← Chapters

အခန်း (၆၀)

Vol. 5 Ch. 60

အခန်း (၆၀)

Vol. 5 Ch. 60

ယန်ဖုန်းစကားကြောင့် ယန်ကျန့်ဖျင် အခက်တွေ့သွားတယ်။ သူလည်း ဒါကို သတိမထားမိဘူး။ ကောထောင်က တွေးတွေးဆဆနဲ့ ဝင်ပြောလာတယ်။

"တိုက်ပွဲစတော့ ကျိယင် ဟိုသစ်ပင်ကို ခုန်ကူးသွားတယ်။ သတိထားမိသလောက်ဆို အဲဒီကနေ အနောက်တောင်ဘက်တောထဲ ဝင်ပြေးသွားသလိုပဲ"

"အနောက်တောင်ဘက် ဟုတ်လား"

ယန်ကျန့်ဖျင် အံသြသွားတယ်။ အနောက်တောင်ဘက်က အဆိပ်ငွေ့ရွံ့နွံတောက ထွက်သွားဖို့ အနီးဆုံးနေရာပဲ။ မိုင်နှစ်ရာဆို အပြင်ရောက်သွားပြီ။ အခုမှ ရောက်ဖူးသူက ဘယ်လိုလုပ်ပြီး အနီးဆုံးလမ်းကို ရွေးနိုင်ရတာလဲ။ တိုက်ဆိုင်တာလား၊ အလောင်းနတ်ဆိုးဂိုဏ်းက အကြီးအကဲတစ်ယောက် စေလွှတ်လိုက်တဲ့သူလား။ ထွက်ပြေးတာ ၁၅ မိနစ် ကျော်နေပြီ။ မှောင်အဆောင်တွေ သုံးမယ်ဆို မိုင်တစ်ရာလောက်တောင် ခရီးပေါက်နေလောက်ပြီ။

တွေးရင်းနဲ့ ယန်ကျန့်ဖျင် စိတ်ပူလာတယ်။

"ယန်ဖုန်း၊ မင်းလူငါးယောက်ခေါ်ပြီး အခုချက်ချင်းလိုက်။ အဆောင်တွေ မနှမျောနဲ့၊ လိုသလောက် သုံး။ ကျိယင်ကို တွေ့တာနဲ့ တစ်ခါတည်း သတ်ပစ်လိုက်"

......

အဲဒီအချိန်မှာ ထွက်ပြေးနေတဲ့စုန့်ဝမ်က ယန်ကျန့်ဖျင် တွက်ထားသလို တိုက်ပွဲဖြစ်တဲ့နေရာကနေ မိုင်တစ်ရာအကွာထိ ရောက်နေပြီ။ ပျံသန်းခြင်းအဆောင်တွေ ဆက်တိုက်သုံးလို့ ဒီလောက်ထိ ခရီးပေါက်တာ။ ဒီအချိန်မှာ နှမျောနေလို့ မဖြစ်တာကြောင့် အဆိပ်ငွေ့ရွံ့နွံတော အပြင်မရောက်မချင်း ဆက်တိုက်သုံးနေရမှာပဲ။ ပြေးစရာ မြေပြင်မရှိတော့ သုံးလို့ရတာ ပျံသန်းခြင်းအဆောင်ပဲ ရှိတယ်။ နောက်ထပ် ပျံသန်းခြင်းအဆောင် ၄ ခု ထပ်သုံးပြီး တစ်နာရီအကြာမှာ စုန့်ဝမ် အဆိပ်ငွေ့ရွံ့နွံတော အပြင်ဘက် မြေပြင်ပေါ် အောင်အောင်မြင်မြင် ခြေချနိုင်ခဲ့တယ်။

အပြင်ရောက်လို့ စိတ်ပေါ့ပါးပြီး သက်ပြင်းချရုံ ရှိသေး၊ လူတစ်ယောက်နဲ့ ပက်ပင်းတိုးလို့ မျက်လုံးပြူးသွားတယ်။

"ယန်ယဲ့ဝမ်ပါလား၊ သူက ဒီမှာ ဘာလုပ်နေတာလဲ"

