← Chapters

အခန်း (၆၄)

Vol. 5 Ch. 64

အခန်း (၆၄)

Vol. 5 Ch. 64

ယန်ကောင်းတို့ အလုပ်ရှုပ်နေချိန် စုန့်ဝမ်က ခြေကုန်သုတ်ပြေးရင်း အဝေးကို ရောက်နေပြီ။ သွေးလွတ်မြောက်နည်းစနစ်နဲ့အတူ အရှိန်မြှင့်အဆောင်တွေ အကုန်ထုတ်ရင်း ခြေကုန်သုတ် ပြေးတယ်။ နေဝင်ခါနီး မြို့ငယ်လေးတစ်မြို့ဆီ ရောက်တော့မှ အရှိန်သတ်ပြီး မြို့ထဲ လမ်းလျှောက်ဝင်ခဲ့တယ်။

မြို့အဝင်ဆိုင်းဘုတ်က အမှတ်သုံးအလောင်းနတ်ဆိုးမြို့ဆိုတဲ့ နာမည်ကို ဖတ်မိတော့ စုန့်ဝမ် ဝမ်းသာသွားတယ်။ ဒီမြို့ကို သူကြားဖူးတယ်။ ဂိုဏ်းထဲမှာ နာမည်ကြီးတဲ့မြို့ပဲ။ ဒီမြို့က ဝိညာဥ်သံသတ္ထုသိုက် ရှိပြီး၊ အလောင်းနတ်ဆိုးဂိုဏ်း အုပ်ချုပ်တဲ့ မြို့တွေထဲက တစ်မြို့ဖြစ်တယ်။ ဒီမြို့သား အများစုက အလောင်းနတ်ဆိုးဂိုဏ်းရဲ့ သေမျိုးကျွန်တွေ။ မျိုးရိုးစဥ်ဆက် ဝိညာဥ်သံသတ္ထု တူးဖော်ရတဲ့ကျွန်တွေ။ လွတ်လမ်းလည်း မရှိဘူး။

အသက်ရှင်ချိန်မှာ ဝိညာဥ်သံသတ္ထုမိုင်းတွင်းတွေမှာ အလုပ်လုပ်၊ သေဆုံးချိန်မှာ ကျန်ရစ်တဲ့ခန္ဓာကိုယ်ကို အလောင်းတွင်းထဲ ပို့ပြီး အလောင်းသန့်စင်အစီအရင်နဲ့ အလောင်းချီ ထုတ်ယူပြီး ဂိုဏ်းတပည့်တွေ ကျင့်ကြံရမှာ အခြေခံဖြစ်တဲ့ အလောင်းချီ ထုတ်ယူတယ်။ ဝိညာဥ်ကိုလည်း ထုတ်ယူသိုလှောင်ပြီး နတ်ဆိုးလက်နက် သန့်စင်ရာမှာ အသုံးချတယ်။

စုန့်ဝမ် တစ်ခါက ခွဲစိတ်ပေးခဲ့ရတဲ့ ကလေးအလောင်းတွေကလည်း ဒီမြို့ကလာတဲ့ ထုတ်ကုန်တစ်ခုပဲ။ သေမျိုးတွေထဲက သန်မာတဲ့ အမျိုးသား၊ အမျိုးသမီးတွေကို သားဖောက်စက်လို အသုံးချ မွေးမြူထားတာ။

ညလည်း ရောက်တော့မယ်ဆိုတော့ စုန့်ဝမ် ဒီမှာပဲ အနားယူဖို့ ဆုံးဖြတ်လိုက်တယ်။ ဒီမြို့က ဂိုဏ်းဌာနချုပ်ရှိရာ အလောင်းနတ်ဆိုးတောင်နဲ့ မိုင်နှစ်ရာပဲ ဝေးတယ်။ ညပိုင်း ဆက်သွားလို့ ယန်မျိုးနွယ်က ဒီအထိ လက်လှမ်းမီနေရင် ဒုက္ခရောက်နိုင်တယ်။ ဒီမြို့မှာက အလောင်းနတ်ဆိုးဂိုဏ်းသားတွေ၊ လေလွင့်ကျင့်ကြံသူတွေ ပျားပန်းခတ်မျှ ဝင်ထွက်သွားလာနေကြလို့ ကိုယ်ယောင်ဖျောက်ရတာ လွယ်တယ်။ အရောင်းအဝယ် လာလုပ်တဲ့ လမ်းမှန်ကျင့်ကြံသူတွေလည်း မနည်းဘူး။

