← Chapters

အခန်း (၂၄၈-၂၅၅)

Vol. 25 Ch. 248-255

အခန်း (၂၄၈-၂၅၅)

Vol. 25 Ch. 248-255

လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၂၄၈ -၂၅၅)

​အဆောက်အအုံပျက်များစုပုံနေသော တောင်ကုန်းထိပ်မှ ထွက်ပေါ်လာသော အေးစက်လှောင်ပြောင်သံကြောင့် တောင်တန်းဘုရင်၏ လင်းရှောင်အား သတ်ဖြတ်ရန် မြောက်တက်လာသော လက်သည် လေထဲတွင် ခေတ္တမျှ ရပ်တန့်သွားသည်။

​သူသည် သူ၏ပျက်စီးနေသော လည်ပင်းကြောများကြောင့် မနည်းအားယူကာ လှည့်ကြည့်လိုက်ရသည်။

သူ၏ တစ်လုံးတည်းသာကျန်ရှိတော့သည့် ဘယ်ဘက်မျက်လုံးတစ်လုံးသည် သွေးများဖြင့် နီရဲနေပြီး ထိုမျက်လုံးထဲတွင် အဆုံးမဲ့သော အမုန်းတရားနှင့် ရက်စက်မှုတို့သာ ပြည့်နှက်နေသည်။

​သူ၏အကြည့်များက အပျက်အစီးများထိပ်တွင် ဘုရင်တစ်ပါးကဲ့သို့ ရပ်နေသော ထျန်ရှင်းလုထံသို့ ကျရောက်သွားသည်။

​ထျန်ရှင်းလု၏ ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများအားလုံးသည် လုံးဝပျောက်ကင်းနေပြီး သူ၏သွေးနီရောင်ခန္ဓာကိုယ်သည် လရောင်အောက်တွင် သွေးစွန်းနေသော နတ်ဘုရားတစ်ပါးကဲ့သို့ပင်။

​တောင်တန်းဘုရင်၏ မျက်နှာထက်တွင် အထင်အမြင်သေးခြင်းနှင့် လှောင်ပြောင်လိုခြင်းတို့က လျင်မြန်စွာ နေရာယူလာသည်။ သူ၏နှုတ်ခမ်းများက ရွံရှာဖွယ်ကောင်းသော အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားသည်။

​“မင်း...ကလား...။”

​သူ၏အသံသည် လည်ချောင်းထဲမှ သွေးများဖြင့် ပြည့်နှက်နေသောကြောင့် ကြမ်းတမ်းခြောက်ကပ်နေသည်။

​“ထျန်ကလန်က ခွေးပေါက်လေးတစ်ကောင်...။ သေခါနီး ခြင်္သေ့တစ်ကောင်ကို လာဟောင်ရဲတယ်ပေါ့လေ။ မင်းရဲ့သတ္တိကိုတော့ ငါအသိအမှတ်ပြုပါတယ်ကွာ။”

​သူ၏စကားလုံးတိုင်းတွင် နှစ်ပေါင်းထောင်ချီ၍ အထက်စီးတွင် နေထိုင်လာခဲ့သူတစ်ဦး၏ မာနတရားနှင့် မောက်မာမှုတို့က အပြည့်အဝပါဝင်နေသည်။

သူ၏အမြင်တွင် ထျန်ရှင်းလုသည် အနည်းငယ် ထူးခြားသော ခန္ဓာကိုယ်ရှိသည့် လူငယ်လေးတစ်ယောက်သာဖြစ်သည်။

​ယခု သူသည် သေလုမျောပါးဒဏ်ရာရနေသည်မှာမှန်သော်လည်း... ပုရွက်ဆိတ်တစ်ကောင်ကို နင်းသတ်ရန်တော့ အင်အားအလုံအလောက်ရှိနေသေးသည်ဟု သူယုံကြည်သည်။

သူ၏အထင်သည်လည်းမှန်ကန်ပါ၏။ သူ၏ယခုလက်ရှိအခြေအနေသည် အတော်လေးဆိုးဝါးနေသော်လည်း ထျန်ရှင်းလုကိုတော့ အခက်အခဲမရှိသတ်ပြစ်နိုင်ဦးမည်ဖြစ်သည်။

မည်သို့ပင်ဖြစ်စေကာမူ သူသည် မိုးပြာကုန်းမြေတိုက်ကြီးတစ်ခုလုံးရဲ့ အစာကွင်းဆက်၏ ထိပ်ဆုံးတွင်ရှိနေသော ကျားကြီးတစ်ကောင်ဖြစ်သည်။ သူသည် အဆင့် ၇ သေမျိုးတန်ခိုးရှင်တစ်ပါးဖြစ်သည်။

​သူ၏အဓိကရန်သူမှာ လင်းရှောင်သာဖြစ်သည်။ ထျန်ရှင်းလုကဲ့သို့သော နောက်ခံအင်အားကောင်းသည့် ကလေးတစ်ယောက်ကို သတ်ဖြတ်ခြင်းက မလိုအပ်သော ပြဿနာများကိုသာ သယ်ဆောင်လာလိမ့်မည်။

​“မင်းအသက်ကို မင်းတန်ဖိုးထားရင်တော့ အခုချက်ချင်း ငါ့မျက်စိရှေ့ကနေ ထွက်သွားလိုက်တော့။” တောင်တန်းဘုရင်က အမိန့်ပေးသလို ပြောလိုက်ပြီး လင်းရှောင်ထံသို့ ပြန်လှည့်သွားသည်။

