အခန်း (၆၂)
Vol. 5 Ch. 62
ယန်မျိုးနွယ် ကျင့်ကြံသူတွေ တွေဝေနေကြတယ်။ သူတို့ စိုးရိမ်တာ ယန်ဖုန်းအလောင်းပေါ် ကျန်ရှိနေသေးတဲ့ မိုးကြိုးအဆောင်စွမ်းအင်၊ ကျိယင်ဆိုတဲ့ အလောင်းနတ်ဆိုးဂိုဏ်းသားက နတ်ဆိုးလမ်းစဥ် ကျင့်ကြံသူ။ ဘယ်နည်းနဲ့မှ မိုးကြိုးအဆောင် သုံးနိုင်မှာ မဟုတ်ဘူး။ ဒါဆို လမ်းမှန်ကျင့်ကြံသူတစ်ယောက်က ကူညီနေတဲ့သဘောပဲ၊ အဲဒီလူက နတ်ဆိုးလမ်းစဥ်သမားတွေကို ခြိမ်းခြောက်နိုင်စွမ်းမြင့်တဲ့ မိုးကြိုးစွမ်းအင်ကို သုံးနိုင်နေတယ်။
လက်ရှိအခြအနေမှာ လိုက်မီရင် ငါးယောက်၊ တစ်ယောက်အသာနဲ့ တိုက်ခိုက်နိုင်မယ်ဆိုပေမယ့်၊ လမ်းမှန်ကျင့်ကြံသူတစ်ယောက် ဝင်ရှုပ်လာရင် ရှုံးနိုင်ခြေ များတယ်။
“အဲဒီကောင် သေမှ ဖြစ်မယ်။ သူသာ အလောင်းနတ်ဆိုးဂိုဏ်းကို ပြန်ရောက်သွားရင် ငါတို့ယန်မျိုးနွယ် ပျက်သုဥ်းသွားလိမ့်မယ်။ မတတ်နိုင်ဘူး၊ စွန့်စားရမှာပဲ”
ဒါက ငြင်းမရတဲ့ အမှန်တရားဖြစ်လို့ ကျန်သူတွေလည်း လက်ခံလိုက်ရတယ်။
“ကောင်းပြီ၊ အဲဒီကောင်လည်း ယန်ဖုန်းကို သတ်နိုင်ဖို့ တန်ဖိုးတစ်ခုခုတော့ ပေးရမှာပဲ။ ယန်ဖုန်းအလောင်းကို သိမ်းပြီးရင် လိုက်ရှာရအောင်”
မီးခိုးရောင်ဝတ်စုံနဲ့တစ်ယောက်က ယန်ဖုန်းအလောင်းဘေး ဒူးထောက်ထိုင်ရင်း အလောင်းကို သိုလှောင်အိတ်ထဲ ထည့်ဖို့ ပြင်တယ်။ ရုတ်တရက် အလောင်းဘေး မြေပြင်က ပိုးကောင်ငယ်တွေ ခုန်ပျံထွက်လာပြီး မျက်နှာဆီ တိုးဝင်လာတယ်။ လက်နဲ့ယမ်းရင်း ခေါင်းကို ယိမ်းပြီး ရှောင်လိုက်ပေမယ့် အကောင်တချို့က နှာခေါင်းထဲ ဝင်သွားတယ်။
“မကောင်းတော့ဘူး၊ အလစ်ဖမ်းပြီး လုပ်ကြံနေပြီ၊ သတိထားကြ”
တခြားသူလေးယောက် အံအားသင့်သွားတယ်။ ပိုးကောင်တွေကို မမြင်လိုက်လို့ ဘာဖြစ်မှန်းလဲ မသိကြဘူး။ ဘေးဘယ်ညာ ကြည့်တော့လည်း ရန်သူ မတွေ့ရလို့ ခေါင်းရှုပ်သွားတယ်။