နေ့ဘက်ဆို မြို့နဲ့ အလောင်းနတ်ဆိုးတောင်အကြား လှေပျံတွေ မကြာခဏ ပြေးဆွဲလို့ လိုက်စီးသွားရုံပဲ။ ဒီညကိုပဲ သတိနဲ့ ဖြတ်ကျော်ရမယ်။

စုန့်ဝမ် မြို့အဝင်ဂိတ်နား ရောက်လာချိန် စစ်ဆေးနေတဲ့ အစောင့်တွေနဲ့အတူ ယန်မျိုးနွယ်ဝတ်စုံဝတ်တချို့ပါ ရှိနေလို့ နည်းနည်း စိုးရိမ်သွားတယ်။ သူလွတ်မြောက်လာတာ ယန်မိသားစု သိသွားတာတော့ သေချာပြီ။

လက်ရှိအချိန်မှာ စုန့်ဝမ်အတွက် နည်းနည်း အခက်ကြုံနိုင်တာ ယန်ဖုန်းတို့ဆီက သိမ်းယူလာတဲ့ သိုလှောင်အိတ်တွေပဲ ရှိတယ်။ အိတ်တွေမှာ ရှိတဲ့ အမှတ်အသားပြု ဝိညာဥ်အစိတ်အပိုင်းတွေကို ဝါးမျိုပြီးပြီဆိုတော့ ယန်ဖုန်းတို့ပစ္စည်းဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။ ဖွင့်မစစ်ရင်ပေါ့။ ကြည့်ရတာတော့ အစောင့်တွေက သိုလှောင်အိတ် ဖွင့်စစ်တာမျိုး မရှိဘူး။

စုန့်ဝမ်လည်း လူတန်းထဲ ဝင်တန်းမစီခင် အမြန်ရုပ်ဖျက်လိုက်တယ်။ ရုပ်ပြောင်းပညာသုံးပြီး သက်လတ်ပိုင်းအရွယ်ပုံစံ ပြောင်းတယ်။ အလောင်းချီ လုံးဝဖုံးဖိပြီး သက်ရှည်နည်းစနစ်ကို လည်ပတ်တယ်။ ဒီလိုနဲ့ လမ်းမှန်လမ်းစဥ်လိုက်စားတဲ့ လေလွင့်ကျင့်ကြံသူအသွင် ပေါက်သွားတယ်။ မြို့ထဲ ဝင်တော့လည်း အပြင်စည်းတပည့်တံဆိပ် မပြဘဲ၊ မြို့ဝင်ကြေး အဆင့်နိမ့်ဝိညာဥ်ကျောက်တစ်လုံး ပေးပြီး ဝင်ခဲ့တယ်။ ယန်မျိုးနွယ်က ဘယ်အဆင့်ထိ ပေါက်ရောက်မှန်း မသိဘဲ၊ တံဆိပ်ထုတ်ပြရင် ကိုယ့်သေတွင်း ကိုယ်တူးသလို ဖြစ်သွားနိုင်တယ်။