​သူသည် သူ၏နောက်ကျောကို ထျန်ရှင်းလုထံသို့ လုံးဝဖွင့်ဟပြထားလိုက်သည်။ ဤသည်မှာ အဆုံးစွန်သော အထင်သေးမှုပင်ဖြစ်သည်။

သို့သော် သူ၏နောက်ကျောဘက်မှ ထျန်ရှင်းလု၏ မျက်နှာထက်တွင်တော့ အေးစက်သော အပြုံးတစ်ပွင့် ဖြစ်ပေါ်လာသည်။

​‘ဒီလိုဖြစ်ရမှာပေါ့...။ မာနကြီးတဲ့ မြေခွေးအိုကြီးရဲ့ နောက်ဆုံးထွက်သက်က မာနကြောင့်ပဲ ဖြစ်ရမှာပေါ့။’

ထျန်ရှင်းလု၏ စိတ်အစဉ်ထဲတွင် အေးစက်စွာ ရေရွတ်လိုက်သည်။ သူက လာမည့်ဖိအားဒဏ်ကို ကြံ့ကြံ့ခံနိုင်ရန် အသက်ကိုပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး သူ၏လက်တစ်ဖက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်။

သူ၏လက်ဖဝါးထက်တွင် အနက်ရောင် တြိဂံပုံသဏ္ဍာန် နတ်ပုတီးချွန်လေးသည် တိတ်ဆိတ်စွာ ပြန်လည်ပေါ်ထွက်လာသည်။

သူက နတ်ပုတီးချွန်အား တောင်တန်းဘုရင်၏ နောက်ကျောကို တိကျစွာချိန်ရွယ်ထားပြီး အခွင့်သာဆုံးအချိန်ကို စောင့်ဆိုင်းနေသည်။

တောင်တန်းဘုရင်၏ကျန်ရှိနေသော ဘယ်လက်သည် လင်းရှောင်၏ဦးခေါင်းကို ဆုပ်ကိုင်ရန် တဖြည်းဖြည်း နိမ့်ဆင်းလာသည်။

ထိုအခိုက်အတန့်...။

ထျန်ရှင်းလု၏ မျက်လုံးများက အေးစက်စွာ လက်ခနဲဖြစ်သွားသည်။

“သွား။”

“ဝှီး... ရှူးးးးးး”

လေထုကိုထိုးခွဲသွားသော စူးရှသည့်အသံက နောက်တစ်ကြိမ်ထွက်ပေါ်လာသည်။ တောင်တန်းဘုရင်သည် အလွန်အမင်းဒဏ်ရာရနေသော်လည်း သူ၏အဆင့် ၇ သေမျိုးတန်ခိုးရှင်အဆင့် အာရုံခံစားမှုကတော့ ထက်မြက်နေဆဲဖြစ်သည်။

သူ၏လှုပ်ရှားမှုများ ရပ်တန့်သွားပြီး အထင်သေးစွာဖြင့် နောက်သို့လှည့်ကြည့်လိုက်သည်။

“ထပ်လာပြန်ပြီလား။ မင်းက တကယ်ကို မမှတ်တတ်တဲ့ ကလေးစုတ်ပဲ။”

သူ၏မျက်လုံးထဲတွင် အနက်ရောင်အလင်းတန်းတစ်ခုက အရှိန်ပြင်းစွာ တိုးဝင်လာနေသည်ကို တွေ့လိုက်ရသည်။ ‘ဒီတိုက်ကွက်က..... အရင်တစ်ခေါက်ကနဲ့ အတူတူပဲပါလား။ ဒီကောင် ငါ့ကိုအရူးမှတ်နေတာလား။’

သူသည် ပထမအကြိမ်ကဲ့သို့ပင် သူ၏ကျန်ရှိနေသော ဘယ်လက်ကို ဝှေ့ယမ်းလိုက်ပြီး သူ၏စွမ်းအင်များကို အသုံးပြုကာ လေပွေဂယက်တံတိုင်းတစ်ခုကို ဖန်တီးလိုက်သည်။

သူ၏အမြင်တွင် ဤမျှလောက်သော ကာကွယ်မှုသည် ထိုအရာကိုတားဆီးရန် လုံလောက်သည်ထက်ပင် ပိုနေသေးသည်။ သူသည် အစွမ်းကုန်အသုံးပြုရန်ပင် မလိုအပ်ဟု တွေးလိုက်မိသည်။

တောင်တန်းဘုရင်သည် အထင်သေးမိ၍ ယခုလောက်အထိ ဒါဏ်ရာရနေသည်ဖြစ်ခြင်းကို မေ့သွား၏။ အထင်သေးမိ၍ သေခါနီးဖြစ်သွားသော သင်ခန်းစာကိုမေ့မြောသွားပြန်သည်။

နတ်ပုတီးချွန်သည် သူ၏လေပွေဂယက်တံတိုင်းနှင့် ထိတွေ့ရန် မီလီမီတာအနည်းငယ်အလို...