“ဘာမှမရှိပါဘူး၊ ဘာဖြစ်လို့လဲ”
“မသိဘူး၊ ပိုးကောင်တွေ ငါ့နှာခေါင်းထဲ ဝင်ပြီး ဦးနှောက်ဆီ သွားနေပြီ”
မီးခိုးရောင်ဝတ်စုံနဲ့လူက တုန်ုတုန်ယင်ယင်နဲ့ ပြန်ဖြေတယ်။ နှာခေါင်းထဲဝင်သွားတဲ့ ပိုးကောင် ၅ ကောင်က ဦးနှောက်ဆီ သွားနေတာ သူအာရုံခံမိပေမယ့် ဘယ်လို တားဆီးရှင်းလင်းရမလဲ မသိဖြစ်နေတယ်။
ကျန်တဲ့သူတွေလည်း ဘာလုပ်ပေးရမှန်း မသိအောင် ဖြစ်နေတယ်။
“ဘာကောင်လဲဆိုတာ သိအောင်လုပ်”
“မသိဘူး၊ ပိုးကောင်တွေပဲ”
“ပိုးကောင် .. ဟုတ်လား၊ အဲဒါဆို ဝိညာဥ်စွမ်းအား သုံးပြီး ထုတ်ပစ်လေ”
“လုပ်နေတယ်၊ မရဘူးကွ”
မီးခိုးရောင်ဝတ်စုံနဲ့လူက အထိတ်တလန့် ပြန်ဖြေတယ်။ သူလည်း ကြိုးစားတာပဲ၊ ဝိညာဥ်စွမ်းအင်နဲ့ ဖိနှိပ်ဖယ်ထုတ်ဖို့ ကြိုးစားပေမယ့် အရှိန်လျော့ရုံပဲ လုပ်နိုင်တယ်။ ဖယ်ထုတ်ဖို့ နေနေသာသာ ထိန်းချုပ်လို့တောင် မရဘူး။
ခဏနေတော့ မီးခိုးရောင်ဝတ်စုံနဲ့လူ ခေါင်းကို လက်နှစ်ဖက်နဲ့ အုပ်ပြီး နာနာကျင်ကျင် အော်ဟစ်ငြီးငြူနေတယ်။ ကျန်တဲ့သူတွေလည်း ဘာလုပ်ရမှန်းမသိ ထိတ်လန့်ကုန်တယ်။ တစ်ယောက်က စစ်ဆေးကူညီဖို့ ရှေ့တိုးမယ်အလုပ်၊ တခြားသူက တားလိုက်တယ်။
“မလုပ်နဲ့၊ အဲဒါ ကူပိုးကောင် ဖြစ်မယ်”
“ဘာ .. ကူပိုးကောင်”
ရှေ့တိုးသွားသူရော ကျန်သူတွေပါ အထိတ်တလန့် နောက်ဆုတ်လိုက်မိတယ်။
မီခိုးရောင်ဝတ်စုံနဲ့လူကတော့ မြေပြင်ပေါ် လဲကျပြီး လူးလိမ့်အော်ဟစ်နေပြီ။ အားလုံးလည်း တွေးရခက်နေတယ်။ ချီစုစည်းခြင်း တတိယအဆင့်ပဲရှိတဲ့ အလောင်းနတ်ဆိုးဂိုဏ်း အပြင်စည်းတပည့်က မိုးကြိုးအဆောင်ရော၊ ကူပိုးကောင်တွေပါ သုံးနိုင်တယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
“အား..”
