← Chapters

အခန်း (၂၅၆-၂၆၀)

Vol. 25 Ch. 256-260

အခန်း (၂၅၆-၂၆၀)

Vol. 25 Ch. 256-260

လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၂၅၆ - ၂၆၀)

တိုက်ပွဲမြေပြင်တစ်ခုလုံးသည် သုသာန်ရင်ပြင်တစ်ခုကဲ့သို့ တိတ်ဆိတ်ငြိမ်သက်သွားသည်။

မီတာထောင်ချီမြင့်သော တောင်ထိပ်ကြီး ပျောက်ကွယ်သွားရာမှ ထွက်ပေါ်လာသော ဖုန်မှုန့်မုန်တိုင်းသည် တဖြည်းဖြည်း ပြန်လည်ကျဆင်းလာသည်။

လေထုထဲတွင် သွေးညှီနံ့၊ လောင်ကျွမ်းနေသော ကျောက်သားနံ့နှင့် သေခြင်းတရား၏ အေးစက်သော အငွေ့အသက်တို့က ရောထွေးပြည့်နှက်နေသည်။

ပျက်စီးနေသော တောင်ကုန်းထိပ်တွင် ထျန်ရှင်းလုသည် လီနာ၏ ပခုံးကို အားပြုကာ မတ်တပ်ရပ်နေရသည်။

သူ၏ခန္ဓာကိုယ်ပေါ်မှ အက်ကွဲကြောင်းအမာရွတ်များသည် သွေးများတိတ်သွားပြီဖြစ်သော်လည်း ကြောက်မက်ဖွယ်ကောင်းလောက်အောင် နီရဲနေဆဲပင်ဖြစ်သည်

သူ၏ မျက်နှာသည် စက္ကူတစ်ရွက်ကဲ့သို့ ဖြူဖျော့နေပြီး သူ၏အသက်ရှုသံတိုင်းသည် ပန်းပဲဖိုတစ်ခုမှ အဖြူငွေ့ကြီးများကဲ့သို့ ခက်ခက်ခဲခဲ အားကုန်ကြိုးစားနေပြီး ရှုသွင်း၊ ရှုထုတ်နေရသည်။

သူနှင့် မီတာရာပေါင်းများစွာအကွာတွင်တော့ လင်းရှောင်သည် မိုးကြိုးမုန်တိုင်း၏ ဗဟိုချက်မကဲ့သို့ တည်ငြိမ်စွာ ရပ်နေသည်။

သူ၏စုတ်ပြတ်နေသော အဝတ်အစားများမှလွဲ၍ သူ၏ခန္ဓာကိုယ်သည် ခြစ်ရာတစ်ချက်ပင်မရှိ။ သူ၏ သွေးနီရောင်မျက်လုံးများက အသက်စွမ်းအင်နှင့် သတ်ဖြတ်လိုစိတ်တို့ဖြင့် တောက်လောင်နေသည်။

သူ၏တည်ရှိမှုတစ်ခုလုံးမှ ထုတ်လွှတ်နေသော ဖိအားသည် ယခင်ကထက်ပင် ပိုမိုအားကောင်းပြီး လွှမ်းမိုးနိုင်စွမ်းရှိနေသည်။

ထိုမြင်ကွင်းကို ကြည့်ရင်း ထျန်ရှင်းလု၏ ဖြူဖျော့နေသော နှုတ်ခမ်းများက တဖြည်းဖြည်း တွန့်ကွေးလာသည်။

အစပိုင်းတွင် တိုးညှင်းသော ရယ်သံတစ်ခုသာဖြစ်သော်လည်း၊ မကြာမီ ထိန်းမနိုင်သိမ်းမရ ပေါက်ကွဲထွက်လာသည်။

“ဟီးဟီး... ဟီးဟီးဟီး... ဟားဟားဟားဟား။”

သူ၏ရယ်သံသည် ကြမ်းတမ်းပြီး သွေးသံများနှင့် ပြည့်နှက်နေသည်။

ဤသည်မှာ အောင်နိုင်သူ၏ ရယ်သံမဟုတ်၊ ရူးသွပ်နေသောနတ်ဆိုးတစ်ကောင်၏ ရူးသွပ်သော ရယ်မောသံနှင့်တူနေသည်။ သူ၏မျက်လုံးများက လင်းရှောင်ထံတွင်သာ စူးစိုက်ကျရောက်နေသည်။

ထိုရယ်သံကို ကြားသောအခါ အဝေးမှ လင်းရှောင်၏ နှုတ်ခမ်းထောင့်တို့ကလည်း အေးစက်စွာ တွန့်ကွေးသွားလေ၏။

ယခုအခြေအနေတွင် ထျန်ရှင်းလုသည် မီးစာကုန်ခါနီး ဆီမီးခွက်တစ်ခွက်မျှသာဖြစ်သည်။ သူသည်အသက်ကိုပင် မနည်းရှူနေရပြီး မတ်တပ်ရပ်ရန်ပင် သူများ၏အကူအညီ လိုအပ်နေသည်။

ထိုအချိန်တွင် သူ လင်းရှောင်ကတော့ တောင်တန်းဘုရင်၏ အဆင့် ၇ သေမျိုးတန်ခိုးရှင်အဆင့် သေခြင်းတရားအနှစ်သာရကို စုပ်ယူပြီးနောက် အကောင်းဆုံးအခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။

သူ၏ဒဏ်ရာများ ပျောက်ကင်းသွားရုံသာမက သူ၏စွမ်းအင်များသည်လည်း အထွတ်အထိပ်သို့ ရောက်ရှိနေသည်။

