အခန်း (၆၃)
Vol. 5 Ch. 63
ဒီညကတော့ တိတ်ဆိတ်အေးချမ်းပါတယ်။ စုန့်ဝမ်လည်း ချီစုစည်းဆေး ၃ လုံးကို သန့်စင်ပြီး ဝိညာဥ်စွမ်းအင် ပြည့်ပြည့်ဝဝ ရှိလာအောင် ပြန်အားဖြည့်နိုင်ခဲ့တယ်။
မိုးလင်းတာနဲ့ အလောင်းနတ်ဆိုးဂိုဏ်းဆီ သုတ်ခြေတင်ခဲ့တယ်။ လှေပျံနဲ့ လာချိန်က အလှမ်းမဝေးပေမယ့် လမ်းလျှောက်သွားရတော့ မစားသာဘူး။ မှော်အဆောင်တွေက အရေးကြီးကိစ္စ ကြုံဆုံလာရင် သုံးဖို့ ချန်ထားရလို့ ကာယအားသက်သက်နဲ့ပဲ ခရီးနှင်ခဲ့ရတယ်။ တောအုပ်တွေ၊ ထူထပ်တဲ့ ချုံနွယ်ပိတ်ပေါင်းတွေ မနည်းကျော်ဖြတ် ခရီးဆက်နေရတယ်။ ကျင့်ကြံမှုလောကမှာ အုပ်စိုးတဲ့အစိုးရ မရှိလို့လားတော့ မသိဘူး၊ အများပြည်သူသုံးလမ်းဆိုလို့ ဘယ်မှာမှ မတွေ့ခဲ့ရဘူး။
စုန့်ဝမ် ပြေးလွှားခရီးနှင်နေရင်း ရုတ်တရက် မိုးပေါ်က လူတစ်ယောက် ကျလာတာ ခံစားလိုက်မိလို့ အလန့်တကြား မော့ကြည့်လိုက်မိတယ်။
“တစ္ဆေသုံးပါလား”
ကျလာသူက စုန့်ဝမ် ကောင်းကောင်းမှတ်မိတဲ့ တစ္ဆေသုံးပါပဲ။ ကျတာမှ ခြေလွတ်လက်လွတ်ကို ကျလာတာ။
“ဝုန်း”
တစ္ဆေသုံးလည်း ကျလာရာက မြေကြီးနဲ့ ပြင်းပြင်းထန်ထန် ရိုက်မိပြီး ဆယ်ပတ်လောက် လိမ့်သွားတယ်။ နောက်ဆုံး သစ်ပင်ကြီးတစ်ပင်နဲ့ တိုက်မိမှ ရပ်သွားတယ်။ ပါးစပ်က သွေးတွေ ဆက်တိုက်အန်သလို၊ တစ်ကိုယ်လုံးလည်း ဒဏ်ရာဒဏ်ချက်တွေနဲ့ အပြည့်။ သတိတော့ မလွတ်သေးဘူး။
စုန့်ဝမ်က ခြေလှမ်းရပ်ပြီး သေချာအကဲခတ်နေတယ်။ သူက မှတ်မိပေမယ့် တစ္ဆေသုံးက စုန့်ဝမ်ကို မမှတ်မိဘူး။ လှေပေါ်ပါသူထဲ ကျင့်ကြံမှုအနိမ့်ဆုံးဖြစ်တဲ့ စုန့်ဝမ်ကို သူလုံးဝအရေးမလုပ်ခဲ့တာ။
“တာအိုရောင်းရင်း၊ ငါ့ကို ကယ်ပါ။ မင်းအတွက် အကျိုးမယုတ်စေရဘူး”
တစ္ဆေသုံးက စုန့်ဝမ်ကို အကူအညီတောင်းရင်း သတိလစ်သွားတယ်။
တစ္ဆေသုံး သတိလစ်သွားသလို၊ အနီးဝန်းကျင်ကို ဝိညာဥ်အာရုံနဲ့ စစ်ဆေးတော့လည်း ဘယ်သူမှ မတွေ့ရလို့ စုန့်ဝမ် စိတ်သက်သာရာ ရသွားတယ်။ တစ္ဆေသုံးကို ကယ်ဖို့ရော၊ သူ့ပစ္စည်းတွေ ယူဖို့ပါ စုန့်ဝမ် လုံးဝမစဥ်းစားဘူး။ ဉာဏ်များတဲ့ လေလွင့်ကျင့်ကြံသူက ဒဏ်ရာ ဒီလောက်ပြင်းတာတောင် မသေသေးတာ၊ သတိလစ်တာလည်း ဟုတ်ချင်မှ ဟုတ်မယ်။ သတိလစ်ချင်ယောင်ဆောင်ပြီး တစ်ခုခု လုပ်လိုက်မှဖြင့် ကိုယ်ကျိုးနည်းရချည်ရဲ့။ ဘေးကင်းဖို့ထက် ဘာကများ ပိုအရေးကြီးမှာ မှတ်လို့။