ညဦးပိုင်းဆိုတော့ မြို့ထဲမှာ လူစည်ကားနေပြီ။ ကျင့်ကြံသူတွေရော၊ သေမျိုးတွေပါ ကြိတ်ကြိတ်တိုး သွားလာနေကြတယ်။ သေမျိုးတိုင်းက ကျွန်တွေတော့ မဟုတ်ဘူး။ ဂိုဏ်းကကျင့်ကြံသူတွေ မလုပ်ချင်တဲ့အလုပ်တွေ လုပ်ကိုင်ပေးရင်း အဆင်ပြေ ကြီးပွားနေသူ မနည်းဘူး။ သူတို့က မြို့လည်ပတ်ဖို့ ခွေးသွားစိတ်တွေအဖြစ် အမှုထမ်းကြတယ်။ သူတို့သာ မရှိရင် ဂိုဏ်းတပည့်တွေ အလုပ်ပိပြီး ကျင့်ကြံချိန်တောင် ရမှာ မဟုတ်ဘူး။ သေမျိုးကျွန်တွေဘက်က ကြည့်ရင် အချ​င်းချင်း ဖိနှိပ်အသုံးချပြီး ရှင်သန်နေတဲ့ လူယုတ်မာတွေပေါ့။

စုန့်ဝမ်ကတော့ လူ့သဘော နားလည်ကျေညက်သူပီပီ ဘာကိုမှ စိတ်ထဲထားမနေဘူး။ အေးအေးဆေးဆေး လျှောက်သွားရင်း ကျင့်ကြံသူတွေ တည်းခိုတဲ့ ဧည့်ရိပ်သာဆီ သွားခဲ့တယ်။ ဧည့်ရိပ်သာ ရောက်တာနဲ့ အဆင့်နိမ့်ဝိညာဥ်ကျောက်တစ်လုံး ပေးရတဲ့ အဆင့်မြင့်အခန်း ယူလိုက်တယ်။

………

နောက်နေ့မနက်စောစော အိပ်ယာနိုးတာနဲ့ လေသင်္ဘောတွေ ရပ်နားရာဆီ ထွက်လာခဲ့တယ်။ ညက ဧည့်ရိပ်သာဝန်ထမ်းတွေဆီ စုံစမ်းရင်း မနက် ၇ နာရီ လေသင်္ဘော စထွက်မယ်ဆိုတာ သိပြီးသားဖြစ်လို့ အချိန်နီးမှ ထွက်ခဲ့တာ။

မြို့ထဲ ဖြတ်လျှောက်လာချိန် သူထင်ထားတဲ့အတိုင်းပဲ ယန်မျိုးနွယ် ကျင့်ကြံသူတွေက လမ်းသွားလမ်းလာတွေကို ဝိညာဥ်အာရုံသုံးပြီး စောင့်ကြည့်စစ်ဆေးနေကြတယ်။ ဒီလုပ်ရပ်က ကျင့်ကြံသူလောကမှာ ရိုင်းပြတဲ့လုပ်ရပ် ဖြစ်တယ်၊ ကိုယ်ပိုင် လျှို့ဝှက်ချက် မရှိတဲ့ ကျင့်ကြံသူဆိုတာ ရှိမှ မရှိတာ။ ခံရသူတွေက မကျေနပ်ကြပေမယ့် ယန်မျိုးနွယ်တွေ အနီးနားမှာ အလောင်းနတ်ဆိုးဂိုဏ်းသားတွေ ရှိနေလို့ ဒေါသကို မျိုသိပ်လိုက်ကြရတယ်။

ဒီဖြစ်ရပ်က မြို့ထဲမှာရော၊ ဂိုဏ်းထဲမှာပါ ယန်မျိုးနွယ်လက်တံတွေ ရှိနေလောက်တယ်ဆိုတဲ့ စုန့်ဝမ်အတွေးကို အတည်ပြုပေးသလို ဖြစ်သွားတယ်။ သူ့အနေနဲ့ အကြီးအကဲရှန်အပြင် ဘယ်သူ့ကိုမှ မယုံရဲတော့ဘူး။ ဒီမြို့က ထွက်ခွာဖို့ကတော့ အခက်အခဲ မရှိဘူး။ သူဖိနှိပ်ဖုံးဖိထားတဲ့အော်ရာကို ရှာတွေ့နိုင်လောက်အောင် အဆင့်မြင့်တဲ့ကျင့်ကြံသူ ဒီနေရာမှာ မရှိနိုင်ဘူးလေ။ လူသွားလူလာ များလွန်းတော့ စစ်တဲ့သူတွေလည်း သေချာမစစ်နိုင်ကြပါဘူး။