သူတို့နှစ်ယောက်ကြားမှ ကွာဟချက်သည် ကောင်းကင်နှင့် မြေကြီးလိုပင်။

ထို့အတွက်ကြောင့် သူတို့ ၂ ယောက်သား ယခုအချိန်တွင်သာ တိုက်ခိုက်ကြပါက သေချာပေါက် လင်းရှောင်နိုင်မည်ဖြစ်ကြောင်း ဗေဒင်သွားမေးစရာပင် မလိုအပ်ချေ။

သို့သော် လင်းရှောင်သည် ထျန်ရှင်းလုထံသို့ ချက်ချင်းတိုက်ခိုက်ရန် မလာသေးပေ။ သူ၏ သွေးနီရောင်မျက်လုံးများသည် အနီးအနားရှိ အပျက်အစီးပုံကြီးတစ်ခုထံသို့ ရွှေ့သွားသည်။

ထိုနေရာတွင်... တောင်တန်းဘုရင်၏ ခေါင်းပြတ်အလောင်းကြီးသည် ကျိုးပဲ့နေသော ကျောက်တုံးကျောက်ခဲများကြားတွင် ပက်လက်အနေအထားဖြင့် လဲလျောင်းနေသည်။

သူ၏ဦးခေါင်းတစ်ခုလုံး ပေါက်ကွဲထွက်သွားခဲ့သော်လည်း သူ၏ခန္ဓာကိုယ်ကြီးမှာတော့ အဆင့် ၇ သေမျိုးတန်ခိုးရှင်တစ်ပါး၏ ခန္ဓာကိုယ်ပီပီ လုံးဝပျက်စီးသွားခြင်းမရှိပေ။

သို့သော် ထိုခန္ဓာကိုယ်ကြီးပေါ်တွင် နတ်ပုတီးချွန်၏ ကြောက်မက်ဖွယ် ဖိအားဒဏ်ကြောင့် ဖြစ်ပေါ်လာသော အက်ကွဲကြောင်းများနှင့် လောင်ကျွမ်းဒဏ်ရာများကတော့ ရှိနေသေးသည်။

ထိုသည်မှာ ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုဖြစ်သော်လည်း လင်းရှောင်၏ မျက်လုံးထဲတွင်တော့ ထိုအလောင်းသည် တန်ဖိုးမဖြတ်နိုင်သော ရတနာသိုက်ကြီးတစ်ခုသာ ဖြစ်သည်။

လင်းရှောင်သည် ထျန်ရှင်းလုကို ခနတာ လျစ်လျူရှုလိုက်သည်။ သူ၏လှုပ်ရှားမှုတိုင်းက တမင်တကာ နှေးကွေးပြီး ခြေလှမ်းတိုင်းက တည်ငြိမ်နေသည်။ ဤသည်မှာ အောင်နိုင်သူ၏ မောက်မာမှု၊ အထက်စီးဆန်မှုပင်ဖြစ်သည်။

သူသည် တောင်တန်းဘုရင်၏ အလောင်းဘေးသို့ ဖြည်းညှင်းစွာ လျှောက်သွားပြီး အပေါ်မှ အထင်သေးစွာ ငုံ့ကြည့်လိုက်သည်။

နှစ်ပေါင်းငါးထောင်ကျော် ဘုရင်တစ်ပါးကဲ့သို့ အုပ်စိုးခဲ့သောသူ... ယခုတော့ သူ၏ခြေဖဝါးအောက်မှ အလောင်းတစ်လောင်းသာ။ ထိုထက်မပိုသလို၊ ထိုထက်လည်း မလျော့ချေ။

သူ၏လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်။

“ဝှစ်။”

အလောင်းကြီးသည် လေထဲတွင် ခဏမျှ မြောက်တက်သွားပြီးနောက် အလင်းတန်းတစ်ခုအဖြစ် သူ၏သိုလှောင်လက်စွပ်ထဲသို့ ပျောက်ကွယ်သွားသည်။ ကျန်ခဲ့သည့် သိုလှောင်လက်စွပ်ကိုလည်း လင်းရှောင်ကောက်ယူလိဒ်သည်။

တိုက်ပွဲ၏ အဖိုးတန်ဆုံးသော ဆုလာဒ်များကို အေးဆေးစွာ သိမ်းယူပြီးနောက်... လင်းရှောင်သည် သူ၏ခေါင်းကို ဖြည်းညှင်းစွာ ပြန်လှည့်လိုက်သည်။

သူ၏ သွေးရောင်လွှမ်းနေသော အကြည့်များသည် အဝေးတွင် အသက်ကိုမနည်းရှူနေရသော ထျန်ရှင်းလုထံသို့ တိကျစွာ ကျရောက်သွားသည်။

သူ၏နှုတ်ခမ်းထောင့်များက ရက်စက်သော အပြုံးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။

“ကဲ... မင်းနဲ့ငါ့ရဲ့ အရှုပ်အရှင်းကို ရှင်းကြရအောင်။”

သူ၏အသံသည် တိုးညှင်းသော်လည်း ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။

သူသည် ထျန်ရှင်းလုရှိရာ အပျက်အစီးတောင်ကုန်းထိပ်ဆီသို့ ခြေတစ်လှမ်းချင်း... ဖြည်းညှင်းစွာ... လျှောက်လှမ်းလာတော့သည်။

“ဟီးဟီးဟီး...”

