← Chapters

အခန်း (၆၁)

Vol. 5 Ch. 61

အခန်း (၆၁)

Vol. 5 Ch. 61

စုန့်ဝမ်က တစ်ခွန်းမှ ပြန်မပြောဘဲ ယန်ဖုန်းကို စိုက်ကြည့်နေတယ်။ ယန်ဖုန်းက တိုက်ခိုက်လာမယ် ထင်လို့ သတိနဲ့ စောင့်ကြည့်နေချိန် စုန့်ဝမ်ဆီက အော်ရာတွေ ရုတ်တရက် ထိုးကျပြီး၊ ဖုံးလွှမ်းနေတဲ့ အလောင်းချီစွမ်းအင်ပါ ပျောက်ကွယ်သွားတာ တွေ့လိုက်ရတယ်။ ဒါက စွမ်းအင် လုံးဝကုန်ခမ်းတဲ့သဘော ဖြစ်နေလို့ ယန်ဖုန်း ဝမ်းသာသွားတယ်။ ကြက်ကလေး ငှက်ကလေး ဖမ်းသလို ဖမ်းရုံပဲ ရှိတော့တယ်။

ယန်ဖုန်း ရှေ့တိုးလာချိန် စုန့်ဝမ်ဆီက ကောင်းကင်ချီအော်ရာ ရုတ်တရက် ထွက်ပေါ်လာတယ်။ သားသတ်သမားကနေ ချက်ချင်း ကရုဏာရှင်ရဟန်းတစ်ပါး ဖြစ်သွားသလိုပဲ။ အံသြသွားပေမယ့် ယန်ဖုန်း ပိုဝမ်းသာသွားတယ်။ ဒါက နတ်ဆိုးကျင့်စဥ်နဲ့ လမ်းမှန်ကျင့်စဥ် ယှဥ်တွဲကျင့်ကြံတဲ့ ရှားပါးစွမ်းရည် မဟုတ်လား။ ကံကောင်းချင်တော့ ကျင့်စဥ်နှစ်ခုလုံးက ချီစုစည်းခြင်း တတိယအဆင့်မှာပဲ ရှိသေးတယ်။ ဒီတော့ အရှင်ဖမ်းပြီး လျှို့ဝှက်ချက် ဖော်ထုတ်ဖို့ ယန်ဖုန်း ဆုံးဖြတ်လိုက်တယ်။

ယန်ဖုန်း ရှေ့တိုးလာရင်း စုန့်ဝမ်နဲ့ ပေငါးဆယ်အကွာအရောက် ရုတ်တရက်ဆိုသလို စုန့်ဝမ်ဆီက အားပြင်းတဲ့စွမ်းအင်တစ်ခု ပေါ်လာတယ်။ ဒီစွမ်းအင်က မသန့်စင်တဲ့စွမ်းအင်အားလုံးကို ဖယ်ရှားပေးနိုင်လောက်အောင် ပြီးပြည့်စုံတဲ့ သန့်စင်ချီစွမ်းအင် ဖြစ်နေတယ်။

“ဒါ .. ဒါက ဘာကြီးလဲ”

အန္တရာယ်အငွေ့အသက်နဲ့အတူ နှလုံးသားရဲ့ အနက်ရှိုင်းဆုံးနေရာက ကြောက်ရွံ့မှုတစ်ခု ပေါ်ထွက်လာတာ ယန်ဖုန်း ခံစားမိလိုက်တယ်။ အရမ်းနီးနေတော့ ဘာမှန်းမသိတဲ့အရာကို ကျောခိုင်းပြေးဖို့လည်း စိတ်မရဲတာကြောင့် အဆိပ်ကျင့်စဥ်ကို အသက်သွင်းလိုက်တယ်။ ချက်ချင်းဆိုသလို ယန်ဖုန်းပတ်လည်မှာ အစိမ်းပုပ်ရောင်မြူတွေ လွှမ်းခြုံပြီး၊ ခေါင်းလောင်းသဏ္ဍာန် ဖွဲ့တည်လာတယ်။

အစိမ်းပုပ်ရောင်ခေါင်းလောင်း ဖွဲ့တည်လို့ မပြီးသေးခင် တောက်ပတဲ့ငွေရောင်မိုးကြိုးတစ်စင်း ကောင်းကင်ယံမှာ ပေါ်ထွင်လာပြီး နားကွဲမတတ် မိုးခြိမ်းသံနဲ့အတူ ယန်ဖုန်းတည့်တည့် ပစ်ချလိုက်တယ်။

“ဂျိမ်း ..”

“အား ..”