ဒီလိုနဲ့ စုန့်ဝမ် လေသင်္ဘောပေါ် အေးအေးဆေးဆေး ရောက်ခဲ့တယ်။ လေသင်္ဘောက ပေ ၃၀ လောက် ရှည်လျားပြီး အထပ် ၃ ထပ် ပါဝင်တယ်။ စီးနင်းသူအများစုက ချီစုစည်းခြင်း အစောပိုင်းတွေ များတယ်။ အလယ်အဆင့်က နည်းတယ်။ နှောင်းပိုင်းအဆင့်တော့ မပါဘူး၊ သူတို့က ကိုယ့်နည်းကိုယ့်ဟန်နဲ့ သွားကြတာ များတယ်။

…

စုန့်ဝမ် လေသင်္ဘောပေါ် မတက်ခင်တည်းက အပြင်မှာ ယန်ကောင်းနဲ့ ယန်မျိုးနွယ်ကျင့်ကြံသူတွေ ခြေချင်းလိမ်နေပြီ။ အလျင်လိုနေတာနဲ့ လူတိုင်းကို မစစ်နိုင်လို့ ချီစုစည်းခြင်း အလယ်အဆင့်ရှိသူတွေကိုပဲ အာရုံစိုက်ထားရတယ်။ ယန်ဖုန်းကို သတ်နိုင်သူက ဘယ်နည်းနဲ့မှ အစောပိုင်းအဆင့် မဖြစ်နိုင်ဘူးလို့ တွက်ထားတာကိုး။

စုန့်ဝမ်က ချီစုစည်းခြင်း ဒုတိယအဆင့်ထိ ဖိနှိပ်ဖုံးဖိထားလို့ သူတို့မျက်စိအောက်က ဖြတ်သွားတာတောင် သတိမထားမိကြပဲ၊ လွတ်သွားခဲ့တာ။

ခရီးက နီးပေမယ့် စုန့်ဝမ်က အဆင့်နိမ့်ဝိညာဥ်ကျောက် ၅ လုံး အကုန်ခံပြီး သီးသန့်အခန်းယူ လိုက်ပါခဲ့တယ်။ ၇ နာရီ ထိုးတာနဲ့ လေသင်္ဘော စထွက်တယ်။ စွမ်းအင်အကုန်အကျ မများအောင် ပုံမှန်အရှိန်နဲ့ မောင်းနေတော့ တစ်နာရီလောက် ကြာပြီးတော့မှ စုန့်ဝမ် လာနေကျ တောင်ခြေစျေးဆီ ရောက်လာတယ်။ စျေးထဲ ခြေချမိတော့မှပဲ စုန့်ဝမ် စိတ်သက်သာရာရသွားတယ်။ ဒီနေရာထိ ယန်မျိုးနွယ် လက်လှမ်းမှီစရာအကြောင်း မရှိဘူးလေ။

စျေးထဲ ဖြတ်လျှောက်ရင်း အကဲခတ်ကြည့်တော့ ယန်မျိုးနွယ်က ကျင့်ကြံသူတွေ မရှိသလို၊ အစောင့်တွေကလည်း ထူးထူးခြားခြား မရှိဘဲ ပုံမှန်အတိုင်း ရှိနေကြတာမြင်မှ စိတ်အေးသွားတယ်။ ဒါနဲ့ အချိန်ဖြုန်းမနေတော့ဘဲ ဆေးခန်းမဆီ အမြန်ထွက်လာခဲ့တယ်။