အပျက်အစီးများထိပ်တွင် ရပ်နေသော ထျန်ရှင်းလု၏ နှုတ်ခမ်းထောင့်များက အေးစက်ရက်စက်စွာ တွန့်ကွေးသွားသည်။

သူ၏စိတ်အစဉ်ထဲတွင် စကားလုံးတစ်လုံးတည်းသာ ပဲ့တင်ထပ်သွားသည်။

“တိုး။”

ရုတ်တရက်...။

“ဂျိန်းးးး”

ထျန်ရှင်းလု၏ ခန္ဓာကိုယ်အတွင်းမှ ထိုအမိန့်ပေးသံနှင့်အတူ ကြောက်မက်ဖွယ်ကောင်းသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာသည်။

လေထဲတွင် ပျံသန်းနေသော နတ်ပုတီးချွန်၏ အလေးချိန်သည် တန်ချိန် ၅၀ သို့ ချက်ချင်းတိုးမြှင့်သွားသကဲ့သို့၊ ထိုအလေးချိန်နှင့် ညီမျှသော ဖိအားတစ်ခုက ထျန်ရှင်းလု၏ ခန္ဓာကိုယ်တစ်ခုလုံးကို အပြင်မှအတွင်းသို့ ကြိတ်ချေနေသကဲ့သို့ ခံစားလိုက်ရသည်။

သူ၏အရိုးများက ကြေမွသွားတော့မည့်အလား ကျစ်ကျစ်မြည်သံများထွက်ပေါ်လာပြီး သူ၏ကိုယ်တွင်းအင်္ဂါများမှာလည်း နေရာရွှေ့ပြောင်းသွားတော့မတတ်ပင်။

သူ၏မျက်လုံး၊ နှာခေါင်း၊ နားနှင့် ပါးစပ်တို့မှ သွေးများက ထိန်းမနိုင်သိမ်းမရ စီးကျလာသည်။ ဤသည်မှာ နတ်ပုတီးချွန်၏အလေးချိန်အား တန်ချိန် ၅၀ အထိတိုးမြင့်လိုက်သောလုပ်ရပ်၏ အကျိုးဆက်ပင်ဖြစ်သည်။

သူ၏ခံနိုင်ရည်သည် တန်ချိန် ၁၀ တန်သာဖြစ်ရာ၊ အပိုတန်ချိန် ၄၀ ၏ ဖိအားဒဏ်သည် သူ၏ခန္ဓာကိုယ်ကို ငရဲဘုံသို့ တွန်းပို့လိုက်သကဲ့သို့ပင်။

တစ်ချိန်တည်းတွင် လေထဲရှိ နတ်ပုတီးချွန်သည်လည်း ငရဲဘုံမှ နတ်ဆိုးလက်နက်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။

သူ၏ပတ်ပတ်လည်ရှိ လေထုနှင့် အာကာသကိုယ်တိုင်ကပင် ထိုဖိအားကြောင့် တွန့်လိမ်ကွေးကောက်သွားပြီး နတ်ပုတီးချွန်ကိုယ်တိုင်မှာ မူလအနက်ရောင်မှ သွေးကဲ့သို့ နီရဲသောအရောင်သို့ ပြောင်းလဲသွားသည်။

“ဘာ... ဘာလဲ။”

တောင်တန်းဘုရင်၏ မျက်နှာထက်မှ အထင်သေးသော အမူအရာသည် ချက်ချင်းပျောက်ကွယ်သွားပြီး သွေးပျက်ဖွယ် ကြောက်ရွံ့မှုနှင့် မယုံကြည်နိုင်ခြင်းတို့က နေရာယူလာသည်။

သူ၏တစ်ဘဝလုံးစာ အတွေ့အကြုံက သူအငိုက်မိသွားပြီဖြစ်ကြောင်း အော်ဟစ်သတိပေးနေသည်။

“မဟုတ်ဘူး။”

သူ၏စိတ်ထဲမှ အားကုန်အော်ဟစ်လိုက်ပြီး သူ၏လေပွေဂယက်တံတိုင်းကို အားဖြည့်ရန်ကြိုးစားလိုက်သည်။

သို့သော်... အရာအားလုံး နောက်ကျသွားခဲ့ပြီ။

“ခွမ်းးးးးးးးးးးးး။”

သူ၏လေပွေဂယက်တံတိုင်းသည် ဖန်သားတစ်ခုကဲ့သို့ပင် ကြောက်မက်ဖွယ်စွမ်းအင်လှိုင်းအောက်တွင် တစ်စက္ကန့်ပိုင်းလေးပင် မခံနိုင်ဘဲ အစိတ်စိတ်အမွှာမွှာ ပေါက်ကွဲထွက်သွားသည်။

သွေးနီရောင်နတ်ပုတီးချွန်သည် အရှိန်အနည်းငယ်မျှပင် မလျော့သွားဘဲ တောင်တန်းဘုရင်၏ ပြူးကျယ်နေသော မျက်လုံးများထဲသို့ အလင်းတန်းတစ်ခုအဖြစ် ထိုးဖောက်ဝင်ရောက်သွားသည်။

“စွတ်... ဗုန်းးးးးးးးးးးးးးးးးးးး။”

တောင်တန်းဘုရင်၏ ဦးခေါင်းတစ်ခုလုံးသည် အတွင်းမှအပြင်သို့ ပေါက်ကွဲထွက်သွားပြီး ဦးနှောက်များနှင့် သွေးများသည် သူ၏နောက်ကျောဘက်ရှိ အပျက်အစီးများပေါ်သို့ ရေပန်းတစ်ခုကဲ့သို့ ပန်းထွက်သွားသည်။

သူ၏မျက်နှာထက်တွင်တော့ အဆုံးစွန်သော ထိတ်လန့်မှု၊ နောင်တတရားနှင့် မယုံကြည်နိုင်ခြင်းတို့က ထာဝရအတွက် အေးခဲကျန်ရစ်ခဲ့သည်။

သို့သော် ထိုမျှနှင့်မပြီးဆုံးသေးချေ။

နတ်ပုတီးချွန်သည် တောင်တန်းဘုရင်၏ဦးခေါင်းကို ထိုးဖောက်ပြီးနောက်တွင် ရပ်တန့်မသွားဘဲ သွေးနီရောင်လေဆာတန်းကြီးတစ်ခုအဖြစ် ရှေ့သို့ဆက်လက်၍ တဟုန်ထိုးထွက်ခွာသွားသည်။