ထျန်ရှင်းလုသည် သူ့ကိုမှီတွဲထားသော လီနာ၏ပခုံးမှ ဖြည်းညှင်းစွာ ခွာလိုက်သည်။

သူ၏လှုပ်ရှားမှုတိုင်းသည် သံချေးတက်နေသော စက်ယန္တရားတစ်ခုကဲ့သို့ နှေးကွေးပြီး အားယူနေရသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် အဆုံးစွန်သော နာကျင်မှုဒဏ်ကြောင့် တဆတ်ဆတ်တုန်ခါနေသော်လည်း၊ သူ၏မျက်လုံးများထဲမှ အရူးအမူးဖြစ်နေသော မီးတောက်များက ပို၍ပင် တောက်ပလာသည်။

သူသည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး၊ သူ၏တုန်ယင်နေသော ဒူးများကို တဖြည်းဖြည်းချင်း ဖြောင့်တန်းလိုက်သည်။

“ကျစ်... ကျွီ... ဖြောက်။”

ကြေမွလုနီးပါးဖြစ်ခဲ့သော သူ၏ကျောရိုးဆစ်များ၊ နံရိုးများနှင့် ခြေထောက်အရိုးများမှ နာကျင်စွာ ကျစ်ကျစ်မြည်သံများ ထွက်ပေါ်လာသည်။ ဆေးလုံး၏အစွမ်းကြောင့် အပေါ်ယံပြန်ဆက်ထားသော အရိုးများသည် ဤရုတ်တရက်လှုပ်ရှားမှုကြောင့် ပြန်လည်အက်ကွဲသွားတော့မည့်အလားပင်။

သူ၏မျက်နှာသည် နာကျင်မှုကြောင့် ပို၍ပင် ဖြူဖျော့သွားပြီး နဖူးမှ ချွေးသီးချွေးပေါက်များ စီးကျလာသည်။

သို့သော်... သူ မလဲကျသွားခဲ့။

သူသည် သူ၏နောက်ဆုံးသော မာနတရားနှင့် ခွန်အားအကြွင်းအကျန်များကို အသုံးပြုကာ၊ သံချောင်းတစ်ချောင်းကဲ့သို့ တောင့်တင်းစွာ၊ လှံတစ်စင်းကဲ့သို့ ​ဖြောင့်​မတ်စွာ ရပ်လိုက်သည်။

သူ၏ခန္ဓာကိုယ်က တုန်ယင်နေသော်လည်း သူ၏အကြည့်ကတော့ သူ့ထံသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းလာသော လင်းရှောင်ထံမှ တစ်စက်ကလေးမှ မခွာတော့ပေ။

လင်းရှောင်က ထျန်ရှင်းလုအား ကြည့်လိုက်ပြီး ရယ်မောလိုက်၏။ “ဟမ့်။ မင်းကတော့ ထုံးစံအတိုင်းပါပဲ။ အချိန်စီးကြောင်းတွေပြောင်းလဲသွားရင်တောင် ဒီပုံစံက ဒီပုံစံပဲ။”

လင်းရှောင်က မီတာ ၁၀၀ အကွာမှ ခပ်တိုးတိုးသာရေရွတ်လိုက်သောကြောင့် သူကိုယ်တိုင်မှလွဲ၍ အခြားသူများမကြားလိုက်ချေ။

​သူ၏စိတ်အစဉ်ထဲတွင်တော့ ဘဝပေါင်းများစွာက ပုံရိပ်များ ဖြတ်ပြေးသွားသည်။

ထျန်ရှင်းလုသည် ဘဝဆက်တိုင်း ဘဝဆက်တိုင်းတွင် သူ့အတွက်ပင် လေးစားဖို့ကောင်းသော စစ်သည်တော်တစ်ယောက်ဖြစ်သည်။

ထိုသကောင့်သားသည် ဘယ်တော့အခါမှ အရှုံးပေးချင်းမရှိချေ။ ထိုသကောင့်သား၏ စရိုက်သည် အလွန်ခေါင်းမာသလို၊ အလွန်လည်းမာနကြီးလေပြီး အခြားသူများက သူ့အားအမိန့်ပေးရန်မလွယ်ကူချေ။

ထို့အတွက်ကြောင့် ကျီရှင်းသက်ရှိများအနေဖြင့် အဆုံးမဲ့ကမ္ဘာအားသိမ်းပိုက်ရန်ကြိုးစားသောအခါတွင် ထျန်ရှင်းသည် ဘဝဆက်တိုင်းတွင် ဘယ်တော့မှ အရှုံးမပေးခဲ့လေပဲ မသေမချင်း တိုက်ခိုက်ခဲ့သည်။

ထိုသကောင့်သား၏ စရိုက်အား သူမကြိုက်နှစ်သက်သော်လည်း ထိုသကောင့်သား၏ အနိုင်မခံ၊ အရှုံးမပေးလေသော စစ်သည်တော်စိတ်ဓာတ်ကိုတော့ သူအလွန်လေးစားသည်။

ထိုသကောင့်သားသည် အလွန်ယုတ်မာသော လူတစ်ယောက်ဖြစ်သော်လည်း အရည်အချင်းရှိသည့် စစ်သည်တော်တစ်ယောက်ဖြစ်သည်ကိုတော့ သူငြင်းမည်မဟုတ်ချေ။

လင်းရှောင်က ထျန်ရှင်းလု နှင့် မီတာ ၃၀ အကွာတွင်ရပ်တန့်လိုက်သည်။ ပြီးနောက်တွင် အလွန်အေးစက်နေသာ မျက်လုံးတို့ဖြင့် ကြည့်နေလျက်ပြောလိုက်၏။