အကြီးအကဲရှန်က အခြေတည်နယ်ပယ် နှောင်းပိုင်းအဆင့် ကျင့်ကြံသူဖြစ်သလို၊ အဆင့်မြင့်ဆေးပညာရှင်လည်း ဖြစ်နေလို့ ဂိုဏ်းရဲ့မဏ္ဍိုင်တစ်ခုအဖြစ် နာမည်ကျော်တယ်။ ဒီလိုလူကိုတော့ ယန်မျိုးနွယ်က ထိုးဖောက်စည်းရုံးနိုင်မယ် မထင်ဘူး။ အကြီးအကဲရှန်ဆီ ယန်မျိုးနွယ်စုက သက်တံမြက်ကို ခိုးယူပြီး ကိုးနန်းတော်ဂိုဏ်းနဲ့ ပူးပေါင်းတဲ့သတင်းကို အရောက်ပို့ရမယ်။ ဒါမှ ယန်မျိုးနွယ်စု ပျက်သုဥ်းပြီး အန္တရာယ်ကင်းကင်း နေထိုင်လို့ ရမှာ။

ခပ်သွက်သွက်လာရင်း မနက် ၉ နာရီ ဆေးခန်းမ တံခါးဖွင့်ချိန် ဂိတ်ပေါက်ဝဆီ ရောက်လာတယ်။ ဂိတ်ဝမှာ ထုံးစံအတိုင်း အစောင့်တွေ အများအပြား ချထားတယ်။ အနားရောက်တာနဲ့ စုန့်ဝမ်လည်း မူလအသွင် ပြန်ပြောင်းလိုက်တယ်။ ဆေးခန်းမဆီ ဝင်ဖို့က တပည့်တံဆိပ်နဲ့ တာဝန်တံဆိပ် နှစ်ခုလုံး လိုအပ်တယ်။ အဲဒီတံဆိပ်တွေက အော်ရာနဲ့ ကိုယ့်အော်ရာ ကိုက်ညီမှာသာ ဝင်ခွင့်ရမှာဆိုတော့ ပုံဖျက်ဝင်လို့ မရဘူး။

ဂိတ်ဝနဲ့ ခပ်လှမ်းလှမ်းအရောက် သစ်ပင်အကွယ်ကနေ ကောထောင် ထွက်လာပြီး လမ်းပိတ်ရပ်လိုက်တယ်။

ကောထောင် သူ့ကို စောင့်နေတယ်ဆိုတာ ရိပ်မိလို့ စုန့်ဝမ် ရင်ထိတ်သွားတယ်။ လမ်းတလျှောက် အန္တရာယ်ကြားက လွတ်လာပြီးမှတော့ ဒီရောက်မှ အသေမခံနိုင်ဘူး။ သူ့လို ပြင်ပဂိုဏ်းတပည့်ကို သတ်မိရင် ဒဏ်ကြေးက အဆင့်နိမ့်ဝိညာဥ်ကျောက် ၃၀၀၀ ပဲ ပေးရမှာဆိုတော့ ကောထောင် မစွန့်စားဘူးလို့ မပြောနိုင်ဘူး။

စုန့်ဝမ်လည်း ချက်ချင်း ခြေလှမ်းရပ်လိုက်ပြီး ညာလက်က တစ္ဆေဦးခေါင်းဒိုင်းနဲ့ ဘယ်လက်က ပျံသန်းခြင်းအဆောင် အသင့်ကိုင်ထားလိုက်တယ်။ သွေးစတေးနည်းစနစ်နဲ့ သွေးလွတ်မြောက်နည်းစနစ် အသက်သွင်းဖို့လည်း ပြင်ထားတယ်။ မြန်နှုန်းမြှင့်အဆောင်ကတော့ ကုန်ပြီ။ မိုးကြိုးမှော်အဆောင် ကျန်သေးပေမယ့် ဒီနေရာမှာ ထုတ်သုံးလို့ မဖြစ်ဘူး။ နတ်ဆိုးလမ်းစဥ် ကျင့်ကြံသူတပည့်က ကောင်းကင်ချီကို သုံးနိုင်တယ်ဆိုရင် ဂိုဏ်းအကြီးအကဲတွေ အာရုံစိုက်စရာ ဖြစ်သွားလိမ့်မယ်။ ဘယ်လိုမှ ရှင်းပြလို့ရမှာ မဟုတ်ဘူး။ အသတ်မခံရရင်တောင် သုတေသနဓာတ်ခွဲခန်းထဲက ကြွက်ဘဝ ရောက်သွားလိမ့်မယ်။