စုန့်ဝမ်လည်း တွေဝေမနေဘဲ သွေးလွတ်မြောက်နည်းစနစ်ရော၊ မြန်နှုန်းမြှင့်အဆောင်ပါ အသက်သွင်းပြီး မှုန်နေအောင် ပြေးပါတော့တယ်။
စုန့်ဝမ် ချက်ချင်း ထွက်ပြေးသွားတာ မြင်လိုက်ရလို့ သတိမေ့ချင်ယောင်ဆောင်ပြီး တိုက်ခိုက်ဖမ်းဆီးဖို့ ကြံထားတဲ့ တစ္ဆေသုံး မျက်ရည်ပါဝဲသွားတယ်။
“ဒီမေဘေး .. ကြောက်တတ်လိုက်တာ၊ ဒီလောက် ဒုက္ခရောက်သူကို ကယ်ဖို့ နည်းနည်းလေးတောင် မစဥ်းစားဘူးလားကွာ”
တစ္ဆေသုံးက ယန်ထျန်းဖုန်းလက်က လွတ်တာနဲ့ လှေပျံ ထုတ်စီးပြီး ထွက်ပြေးလာခဲ့တာ။ လက်တစ်ဖက်လည်း ပြတ်၊ ဒဏ်ရာကလည်း ပြင်း၊ အဆိပ်ကလည်းမိဆိုတော့ လှေပျံကိုတောင် ကောင်းကောင်း မထိန်းနိုင်တော့ဘူး။
ဒီတောထဲ ရောက်ချိန် ချီစုစည်းခြင်း အစောပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက် တွေ့မိလို့ ဖမ်းဆီးအကျပ်ကိုင်ပြီး အသုံးချဖို့ အကြံနဲ့ လှေပျံကို သိမ်း၊ ပြုတ်ကျချင်ယောင်ဆောင်ခဲ့တာ။ ခုတော့ အလဟသဖြစ်ပြီ။ ဟန်ဆောင်ပြုတ်ကျရင်း အကျမတော်ရာက ဒဏ်ရာပြင်းပြင်း ထပ်ရပြီး မတ်တပ်တောင် မရပ်နိုင်တော့ဘူး။ ခဏနေတော့ တင်းထားတဲ့ကြားက သတိမေ့သွားပါတော့တယ်။
…
နှစ်နာရီလောက်ကြာတော့ တစ္ဆေသုံး သတိမေ့နေတဲ့နေရာဆီ ယန်ကောင်းတို့အဖွဲ့ ရောက်လာတယ်။ သတိမေ့နေတဲ့ တစ္ဆေသုံးက သူ့အော်ရာ မဖုံးဖိနိုင်တော့လို့ အလွယ်တကူ တွေ့သွားတာ။
ယန်ကောင်းက တစ္ဆေသုံးအဖြစ်ကို မြင်တော့ ကျေနပ်သွားတယ်။
“မင်းက ငါတို့ယန်မျိုးနွယ်ကို ဆန့်ကျင်ရဲမှတော့ အလွယ်တကူ သေခွင့်ပေးလို့ ဘယ်ဖြစ်ပါ့မလဲ။ ဒီကောင့်ကို အဆိပ်ဖြေဆေး ပေးလိုက်။ ပြီးရင် ဝိညာဥ်ကို ချိတ်ပိတ်ပြီး ခေါ်သွားတော့။ ငါ သူ့ဝိညာဥ်ကို ထုတ်ပြီး ဝိညာဥ်မီးအိမ် သန့်စင်မယ်။ ဒါမှ သူ့ဝိညာဥ် ထာဝရမီးလောင်ကျွမ်းတာ ခံရမှာ။ အဲဒါ ယန်မျိုးနွယ်ကို စော်ကားသူရဲ့ သွားရာလမ်းပဲ”
ယန်ကောင်းနဲ့ အတူပါလာတဲ့ လူသုံးယောက်က တစ္ဆေသုံးကို မထူပြီး ညွှန်ကြားချက်အတိုင်း လုပ်နေကြတယ်။ ယန်ကောင်းက ထွက်ပြေးသွားတဲ့ လေလွင့်ကျင့်ကြံသူကိုလည်း တခြားအဖွဲ့က အသေဖမ်းမိပြီဆိုတဲ့ ဆက်သွယ်ရေးအဆောင်ကသတင်းကို ဖတ်ရင်း ကျေနပ်သွားတယ်။ တစ္ဆေသုံးကို ဖမ်းမိကြောင်းလည်း သတင်းပို့လိုက်တယ်။ အရမ်းဝေးတော့ စာက သုံး၊ လေးလုံးပဲ ပို့လို့ရတယ်။
