← Chapters

အခန်း (၂၆၁-၂၆၅)

Vol. 26 Ch. 261-265

အခန်း (၂၆၁-၂၆၅)

Vol. 26 Ch. 261-265

လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၂၆၁ - ၂၆၅)

လင်းရှောင်က သက်ပျင်းချလိုက်ပြီး ထျန်ရှင်းလုထံသို့လျောက်လှမ်းလာလိုက်၏။ ထိုအချိန်မှာပင် ရုတ်တရက် လီနာက ဖြူလျော်နေကာ လှပသော မျက်နှာလေးဖြင့် ခေါင်းမော့လာသည်။

သူမ၏ငွေရောင်မျက်ဝန်းတို့သည် မျက်ရည်စများဖြင့်ဖုန်းလွှမ်းနေလေပြီး အလွန်ဝမ်းနည်းဖွယ်ကောင်းလှသည်။

သို့သော် ထိုမျက်ဝန်းထဲတွင် လင်းရှောင်ထံသို့ဦးတည်နေသော အမုန်းတရားများကလည်း ပြည့်နှက်နေ၏။ ထျန်ရှင်းလုသည် သူမအတွက် အရေးအကြီးဆုံး​သော လူတစ်ယောက်ဖြစ်၏။

သခင်ကိုကာကွယ်ရန်အတွက် သူမအသက်ကိုပေးရမည်ဆိုလျှင်လည်း ပေးမည်ဖြစ်သည်။ သူမက လင်းရှောင်အားကြည့်နေရင်း ပါးဖြူဖြူနုနုလေးအပေါ်တွင် မျက်ရည်စီးကြောင်းလေး ၂ ကြောင်းစီးကျလာသည်။

ထိုမျက်ရည်သည် လင်းရှောင်အပေါ်မုန်းတီးမှုက တစ်ဝက် နှင့် အားနည်းလွန်းသော သူမကိုယ်သူမ မုန်းတီးသည်က တစ်ဝက်ဖြစ်လေ၏။

တစ်ချိန်တည်းတွင် အခြားသော အရိပ်လုပ်ကြံသူ ၂ ယောက်လည်းရောက်လာကြပြီး သူမ၏ပေါင်ပေါ်မှ ထျန်ရှင်းလုအား တွဲထူလိုက်ကြသည်။

ထိုအခါ လီနာက ထရပ်လိုက်လေပြီး လင်းရှောင်အား နီရဲနေသောသွေးကြောများပြည့်နှက်နေသည့် မျက်လုံးဖြင့် စိုက်ကြည့်လိုက်လေ၏။

တစ်ချိန်တည်းတွင် နာနာဘဝဆန်သော အော်ရာတစ်ခုက လီနာအားဗဟိုပြု၍ ပတ်ဝန်းကျင်အားဖုန်းလွှမ်းသွားသည်။

ထျန်ရှင်းလုထံသို့ တစ်လှမ်းချင်းလျောက်လာနေသည့် လင်းရှောင်ကလည်း ကျောချမ်းသွားလေပြီး ရပ်တန့်လိုက်သည်။

သူက မျက်မှောင်ကြုတ်လိုက်လေပြီး လီနာအားစိုက်ကြည့်နေ၏။ သူတို့ ၂ ယောက်ကြားမှ အကွာအ​ဝေးသည် သိပ်ပြီးကွာဝေးလှခြင်းမရှိချေ။

လင်းရှောင်သာ စိတ်ပါလျှင် ၁ စက္ကန့်၏ ၂၀ ပုံ၊ ၁ ပုံဟူသော အချိန်က​လေးအတွင်းတွင် လီနာထံသို့ရောက်လာနိုင်သည်။

သူတို့ ၂ ယောက်ကြားမှ အကွာအဝေးသည် ထိုမျှလောက်နီးကပ်ပေ၏။ ထိုအချိန်တွင်ပင် လီနာက လင်းရှောင်ကို မုန်းတီး​ခြင်းအပြည့်တို့ဖြင့်စိုက်ကြည့်နေလေရင်း သိုလှောင်လက်စွပ်ထဲတွင် ထည့်သိမ်းထားသော သူမ၏ကျောက်စိမ်းဆံထိုးလေးကို ပြန်လည်၍ ထုတ်လိုက်သည်။

ကျောက်စိမ်းဆံထိုးလေး လီနာ၏လက်ထဲကိုရောက်လာသည်နှင့် ပတ်ဝန်းကျင်၏အပူချိန်သည် ရေခဲမှတ်၏အောက်အထိသို့ထိုးကျသွားသလို ခံစားလိုက်ရပြီး လင်းရှောင် ကျက်သီးများတစ်​ဖြန်းဖြန်းထလာသည်။

အပူချိန်က အမှန်တကယ်ကျသွားခြင်းမဟုတ်သော်ငြား ထိုကဲ့သို့ခံစားလိုက်ရ၏။ ထိုကျောက်စိမ်းဆံထိုးလေးကိုမြင်သည် နှင့် နဂိုက ပေါ့ပေါ့ပါးပါးဖြစ်နေသော လင်းရှောင်၏ကြွက်သားများက တင်းမာသွားလေသည်။

