အခန်း (၅၈)
Vol. 5 Ch. 58
“အခြေတည်အဆင့်ဘိုးဘေး၊ အလောင်းနတ်ဆိုးဂိုဏ်း .. ဟားဟား”
တစ္ဆေသုံးက အားပါးတရ ရယ်မောလိုက်တယ်။
“ငါတို့က သေချာမပြင်ဆင်ဘဲ မင်းတို့ ယန်မျိုးနွယ်ပိုင်နက်ထဲထိ ဝင်တိုက်ခိုက်မယ် ထင်နေတာလား။ ငါက မင်းတို့ ယန်မျိုးနွယ်ကို တောက်လျှောက် စုံစမ်းနေခဲ့တာကွ။ မင်းတို့ဘိုးဘေးက သက်တမ်းစေ့ခါနီးပြီး အိုမင်းနေလို့ အပြင်ထွက်မလာတာ ဆယ်နှစ်ကျော်ပြီ။ မသေရင်တောင် စွမ်းအားအပြည့် မသုံးနိုင်တာ သေချာတယ်”
ယန်ကျန့်ဖျင် မျက်နှာပျက်သွားတယ်။
တစ္ဆေသုံးကတော့ အားပါးတရ ဆက်ပြောနေတယ်။
“အလောင်းနတ်ဆိုးဂိုဏ်းတဲ့လား။ ပြီးခဲ့တဲ့ နှစ်နှစ်ကစပြီး မင်းတို့ ယန်မိသားစုက ကိုးနန်းတော်ဂိုဏ်းနဲ့ ပူးပေါင်းပြီး သက်တံမြက်ကို ခိုးရောင်းလိုက်တယ်လေ။ မင်းတို့ ဘယ်လောက်ပဲ ဖုံးဖိထားထား ငါ့မျက်စိအောက်က မလွတ်ပါဘူးကွ။ အလောင်းနတ်ဆိုးဂိုဏ်းသာ သိသွားရင် မင်းတို့ မျိုးနွယ်တစ်ခုလုံးကို သတ်ရုံတင် ဘယ်ကမလဲ၊ အလောင်းရုပ်သေးဖြစ်အောင် သန့်စင်ပစ်လိုက်လိမ့်မယ်”
တစ္ဆေသုံးက ရယ်မောရင်း နတ်ဆိုးနှိမ်တုတ်နဲ့ အစီအရင်ကို အားပါးတရ ရိုက်ရင်း ဖြိုဖျက်နေခဲ့တယ်။
လှေပေါ်က လူအားလုံး တစ္ဆေသုံး ပြောလိုက်တဲ့ သက်တံမြက် ခိုးရောင်းတယ်ဆိုတဲ့ စကားကြောင့် အံအားသင့် ငေးကြောင်ပြီး ခုခံဖို့တောင် မေ့လုနီးနီး ဖြစ်ကုန်ကြတယ်။ ယန်မျိုးနွယ်က ချီစုစည်းခြင်း အလယ်အဆင့် ၁၃ ယောက်လုံး မိသားစုအကြီးအကဲ ယန်ကျန့်ဖျင်ကို ငေးကြည့်ပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေတယ်။ သူတို့လည်း ယန်မျိုးနွယ်ဆိုပေမယ့် အလောင်းနတ်ဆိုးဂိုဏ်းကို သစ္စာဖောက်ဖျက်ပြီး၊ ကိုးနန်းတော်ဂိုဏ်းနဲ့ ပူးပေါင်းတဲ့ကိစ္စကို သိခွင့် မရခဲ့ဘူးလေ။