သူတို့အုပ်စု ခြေမကိုင်မိ၊ လက်မကိုင်မိ ဖြစ်နေချိန် တစ်ယောက်က ငယ်သံပါအောင် အော်ဟစ်ရင်း၊ ဖွားဖက်တော်ကို လက်နဲ့အုပ်ပြီး ပစ်လဲကျသွားတယ်။ ချက်ချင်းဆိုသလို ချက်နေရာက စူးစူးရှရှ နာကျင်မှုနဲ့အတူ ဖောက်ဝင်လာတဲ့ ကူပိုးကောင်က ဝမ်းဗိုက်ထဲထိ ရောက်သွားတယ်။
ကျန်တဲ့သူ ၃ ယောက်လည်း ရှေ့ဆင့်နောက်ဆင့် ဆိုသလို ထိရှလွယ်တဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေမှာ ကူပိုးကောင်တွေ တိုက်ခိုက်တာ ခံရပြီး လဲပြိုကျကုန်တယ်။ နားမချမ်းသာစရာ အော်ဟစ်ညည်းတွားသံတွေက ပတ်ဝန်းကျင်ကို ဖုံးလွှမ်းသွားတယ်။
သူတို့ကို တိုက်ခိုက်တဲ့ ဝမ်းမည်းအတောင်မာကူတွေစွမ်းအားက ချီစုစည်းခြင်း စတုတ္ထအဆင့်နဲ့ ညီတယ်။ ခန္ဓာကိုယ်ထဲ ရောက်သွားရင် ချီစုစည်းခြင်း အလယ်အဆင့် ကျင့်ကြံသူတွေ ကိုင်တွယ်နိုင်တဲ့အရာ မဟုတ်တော့ဘူး။ ဝမ်းမည်းအတောင်မာကူက သွေးကို စုပ်၊ အသားကို စားရုံမက၊ အရိုးတွေပါ ကိုက်ဖြတ်ပစ်တယ်။
ခဏနေတော့ အော်ဟစ်သံတွေ တိတ်ဆိတ်သွားပြီး ရုန်းကန်တာ မရှိ ငြိမ်ကျသွားတယ်။ အဲဒီတော့မှ ခပ်လှမ်းလှမ်း တောအုပ်ထဲကနေ စုန့်ဝမ် ထွက်လာတယ်။ အတောင်မာကူတွေကတဆင့် အားလုံး သေပြီဆိုတာ သေချာအတည်ပြုပြီးမှ ထွက်လာခဲ့တာ။ တစ်ယောက်ယောက် အသက်ရှင်နေပြီး၊ ဘာမှန်းမသိနိုင်တဲ့ လက်နက်တစ်ခုခုနဲ့ တိုက်ခိုက်ခံရမှာ မလိုလားဘူးလေ။
တကယ်တော့ စုန့်ဝမ်က ထွက်ပြေးခဲ့တာ မဟုတ်ဘူး။ ကူပိုးကောင်တွေကို ယန်ဖုန်းအလောင်းနား ဖုံးကွယ်ချထားခဲ့ပြီး အလစ်တိုက်ခိုက်ဖို့ ပြင်ဆင်ခဲ့တာ။ သူရဲ့ ဝိညာဥ်စွမ်းအားက ချီစုစည်းခြင်း သတ္ထမအဆင့်နဲ့ ညီမျှတော့၊ ပဥ္စမအဆင့်ပဲရှိတဲ့ ဒီလူငါးယောက် ဝိညာဥ်စွမ်းအင် ဖြန့်ကြတ်နိုင်တဲ့ အကွာအဝေး ပြင်ပကနေ စောင့်ကြည့်နေခဲ့တယ်။ ယန်မျိုးနွယ်လူတွေက ဝိညာဥ်စွမ်းအားနဲ့ စစ်ဆေးပေမယ့် လမ်းလွဲအဆိပ်ကျင့်ကြံသူ ဖြစ်နေလို့ ကျန်ရှိနေတဲ့ မိုးကြိုးစွမ်းအင် ဖိနှိပ်တာ ခံရပြီး ကူပိုးကောင်တွေကို မတွေ့ခဲ့တာ။
နောက်ဆုံးတော့ အခွင့်သာလို့ စုန့်ဝမ်က စတိုက်ခိုက်ခိုင်းလိုက်တာ ပြည့်စုံအောင်မြင်တဲ့ ခြုံခိုတိုက်ခိုက်မှု ဖြစ်သွားတယ်။ မအောင်မြင်လည်း ပြဿနာ မရှိပါဘူး၊ သွေးလွတ်မြောက်နည်းနဲ့ ထွက်ပြေးရင် ဒီလူတွေ လိုက်မီမှာမှ မဟုတ်တာ။