ယန်ယဲ့ဝမ်လည်း ရုတ်တရက် ပေါ်လာတဲ့ စုန့်ဝမ်ကို ပြူးကြောင်ကြောင် ပြန်ကြည့်နေမိတယ်။

စုန့်ဝမ်က ဘုရားတမိနေပြီ၊ ယန်ယဲ့ဝမ်က ချီစုစည်းခြင်း သတ္တမအဆင့်။ ကျင့်ကြံမှုအဆင့် ကွာပါတယ်ဆိုမှ ဝှက်ဖဲကလည်း နည်းနည်းပဲ ကျန်တော့တယ်။ အလစ်အငိုက်ဖမ်းဖို့လည်း မဖြစ်နိုင်ပြန်ဘူး။ ဒါပေမယ့် တိုက်ခိုက်ဖို့လိုမယ် မထင်ဘူး။ ယန်ယဲ့ဝမ် ကြည့်ရတာ သူ့မျိုးနွယ်စုနဲ့ ကိုးနန်းတော်ဂိုဏ်းကြားက အပေးအယူရော၊ အဲဒီသတင်း ပေါက်ကြားပြီဆိုတာရော သိပုံမရသေးဘူး။ ကြည့်နေပုံက ရန်လိုဟန် မရှိဘူး။ ဖြစ်နိုင်ခြေကို တွေးမိတာကြောင့် စုန့်ဝမ်လည်း ရန်လိုဟန် မပြဘဲ ဒီအတိုင်း စိုက်ကြည့်နေခဲ့တယ်။

စုန့်ဝမ် ထင်တဲ့အတိုင်း ယန်ယဲ့ဝမ်က ယန်မျိုးနွယ်နဲ့ ကိုးနန်းတော်ဂိုဏ်း ပူးပေါင်းတဲ့ကိစ္စကို မသိဘူး။ ယန်မျိုးနွယ်က စုန့်ဝမ်ကို လိုက်ဖမ်းနေတာလဲ မသိဘူး။ သူသိတာက အဆိပ်ငွေ့ရွံ့နွံနယ်မြေကို ပြင်ပက လေလွင့်ကျင့်ကြံသူအုပ်စုကြီး လာတိုက်ခိုက်နေတယ်ပဲ သိတာ။ ဒီနေ့ သူကျင့်ကြံနေချိန် ဘိုးဘေးယန်ထျန်းကုန်းဆီက လေလွင့်ကျင့်ကြံသူတွေ လာတိုက်ခိုက်နေတယ်၊ သူလည်း အားနည်းနေချိန်ဆိုတော့ တွန်းလှန်နိုင်ဖို့ မသေချာဘူး။ ဒါကြောင့် တစ်ခုခုဆို ယန်မျိုးနွယ် အမြစ်ပြုတ်မသွားအောင် ယန်ယဲ့ဝမ်နဲ့ ထူးချွန်လူငယ်တချို့ကို ပြင်ပမှာ ခေတ္ထတိမ်းရှောင်ဖို့ အမိန့်ပေးခဲ့တယ်။

ယန်ယဲ့ဝမ်က တိုက်ခိုက်ချင်ပေမယ့် ဘိုးဘေးအမိန့်ဆိုတော့ လွန်ဆန်မရဘဲ၊ တိမ်းရှောင်နေရင်း စုန့်ဝမ်နဲ့ တည့်တည့်တိုးခဲ့တာ။ သူက စုန့်ဝမ်ကို တိုက်ခိုက်ရမှာ ကြောက်လို့ ထွက်ပြေးလာတဲ့ ငကြောက်တစ်ကောင်လိုပဲ သဘောထားတယ်။ စုန့်ဝမ် စူးစိုက်ကြည့်နေတာကိုလည်း သူ့အပေါ်စိတ်ဝင်စားတာကြောင့်လို့ ထင်သွားတယ်။

"ဟဲ့ .. နင်ငါ့ကို ဘာကြည့်နေတာလဲ။ ဆက်ကြည့်နေရင် နင့်မျက်လုံးတွေ ဖောက်ထုတ်ပစ်လိုက်မယ်။ ဂိုဏ်းတာဝန်နဲ့ ရောက်နေလို့ ငါမလုပ်ရဲဘူး မထင်နဲ့"

ယန်ယဲ့ဝမ် ဘာမှမသိသေးတာ သေချာသွားလို့ စုန့်ဝမ် ဝမ်းသာသွားတယ်။ ဒါပေမယ့် မျက်နှာကတော့ ထိတ်လန့်ကြောက်ရွံဟန် ပေါ်လာတယ်။

"အာ ..မကြည့်ရဲပါဘူး၊ ငါသွားတော့မယ်"

စကားဆုံးတာနဲ့ ယန်ယဲ့ဝမ်ဘေးက ပတ်ပြီး ပြေးပါတော့တယ်။

ယန်ယဲ့ဝမ်လည်း ထွက်ပြေးပျောက်ကွယ်သွားတဲ့ စုန့်ဝမ်ကို ငေးကြောင်ကြည့်ရင်း ကျန်ခဲ့တယ်။