“ဝုန်းးးးးးးးးး။”

အသံမဟုတ်သော၊ ရုပ်ပိုင်းဆိုင်ရာ ဖိအားတစ်ခုသက်သက်သာဖြစ်သော လေထုဖိအား (shockwave) ကြီးတစ်ခုက ပေါက်ကွဲမှုဗဟိုမှ လေးဘက်လေးတန်သို့ ပျံ့နှံ့သွားသည်။

တောင်တန်းဘုရင်၏ ခေါင်းပြတ်နေသော ဧရာမခန္ဓာကိုယ်ကြီးနှင့် အနီးအနားတွင် သတိလစ်နေသော လင်းရှောင်တို့သည် လေထဲတွင်လွင့်ပါသွားသော အရုပ်များကဲ့သို့ မီတာရာပေါင်းများစွာအကွာသို့ လွင့်စဉ်ထွက်သွားကြသည်။

သွေးနီရောင်အလင်းတန်းကြီးသည် ကောင်းကင်ကို နှစ်ခြမ်းခွဲမတတ် အရှိန်ပြင်းစွာဖြင့် ခရီးဆက်နေသည်။

သူ၏လမ်းကြောင်းတစ်လျှောက်ရှိ အရာအားလုံး... ကျောက်တုံးများ၊ သစ်ပင်ကြီးများ၊ တောင်ကုန်းငယ်များ... အားလုံးသည် အငွေ့ပျံပျောက်ကွယ်သွားကြသည်။

စက္ကန့်ပိုင်းအကြာတွင်...။

ဤနေရာမှ ၁၀ ကီလိုမီတာအကွာတွင်ရှိသော တောင်တန်းကြီးတစ်ခု၏ အမြင့်ဆုံးတောင်ထိပ်ကို ထိုအလင်းတန်းက ထိမှန်သွားသည်။

တစ်ခဏတာ တိတ်ဆိတ်သွားသည်။

ထို့နောက်... ကမ္ဘာမြေကြီးတစ်ခုလုံး သိမ့်သိမ့်တုန်သွားသည်။

“ဘုန်းးးးး”

တောင်ထိပ်ကိုထိမှန်သောနေရာတွင် နေတစ်စင်းပွင့်ထွက်လာသကဲ့သို့ အလင်းထုကြီး တစ်ခုဖြစ်ပေါ်လာပြီး မီတာထောင်ချီမြင့်သော တောင်ထိပ်ကြီးသည် တစ်စက္ကန့်အတွင်း လုံးဝပျောက်ကွယ်သွားသည်။

ထိုနေရာတွင် ချော်ရည်များဖြင့် ပြည့်နှက်နေသော ချိုင့်ဝကြီးတစ်ခုသာ ကျန်ရစ်ခဲ့သည်။

တောင်တန်းတစ်ခုလုံးသည် အတွင်းမှပေါက်ကွဲသွားသကဲ့သို့ အစိတ်စိတ်အမွှာမွှာကြေမွသွားပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို ဖုန်မှုန့်များနှင့် ပြာများက လွှမ်းခြုံသွားတော့သည်။

နှစ်ပေါင်းငါးထောင်ကျော်ကြာ အုပ်စိုးခဲ့သော တောင်တန်းဘုရင်... သူ၏နောက်ဆုံးထွက်သက်သည် သူ၏မာနနှင့် အထင်သေးမှုတို့ကြောင့်ပင် အဆုံးသတ်သွားခဲ့လေပြီ။

အပျက်အစီးများထိပ်တွင်တော့ ထျန်ရှင်းလုသည် ဒူးတစ်ဖက်ထောက်ကာ အသက်ကိုမောဟိုက်စွာ ရှူရှိုက်နေသည်။

သူ၏ခန္ဓာကိုယ်ကတော့ ထိုစွမ်းအင်၏ နောက်ဆက်တွဲဒဏ်ကို အပြည့်အဝခံစားနေရပြီး နေရာတိုင်းမှ သွေးများစီးကျနေသည်။

သို့သော် သူ၏မျက်လုံးများထဲတွင်တော့ အေးစက်သော အောင်နိုင်သူတစ်ဦး၏ အရိပ်အယောင်များက တောက်ပနေလျက်...။

သိပ်မကြာလိုက်ပင် သူ၏မျက်လုံးများထဲမှ အောင်နိုင်သူ၏ အရိပ်အယောင်များ ပျောက်ကွယ်သွားပြီး အစားထိုးဝင်ရောက်လာသည်မှာ အဆုံးစွန်သော နာကျင်မှုသာဖြစ်သည်။

“အော့... ဝေါ့...”