“ငါတို့ နောက် ၁ ကြိမ်ထပ်တွေ့မှပဲ အနိုင်ကသူကို ဆုံးဖြတ်ကြတာပေါ့....။” သူ၏နှုတ်ခမ်းထောင့်တို့က တွန့်ကွေးသွားလေ၏။

ထျန်ရှင်းလုသည်တော့ သူ၏ဆံပင်ရှည်များအား သပ်လိုက်ပြီးနောက် လင်းရှောင်အား အေးစက်စက်ကြည့်လိုက်သည်။

သူသည် ဘယ်တော့မှမလှဲကျသွားမည့် လှံကြီးတစ်ချောင်းကဲ့သို့ဖြောင့်တန်းစွာရပ်နေပြီး သူ၏အကြည့်များကလည်း စူးရှုနေလေပြီး တောက်ပနေသည်။

သို့သော်... ဤသည်မှာ သူ၏ မာနတရားက ဖန်တီးထားသော အပေါ်ယံ ပုံရိပ်ယောင်တစ်ခုသာ ဖြစ်သည်။

သူ၏ အပြင်ပန်းပုံစံသည် မည်မျှပင် တည်ငြိမ်နေစေကာမူ၊ အတွင်းပိုင်းတွင်တော့ သူ၏ခန္ဓာကိုယ်သည် လုံးဝဥဿုံ ပျက်စီးနေပြီဖြစ်သည်။

သူ၏ လက်ရှိအခြေအနေသည် အက်ကြောင်းထောင်သောင်းမကဖြင့် ပြည့်နှက်နေသော ကြွေပန်းအိုးကြီးတစ်လုံးနှင့် တူနေသည်။

အပေါ်ယံတွင် ပုံစံမပျက် တည်ရှိနေသေးသော်လည်း၊ အားအနည်းငယ်မျှ ပါဝင်သော လေပြေတစ်ချက်ကပင် ထိုပန်းအိုးကြီးကို အစိတ်စိတ်အမွှာမွှာ ကြေမွသွားစေနိုင်သည်။

သူ၏ အရိုးတိုင်းသည် ကြိတ်ဆုံတစ်ခုထဲတွင် အကြိမ်ကြိမ် ကြိတ်ချေခံထားရသကဲ့သို့ ကြေမွနေသည်။ ယခုအချိန်တွင် ထိုအရိုးများ တစ်ဆက်တည်း ရှိနေသေးခြင်းမှာ သူ၏ မာကျောလှသော ကြွက်သားများနှင့် အရွတ်များက အစွမ်းကုန် ဆွဲချုပ်ထားသောကြောင့်သာ ဖြစ်သည်။

သူ၏ ကြွက်သားမျှင်တိုင်းသည် အစွမ်းကုန်တင်းထားသော လေးကြိုးတစ်ချောင်းကဲ့သို့ တဆတ်ဆတ်တုန်ခါနေပြီး မည်သည့်အချိန်တွင် ပြတ်တောက်သွားမည်ကို မည်သူမျှ မခန့်မှန်းနိုင်ပေ။

သူ၏ အတွင်းကလီစာများမှာ ပို၍ပင် ဆိုးရွားသည်။ တောင်တန်းဘုရင်၏ နောက်ဆုံးတိုက်ခိုက်မှုနှင့် နတ်ပုတီးချွန်၏ ဖိအားတို့ကြောင့် သူ၏ အဆုတ်များသည် ပေါက်ပြဲနေသော ပန်းပဲဖိုတစ်ခုလို ဖြစ်နေသည်။

အသက်တစ်ချက်ရှူသွင်းလိုက်တိုင်း၊ မီးစများဖြင့် ထိုးဆွခံရသလို ပူလောင်နာကျင်နေရသည်။ သူ၏ နှလုံးသည် ရေခဲရေထဲတွင် နစ်မြုပ်နေသော သက်ကြီးရွယ်အိုတစ်ယောက်၏ နှလုံးခုန်သံကဲ့သို့ အားနည်းစွာ ခုန်နေရသည်။

သူ၏ သွေးကြောများထဲတွင် သွေးများအစား ချော်ရည်ပူများ စီးဆင်းနေသကဲ့သို့ ပူလောင်နေပြီး၊ သူ၏ ခန္ဓာကိုယ်ရှိ ဆဲလ်တိုင်းသည် အဆုံးစွန်သော နာကျင်မှုဒဏ်ကြောင့် အော်ဟစ်ငြီးငြူနေကြသည်။

သူ၏ အသက်စွမ်းအင်သည် မုန်တိုင်းထဲမှ ဖယောင်းတိုင်မီးပမာ တဖျတ်ဖျတ် တုန်ခါနေသည်။ လင်းရှောင်ထံမှ သဘာဝအတိုင်း ထုတ်လွှတ်နေသော ဖိအားသည်ပင် ထိုမီးတောက်ငယ်ကို ငြိမ်းသတ်ပစ်ရန် လုံလောက်နေသည်။

သူ မတ်တပ်ရပ်နေနိုင်ခြင်းသည် ခွန်အားကြောင့် မဟုတ်။ ကျန်ရှိနေသော စွမ်းအင်ကြောင့်လည်း မဟုတ်။

ဤသည်မှာ သူ၏ သံမဏိထက်မာကျောသော စိတ်ဓာတ်၊ ဘယ်တော့မှ ဒူးမထောက်လိုသော မာနတရားက ထိုပျက်စီးနေသော ခန္ဓာကိုယ်အား အတင်းအကျပ် စေခိုင်းထားခြင်းသာ ဖြစ်သည်။