ကိုးနန်းတော်ဂိုဏ်းက လမ်းမှန်ဂိုဏ်းဆိုပေမယ့် အပြုအမူပိုင်းမှာ ဖြောင့်မတ်မှုကို အပြည့်အဝ မကျင့်သုံးဘဲ ညစ်ကျယ်ကျယ် လုပ်တတ်တယ်။ လမ်းမှန်ကျင့်စဥ်တွေ ကျင့်ကြံကြလို့သာ လမ်းမှန်ဂိုဏ်းစာရင်း ဝင်နေတာ၊ အကျင့်စရိုက်က နတ်ဆိုးဂိုဏ်းနဲ့ သိပ်မကွာလှဘူး။
ကောထောင်နဲ့ ချီစုစည်းခြင်း နှောင်းပိုင်းကျင့်ကြံသူတွေက ဒီကိစ္စကို အပြင်လူတစ်ယောက် သိနေတာကြောင့် ထိတ်လန့်တုန်လှုပ်ပြီး ဘာလုပ်ရမှန်းမသိ ဖြစ်ကုန်တယ်။ ယန်မျိုးနွယ်အတွက် ဒီကိစ္စက သေရေးရှင်ရေး ဖြစ်သွားပြီ။ သတင်းမပေါက်ကြားစေဖို့ သိသွားတဲ့ ယန်မျိုးနွယ် မဟုတ်သူ အားလုံးကို ရှင်းပစ်ရမယ်။ ရှင်းပြီးတာနဲ့ ကိုးနန်းတော်ဂိုဏ်းနယ်မြေဆီ အမြန်ဆုံး ပြောင်းရွေ့ရတော့မယ်။
ယန်ကျန့်ဖျင်ရဲ့ သတ်ဖြတ်လိုစိတ်အပြည့်နဲ့ အေးစက်တဲ့အကြည့်က လှေပဲ့ပိုင်းမှာ ရပ်နေတဲ့စုန့်ဝမ်ဆီ ရောက်သွားတယ်။
ယန်ကျန့်ဖျင်ရဲ့အကြည့်ကြောင့် စုန့်ဝမ် တုန်လှုပ်သွားတယ်။ တစ္ဆေသုံး ပြောလိုက်တည်းက ပြဿနာ တက်ပြီဆိုတာ သူသိတယ်၊ ယန်ကျန့်ဖျင်လို ချီစုစည်းခြင်း နဝမအဆင့်တစ်ယောက် တိုက်ခိုက်လာရင် သေဖို့ပဲ ရှိတယ်။
ဒီတစ္ဆေသုံးဆိုတဲ့ကောင်က ဒီအကြောင်းကို ဘာဖြစ်လို့ အလောင်းနတ်ဆိုးဂိုဏ်းဆီ အကြောင်းမကြားဘဲ လှုပ်ရှားရတာလဲလို့ စုန့်ဝမ် တွေးမိတယ်။ တကယ်တော့ တစ္ဆေသုံး လိုချင်တာ သွေးကြွေး မဟုတ်ဘူး၊ အကျိုးအမြတ်ပဲ။ အလောင်းနတ်ဆိုးဂိုဏ်းကို အကြောင်းကြားရင် ဆုကြေးလောက်ပဲ ရမှာ။ ယန်မျိုးနွယ်ရဲ့ အခြတည်အဆင့်ဘိုးဘေး မလှုပ်ရှားနိုင်တာနဲ့ အလောင်းနတ်ဆိုးဂိုဏ်းကို အကူအညီ မတောင်းရဲတာ ပြောပြပြီး လေလွင့်ကျင့်ကြံသူတွေကို စည်းရုံးတိုက်ခိုက်တာက အနိုင်ရရင် အကုန်ရိတ်သိမ်းခွင့် ရမှာလေ။
တစ္ဆေသုံးကို မဟာမိတ်ဖွဲ့ဖို့ မဖြစ်နိုင်မှန်း သိလိုက်ရလို့ စုန့်ဝမ် နည်းနည်းတော့ စိတ်ဓာတ်ကျသွားတယ်။ အလောင်းနတ်ဆိုးဂိုဏ်း သြဇာခံမျိုးနွယ်ကို တိုက်ခိုက်လုယက်တာ အလောင်းနတ်ဆိုးဂိုဏ်းကို စိန်ခေါ်တာနဲ့ တူတူပဲ။ ဘယ်လိုလုပ်ပြီး သူ့ကို နှုတ်မပိတ်ဘဲနေမှာလဲ။ အားလုံးက ရန်သူချည်းဖြစ်နေတော့ ကိုယ့်အားကိုယ်ကိုး အသက်လုပြေးဖို့ပဲ ကြံစည်ရတော့မယ်။