"ဘယ်လိုကောင်လဲဟ .. အယ် .. တိုက်ပွဲအကြောင်းတောင် မမေးလိုက်ရဘူး။ ထားပါ၊ ကြောက်လို့ ထွက်ပြေးလာတဲ့ကောင်က ဘာသိမှာလဲ"

ယန်ယဲ့ဝမ် သူ့နောက် လိုက်မလာတာ သေချာတော့မှ စုန့်ဝမ် စိတ်သက်သာရာ ရသွားတယ်။ တောအုပ်ထဲ ဆက်တိုက် ပြေးလွှားနေခဲ့ရလို့ မောတာတော့ အတော်မောနေပြီ။ ဒါပေမယ့် အနားယူလို့ မဖြစ်သေးဘူးဆိုတဲ့အသိနဲ့ ရှေ့ဆက်နေရတယ်။ လက်ရှိအချိန်မှာ အဆိပ်ငွေ့ရွံ့နွံတောက ဝေးနိုင်သမျှ ဝေးဝေးပြေးပြီး၊ ဂိုဏ်းဆီ အရောက်ပြန်ဖို့ကသာ တစ်ခုတည်းသော အသက်ရှင်ရာလမ်း ဖြစ်နေတယ်။

အဆိပ်ငွေ့ရွံ့နွံတော အပြင်ရောက်တာနဲ့ မြန်နှုန်းမြှင့်အဆောင်ကို အသုံးချပြီး ခပ်မြန်မြန် ပြေးလွှားသွားတယ်။ ဒီနေရာက တောအုပ် မရှိတော့ဘူး။ ချုံတွေ၊ အပင်သေးတွေပဲ ရှိတယ်။ ပျံသန်းသွားရင် အဝေးကမြင်ပြီး ချက်ချင်းခြေရာခံမိနိုင်တယ်။ နောက်ပြီးတော့ ပျံသန်းခြင်းအဆောင်ကလည်း လက်ကျန်နည်းနေပြီ။ အရေးကြုံရင် သက်စောင့်အနေနဲ့ အသုံးချဖို့ပဲ ကျန်တော့တယ်။

မြန်နှုန်းမြှင့်အဆောင်က ပုံမှန်ပြေးအားကို နှစ်ဆတင်ပေးပြီး တစ်နာရီကြာ အာနိသင်ရှိလို့ မြက်ခင်းလွင်ပြင်မှာ အဆင်ပြေတယ်။ မပျံသန်းနိုင်လို့ ချောက်တွေ၊ မြစ်တွေ ကူးရခက်တာက လွဲရင်ပေါ့။ တစ်နာရီလောက်နေတော့ မိုင် ၇၀ ကျော် ခရီးပေါက်လာတယ်။

အရမ်းလည်း ပင်ပန်းနေပြီဖြစ်လို့ ခဏနားဖို့ လိုဏ်ဂူတစ်ခု လိုက်ရှာခဲ့တယ်။ ရှာနေရင်း စိတ်ထဲ တမျိုးခံစားရတာနဲ့ ဝိညာဥ်စွမ်းအင် ဖြန့်ကြတ်အာရုံခံလိုက်တယ်။ မကြာပါဘူး အနောက်ဘက်က ချဥ်းကပ်လာတဲ့ ကျင့်ကြံသူအော်ရာတစ်ခု ခံစားလိုက်မိတယ်။ ရင်းနှီးသလို ဖြစ်နေတာဆိုတော့ လှေပေါ်မှာ အတူရှိခဲ့သူထဲက တစ်ယောက်ဖြစ်မှာ သေချာတယ်။ ဒါဆို ယန်မျိုးနွယ်က တစ္ဆေသုံးတို့အုပ်စုကို အနိုင်ယူလိုက်တဲ့သဘောပဲ။

စုန့်ဝမ် တုံ့ဆိုင်းမနေရဲတော့ဘဲ အမြန်နှုန်းမြှင့်အဆောင် အသက်သွင်းပြီး သွေးလွတ်မြောက်နည်းစနစ်ကို လည်ပတ်စေပြီး ပြေးပါတော့တယ်။ ချက်ချင်းဆိုသလို သွေးအနှစ်တွေ လောင်ကျွမ်းပြီး အမြန်နှုန်း တရှိန်ထိုး ထိုးတက်သွားတယ်။

.......