ပြီးသည်နှင့် သူ၏ကြွက်သားများပြဲထွက်သွားလောက်စေမည့် အားဖြင့် အစွမ်းကုန်အရှိန်ဖြင့်လှုပ်ရှားလိုက်​သည်။

“ဝုန်းးး”

လင်းရှောင်၏ပုံရိပ်က ချက်ချင်းပဲပျောက်ကွယ်သွားလေပြီး မြေပြင်ပေါ်တွင် ၅ လက်မခန့်နက်သည့်ခြေရာ နှင့် ၂ မီတာပတ်လည် ပင့်ကူအိမ်သဏ္ဍာန်အက်ကွဲကြောင်းများကို ချန်ရစ်ခဲ့၏။

သို့သော် လင်းရှောင်က အရှေ့သို့တိုး၍ တိုက်ခိုက်ရမည့်အစား အံမခန်းအမြန်နှုန်းဖြင့် အနောက်သို့ ဆုတ်သွားခြင်းဖြစ်သည်။

သူက ၁ စက္ကန့်၏ ၁၀ ပုံ ၁ ပုံဟူသည့် အလွန်တိုတောင်းလွန်းလှသော အချိန်ကလေးအတွင်းတွင်ပင် မီတာ ၂၀၀ ဟူသော အကွာအဝေးကို ဖြ​တ်သန်းသွားသည်။

ထိုအမြန်နှုန်းသည် အသံထက်ပင် ၆ ဆနီးပါးပိုမို၍မြန်ဆန်နေသော အရှိန်နှုန်းဖြစ်သည်။ ကြောက်မက်ဖွယ်ကောင်းသော လေအဟုန်ကြီးနှင့်အတူ လင်းရှောင်သည် လီနာ နှင့် မီတာ ၂၁၀ ဝေးသော အကွာအဝေးတွင်ပြန်ပေါ်လာ၏။

“ခရက်....”

သူပြန်ပေါ်လာသည့် နေရာတွင်ပင် သူကခွန်အားအလွန်အကြွံထည့်ထားမိသောကြောင့် ၃ လက်မခန့်နစ်သောခြေရာများနှင့်အတူ ပင်ကူအိမ်အက်ကွဲကြောင်းကြီးများလည်းထွက်ပေါ်လာလေသည်။

လင်းရှောင်က ပြန်ပေါ်လာသည့်အခိုက်အတန့်မှာပင် လေအေးတစ်ချက်အား ရှူရှိုက်လို​က်ရသည်။ သူက သက်တောင်သက်သာပင်မရပ်နေနိုင်ပဲ မီတာ ၂၀၀ ကျော်အကွာကနေ တိုက်ကွက်ပုံစံခင်းထားလျက်ရပ်နေ၏။

ရာသီဥတုကချမ်းစိမ့်နေလေပြီး လေစိမ်းများပင် တိုက်ခေတ်နေသော်လည်း လင်းရှောင်၏နဖူးထက်တွင် ပုတီးလုံးစေ့ခန့်ရှိသော ချွေးအေးများဖွဲ့တည်လာပြီး မျက်နှာတစ်လျောက်စီးကျသွားသည်။

သူ၏အညိုရောင်မျက်ဝန်းရှိ မျက်စံတို့သည် ကြုံဝင်နေ​ဆဲဖြစ်ကာ အနည်းငယ်ပင်တုန်ယင်နေသည်​။ သူ၏အသက်ရှူနှုန်းသည်လည်း မတည်ငြိမ်နေလေပဲ ဖရိုဖရဲဖြစ်နေလေ၏။

သူ၏နှလုံးခုန်နှုန်းဆိုလျှင် သာ၍ပင်ဆိုးရွားနေကာ တစ်စက္ကန့်ကို ၆ ကြိမ်နှုန်းဖြင့် အလွန်မြန်ဆန်စွာခုန်နေလေသည်။

“ဟူး.....”လင်းရှောင်က လေပူများကိုမှုတ်ထူတ်လိုက်​လေပြီး တံတွေးတစ်ချက်မြိုချလိုက်သည်။ သူ ယခုကလေးတွင်ပင် သေမင်းနှင့် မျက်နှာချင်းဆိုင်တွေ့လိုက်ရခြင်းဖြစ်သည်။

သူ၏ယခင်ဘဝများတွင် ထျန်ရှင်းလု၏ အနီးကပ်ကိုယ်လုပ်တော်ဖြစ်သူ လီနာအား သူကောင်းကောင်းလေးရင်းနှီးသည်။

သူသိသလောက်တော့ သူမနှင့် ထျန်ရှင်းလုသည် ရှေးဟောင်းခေတ်မှ အကြွင်းအကျန်နိုင်ငံတစ်ခုအထဲတွင် တွေ့ခဲ့ခြင်းဖြစ်သည်။