ယန်ကျန့်ဖျင်က စုန့်ဝမ်ကို သတ်ချင်ပေမယ့် အစီအရင်ကို အပြီးဖြိုခွင်းဖို့ အားကုန်သုံး တိုက်ခိုက်တဲ့ တစ္ဆေသုံးရဲ့ နတ်ဆိုးနှိမ်တုတ်ရိုက်ချက်ကို အရင်ကာကွယ်လိုက်ရတယ်။
“ဝုန်း”
အားပျော့နေတဲ့ အကာအကွယ်က နတ်ဆိုးနှိမ်တုတ်ရိုက်ချက်ကို မခံနိုင်တော့ဘူး။ ကျယ်လောင်တဲ့အသံနဲ့အတူ ချက်ချင်းပဲ မှိန်ဖျော့ပျောက်ကွယ်သွားတယ်။
အကာအကွယ် ပျက်စီးသွားပေမယ့် နတ်ဆိုးနှိမ်တုတ်က ရပ်မသွားဘဲ လှေဦးမှာ ရပ်နေတဲ့ ယန်ကျန့်ဖျင်ဆီ တိုးဝင်လာတယ်။ ချက်ချင်းဆိုသလို ယန်ကျန့်ဖျင်ကိုယ်က အစိမ်းပုပ်ရောင်မြူခိုးတွေ ထွက်ပေါ်လာပြီး ခန္ဓာကိုယ်ကို ခပ်ပါးပါး ဖုံးအုပ်သွားတယ်။ ယန်ကျန့်ဖျင် ဘာဖြစ်လို့ အဆိပ်ဖြေဆေး မသောက်လဲဆိုတာ အခုမှ စုန့်ဝမ် သဘောပေါက်သွားတယ်။ ဒီလူက အဆိပ်ကျင့်ကြံသူပဲ။
ယန်ကျန့်ဖျင်က သူ့ဆီ ဝင်လာတဲ့ နတ်ဆိုးနှိမ်တုတ်ကို စိုက်ကြည့်ရင်း တစ်ထွာသာသာရှည်တဲ့ သံမဏိအပ်တွေနဲ့ ပစ်လိုက်တယ်။ အပ်တွေက မည်းနက်နေပြီး အဖျားက အစိမ်းရောင်ဖျော့ဖျော့ တောက်ပနေတယ်။ အဆိပ်အပ်တွေပဲ။
“ချွင် .. ချွင်”
နတ်ဆိုးနှိမ်တုတ်နဲ့ သံမဏိအပ်တွေ ထိမှန်သံ ဆက်တိုက်ထွက်လာတယ်။ နတ်ဆိုးနှိမ်တုတ်ရဲ့ အင်အားလည်း အများကြီး လျှော့ကျသွားတယ်။
ဒါပေမယ့် ချီစုစည်းခြင်း နဝမအဆင့်နှစ်ယောက်ရဲ့ တိုက်ခိုက်မှုက အလယ်အဆင့်သမားတွေအတွက် ခြိမ်းခြောက်မှု ဖြစ်လာတယ်။ ထွက်ပေါ်လာတဲ့ အားလှိုင်းတွေက လှေပေါ် နေရာကျဥ်းလေးထဲ စုနေရတဲ့သူတွေဆီ ရိုက်ခတ်လာတယ်။ ချီစုစည်းခြင်း နှောင်းပိုင်းအဆင့် ၃ ယောက် ကာကွယ်ပေးတာတောင် တချို့ဆို လှေပေါ်က ပြုတ်ကျမတတ် ဖြစ်သွားတယ်။