စုန့်ဝမ်နောက် လိုက်လာတာ ယန်ဖုန်းဦးဆောင်တဲ့အဖွဲ့။ သူတို့လည်း မြန်နှုန်းမြှင့်အဆောင်တွေ ဆက်တိုက်သုံးလာသလို၊ ကျင့်ကြံမှုပါ ပိုမြင့်နေတာကြောင့် အမီလိုက်လာနိုင်တာ။ မတ်တပ်ရပ်နေတဲ့ စုန့်ဝမ်ကို တွေ့တာနဲ့ ယန်ဖုန်း ဝမ်းသားသွားတယ်။

“ကျိယင် ရှေ့မှာဟေ့၊ အမီလိုက်ပြီး သတ်ကြစို့”

အားလုံး ဝမ်းသာအားရ ရှေ့တိုးလာချိန် စုန့်ဝမ်ကိုယ်က သွေးမှုန်တွေ လွင့်ပျံလာပြီး တရှိန်ထိုးပြေးထွက်သွားတာ မြင်လိုက်ရလို့ အံအားသင့်ပြီး ပါးစပ်အဟောင်းသား ဖြစ်ကုန်တယ်။ ဒီမြန်နှုန်းက သူတို့အားကုန်ထုတ်ရင်း မြန်နှုန်းမြှင့်အဆောင် သုံးတာတောင် မမီနိုင်ဘူးလေ။

အတွေ့အကြုံရင့်တဲ့ယန်ဖုန်းက စုန့်ဝမ် အလောင်းနတ်ဆိုးဂိုဏ်းရဲ့ သွေးလွတ်မြောက်နည်းစနစ် သုံးသွားတယ်ဆိုတာ ရိပ်မိတယ်။

“ဟား ဟား၊ စိတ်မပူနဲ့။ ဒီကောင် သွေးလွတ်မြောက်နည်းစနစ် သုံးသွားတာ။ သူ့လို ချီစုစည်းခြင်း တတိယအဆင့်လေးက လောင်ကျွမ်းစရာ သွေးအနှစ် ဘယ်လောက်ရှိမှာလဲ”

ယန်ဖုန်းတို့အဖွဲ့ အတော်ကြာတဲ့အထိ နောက်ကလိုက်လာပေမယ့် စုန့်ဝမ်အရှိန်က ကျမလာသလို၊ တဖြည်းဖြည်း ဝေးလာပြီး မြင်ကွင်းက ပျောက်လုနီးပါး ဖြစ်လာလို့ စိုးရိမ်လာတယ်။

စုန့်ဝမ် လွတ်သွားရင် ယန်မျိုးနွယ်ကို အလောင်းနတ်ဆိုးဂိုဏ်းက မျိုးဖြုတ်မှာ သိနေလို့ ယန်ဖုန်း အားကုန်ထုတ်သုံးဖို့ မဖြစ်မနေ ဆုံးဖြတ်လိုက်ရတယ်။ သူက ချီစုစည်းခြင်း ဆဋ္ဌမအဆင့်ပေမယ့် မြန်နှုန်းအားပြုကျင့်ကြံသူဖြစ်လို့ လျင်မြန်မှုမှာ အဋ္ဌမအဆင်နဲ့ ယှဥ်နိုင်တယ်။

“ငါအရင်လိုက်နှင့်မယ်၊ မင်းတို့တွေ နောက်က လိုက်လာခဲ့”

ပြောပြီးတာနဲ့ အရှိန်ကုန်မြှင့်ပြီး ပြေးထွက်သွားတယ်။

...

ယန်ဖုန်းလည်း ၁၅ မိနစ်လောက်နေတော့ ပြေးနေတဲ့စုန့်ဝမ်ကို မြင်ရလောက်တဲ့အထိ ပြန်မီလာတယ်။

“ကျိယင်၊ မင်းပြေးမလွတ်တော့ဘူး။ အညံ့ခံရင် မင်းကို မြန်မြန်ဆန်ဆန် သေခွင့်ပေးမယ်”

စုန့်ဝမ်က ဂရုမစိုက်ဘဲ မြန်နှုန်းမြှင့်အဆောင် ထပ်သုံးပြီး အရှိန်မြှင့် ပြေးပြန်တယ်။ ယန်ဖုန်းလည်း ဆဲဆိုရင်း မြန်နှုန်းမြှင့်အဆောင် ထပ်သုံးရင်း အပြေးလိုက်နေရတယ်။ ကျန်တဲ့ ယန်မျိုးနွယ် ၅ ယောက်က ပြတ်ကျန်ခဲ့တယ်။

ရှေ့က ပေါ်လိုက် ပျောက်လိုက်နဲ့ ပြေးနေတဲ့စုန့်ဝမ်ကို မနည်းလိုက်ရင်း ယန်ဖုန်း ကျိန်ဆဲနေမိတယ်။