သူ၏ ဝိညာဉ်သည် သူ၏ ကျိုးပဲ့နေသော အရိုးများကို အစားထိုးကာ ထောက်ကန်ထားသော ဒေါက်တိုင်တစ်ခု ဖြစ်နေသည်။

သူ၏ မျက်လုံးများက တောက်ပနေခြင်းမှာ အသက်စွမ်းအင်ကြောင့် မဟုတ်ဘဲ၊ သူ၏ နောက်ဆုံးသော ဝိညာဉ်စွမ်းအားကို လောင်စာအဖြစ်ထည့်ကာ တောက်လောင်နေသောကြောင့်သာ ဖြစ်သည်။

ထျန်ရှင်းလုသည် သူ၏ခန္ဓာကိုယ် ပျက်စီးသွားသည်ကို ဂရုမစိုက်။ သူ၏အသက် သေဆုံးသွားမည်ကိုလည်း ဂရုမစိုက်။ သူဂရုစိုက်သည်မှာ... သူ၏ ပြိုင်ဘက်ရှေ့တွင် လဲကျမသွားရေးသာ ဖြစ်သည်။

လင်းရှောင်၏ “နောက်တစ်ကြိမ်မှ ဆုံးဖြတ်ကြတာပေါ့” ဆိုသောစကား... ဤသည်မှာ အနိုင်ရသူ၏ မောက်မာမှု၊ သို့မဟုတ် သနားညှာတာမှုတစ်ခုသာ ဖြစ်သည်။

သို့သော် ထျန်ရှင်းလု၏ မာနတရားအတွက်တော့ ဤသည်မှာ သေခြင်းတရားထက်ပင် ပို၍ နာကျင်စေသော စော်ကားမှုတစ်ရပ် ဖြစ်သည်။

သူ့ကို သက်ညှာပေးစရာ မလို။ စစ်သည်တော်တစ်ယောက်၏ ဂုဏ်သိက္ခာကို ဤသို့ လာမစော်ကားနိုင်ချေ။

သူ၏ခန္ဓာကိုယ်သည် စိတ်၏အမိန့်ကိုမနာခံနိုင်တော့ချေ။

သူ၏ကြွက်သားများသည် အကြောဆွဲသလို တုန်ခါနေပြီး၊ သူ၏ခွန်အားသည် လုံးဝခန်းခြောက်နေပြီ။ သူ နောက်တစ်ကြိမ် တိုက်ခိုက်ရန် မဖြစ်နိုင်တော့။

ဤသည်မှာ အမှန်တရားဖြစ်သည်။

သို့သော်... သူသည် တိုက်ခိုက်ခြင်းမရှိဘဲ ရှုံးနိမ့်သွားမည့်သူ မဟုတ်။

“ဟား... ဟားဟား...”

သူ၏ ဖြူဖျော့နေသော နှုတ်ခမ်းများက ထပ်မံတွန့်ကွေးသွားသည်။

ထို့နောက်... သူသည် သူ၏နောက်ဆုံးသော အရာအားလုံးကို စုစည်းလိုက်သည်။

သူ၏ ကျိုးပဲ့နေသော ခန္ဓာကိုယ်ကို မတ်မတ်ရပ်နိုင်ရန် ထိန်းထားပေးသော ဝိညာဉ်စွမ်းအင်... သူ၏ အသက်၏ နောက်ဆုံးသော မီးပွား... ထိုအရာအားလုံးကို သူ လောင်စာအဖြစ်သို့ ပြောင်းလဲလိုက်သည်။

သူ၏ခန္ဓာကိုယ်သည် တိုက်ခိုက်ရန် မစွမ်းဆောင်နိုင်တော့သော်လည်း၊ သူ၏ စစ်သည်တော်ဝိညာဉ်ကတော့ စွမ်းဆောင်နိုင်သည်။

သူ၏မျက်လုံးများထဲမှ အလင်းရောင်သည် နေတစ်စင်းပေါက်ကွဲသွားသကဲ့သို့ ခဏတာ လင်းလက်တောက်ပသွားသည်။

သူ၏ တုန်ယင်နေသော ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော၊ အရာအားလုံးကို ဖျက်ဆီးလိုသည့်... သေခြင်းတရားကိုပင် အံတုသော စစ်ခင်းလိုစိတ်တစ်ခု ပေါက်ကွဲထွက်ပေါ်လာသည်။

ဤသည်မှာ တိုက်ကွက်မဟုတ်။ ဤသည်မှာ နည်းစနစ်မဟုတ်။

ဤသည်မှာ သူ၏အဖြေ။

ဤသည်မှာ သူ၏ နောက်ဆုံးသော မာနတရား။

“မင်း... ငါ့ကို သနားစရာညှာတာမလိုဘူး။” ထျန်ရှင်းလုက အံကြိတ်ထားလေရင်း သွားကြားထဲမှ အသံဖြင့်ပြောလိုက်သည်။ “ငါ့ရဲ့အဆုံးသတ်ကို... ငါကိုယ်တိုင်ပဲ ဆုံးဖြတ်မယ်။”

​သူသည် သူ၏ ဝိညာဉ်တစ်ခုလုံးကို လောင်ကျွမ်းစေကာ၊ ပျက်စီးနေသော လက်တစ်ဖက်ကို အစွမ်းကုန် မြှောက်တင်လိုက်သည်... လင်းရှောင်ရှိရာသို့ လက်ညှိုးထိုးရန် ကြိုးစားလိုက်သည်။

​သူ၏စိတ်အစဉ်ထဲတွင် သူ၏နောက်ဆုံးသော အမိန့်တစ်ခု ပဲ့တင်ထပ်သွားသည်။ ‘နတ်ပုတီးချွန်... တန်ချိန် ၁၀ တန်... အသက်သွင်း။’

​တစ်ချိန်တည်းတွင် ၁၀ ကီလိုမီတာအကွာ၊ ချော်ရည်ပူများဖြင့် ပြည့်နှက်နေသော ချိုင့်ဝကြီးထဲတွင် နှစ်မြုပ်နေသော အနက်ရောင်နတ်ပုတီးချွန်သည် သခင်၏အမိန့်ကို တုံ့ပြန်ရန် ပြင်းထန်စွာ တုန်ခါလာသည်။

​သို့သော်...

