရွယ် ချီစုစည်းခြင်း အလယ်အလတ်အဆင့် ကျင့်ကြံသူတစ်ယောက် ရှေ့ထွက်လာတယ်။ လက်ထဲမှာ တစ္ဆေသရဲရုပ်တွေ ထွင်းထုထားတဲ့ နတ်ဆိုးနှိမ်တုတ်ကို ကိုင်ထားတယ်။
“ဟား ဟား … ယန်မိသားစုက လိပ်ခွံကောင်းကောင်း ဝယ်ထားပြီး ပုန်းနေတာပဲ။ ယန်ကျန့်ဖျင် .. မင်းတို့ ယန်မိသားစုက စုထားသမျှ ဝိညာဥ်ကျောက်တွေ ဒီလိပ်ခွံဝယ်ဖို့ သုံးရလောက်အောင် ဘာတွေ ကြောက်နေတာလဲ”
ဝတ်စုံနက်ကို မြင်တော့ ယန်ကျန့်ဖျင် ဒေါသထွက်သွားတယ်။
“တစ္ဆေသုံး .. မင်းကို ငါတို့ယန်မိသားစုက ခွင့်လွှတ်ထားတာကို ကောင်းကောင်းမနေဘဲ အပြင်လူတွေနဲ့ ပေါင်းပြီး စိန်ခေါ်တာလား”
“ယန်ကျန့်ဖျင် .. မင်းတို့ ယန်မျိုးနွယ်က ငါ့မိသားစုတစ်ခုလုံးကို ဖျက်ဆီးခဲ့တာလေ။ အခု မင်းတို့ ယန်မျိုးနွယ်ကို ငါဖျက်ဆီးမယ်”
တစ္ဆေသုံးကလည်း ဒေါသတကြီး ကြိမ်းမောင်းလိုက်တယ်။
ယန်ကျန့်ဖျင်နဲ့ တစ္ဆေသုံးတို့ စကားပြောနေချိန် ဝတ်စုံနက်တွေက လှေကြီးရဲ့ အကာအကွယ်အစီအရင်ကို အဆက်မပြတ် တိုက်ခိုက်နေကြတယ်။ အစီအရင်က တဖြည်းဖြည်း အားနည်းပြီး ပြိုကွဲမတတ် ဖြစ်လာနေပြီ။
ယန်ကျန့်ဖျင်က စိုးရိမ်လာပေမယ့် ကြောက်ရွံဟန်မပေါ်အောင် ထိန်းထားတယ်။
“မင်းတို့လို လေလွင့်ကျင့်ကြံသူ ပမွှားလေးတွေက ယန်မျိုးနွယ်ကို ရန်စရဲတာလား။ ကောင်းကင် ဘယ်လောက်မြင့်လဲဆိုတာ မသိသေးဘူး ထင်တယ်။ ငါတို့ ယန်မျိုးနွယ်မှာ အခြေတည်အဆင့် ဘိုးဘေးရှိတာ မသိဘူးလား။ ငါတို့နောက်မှာ အလောင်းနတ်ဆိုးဂိုဏ်း ရှိနေတာကိုရော မသိဘူးလား။ အခုချက်ချင်း နောက်ဆုတ်မယ်ဆို ခွင့်လွှတ်လို့ရသေးတယ်”
ယန်ကျန့်ဖျင်က အခြေတည်ဘိုးဘေးနဲ့ အလောင်းနတ်ဆိုးဂိုဏ်း အရှိန်အဝါကို အသုံးချပြီး ဖြေရှင်းဖို့ ကြိုးစားကြည့်တယ်။ လက်ရှိ မြေပြင်အနေအထားအရ ဝတ်စုံနက်တွေက အားသာနေတယ်လေ။ သူ့ဆီမှာ ချီစုစည်းခြင်း နှောင်းပိုင်းအဆင့် ၄ ဦးပဲ ရှိပြီး၊ ၂ ဦးပဲ နဝမအဆင့် ရှိတာ။ တဖက်အုပ်စုက နှောင်းပိုင်းအဆင့် ၈ ယောက်နဲ့ နဝမအဆင့် ၄ ယောက် ရှိတယ်။ တိုက်ခိုက်ရင် အဖြေက တွက်နေစရာတောင် မလိုဘူး။
စုန့်ဝမ် စိုးရိမ်ပေမယ့် စောင့်ကြည့်နေတယ်။ ဝတ်စုံနက်တွေဆီက ပြင်းထန်တဲ့သတ်ဖြတ်လိုစိတ် အငွေ့အသက်တွေက အစီအရင်ကို ဖြတ်ကျော်ပြီး သူ့ဆီတောင် ရောက်နေပြီ။ ဒီလူတွေ နောက်ဆုတ်မှာ မဟုတ်ဘူး၊ ဒီနေ့က သွေးချောင်းစီးမှာ ကျိန်းသေပဲ။ ကျင့်ကြံမှုလောက ရောက်ရှိပြီး ပထမဆုံး တိုက်ပွဲက တဖက်စောင်းနင်း တိုက်ခိုက်တာ ခံရပြီး အသက်လုပြေးရဖို့ များနေပြီ။ နောက်ဆုံးအနေနဲ့ အဆိပ်ငွေ့ရွံ့နွံတောကို ရာစုနှစ်နဲ့ချီ စီမံထိန်းသိမ်းလာတဲ့ ယန်မိသားစုမှာ အရေးပေါ် တုန့်ပြန်မှုစီမံချက် ရှိပါစေလို့ မျှော်လင့်ရတာပဲ။ ခုတော့ လွယ်ကူတဲ့တာဝန်ဆိုပြီး ပေးလိုက်တဲ့ ပြင်ပရေးရာခန်းမ စာရေးကိုပဲ စိတ်ထဲကနေ ကျိန်ဆဲနေမိတော့တယ်။
…………..