“သောက်ကျိုးနည်း၊ ဘယ်လိုကောင်လဲဟ။ သွေးအဆီအနှစ်က ကုန်ကို မကုန်နိုင်တော့ဘူးလား။ ဘယ်လောက်ကျန်ဦးမလဲ ကြည့်ရသေးတာပေါ့ကွာ”

နာရီဝက်လောက် ဆက်တိုက်လိုက်နေရင်း သွေးအဆီအနှစ် မကုန်ခမ်းသလို ဆက်တိုက်လောင်ကျွမ်းရင်း ပြေးနေတဲ့စုန့်ဝမ်ကို ယန်ဖုန်း အံသြလာတယ်။ လောင်ကျွမ်းစေတဲ့ သွေးအဆီအနှစ် ပမာဏက ချီစုစည်းခြင်း တတိယအဆင့်ဆို သွေးကုန်ခမ်းပြီး သေလောက်ပြီ။ သူက ဘာလို့ မကုန်နိုင် မခမ်းနိုင် ဖြစ်နေတာလဲ။ ထူးခြားတဲ့အရာတစ်ခုခု ပိုင်ဆိုင်ထားတယ်လို့ ယန်ဖုန်း အပိုင်တွက်မိပြီး စိတ်လှုပ်ရှားလာတယ်။ ငါးကြီးကြီး မိတော့မယ်။

ပြေးနေတဲ့စုန့်ဝမ်မှာလည်း သူ့ဒုက္ခနဲ့သူ၊ ဘယ်လောက်ပဲ သွေးအဆီအနှစ် များများပိုင်ပါစေ၊ ဆက်တိုက်လောင်ကျွမ်းစေရလို့ တဖြည်းဖြည်း ကုန်ခမ်းလာတယ်။ ဝိညာဥ်စွမ်းအားလည်း လျော့ပါးလာတယ်။ ဒီတိုင်း ဆက်ပြေးနေရင် အဖမ်းခံရဖို့ သေချာသလောက်ပဲ၊ အလွန်ဆုံး နာရီဝက်ပေါ့။ သူရဲ့ ပုံမှန်ထက် ပိုမိုများပြားတဲ့ ဝိညာဥ်စွမ်းအင်ကြောင့် လက်ကျန်ပမာဏက လိုက်ဖမ်းသူနဲ့ အတူတူလောက် ကျန်ဦးမယ်ဆိုတာ တွက်မိတယ်။

“ဒီလူကို ငါသတ်နိုင်လောက်တယ်”

တီးတိုးရေရွတ်ရင်း တိုက်ခိုက်ဖို့ စပြင်ဆင်တယ်။ ညာလက်က မိုးကြိုးအဆောင်နဲ့ ဘယ်လက်ကမိုးကြိုးဗုံးကို အသင့်ကိုင်ပြီး သွေးအဆီအနှစ် လောင်ကျွမ်းတာ ရပ်ချလိုက်တယ်။ ချက်ချင်းပဲ အရှိန်ကျလာပြီး သွေးအားနည်းတဲ့အသွင် ဖြစ်သွားတယ်။

နောက်ကလိုက်လာတဲ့ ယန်ဖုန်း ဝမ်းသာသွားတယ်။ သူကလည်း ဒီအချိန်ကို စောင့်နေတာ။ အစက ချက်ချင်းသတ်ပစ်ဖို့ ရည်ရွယ်ပေမယ့် ပုံမှန်မဟုတ်တဲ့ သွေးအဆီအနှစ် ပေါများတာက လျှို့ဝှက်ချက်တစ်ခုခု ရှိရမယ်လို့ အပိုင်တွက်ပြီး ဖမ်းဆီးစစ်မေးဖို့ စိတ်ကူးလိုက်တယ်။

စုန့်ဝမ် ရပ်လိုက်တာနဲ့ ယန်ဖုန်းလည်း ရပ်လိုက်တယ်။

“ကဲ .. ကျိယင်၊ ငါနဲ့အတူ ယန်မျိုးနွယ်စံအိမ်ကို လိုက်ခဲ့။ ဟိုမှာ မင်းရဲ့ဂိုဏ်းတူအကိုလည်း ရှိတယ်။ သူ့မျက်နှာနဲ့ဆို အကြီးအကဲက အသက်ချမ်းသာခွင့် ပေးလိမ့်မယ်”

ယန်ဖုန်းက စုန့်ဝမ် သူသေကိုယ်သေ တိုက်ခိုက်မှာ စိုးရိမ်လို့ ဖျောင်းဖျစည်းရုံးလိုက်တယ်။ သေရင် ဘယ်လျှို့ဝှက်ချက်ကိုမှ ညစ်ထုတ်လို့ မရနိုင်ဘူး မဟုတ်လား။

………………

All Chapters