အလောင်းတွေနား စုန့်ဝမ် ရောက်လာချိန် ဝမ်းမည်းအတောင်မာကူ အကောင် ၂၀ က ခန္ဓာကိုယ်တွေထဲ ဝင်လိုက်၊ ထွက်လိုက်နဲ့ စားသောက်ပွဲကြီး ဆင်နွှဲနေကြလေရဲ့။ သွေးအနှစ်နဲ့ ရိုးတွင်းခြင်ဆီဆို ကုန်သလောက် ရှိပြီ။ ဒီလောက် သေးသေးလေးတွေ ဘယ်လိုများ စားပစ်လဲဆိုတာ တွေးမရ ဖြစ်သွားတယ်။ ယန်ဖုန်းအလောင်းဆီ ကူးခွင့်ပေးလို့ မဖြစ်ဘူး။
“ခွေးကောင်လေးတွေ၊ ငါ့အတွက် သွေးအနှစ်တောင် မချန်ဘူး”
အနေအထားအရ သွေးအဆီအနှစ် စုပ်ယူမယ့်အကြံ လက်လျှော့လိုက်ရတယ်။ ဒါပေမယ့် သေဆုံးတာ မကြာသေးလို့ ဝိညာဥ်တွေက အဝေးထွက်မသွားသေးဘဲ တဝဲလည်လည် ဖြစ်နေတယ်။ ဒါက တားမြစ်ဝိညာဥ်ကျင့်စဥ်နဲ့ စုပ်ယူကျင့်ကြံဖို့ အကောင်းဆုံး အခြေအနေပဲ။
နာရီအတန်ကြာ အချိန်ယူပြီးတဲ့နောက် ယန်မျိုးနွယ်ကျင့်ကြံသူ ငါးယောက်ဆီက ဝိညာဥ်တွေနဲ့ ယန်ဖုန်းဆီက သွေးအဆီအနှစ်တွေ စုပ်ယူလို့ ပြီးသွားတယ်။ အားလည်း ပြန်ပြည့်လာတယ်၊ ပင်ပန်းတာ လုံးဝပျောက်သွားပြီ။ အလောင်းတွေကိုတော့ သိုလှောင်အိတ်ထဲ ထည့်သိမ်းလိုက်တယ်။ အားလုံးရှင်းလင်းပြီးတာနဲ့ အလောင်းနတ်ဆိုးဂိုဏ်း ရှိရာဆီ ခရီးဆက်ခဲ့တယ်။
အတန်ကြာ သွားလာရင်း နေဝင်ခါနီးအချိန်မှာ ကျယ်ပြောလှတဲ့မြစ်ကြီးတစ်စီးဆီ ရောက်လာလို့ စုန့်ဝမ် ဝမ်းသာသွားတယ်။ လှေပျံစီးရင်း ဒီမြစ်ကြီးကို မြင်ခဲ့တယ်။ မြစ်ကို ကျော်ဖြတ်ပြီး တည့်တည့်ဆက်သွားရင် အလောင်းနတ်ဆိုးဂိုဏ်းဆီ ပြန်ရောက်မယ်။ လမ်းမှားစရာ မရှိတော့ဘူး။ မြစ်က ကျယ်လွန်းလို့ တစ်ဖက်ကမ်းကို ဝိုးတဝါးပဲ မြင်ရတယ်။
စုန့်ဝမ်လည်း နေမဝင်ခင် မြစ်တစ်ဖက်ကမ်းဆီ ရောက်ချင်တာနဲ့ ပျံသန်းခြင်းအဆောင် ထပ်သုံးပြီး ပျံသန်းဖြတ်ကျော်လာခဲ့တယ်။ မြစ်အလယ်ရောက်တော့ ကြိုစီစဥ်ထားတဲ့အတိုင်း အလောင်းခြောက်လောင်းကို ပစ်ချပြီး အစဖျောက်လိုက်တယ်။ အဆောင်အာနိသင် ကုန်ခါနီးမှ မြစ်ကမ်းဆီ ရောက်လာတယ်။
မြစ်ကမ်းပါးက မတ်စောက်တဲ့ကျောက်နံရံနဲ့ ပြည့်နေတယ်။ ဟိုဟိုဒီဒီ ကြည့်ရင်း တစ်နေရာမှာ လိုဏ်ဂူလိုဖြစ်နေတဲ့ အက်ကွဲကြောင်းတစ်ခု တွေ့တာနဲ့ ဝင်နားလိုက်တယ်။ ညဘက် ခရီးသွားတာ အန္တရာယ်များလို့ စွန့်စားချင်စိတ် မရှိဘူးလေ။ လမ်းတလျှောက် ဝိညာဥ်စွမ်းအင် အများအပြား သုံးခဲ့ရလို့ ဝိညာဥ်စွမ်းအင်လည်း အားနည်းနေပြီ။ ပြန်အားဖြည့်ဖို့ ကျင့်ကြံရဦးမယ် မဟုတ်ပါလား။
…………..