သူ၏ခေါင်းငုံ့ကျသွားသည်နှင့် ပါးစပ်မှ ယိုကဲ့သို့ပြစ်ခဲနေသောသွေးများသာမက ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်း အစအနများပါ ရောနှော၍ ပန်းထွက်လာသည်။

သူ၏ကိုယ်တွင်းအင်္ဂါများမှာတော့ ရာဘာဘောလုံးတစ်လုံးကို နင်းချေလိုက်သကဲ့သို့ပင်။ အဆုတ်များက လေမရှိတော့ဘဲ ကျုံ့ဝင်သွားကာ၊ အသည်းနှင့် ကျောက်ကပ်တို့မှာ အတွင်းတွင်ပင် သွေးယိုစိမ့်မှုများဖြစ်ပေါ်နေသည်။

သူ၏ခန္ဓာကိုယ်တစ်ခုလုံး၏ အရိုးများက တန်ချိန် ၅၀ ၏ ဖိအားဒဏ်ကြောင့် ကြေမွသွားတော့မည့်အလား ကျစ်ကျစ်မြည်သံများထွက်ပေါ်နေသည်။

လက်ချောင်း၊ ခြေချောင်းအရိုးများမှအစ နံရိုးများနှင့် ကျောရိုးဆစ်များအဆုံး၊ အရိုးတိုင်းတွင် မမြင်နိုင်သော အက်ကွဲကြောင်းများ ပြည့်နှက်နေသည်။

သူ၏ သန်မာ၊ အားကောင်းလှသော ကြွက်သားတို့သည်ပင်လျှင် ထိုဖိအားဒဏ်ကို မခံနိုင်တော့ဘဲ မြေ​ကြီးများအက်ကွဲသကဲ့သို့ အက်ကြောင်းရာပေါင်းများစွာ ထွက်ပေါ်လာသည်။

အချို့အက်ကွဲကြောင်းများမှာ ၃ လက်မခန့်အထိ နက်ရှိုင်းကာ အတွင်းမှ ကြွက်သားမျှင်နီနီများနှင့် အရိုးဖြူဖြူများကိုပင် မြင်နေရသည်။

ထိုအက်ကွဲကြောင်းများမှတစ်ဆင့် သွေးများက ရေတံခွန်ကဲ့သို့ ဖြာကျလာကာ သူ၏အောက်မှ အပျက်အစီးများကို သွေးအိုင်အဖြစ်သို့ ပြောင်းလဲပစ်လိုက်သည်။

သူ၏အမြင်အာရုံသည် ဝေဝါးလာပြီး ကမ္ဘာကြီးတစ်ခုလုံးက သူ့ပတ်ပတ်လည်တွင် ချာချာလည်နေသကဲ့သို့ ခံစားနေရသည်။

သူ၏နားထဲတွင်တော့ သွေးများဆူပွက်နေသည့်အသံနှင့် သူ၏နှလုံးခုန်သံ တဖြည်းဖြည်းနှေးကွေးလာသည့်အသံမှလွဲ၍ ဘာကိုမှမကြားရတော့။

သူ၏အဆုတ်သည်လည်း အလုပ်မလုပ်နိုင်တော့ပဲ လေဝင်၊ လေထွက်မရှိသောကြောင့် သူကအသက်ရှုကြပ်လာကာ ဂစ်ဂစ်ဂတ်ဂတ်တွေဖြစ်ကုန်သည်။

သူ၏ခန္ဓာကိုယ်သည် သူ့အစိတ်လိုကို မလိုက်နာနိုင်တော့ဘဲ ရှေ့သို့ ယိုင်နဲ့ကာ လဲကျသွားတော့သည်။

ကံကောင်းသည်မှာတော့ အခြေအနေအား တော​က်လျောက်စောင့်ကြည့်နေသော လီနာက အလျင်အမြန်အနားသို့ရောက်လာပြီး သူမအား အဖြူရောင်ဆေးလုံးတိုက်ကျွေးလိုက်ခြင်းဖြစ်သည်။

သို့မဟုတ်ပါက ဤနေရာတွင် ထျန်ရှင်းလု အမှန်တကယ်သေဆုံးသွားနိုင်၏။ သူ၏နဂိုပြန်လည်ကုသနိုင်စွမ်းမှာ မည်မျှပင်အားကောင်းသည်ဆိုနေပါစေ အကန့်အသတ်တစ်ခုတော့ရှိလေသည်။

ထျန်ရှင်းလု၏ ပါးစပ်ထဲရောက်သွားသည်နှင့် အဖြူရောင်ဆေးလုံးက ချက်ချင်းပင်အရည်ပျော်သွားကာ သာမန်အရည်မဟုတ်ဘဲ အသက်စွမ်းအင် သက်သက်ဖြင့်ဖွဲ့စည်းထားသော အေးမြသည့် စမ်းချောင်းလေးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။

ထိုအသက်စွမ်းအင်စမ်းချောင်းလေးသည် သူ၏လည်ချောင်းတစ်လျှောက် စီးဆင်းသွားပြီးနောက် ကြောက်မက်ဖွယ်ကောင်းလောက်အောင် ပျက်စီးနေသော သူ၏ကိုယ်တွင်းသို့ ပျံ့နှံ့သွားသည်။

ဤသည်မှာ ရိုးရှင်းသော ကုသမှုတစ်ခုမဟုတ်ပေ။ ဤသည်မှာ သေမင်း၏ လက်ထဲမှ အသက်ကို ပြန်လည်လုယူနေသည့် စစ်ပွဲတစ်ခုနှင့်တူနေသည်။

ပထမဦးစွာ၊ အသက်စွမ်းအင်၏ အဓိကအစိတ်အပိုင်းသည် သူ၏ ရင်ဘတ်ထဲသို့ တိုးဝင်သွားသည်။

ထိုနေရာတွင် သူ၏အဆုတ်နှစ်ဖက်မှာ လေမရှိသော ပူဖောင်းများကဲ့သို့ ကျုံ့ဝင်နေပြီး သူ၏နှလုံးမှာလည်း နောက်ဆုံးအကြိမ်အဖြစ် အားနည်းစွာ ခုန်နေကာ တဖြည်းဖြည်း ရပ်တန့်လုနီးပါးဖြစ်နေပြီဖြစ်သည်။