​ထိုအမိန့်သည် သူ၏စိတ်အစဉ်ထဲမှ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက်...

​“ဖြောက်... ဖြောက်... ဖြောက်။”

​ကြောက်မက်ဖွယ်ကောင်းသော၊ အရိုးများကျိုးကြေစုတ်ပြဲသွားသည့် အသံပေါင်းများစွာသည် ထျန်ရှင်းလု၏ ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာသည်။

​တန်ချိန် ၅၀ ၏ ဖိအားဒဏ်ကြောင့် ကြေမွလုနီးပါးဖြစ်ခဲ့သော သူ၏ခန္ဓာကိုယ်သည် သူ၏ခံနိုင်ရည်ဖြစ်သော တန်ချိန် ၁၀ တန်၏ ဖိအားကိုပင် အသက်သွင်းရန် ကြိုးစားလိုက်သည်နှင့်... လုံးဝဥဿုံ ပေါက်ကွဲထွက်သွားသည်။

​တန်ချိန် ၁၀ တန်၏ ဖိအားဒဏ်သည် သူ၏ခန္ဓာကိုယ်ပေါ်သို့ အပြည့်အဝ ကျရောက်မလာသေးခင်မှာပင်၊ ထိုစွမ်းအင်ကို အသက်သွင်းရန် ကြိုးစားလိုက်သည့် ဝန်ထုတ်ဝန်ပိုးကပင် သူ၏ အက်ကွဲနေသော ကြွေပန်းအိုးကြီးအား အဆုံးစွန်ထိ ကြေမွသွားစေသည်။

​သူ၏ခန္ဓာကိုယ်အား မတ်မတ်ရပ်နိုင်ရန် အစွမ်းကုန်တင်းထားသော ကြွက်သားမျှင်များသည် လေးကြိုးများ ပြတ်တောက်သွားသကဲ့သို့ “ဖြောင်း” ခနဲ အသံများနှင့်အတူ အကုန်လုံး စုတ်ပြဲသွားသည်။

​ဆေးလုံး၏အစွမ်းကြောင့် အပေါ်ယံမျှသာ ပြန်လည်ဆက်စပ်ထားသော သူ၏အရိုးများသည် ထိုဖိအားဒဏ်ကို မခံနိုင်တော့ဘဲ အတွင်းမှအပြင်သို့ ပြန်လည်ကျိုးကြေသွားသည်။

​“အားးးးး”

​သူ၏လည်ချောင်းမှ နာကျင်စွာ အော်ဟစ်သံတစ်ချက် ထွက်ပေါ်လာသည်။

​သူ၏ခန္ဓာကိုယ်ပေါ်ရှိ လီနာ၏ဆေးလုံးကြောင့် ပိတ်ခါစဖြစ်နေသော အက်ကွဲကြောင်းအမာရွတ်တိုင်းသည် ရေပိုက်ခေါင်းများ ပေါက်ထွက်သွားသကဲ့သို့ ပြန်လည်ပေါက်ကွဲထွက်သွားပြီး၊ သွေးများသည် ရေပန်းများအဖြစ်သို့ လေးဘက်လေးတန်သို့ ပန်းထွက်သွားသည်။

​လင်းရှောင်ထံသို့ ထိုးချိန်ထားသော သူ၏လက်သည် လေထဲတွင် တဆတ်ဆတ်တုန်ခါသွားပြီးနောက်... အသက်မဲ့စွာ ဘေးသို့ ပြန်ကျသွားသည်။

​သူ၏မျက်လုံးများထဲမှ တောက်လောင်နေသော ဝိညာဉ်မီးတောက်သည်လည်း ချက်ချင်းပင် ငြိမ်းသတ်ခံလိုက်ရသည်။

​၁၀ ကီလိုမီတာအကွာမှ နတ်ပုတီးချွန်၏ တုန်ခါမှုသည်လည်း သခင်နှင့်အဆက်အသွယ်ပြတ်တောက်သွားကာ ချက်ချင်း ရပ်တန့်သွားပြီး ချော်ရည်ကန်ထဲသို့ ငြိမ်သက်စွာ ပြန်လည်ကျဆင်းသွားသည်။

​ထျန်ရှင်းလု၏ ခန္ဓာကိုယ်သည် ဒူးများမှစတင်၍ ခွေခနဲ... မြေပြင်ပေါ်သို့ သစ်ပင်လဲကျသကဲ့သို့ ပြိုကျသွားသည်။

​သူ၏ဝိညာဉ်က မည်မျှပင် အံခဲထားစေကာမူ... သူ၏ရုပ်ခန္ဓာကတော့... လုံးဝအရှုံးပေးလိုက်လေပြီ။

ထျန်ရှင်းလု၏ ခန္ဓာကိုယ် မြေပြင်ပေါ်သို့ သစ်ပင်လဲကျသကဲ့သို့ အပြည့်အဝမပြိုကျမီ တစ်စက္ကန့်၏ တစ်ဝက်ခန့် အလိုတွင်...