အလောင်းနတ်ဆိုးဂိုဏ်းက ကျိယင်ကို ဖမ်းမမိသေးတဲ့အကြာင်း သိလိုက်ရချိန် နည်းနည်းတော့ စိတ်ရှုပ်သွားတယ်။ ဘာမဟုတ်တဲ့ အဆင့်နိမ့်ကျင့်ကြံသူက ခုထိ လွတ်နေတာ မဟုတ်သေးဘူး။ ဒါပေမယ့် လိုက်သွားတဲ့ ယန်ဖုန်းတို့အုပ်စုက မမိစရာတော့ အကြောင်းမရှိနိုင်ပါဘူးလို့ တွေးရင်း ခေါင်းထဲက ထုတ်လိုက်တယ်။
ယန်ကောင်းနောက်လိုက် နှစ်ယောက်က တစ္ဆေသုံးကို သယ်ဆောင်ပြီးချိန် ကျန်တဲ့မိန်းကလေးတစ်ယောက်က အနီးဝန်းကျင်ကို လှည့်ပတ်ကြည့်ရင်း အလုပ်ရှုပ်နေတယ်။ ယန်ကောင်းက ဆူမယ်အလုပ်၊ အဲဒီမိန်းကလေးက လှမ်းပြောလာတယ်။
“တတိယဦးလေး၊ ဒီနေရာမှာ တခြားသူတစ်ယောက် ရှိခဲ့တယ်”
ခေါင်းမသုံးတတ်တဲ့ ကာယသမားယန်ကောင်း ခေါင်းရှုပ်သွားတယ်။
“ရှောင်ချူး၊ မင်းဘာပြောချင်တာလဲ”
ရှောင်ချူးဆိုတာက ယန်ချူး၊ ယန်ယဲ့ဝမ်လောက် ပါရမီ မမြင့်ပေမယ့် ဉာဏ်ထက်မြက်လို့ မိသားစုထဲ အလေးပေးခံရသူ။ သူက စေ့စပ်သေချာသူပီပီ အနီးနားက ပုံပျက်နေတဲ့နေရာတွေကို ချက်ချင်း သတိထားမိသွားတယ်။
“တတိယဦးလေး၊ ဒီမှာ လာကြည့်။ မြက်ပင်တွေက လူတစ်ယောက် နင်းခြေတာ ခံထားရတယ်။ သိပ်မကြာလောက်သေးဘူး”
ယန်ကောင်းက ရှင်းပြမှ ပိုရှုပ်သွားတယ်။ ဒါပေမယ့် ယန်ချူးကို ယုံရမယ်ဆိုတာတော့ အတွေ့အကြံအရ သိတယ်။
“အေးပါ၊ ဘယ်သူဖြစ်မလဲ၊ တစ္ဆေသုံးရဲ့ နောက်လိုက်လား”
“မဖြစ်နိုင်ဘူး၊ နောက်လိုက်ဆိုရင် သူ့ဆရာကို ထားခဲ့မှာ မဟုတ်ဘူး။ တစ္ဆေသုံးမှာလည်း သိုလှောင်အိတ်ရော၊ တခြားပစ္စည်းတွေပါ ရှိတယ်။ ဘာတစ်ခုမှ ယူမသွားဘူး၊ ကြည့်ရတာ …”
ယန်ချူး ရှင်းပြနေချိန် ယန်မျိုးနွယ် ကျင့်ကြံသူတစ်ယောက် ရေးကြီးသုတ်ပြာ ရောက်လာလို့ စကားစပြတ်သွားတယ်။
“တတိယဦးလေးကို သတင်းပို့ပါတယ်။ ကျိယင်ကို လိုက်ဖမ်းတဲ့ ယန်ဖုန်းတို့အဖွဲ့ ပြန်မရောက်သေးဘဲ၊ သတင်းပျောက်နေတယ်။ ကင်းလှည့်သူတစ်ယာက်က မကြာသေးခင်က တိုက်ပွဲတစ်ခု ဖြစ်ခဲ့တဲ့နေရာတွေ့လို့ စစ်ကြည့်တော့ ယန်မျိုးနွယ်တွေ ပါဝင်တာ တွေ့ခဲ့ရတယ်။ နောက်ဆုံး စစ်ဆေးချက်အရ ယန်ဖုန်းတို့အဖွဲ့ အသတ်ခံလိုက်ရပြီး ကျိယင် လွတ်သွားတယ်လို့ ယူဆရပါတယ်”