အဖြူရောင်စွမ်းအင်များသည် သူ၏ကျုံ့ဝင်နေသော အဆုတ်များထံသို့ ညင်သာစွာစီးဆင်းသွားကာ မှော်ဆန်စွာဖြင့် ပြန်လည်ကုသလိုက်သည်။

တစ်ချိန်တည်းမှာပင် ရပ်တန့်လုနီးပါးဖြစ်နေသော သူ၏နှလုံးသားကို နွေးထွေးစွာ လွှမ်းခြုံလိုက်ပြီး အသက်စွမ်းအင်များကို တိုက်ရိုက်ထိုးသွင်းကာ အားအပြင်းဆုံး နှလုံးခုန်စက်တစ်ခုကဲ့သို့ “ဒုန်း” ဟူသော အသံနှင့်အတူ ပြန်လည်အလုပ်လုပ်စေသည်။

“ဟားးးးးးး”

မြေပြင်ပေါ်တွင် လဲလျောင်းနေသော ထျန်ရှင်းလု၏ ပါးစပ်မှ ရှည်လျားပြီး ပြင်းထန်သော ရှူရှိုက်သံကြီးတစ်ခု ထွက်ပေါ်လာသည်။

သူ၏ရင်ဘတ်သည် အားကုန်ဖောင်းတက်လာပြီး လောကကြီး၏ သွေးညီနံများဖြင့် ပြည့်နှက်နေသော လေထုကို နှစ်ပေါင်းများစွာ မရှူခဲ့ရသကဲ့သို့ အငမ်းမရ ရှူသွင်းလိုက်သည်။

ထို့နောက်တွင်တော့ အသက်စွမ်းအင်များသည် သူ၏ကြေမွနေသော ကိုယ်တွင်းအင်္ဂါများဆီသို့ လျင်မြန်စွာ ပျံ့နှံ့သွားသည်။

စုတ်ပြဲနေသော အသည်း၊ သွေးယိုနေသော ကျောက်ကပ်၊ ဖိညှစ်ခံထားရသော အစာအိမ်... ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတိုင်းကို အသက်စွမ်းအင်များက အပ်ချည်မျှင်လေးများကဲ့သို့ ဝင်ရောက်ကာ စုတ်ပြဲနေသောနေရာများကို ပြန်လည်ချုပ်စပ်ပေးလိုက်သည်။

ပျက်စီးနေသော ဆဲလ်များကို ဖယ်ရှားပြီး ဆဲလ်အသစ်များကို အလျင်အမြန် မွေးဖွားစေသည်။ သူ၏ကိုယ်တွင်းမှ အမည်းရောင်သွေးများနှင့် ပျက်စီးနေသော အသားစိုင်အချို့သည် သူ၏အရေပြားအက်ကွဲကြောင်းများမှတစ်ဆင့် အပြင်သို့ စိမ့်ထွက်လာသည်။

နောက်ဆုံးတွင် အသက်စွမ်းအင်များသည် သူ၏ခန္ဓာကိုယ်တစ်ခုလုံးရှိ အရိုးများဆီသို့ စီးဝင်သွားသည်။

သူ၏အရိုးများထဲရှိ မမြင်နိုင်သော အက်ကွဲကြောင်းလေးများထဲသို့ ဘိလပ်မြေများကဲ့သို့ စီးဝင်ကာ အက်ကြောင်းတိုင်းကို ပြန်လည်ဖြည့်တင်းပေးသည်။

“တကျစ်ကျစ်” မြည်သံများက သူ၏ခန္ဓာကိုယ်အတွင်းမှ တိုးညှင်းစွာထွက်ပေါ်လာပြီး သူ၏အရိုးများအားလုံးသည် မူလနေရာသို့ ပြန်လည်ရောက်ရှိသွားသည်။

သို့သော်...

ဤအံ့ဖွယ်ဆေးလုံးသည် မသေမျိုးဆေးဟုပင်ခေါ်ဆိုနိုင်လောက်သော်လည်း ထျန်ရှင်းလု၏ ဒဏ်ရာများမှာ သာမန်မဟုတ်ပေ။

သူ၏ခန္ဓာကိုယ်သည် တန်ချိန် ၅၀ ၏ ဖိအားဒဏ်ကို တိုက်ရိုက်ခံစားခဲ့ရခြင်းဖြစ်သည်။ ထျန်ရှင်းလုချက်ချင်း မသေသွားသည်ကပင် အံဩစရာကောင်းလှနေပြီဖြစ်သည်။

ဤသကောင့်သား၏ အသက်စွမ်းအင်သည် အကျိုးနည်းစွာ အားကောင်းလွန်းလှသည်။

ဆေးလုံး၏ အသက်စွမ်းအင်များသည် သူ၏အသက်ကို သေမင်းလက်မှ ပြန်လည်ဆွဲထုတ်ရန်နှင့် အရေးကြီးဆုံးသော ကိုယ်တွင်းအင်္ဂါများကို အလုပ်ပြန်လုပ်နိုင်ရန်အတွက် စွမ်းအင်အများစုကို အသုံးပြုလိုက်ရသည်။

သူ၏အရိုးများကို ပြန်လည်ဆက်စပ်ပေးနိုင်ခဲ့သော်လည်း အသစ်တစ်ဖန်ပြန်လည် မွေးဖွားပေးနိုင်ခြင်းမရှိပေ။ သူ၏ကြွက်သားအမျှင်များကို ပြန်လည်ဆက်စပ်ပေးနိုင်ခဲ့သော်လည်း သူ၏မူလခွန်အားကို ပြန်လည်ဖြည့်တင်းပေးနိုင်ခြင်းမရှိပေ။