အဆိုးဆုံး အခြေအနေ ရင်ဆိုင်ရရင် ကောထောင်တိုက်ခိုက်ချက်ကို ကာကွယ်ရင်း ယန်မျိုးနွယ်လျှို့ဝှက်ချက်ကို အော်ဟစ်ပြောရုံပဲ ရှိတယ်။ ဒါဆို ဂိတ်ဝက အစောင့်တွေ အရောက်လာကယ်ကြမှာပဲ။

စုန့်ဝမ်ဘက်က တင်းမာနေပေမယ့် ကောထောင်က ရန်လိုဟန် လုံးဝမပြဘူး။ အလောင်းချီ စုစည်း လည်ပတ်တာ မရှိသလို၊ လက်နှစ်ဖက်မှာ ဘာလက်နက်မှ ကိုင်မထားတာ မြင်သာအောင် ဖြန့်ပြရင်း ဖော်ဖော်ရွေရွေ ပြုံးပြလာတယ်။ စုန့်ဝမ်တောင် နည်းနည်း အံအားသင့်သွားတယ်။

တကယ်တော့ ကောထောင်က စုန့်ဝမ်ကို သတ်ချင်နေသလို၊ သတ်ဖို့ကလည်း မခက်ဘူး။ ဒါပေမယ့် ဒီနေရာမှာ လူသတ်လို့ မဖြစ်ဘူး။ တခြားအချိန်ဆို သတ်လည်း ဘယ်သူကမှ အရေးစိုက်မှာ မဟုတ်ဘူး၊ ဒဏ်ကြေးဆောင်ရင် ပြီးသွားမယ်။ ဒါပေမယ့် တာဝန်အတူထမ်းဆောင်တဲ့ ဂိုဏ်းသားချင်း သတ်တယ်ဆိုရင် သတိမထားမိလောက်အောင် ဂိုဏ်းအကြီးအကဲတွေက ငအမှ မဟုတ်တာ။ တာဝန်သတင်းပို့ချက် မတင်ပြခင် သတ်ဖြတ်ကြရင် ရေဆုံးမြေဆုံး လိုက်စစ်ခံရပြီး အကုန်မျိုးကန်းသွားလိမ့်မယ်။

ယန်မျိုးနွယ်ရဲ့ဗျူဟာက စုန့်ဝမ် ဂိုဏ်းဆီ ပြန်မရောက်အောင် မတားနိုင်ရင်၊ ကောထောင်က ဆီးကြိုပြီး လာဘ်ထိုးဖို့ လုပ်ရမယ်။ လုံးဝဖုံးဖိပေးဖို့ မဖြစ်နိုင်ရင်တောင် အချိန်တစ်ခု ဆွဲထားနိုင်ဖို့ ရည်ရွယ်တယ်။ ဒါမှ ယန်မျိုးနွယ်အတွက် တိမ်းရှောင်ဖို့ အချိန် လုံလုံလောက်လောက် ရမှာ။ ဒါပေမယ့် အရေးပေါ်အစီအစဥ်က ယန်ကောင်း သတင်းပို့ချိန်တည်းက စတင်နေပြီ။ မျိုးနွယ်ပိုင် ဝိညာဥ်ရတနာတွေနဲ့ အရည်အချင်းမြင့် မျိုးဆက်သစ်တွေကို ရွေ့ပြောင်းစေခဲ့ပြီးပြီ။ ယန်ယဲ့ဝမ် အပါအဝင်အဝင်ပေါ့။

……….

All Chapters