ပြင်းထန်တဲ့ပေါက်ကွဲမှုကြောင့် ခေါင်းလောင်းသဏ္ဍာန် မြူထုကြီး ကွဲကြေပြယ်လွင့်သွားတယ်။ ယန်ဖုန်းရပ်နေတဲ့နေရာ ဗဟိုပြုပြီး ပေ ၃၀ ပတ်လည်က သစ်ပင်ငယ်နဲ့ မြက်ပင်တွေ လောင်ကျွမ်းပြီး အမှုန့်ဖြစ်ကုန်တယ်။ မြေပြင်တောင် ထယ်ထိုးထားသလို ဖွာလန်ကြဲကုန်တယ်။

ဗဟိုတည့်တည့်မှာ ရပ်နေတဲ့ယန်ဖုန်းလည်း အတော်လေးကို အခြအနေ ဆိုးသွားတယ်။ အဝတ်တွေ စုတ်ပြဲပြီး တစ်ကိုယ်လုံး ယောင်ကိုင်းသွားတယ်။ သွေးအလူးလူး ဖြစ်နေသလို ဘယ်လက်လည်း မရှိတော့ဘူး၊ မရှိတာမှ အမှုန့်ကို ဖြစ်သွားတာ။ ဒဏ်ရာပြင်းထန်လွန်းပေမယ့် လှုပ်တော့ လှုပ်ရှားနိုင်သေးတယ်။

“ဒါမိုးကြိုးအဆောင်မလား၊ ကောင်းတယ်။ ဒါက ကောင်းကင်ချီ အသုံးချနိုင်တဲ့ လမ်းမှန်ကျင့်ကြံသူတွေပဲ သုံးနိုင်တာ။ ကောင်လေး မင်းက လျှို့ဝှက်ချက်တွေ များလွန်းနေပြီ။ မင်းကို အရှင်ဖမ်းပြီး အကုန်ယူမယ်ကွ”

စုန့်ဝမ်က အထိနာသွားတဲ့ ယန်ဖုန်းခြိမ်းခြောက်တာ ဂရုမစိုက်ဘူး။ ချီစုစည်းခြင်း နှောင်းပိုင်းအဆင့်ကိုတောင် ခြိမ်းခြောက်နိုင်တယ်လို့ သိထားတဲ့ မိုးကြိုးအဆောင်က ချီစုစည်းခြင်း ဆဋ္ဌမအဆင့်ကို အသေမသတ်နိုင်တာကိုပဲ အားမရဖြစ်နေတယ်။ အကိုရှုကတော့ လိမ်မယ် မထင်ဘူး၊ မှော်အဆောင်မှာ အားနည်းချက် ပါလို့လား၊ ကျင့်ကြံမှုအဆင့်နိမ့်လို့ အားအင်အပြည့် မသုံးနိုင်တာလား တစ်ခုခုပဲ။ ဘာပဲပြောပြာ နောင်မှာ လမ်းမှန်နဲ့ နတ်ဆိုးကျင့်စဥ် နှစ်မျိုးလုံးသုံးပြီး အလောင်းရုပ်သေးနဲ့ မိုးကြိုးအဆောင် တွဲသုံးနိုင်မယ့်အဖြစ်ကို မျှော်လင့်ရင်း ကျေနပ်သွားတယ်။

ကိုယ့်အတွေးနဲ့ကိုယ် ကျေနပ်နေပေမယ့် ယန်ဖုန်းကိုတော့ မျက်ခြေပြတ်မခံဘူး။ ရှေ့တိုးလာတာနဲ့ မိုးကြိုးဗုံးနဲ့ ပစ်လိုက်တယ်။

“ဝုန်း”

အနက်ရောင်အလုံးတစ်ခု သူနဲ့ နှစ်ပေအကွာမှာ ပေါက်ကွဲသွားလို့ ယန်ဖုန်း လန့်သွားတယ်။ နောက်ထပ် မိုးကြိုးမှော်အဆောင်လား တွေးမိပေမယ့် စွမ်းအင်ပေါက်ကွဲမှု မပါလို့ စိတ်သက်သာရာ ရသွားတယ်။ ပေါက်ကွဲမှု အရှိန်ကြောင့် သံတိုသံစတွေ ထိမှန်ပေမယ့် အရေပြားကို ခြစ်မိရုံဆိုတော့ ဂရုမစိုက်ဘူး။

“အဲဒါ မိုးကြိုးဗုံးလား၊ ကလေးကစားစရာနဲ့ လာနောက်နေတာလား”

ယန်ဖုန်းက မထီမဲ့မြင် ကြုံးဝါးရင်း ပွဲသိမ်းတိုက်ချက် ထုတ်သုံးဖို့ ချီစုစည်းလိုက်တယ်။ အဲဒီအချိန်မှာပဲ သံတိုသံစနဲ့ ခြစ်မိတဲ့နေရာတွေက ရုတ်တရက် ပူလာပြီး အသက်တစ်ရှိုက်စာ အချိန်တိုအတွင်း တစ်ကိုယ်လုံးကို ပြန့်သွားတယ်။

“အား .. ခွေးမသား လူယုတ်မာ၊ မင်း အဆိပ်သုံးရဲတာလား”

ပြင်းထန်တဲ့အပူရှိန်ကြောင့် ယန်ဖုန်း မြေပြင်ပေါ် လဲကျပြီး လူးလိမ့်အော်ဟစ်နေရတယ်။ သူ့လို အဆိပ်ကျင့်စဥ်ကျင့်ကြံသူက အဆိပ်မိတယ်ဆိုတာ လူကြားလို့တောင် မကောင်းဘူး။ ဒီအဆိပ်က အတွင်းအဂ်ါတွေနဲ့ ဒန်တန်ကို ပစ်မှတ်မထားဘဲ တကိုယ်လုံးက အသားတွေ အပူလောင်အောင် လှိုက်စားတာမျိုးဆိုတော့ ဖြေရှင်းဖို့ အခက်တွေ့နေတယ်။