ဆေးလုံး၏ စွမ်းအင်များသည် သူ၏အသက်ကို ကယ်တင်ပြီးနောက်တွင် လောင်စာကုန်သွားသော မီးပုံကြီးတစ်ခုကဲ့သို့ တဖြည်းဖြည်း ကုန်ဆုံးသွားသည်။

ထျန်ရှင်းလု၏ ခန္ဓာကိုယ်ပေါ်ရှိ ကြောက်မက်ဖွယ်အက်ကွဲကြောင်းကြီးများသည် အသားနုများတက်လာကာ တဖြည်းဖြည်း ပိတ်သွားသော်လည်း နီရဲသော အမာရွတ်များအဖြစ် ကျန်ရှိနေသေးသည်။

သူ၏မျက်နှာသည် သွေးမရှိတော့သကဲ့သို့ ဖြူဖျော့နေဆဲဖြစ်ပြီး သူ၏အသက်ရှုသံမှာလည်း အားနည်းစွာ တက်လိုက်ကျလိုက်ဖြစ်နေသည်။

သူသည် သေခြင်းတရားမှ လွတ်မြောက်ခဲ့ပြီဖြစ်သော်လည်း သူ၏ခန္ဓာကိုယ်သည် ၅၀ ရာခိုင်နှုန်းခန့်သာ ပြန်လည်ကောင်းမွန်လာသေးသည်။

သူ၏လက်ရှိအခြေအနေမှာ အားအကောင်းဆုံးသော တိုက်ကွက်ကို အသုံးပြုပြီးနောက် လုံးဝအားအင်ကုန်ခမ်းသွားသည့် သာမန်လူတစ်ယောက်နှင့် မခြားပေ။

မီးစာငြိမ်းခါနီးနေပြီဖြစ်သည့် ဆီမီးခွက်တစ်ခွက် နှင့် မခြားနားချေ။

လီနာ၏ အကူအညီဖြင့် သူသည် အားယူကာ တုန်ယင်နေသော လက်များကို မြေပြင်ပေါ်သို့ထောက်လိုက်ပြီး ခက်ခက်ခဲခဲဖြင့် မတ်တပ်ရပ်လိုက်ရသည်။

သူ၏ခြေထောက်များက ဂျယ်လီတုံးများကဲ့သို့ ပျော့ခွေနေပြီး အချိန်မရွေးပြန်လဲကျသွားနိုင်သည့်အခြေအနေတွင်ရှိနေသည်။

သူ၏အကြည့်များက အဝေးမှောင်မိုက်နေသော နေရာထံသို့ ရောက်ရှိသွားပြီး သူ၏နှုတ်ခမ်းထောင့်တွင် အားနည်းသော အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။

ထိုသကောင့်သား... အသက်ရှင်နေသေးသည်။ ကောင်းသည်။ ထိုသို့ဆိုပါက ယနေ့တွင် သူတို့တွေ အနိုင်ရသူအားဆုံးဖြတ်နိုင်လိမ့်မည်ဖြစ်သည်။

တစ်ချိန်တည်းတွင် မီတာရာပေါင်းများစွာအကွာ၊ အပျက်အစီးများဖြင့် ပြည့်နှက်နေသော နေရာတစ်ခုတွင် လင်းရှောင်၏ အသက်မဲ့နေသော ခန္ဓာကိုယ်သည် အုတ်ကျိုးကျောက်ခဲများကြားတွင် ငြိမ်သက်စွာ လဲလျောင်းနေသည်။

သူ၏နှလုံးခုန်သံ ရပ်တန့်သွားခဲ့ပြီ။ သူ၏အသက်ရှုသံ တိတ်ဆိတ်သွားခဲ့ပြီ။ သူ၏ဝိညာဉ်သည် လောကကြီးမှ ထွက်ခွာသွားရန် အသင့်ဖြစ်နေပြီဖြစ်သည်။

သို့သော် တောင်တန်းဘုရင် သေဆုံးသွားသည့်အခိုက်အတန့်တွင်၊ သူ၏ခန္ဓာကိုယ် ပေါက်ကွဲထွက်သွားရာနေရာမှ မမြင်နိုင်သော၊ သို့သော် အလွန်အမင်းသိပ်သည်းလှသော သေခြင်းတရား၏ အငွေ့အသက်များသည် လေထုထဲသို့ ပျံ့လွင့်ထွက်ပေါ်လာသည်။

ဤသည်မှာ သာမန်သေခြင်းမဟုတ်ပေ။ ဤသည်မှာ အဆင့် ၇ သေမျိုးတန်ခိုးရှင်တစ်ပါး၊ နှစ်ပေါင်းငါးထောင်ကျော် သက်တမ်းရှိသော ပုဂ္ဂိုလ်ကြီးတစ်ဦး၏ အသက်စွမ်းအင်၊ ဝိညာဉ်စွမ်းအင်နှင့် သူ၏တည်ရှိမှုတစ်ခုလုံး အဆုံးသတ်သွားရာမှ ထွက်ပေါ်လာသော အနှစ်သာရပင်ဖြစ်သည်။

ထိုအငွေ့အသက်များသည် လမ်းပျောက်နေသော ဝိညာဉ်များကဲ့သို့ လေထဲတွင် လွင့်မျောမသွားခဲ့ပေ။ ထိုအစား၊ ၎င်းတို့သည် သခင်ရှာတွေ့သွားသော ခွေးလေခွေးလွင့်များကဲ့သို့ ဦးတည်ရာတစ်ခုတည်းဆီသို့ ဦးတည်သွားကြသည်။ ထိုဦးတည်ရာမှာ လင်းရှောင်၏ အသက်မဲ့ခန္ဓာကိုယ်ပင်ဖြစ်သည်။