ပတ်လည်ရန်သူဝိုင်းနေတဲ့ စုန့်ဝမ်က နတ်ဆိုးနှိမ်တုတ်နဲ့ အကာအကွယ် ထိတွေ့ချိန် အလောင်းရုပ်သေးကို ကျောဘက်မှာ ကောက်လွယ်လိုက်တယ်။ အားလှိုင်းတွေ ရိုက်ခတ်လာချိန် ဘေးဘက်က သစ်ပင်ကြီးဆီ အားယူခုန်ထွက်လိုက်တယ်။ သစ်ပင်က ပေ ၂၀ လောက် ဝေးနေတာကြောင့် အလှမ်းမီဖို့ မသေချာပေမယ့် တွက်ထားတဲ့အတိုင်း ရိုက်ခတ်တဲ့အားလှိုင်းက ကျောဘက်က တွန်းပို့သလိုဖြစ်ပြီး ကွက်တိရောက်သွားတယ်။
ရိုက်ခတ်တဲ့အား ပြင်းလွန်းလို့ ကျောမှကာထားတဲ့ အလောင်းရုပ်သေးတောင် အတော်စုတ်ပြတ်သွားတယ်။ မာကျောပါတယ်ဆိုတဲ့အသားတွေ စုတ်ပြတ်ပြီး အရိုးတွေတောင် ပေါ်လာတယ်။ နှစ်ခြမ်းပြတ်လုနီးနီးပဲ။
စုန့်ဝမ်က အလောင်းဘုရင်သွေးသန့်စင်ပညာ သုံးထားလို့ ကျော်လွန်လာတဲ့အားလှိုင်းလက်ကျန်ကို တောင့်ခံနိုင်ခဲ့တယ်။ ဒီနည်းစနစ်ကြောင့် လူတောင် ပုံစံပြောင်းသွားတယ်။ အရေပြားက နက်ပြာရောင် ပြောင်းသွားပြီး၊ တောင့်တင်းတဲ့ကြွက်သားတွေက အရေပြားပေါက်လုနီးနီး ကြွတက်လာတယ်။ တစ်ကိုယ်လုံးလည်း အလောင်းချီအော်ရာတွေ ဖုံးလွှမ်းလာတယ်။ ဒီနည်းစနစ်က ခန္ဓာကိုယ်ကြံ့ခိုင်မှုကို တဆုံးတွန်းတင်ပြီး အဆင့်တူတိုက်ခိုက်မှုကို တိုးမပေါက်အောင် ကာကွယ်နိုင်တယ်။ လက်ကျန်အားလှိုင်းက စုန့်ဝမ်ကို အန္တရာယ်မပြုနိုင်တော့ဘဲ သစ်ပင်ဆီ ရောက်ရှိအောင် တွန်းပို့သလို ဖြစ်သွားတယ်။
သစ်ပင်ပေါ် ရောက်တာနဲ့ စုန့်ဝမ်လည်း ပျံသန်းခြင်းအဆောင်ကို အသက်သွင်းပြီး တောထူထပ်ရာဆီ ပျံသန်း ထွက်ပြေးပါတော့တယ်။ နောက်ဘက်မှာ တိုက်ခိုက်သံတွေ ဆူညံ့နေပေမယ့် အရေးမစိုက်ဘဲ၊ အဆိပ်ငွေ့ရွံ့နွံတောက အမြန်ဆုံး လွတ်မြောက်ဖို့ပဲ အာရုံစိုက်ထားတယ်။
စုန့်ဝမ် ထွက်ပြေးတာ မြင်ပေမယ့် ယန်ကျန့်ဖျင်လည်း ဘာမှမတတ်နိုင်သေးဘူး။ တစ္ဆေသုံးတို့အုပ်စုနဲ့ အသည်းအသန် တိုက်ခိုက်နေရတယ်။ ကောထောင်နဲ့ ယန်မျိုးနွယ်ဝင်တွေလည်း ကျင့်ကြံမှုအဆင့် သာလွန်နေတဲ့ ရန်သူအုပ်စုကို မနည်းခုခံနေရတယ်။ တစ္ဆေသုံးတို့အဖွဲ့က စုန့်ဝမ်နောက်လိုက်ဖို့ လူအားရှိပေမယ့် ချီစုစည်းခြင်း တတိယအဆင့်ပဲ ရှိတဲ့သူဖြစ်လို့ လျစ်လျုရှုပြီး လှေပေါ်ကအုပ်စုကို အပြတ်ရှင်းဖို့ အားစိုက်ခဲ့တယ်။