အလူးအလဲခံစားနေရတဲ့ ယန်ဖုန်းရဲ့ ဒွါရာခုနှစ်ပေါက်ကနေ သွေးတွေ စိမ့်ထွက်လာတာ မြင်တော့မှ စုန့်ဝမ် စိတ်အေးသွားတယ်။ ယန်ဖုန်းကို ထိပ်တိုက်တိုက်ခိုက်ရင် သေရုံပဲရှိတာ သိနားလည်လို့ အဝေးပစ်လက်နက်တွေနဲ့ တိုကိခိုက်ဖို့ ပြင်ဆင်ခဲ့တာ။ မိုးကြိုးမှောင်အဆောင်နဲ့တင် သတ်နိုင်မယ် ထင်ခဲ့ပေမယ့် မသေဘဲ ဆက်တိုက်ခိုက်ဖို့ ကြိုးစားလာလို့ ဒုတိယအဆင့်ဖြစ်တဲ့ မိုးကြိုးဗုံး ထုတ်သုံးခဲ့ရတယ်။ ယန်မျိုးနွယ်အိမ်မှာ နားနေရချိန် ဉာဏ်ကွန့်မြူးပြီး မိုးကြိုးဗုံးမှာ ကောင်းကင်မီးအဆိပ် သုတ်လိမ်းခဲ့တာ၊ လက်တွေ့မှာ အလုပ်ဖြစ်သွားတယ်။

ယန်ဖုန်း အခြေအနေ ဆိုးနေချိန် လက်စသတ်ရမှာ သိပေမယ့် အနားကပ်ဖို့ စိတ်မရဲလို့ မီးတောက်မှော်အဆောင်နှစ်ခုနဲ့ ပစ်လိုက်တယ်။ တစ်ခုက ယန်ဖုန်းခေါင်းကို တည့်တည့်ထိပြီး ခေါင်းကို တစ်စစီ ကွဲကြေသွားစေခဲ့တယ်။

“ဖောက်”

ယန်ဖုန်းခေါင်းပြုတ်သွားမှ စုန့်ဝမ် အနားကပ်ရဲတော့တယ်။ ချက်ချင်း အပြေးချဥ်းကပ်ပြီး လက်တစ်ဖက်က ရင်ဘတ်ဒဏ်ရာကို ထိတွေ့ပြီး သွေးအဆီအနှစ် စုပ်ယူဖို့ လုပ်ရင်း ခါးမှာ ချိတ်ထားတဲ့ သိုလှောင်အိတ်ကိုပါ ဖြုတ်ယူလိုက်တယ်။

သွေးအဆီအနှစ် စုပ်ယူမယ်လုပ်နေချိန် အဝေးက ချဥ်းကပ်လာနေတဲ့ အော်ရာတွေကို အာရုံခံမိလို့ ရပ်လိုက်ရတယ်။

“အာ .. ဒီကောင်တွေ မြန်လိုက်တာ”

စုန့်ဝမ်လည်း ယန်ဖုန်းအလောင်းနားကို မီးခိုရောင်အရာလေး နှစ်ဆယ်ကျော် ပစ်ချပြီး အားကုန်ထုတ် ပြေးပါတော့တယ်။

နောက်ကလိုက်လာတဲ့ ယန်မျိုးနွယ် ကျင့်ကြံသူ ၅ ယောက်က တိုက်ပွဲသံကြားပြီး ခဏလေးနဲ့ ငြိမ်ကျသွားလို့ ယန်ဖုန်းက ရန်သူကို ရှင်းလိုက်နိုင်ပြီ ထင်နေတာ၊ တိုက်ပွဲနေရာ ရောက်တော့မှ သေဆုံးသူက ယန်ဖုန်းဖြစ်နေတာ သိသွားတယ်။

“ဒါ .. ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

“အကိုယန်ဖုန်းက ချီစုစည်းခြင်း ဆဋ္ဌမအဆင့်လေ။ ဟိုကောင်က တတိယအဆင့်ပဲ ရှိတာ၊ ဘယ်လိုလုပ်ပြီး ရှုံးရတာလဲ”

ရောက်လာတဲ့အဖွဲ့ ထိတ်လန့်တုန်လှုပ်သွားတယ်။ ခဏနေတော့မှ တစ်ယောက်က တိတ်ဆိတ်မှုကို စဖြိုခွဲလိုက်တယ်။

“ဘာဆက်လုပ်ကြမလဲ၊ အကိုယန်ဖုန်းတောင် အသတ်ခံရရင် ငါတို့ငါးယောက် ပေါင်းတိုက်လည်း နိုင်မှာ မဟုတ်ဘူး”

ဆက်လိုက်လည်း ထူးမှာ မဟုတ်မှန်း နားလည်လို့ အားလုံး ငြိမ်ကျသွားတယ်။

………….

All Chapters