“ဝှစ်။”

လီနာ၏ ပုံရိပ်သည် လေထဲတွင် အရိပ်တစ်ခုအဖြစ် လျှပ်စီးကဲ့သို့ ပျံသန်းသွားသည်။ သူမသည် လဲကျသွားသော ထျန်ရှင်းလု၏ ဦးခေါင်း မြေပြင်နှင့် မထိမီလေးတွင် သူ့အား ပွေ့ဖက်ထားလိုက်နိုင်ပြီး၊ သူမ၏ ကိုယ်ပိုင်ဒူးများဖြင့်သာ မြေပြင်ပေါ်သို့ ညင်သာစွာ ထိုင်ချလိုက်သည်။

သူမ၏ မျက်နှာသည် ထျန်ရှင်းလု၏ မျက်နှာထက်ပင် ပို၍ ဖြူဖျော့နေပြီး၊ သူမ၏ မျက်ဝန်းများထဲတွင် ယခင်ကတစ်ခါမှ မမြင်ဖူးသော အဆုံးစွန်သော ထိတ်လန့်မှုများ ပြည့်နှက်နေသည်။

သူမ၏လက်များက အနည်းငယ်တုန်ယင်နေသော်လည်း လှုပ်ရှားမှုကတော့ အတိအကျပင်။

သူမ၏ လက်ထဲတွင် နောက်ထပ် အဖြူရောင်ဆေးလုံးတစ်လုံး ထပ်မံပေါ်ပေါက်လာသည်။

သူမသည် အချိန်တစ်စက္ကန့်မျှ မဆိုင်းတွတော့။ ထျန်ရှင်းလု၏ သွေးများစီးကျနေသော မေးရိုးကို အားဖြင့်ဆွဲဖွင့်လိုက်ပြီး ထိုဆေးလုံးကို သူ၏လည်ချောင်းထဲသို့ တိုက်ရိုက်ထိုးထည့်လိုက်သည်။

ဤဆေးလုံး... ဤသည်မှာ သာမန်ဆေးမဟုတ်။

ဤဆေးလုံးမှာ ထျန်ကလန်၏ အဖိုးတန်ဆုံး၊ အစွမ်းအထက်ဆုံးသော ‘ဝိညာဉ်ခေါ်ဆေးလုံး’ ဖြစ်သည်။

ကောလဟာလများအရ၊ ဤဆေးလုံးကို ပထမဆုံးအကြိမ် အသုံးပြုပါက၊ သေဆုံးသွားသည်မှာ သုံးမိနစ်ပင်မပြည့်သေးသော၊ ဝိညာဉ်မပျောက်သေးသော မည်သူ့ကိုမဆို သေမင်း၏ လက်ထဲမှ ပြန်လည်ဆွဲခေါ်နိုင်စွမ်းရှိသည်။

လောကတွင် ဤဆေးလုံး၏ အစွမ်းကို ဖော်ပြရန် စကားတစ်ခွန်းသာ ရှိသည်။ ထိုသည်မှာ လောလောလတ်လတ်သေဆုံးသွားသော အလောင်းတစ်လောင်းကိုပင် ချက်ချင်းငုတ်တုတ်ထထိုင်စေနိုင်သည်အထိ အစွမ်းထက်လှသည် ဟူ၍ပင်။ ဤသည်မှာ ကံကြမ္မာကို အံတုသော နတ်ဘုရားတို့၏ ဆေးတစ်ခွက်ပင်။

ဤဆေးလုံးအား ချီသခင်ကြီး နှင့် ချီဘိုးဘေးတို့ကိုတိုက်ကျွေးခဲ့စဥ်က ကောလဟာလများအတိုင်းအမှန်တကယ်ပင် သေနေရာမှ ငုတ်တုတ်ထထိုင်ခဲ့သည်။

ဆေးလုံးသည် ထျန်ရှင်းလု၏ လည်ချောင်းထဲသို့ ရောက်သည်နှင့် ချက်ချင်းအရည်ပျော်သွားကာ၊ အသက်စွမ်းအင် ပင်လယ်ကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။

သို့သော်...

ထိုစွမ်းအင်များသည် သူ၏ ပျက်စီးနေသော ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားသည့်အခိုက်... ထူးဆန်းသော ဖြစ်ရပ်တစ်ခု ဖြစ်ပေါ်လာသည်။

အသက်စွမ်းအင်များသည် ယခင်တစ်ကြိမ်ကကဲ့သို့ အေးမြသော စမ်းချောင်းတစ်ခုအဖြစ် ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့မသွားခဲ့။

ဤဆေးလုံးသည် မည်မျှပင် အံ့ဖွယ်ကောင်းစေကာမူ၊ ၎င်းတွင် အကန့်အသတ်တစ်ခုရှိသည်။

ထျန်ရှင်းလု... ဤသကောင့်သား၏ ဘဝသည် သာမန်မဟုတ်ခဲ့။

သူ၏ သက်တမ်းတစ်လျှောက်လုံးတွင်၊ သေခြင်းတရား၏ တံခါးဝသို့ သူရောက်ရှိခဲ့သည်မှာ အကြိမ်ပေါင်းမနည်းတော့။

သူ၏ရူးသွပ်နေသော လေ့ကျင့်မှုများ၊ သူ၏မောက်မာသော ရန်သူရှာမှုများကြောင့်... ဤ တန်ဖိုးကြီးလှသေ ‘ဝိညာဉ်ခေါ်ဆေးလုံး’ ကို သူသောက်သုံးခဲ့သည်မှာ... ယခုအကြိမ်နှင့်ဆိုလျှင် ဆယ်ကြိမ်ထက်ပင် မနည်းတော့။