သိပ်မကြာခင် ယန်မျိုးနွယ်အဖွဲ့ဘက်က အရေးနိမ့်လာတယ်။ ယန်ကျန့်ဖျင်တောင် အဆင့်တူနှစ်ယောက် ဝိုင်းတိုက်ခိုက်တာ ခံနေရလို့ တခြားသူတွေကို မကူနိုင်တော့ဘဲ မနည်းခုခံနေရတယ်။ ဒီအချိန် ကင်းလှည့်နေတဲ့အစောင့်တွေ ရောက်လာဖို့သာ တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်လာတယ်။
ယန်ကျန့်ဖျင် မျှော်လင့်နေတဲ့အတိုင်း မကြာခင်မှာပဲ လှေငယ်တစ်စီး စီးနင်းလာတဲ့ အစောင့်အဖွဲ့တစ်ဖွဲ့ အမြန်ချဥ်းကပ်လာတယ်။ သက်တံမြက်စိုက်ခင်းရှိရာ သန့်စင်ကောင်းကင်နယ်မြေက ယန်မိသားစုရဲ့ အရေးအကြီးဆုံးနေရာဖြစ်လို့ အစောင့်အင်အား အများအပြား ချထားတယ်။
စစ်ကူတွေ မြင်လို့ ယန်ကျန့်ဖျင် အားတက်သွားတယ်။
“စစ်ကူလာပြီဟေ့၊ တောင့်ထား။ တစ္ဆေသုံး ဒီနေ့တော့ မင်းသေနေ့စေ့ပြီ”
တစ္ဆေသုံးက စစ်ကူလာတဲ့အဖွဲ့ကို လှမ်းကြည့်တယ်။ ၁၂ ယောက်ပါပြီး တစ်ယောက်က ချီစုစည်းခြင်း နှောင်းပိုင်းအဆင့်၊ ကျန်သူတွေက အလယ်အဆင့်။ ဒါက သူမျှော်လင့်ထားတဲ့ ပမာဏဆိုတော့ ကိုင်တွယ်ဖို့ ကြိုပြင်ထားလို့ မစိုးရိမ်ခဲ့ဘူး။
“အားလုံးပဲ၊ ဒီနေ့က ယန်မိသားစုကို ရှင်းပစ်မှ ဖြစ်မှာဆိုတော့ ဝှက်ဖဲမချန်ပဲ အားကုန်ထုတ် တိုက်ကြစို့။ ယန်မျိုးနွယ်က အဆိပ်ငွေ့ရွံ့နွံတောကို နှစ်ရာချီ အပိုင်စီးထားတာဆိုတော့ သူတို့က ချမ်းသာကြွယ်ဝမှာ သေချာတယ်။ နိုင်ရင် အရင်းထက် အဆတစ်ရာမက ပြန်ရမှာ။ အားကုန်ထုတ်သုံးကြ”
တစ္ဆေသုံးပြောတာ ကျိုးကြောင်းသင့်တာကြောင့် လေလွင့်ကျင့်ကြံသူတွေ လောဘဇောနဲ့ အားတက်လာတယ်။ ချက်ချင်းဆိုသလို သက်စောင့်ချန်ထားတဲ့ မှော်အဆောင်တွေ၊ ဝိညာဥ်လက်နက်တွေ ထုတ်ယူပြီး တိုက်ခိုက်ပါတော့တယ်။
………….