သံလိုက်စက်ကွင်းတစ်ခုက ဆွဲငင်လိုက်သကဲ့သို့၊ သေခြင်းတရား၏ အငွေ့အသက်များအားလုံးသည် လင်းရှောင်၏ ခန္ဓာကိုယ်ဆီသို့ အနက်ရောင်မြစ်တစ်စင်းအဖြစ် စီးဆင်းသွားကြသည်။

သူ၏ခန္ဓာကိုယ်အပေါ်တွင် အနက်ရောင်ဝဲဂယက်ငယ်လေးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ထိုစွမ်းအင်များအားလုံးကို သူ၏ခန္ဓာကိုယ်ထဲသို့ အတင်းအကျပ် စုပ်ယူထည့်သွင်းလိုက်သည်။

ထိုအခါ... အံ့ဖွယ်ဖြစ်စဥ်တစ်ခု ဖြစ်ပေါ်လာသည်။

လွင့်ထွက်သွားရာမှ သူ၏ကျိုးကြေနေသည့် အရိုးများက “တကျစ်ကျစ်” မြည်သံများနှင့်အတူ မူလနေရာသို့ ပြန်လည်ရောက်ရှိသွားသည်။

သူ၏သွေးများဖြင့် စိုရွှဲနေသော ခန္ဓာကိုယ်သည် အသစ်တစ်ဖန် ပြန်လည်မွေးဖွားလာသကဲ့သို့ တောက်ပလာသည်။

သူ၏ခန္ဓာကိုယ်ထဲမှ အသက်စွမ်းအင်သည် ခန်းခြောက်နေသော မြစ်တစ်စင်းထဲသို့ မိုးရေများ ရုတ်တရက်ရွာသွန်းဖြည့်တင်းလိုက်သကဲ့သို့ ပြန်လည်ပြည့်လျှံလာသည်။

“ဒုတ်... ဒုတ်... ဒုတ်။”

သူ၏ရပ်တန့်နေသော နှလုံးသားသည် ယခင်ကထက် အဆပေါင်းများစွာ ပိုမိုအားကောင်းသောအရှိန်ဖြင့် ပြန်လည်ခုန်ပေါက်လာသည်။

သူ၏ အညိုရောင်မျက်လုံးများက ဖြည်းညှင်းစွာ ပွင့်လာသည်။ ထိုမျက်လုံးများသည် သွေးပင်လယ်ကြီးတစ်ခုကဲ့သို့ နက်ရှိုင်းပြီး အဆုံးမဲ့သော သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။

သူသည် ဖြည်းညှင်းစွာ မတ်တပ်ရပ်လိုက်သည်။ သူ၏ခန္ဓာကိုယ်သည် ယခင်ကကဲ့သို့ ဒဏ်ရာရထားသည့် အရိပ်အယောင်ပင်မရှိ။ အဝတ်အစားများ စုတ်ပြတ်နေသည်ကလွဲရင် အကောင်းအတိုင်းသာဖြစ်သည်။

သူ၏ခန္ဓာကိုယ်သည် အကောင်းဆုံးအခြေအနေတွင်ရှိနေပြီး သူ၏စွမ်းအင်များသည်လည်း မူလအခြေအနေထက်ပင် ပို၍အားကောင်းနေသည်။

လင်းရှောင်၏ တာအိုသည် သေခြင်းတရား၏ လမ်းခွဲတစ်ခုဖြစ်သော ‘သတ်ဖြတ်ခြင်းတာအို’ ဖြစ်သည်။ ဤတာအိုသည် အခြားသူများ၏သေဆုံးမှုမှ စွမ်းအင်ကို စုပ်ယူ၍ မိမိကိုယ်ကို အားဖြည့်တင်းသည်။

တောင်တန်းဘုရင်ကဲ့သို့သော အဆင့် ၇ သေမျိုးတန်ခိုးရှင်တစ်ပါး၏ သေခြင်းသည် သူ့အတွက်တော့ အကောင်းဆုံးသော အားဖြည့်ဆေးတစ်ခွက်ပင်။

ထိုသေခြင်းတရား၏ အနှစ်သာရများသည် သူ၏ဒဏ်ရာအားလုံးကို ကုစားပေးခဲ့ရုံသာမက သူ၏ကျင့်ကြံခြင်းအဆင့်ကိုပါ တစ်ဆင့်တိုးလုနီးပါး မြှင့်တင်ပေးခဲ့သည်။

သူ၏ကျင့်ကြံခြင်းစနစ်သည် သူကိုယ်တိုင်ဖန်တီးထားသောစနစ်ဖြစ်ကာ မူလဟူ၍မရှိပဲ အလွန်ထူးဆန်းကာ သတ်ဖြတ်ခြင်းအပေါ်တွင်သာ မူတည်ထားသည်။

သူသည် သူ၏လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး သူ၏ခန္ဓာကိုယ်ထဲတွင် စီးဆင်းနေသော စွမ်းအင်အသစ်များကို ခံစားလိုက်သည်။

ထို့နောက် သူ၏အေးစက်သော အကြည့်များက အဝေးတွင် မတ်တပ်ရပ်ရန်ပင် အားယူနေရသော ထျန်ရှင်းလုထံသို့ ရောက်ရှိသွားသည်။

လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၂၄၈ -၂၅၅) ပြီး။

All Chapters