သူ၏ခန္ဓာကိုယ်သည် ဤအံ့ဖွယ်ဆေး၏ စွမ်းအင်ကို လုံးဝ... ဆေးယဉ်နေပြီဖြစ်သည်။

ဆေးလုံး၏ အစွမ်းထက်လှသော အသက်စွမ်းအင်များသည် သူ၏ ကြေမွနေသော ကိုယ်တွင်းအင်္ဂါများဆီသို့ စီးဝင်သွားသော်လည်း၊ မလုပ်မဖြစ်ချေ။

စွမ်းအင်များက သူ၏ရပ်တန့်သွားသော နှလုံးသားကို ပြန်လည်ခုန်စေရန် အစွမ်းကုန်ကြိုးစားသည်။

“ဒုတ်... ... ... ဒုတ်။”

စက္ကန့်အနည်းငယ်ကြာပြီးနောက်၊ အားနည်းလွန်းသော၊ မကြားရတကြား နှလုံးခုန်သံသဲ့သဲ့တစ်ခု ပြန်လည်ထွက်ပေါ်လာသည်။

သူ၏ စုတ်ပြတ်နေသော အဆုတ်များထဲသို့ လေတစ်လုတ်စာ ဝင်ရောက်သွားသည်။

“ဟ... ဟ...”

သို့သော်... ထိုမျှသာဖြစ်သည်။

ဆေးစွမ်းအင်များသည် သူ၏အသက်ကို သေမင်းလက်မှ မနည်းလုယူနိုင်ခဲ့သော်လည်း၊ သူ၏ ကြောက်မက်ဖွယ်ဒဏ်ရာများကို ကုသရန် လုံးဝမစွမ်းဆောင်နိုင်တော့။

သူ၏ ကျိုးကြေနေသော အရိုးများက ကျိုးကြေနေဆဲ။ သူ၏ စုတ်ပြတ်နေသော ကြွက်သားများက စုတ်ပြတ်နေဆဲ။ သူ၏ခန္ဓာကိုယ်ပေါ်မှ သွေးများပန်းထွက်နေသော အက်ကွဲကြောင်းများက... အနည်းငယ်မျှပင် ပိတ်မသွားခဲ့။

သူသည် မသေတော့။

သို့သော်... မသေရုံသမယ်သာ...။

သူ၏အခြေအနေသည် မီးငြိမ်းသွားသော မီးခဲတစ်ဖု... အချိန်မရွေး ပြန်လည်ငြိမ်းအေးသွားနိုင်သော အခြေအနေတွင်သာ ရှိနေတော့သည်။

လီနာ၏လက်က သူ၏ရင်ဘတ်ပေါ်တွင်... ထိုမကြားရတကြား နှလုံးခုန်သံကို စမ်းသပ်မိသောအခါ... သူမ၏မျက်ဝန်းများထဲတွင် မျှော်လင့်ချက်ပြန်ပေါ်လာပြီး သူမကသက်ပျင်းချလိုက်မိ၏။

သူမစိတ်တိုးကျဆိုလို နောက်ထပ်ဆေးလုံးတစ်လုံးထပ်မံ၍ တိုက်ကျွေးချင်သော်လည်း အကျိုးနည်းလှစွာပင် ဆေးလုံးများ သုံးကုန်သွားပြီဖြစ်သည်။

သိသာလှစွာပင် သေမင်းလက်ထဲသို့​ရောက်သွားသည့် အသက်ကိုပင် ပြန်ခေါ်နိုင်စွမ်းရှိသည့် ဆေးလုံးအား သကြားလုံးကဲ့သို့ပေါများနေလိမ့်မည်မဟုတ်ချေ။

ထျန်ရှင်းလုသည် ထျန်ကလန်၏ အဆင့်အမြင့်ဆုံးသော ဂုဏ်ပုဒ်များထဲမှ တစ်ခုဖြစ်သည့် အရိပ်နတ်ဆိုးဟူသော ဂုဏ်ပုဒ်ကြောင့်သာ ဤဆေးလုံးများ သူ့ထံတွင် ယခုလိုပေါများနေခြင်းဖြစ်သည်။

အခြားသော ထျန်ကလန်ဝင်များထံတွင် တစ်လုံးတောင်ရှိဖို့ဆိုသည်မှာ အတော်မလွယ်ကူချေ။ သာမန်ထျန်ကလန်ဝင်မပြောနှင့် အဆင့်နိမ့်အကြီးအကဲများထံတွင်ပင် တစ်လုံးမရှိရန် မလွယ်ကူချေ။

အကယ်၍ သူမလက်ထဲတွင် နောက်ထပ်တစ်လုံးရှိနေဦးမည်ဆိုပါကလည်း တိုက်ကျွေးနိုင်မည်မဟုတ်ချေ။ တန်ဆေးလွန်ဘေးဆိုသည့်အတိုင်းပင် ဝိညာဉ်ပြန်ခေါ်ဆေးတွင်လည်း ဘေးထွက်ဆိုးကျိုးများရှိနေဆဲဖြစ်သည်။

အညစ်အကြေးလုံးဝကင်းစင်သော ဆေးဆိုပြီး လောကကြီးတွင် မရှိဟူ၍ ပြောစမှတ်ပြုကြသည်။

လင်းရှောင်ကတော့ သက်ပျင်းချလိုက်ပြီး ထျန်ရှင်းလုထံသို့ဆက်တိုးလာလိုက်သည်။

လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၂၅၆ - ၂၆၀) ပြီး။

All Chapters