“ဘာပြောတယ်၊ ကျိယင် လွတ်သွားတယ် ဟုတ်လား”
“ဟုတ်ကဲ့၊ ဖြစ်နိုင်ခြေ အတော်များပါတယ်”
“နေစမ်းပါဦး၊ သူက ချီစုစည်းခြင်း တတိယအဆင့်လေ။ ယန်ဖုန်းတို့ကို ဘယ်လိုသတ်နိုင်မှာလဲ။ လွတ်သွားတော့ရော ဘယ်ပြေးမလဲ”
သတင်းလာပို့သူလည်း အဖြေမရှိလို့ နှုတ်ဆိတ်နေတယ်။ ခဏနေတော့ ယန်ချူးက တစ်ခုခု တွေးမိဟန်နဲ့ ပြောလာတယ်။
“တတိယဦးလေး၊ ဒီနေရာမှာ ရှိနေခဲ့တာ ကျိယင် ဖြစ်နိုင်တယ်။ ဒီနေရာက အလောင်းနတ်ဆိုးဂိုဏ်းကို သွားတဲ့ အနီးဆုံးလမ်းကြောင်းလေ”
ယန်ချူးစကားကြောင့် ခဏတွေဝေသွားပေမယ့် ယန်ကောင်းက ချက်ချင်း ခေါင်းခါလိုက်တယ်။
“မဖြစ်နိုင်တာ။ ဒီနေရာက အဆိပ်ငွေ့ရွံ့တောနဲ့ မိုင်တစ်ထောင်နီးပါး ဝေးတယ်။ ကျိယင်လို ချီစုစည်းခြင်း တတိယအဆင့်ပဲ ရှိတဲ့သူက တစ်ရက်တည်းနဲ့ ဘယ်လိုလုပ် ရောက်နိုင်မှာလဲ။ ဒီကောင့်မှာ လှေပျံလည်း မရှိဘူး”
“တတိယဦးလေး၊ သေချာတွေးကြည့်ပါဦး။ ကျိယင်က ကျင့်ကြံမှုအဆင့် ဖုံးဖိထားတာ ဖြစ်နိုင်တယ်။ သူသာ ယန်ဖုန်းကို သတ်နိုင်တယ်ဆိုရင် သူ့အဆင့်က ချီစုစည်းခြင်း အလယ်အဆင့် ရှိမှာ ကျိန်းသေပဲ။ ဒါဆို အရှိန်မြှင့်အဆောင်နဲ့ ပျံသန်းခြင်းအဆောင် သုံးလိုက်ရင် တစ်ရက်အတွင်း ရောက်နိုင်တယ်လေ”
“အင်း .. မင်းပြောတာ ဖြစ်နိုင်တယ်။ ဒါဆို ငါတို့ ဘာလုပ်ကြမလဲ”
“ဦးလေးနဲ့ ကျမ ဒီလမ်းကြောင်းအတိုင်း ကျိယင်ကို လိုက်ဖမ်းမယ်။ ကျန်သူတွေက တစ္ဆေသုံးကို သယ်သွားပြီး မိသားစုခေါင်းဆောင်ဆီ ကျိယင်သတင်း ပို့ပေးပါ။ ဒီနေရာက ဝေးတော့ ဆက်သွယ်ရေးအဆောင် သိပ်အလုပ်မဖြစ်တော့ဘူး။ ကျမတို့တွေ ကျိယင်ကို ဖမ်းလို့မမိရင် အရေးပေါ်အစီအစဥ် ချမှတ်ဖို့ လိုနေပြီ”
ယန်ကောင်းလည်း ယန်ချူးအစီအစဥ်ကို လက်ခံလိုက်တယ်။
“ကဲ .. ရှောင်ချူး ပြောသလို လုပ်ရအောင်။ မင်းတို့တွေ မိသားစုခေါင်းဆောင်ဆီ သေချာသတင်းပို့လိုက်။ ရှောင်ချူး .. လာ၊ ငါတို့ ဆက်လိုက်ရအောင်”
ပြောပြောဆိုဆို ယန်ကောင်းက လှေပျံတစ်စီး ထုတ်ယူခုန်တက်ရင်း ယန်ချူးကို ခေါ်ဆောင်ပြီး ထွက်သွားတယ်။
ကျန်သူတွေလည်း လှေပျံတစ်စီး ထုတ်ယူပြီး တစ္ဆေသုံးကို ခေါ်ဆောင်ရင်း အဆိပ်ငွေ့ရွံ့နွံတောဆီ ပြန်သွားကြတယ်။
……………….