ထိုရှေးဟောင်းခေတ်နိုင်ငံထဲရှိ ရတနာများထဲမှ ထိုကျောက်စိမ်းဆံထိုးအား လီနာက ကံကောင်းစွာဖြင့်ရရှိခဲ့ခြင်းဖြစ်သည်။

ကျောက်စိမ်းဆံထိုး၏သဏ္ဍာန်သည် နဂါးခေါင်း​၊ နဂါးအကြေးခွံများဖြင့် မြွေတစ်ကောင်ကခွေနေသော အသွင်အဖြစ်ထုလုပ်ထားခြင်းဖြစ်ကာ အလွန်လက်ရာမြောက်လှသည်။

ကျောက်စာမှတ်တမ်းများအရဆိုလျှင် ထိုရှေးဟောင်းခေတ်မှ အကြွင်းအကျန်နိုင်ငံ၏ ဧကရီဖြစ်သူက ဝတ်ဆင်ခဲ့သော ရတနာဖြစ်သည်ဟု သိရသည်။

ထိုဧကရီဖြစ်သူက ကျောက်စိမ်းဆံထိုးကိုအသုံးပြု၍

ကမ္ဘာဦးခေတ်က ရှေးဟောင်းနတ်ဘုရားကိုချိပ်ပိတ်ရန်ကူညီခဲ့သည်ဟူ၍လည်း မှတ်တမ်းများထွင်းထုထားခဲ့သေးသည်။

သူက လီနာအကြောင်းကို အသေးစိတ်မသိသော်လည်း ထိုကျောက်စိမ်းဆံထိုး၏လုပ်နိုင်စွမ်းများကိုတော့ အသေးစိတ် အသေအချာသိထားလေသည်။

လီနာ၏ခွန်အားက မည်မျှပင် အားနည်းနေစေကာမူ ထိုကျောက်စိမ်းဆံထိုးဖြင့်ဆိုပါက သူ့ကိုအလွယ်တကူလေး သတ်ဖြတ်ပြစ်နိုင်ဦးမည်ဖြစ်သည်။

သူ၏အထွတ်အထိပ်အခြေအနေတွင် ထိုကျောက်စိမ်းဆံထိုးအား ဤမျှ​လောက်ကြောက်ရမည်မဟုတ်သော်ငြား ယခုလက်ရှိတွင် သူသည် ဘာဆိုဘာမှမဟုတ်သော သူတစ်ယောက်သာဖြစ်သာဖြစ်သည်။

ကျီရှင်းဧကရာဇ်အား သတ်ဖြတ်ရန်ကိစ္စအား ခနမေ့ထားနိုင်၏။ ထိုအစား ကြယ် ၄ ပွင့်ကျီရှင်းသက်ရှိများနှင့် ထိပ်တိုက်တွေ့စုံလျှင်ပင် ရန်သူ၏ တိုက်ခိုက်ချက်တစ်ခုကြောင့် သူသေလုနီးပါးဖြစ်သွားနိုင်သည်။

သူ၏အထွတ်အထိပ်တွင်ဆိုလျှင် အပြုံးမပျက်ရှိနေမည်ဖြစ်သော်လည်း ယခု​လက်ရှိတွင်တော့ သေးထွက်မတတ်ကြောက်လန့်သွားမိ၏။

ဧကရီကျောက်စိမ်းဆံထိုးတွင် အကွာအဝေးအကန့်အသတ်ရှိလေပြီး သူမှတ်မိသလောက်ဆိုလျှင် မီတာ ၅၀ ဖြစ်သည်။

သို့သော် အကျိုးနည်းအချိန်စီးကြောင်းပြောင်းလဲမှုများကြောင့် လင်းရှောင်က ပိုပိုလိုလို မီတာ ၂၀၀ ခန့်အထိဆုတ်ခွာထားသည်။

ဤနောက်ဆုံးအ​ကြိမ်ဘဝလေးမှာ ကျီရှင်းဧကရာဇ်နှင့်မတိုက်ခိုက်ရသေးခင်မှာပင် ယခုကဲ့သို့အကျိုးနည်းစွာသေသွား၍ မဖြစ်သေး​လေချေ။

လင်းရှောင်က လီနာ၏အထက်စီးဆန်လှသော အော်ရာတို့ကြောင့် အံကြိတ်လိုက်ရပြီး အနောက်သို့ခြေတစ်လှမ်း ထပ်မံပြီးဆုတ်ခွာလိုက်ရပြန်သည်။

သူ၏ အကြည့်များသည် မီတာ ၂၀၀ ကျော်အကွာမှ လီနာထံတွင် စူးစိုက်ကျရောက်နေသည်။

ထိုအကွာအဝေးမှ ကြည့်လျှင် လီနာ၏ ပုံရိပ်သည် သေးငယ်နေသင့်သော်လည်း၊ သူမ၏ တည်ရှိမှုကတော့ ကမ္ဘာကြီးတစ်ခုလုံးကို လွှမ်းခြုံထားသလို ခံစားနေရသည်။

သူမ၏ မျက်နှာလေးသည် ဖြူဖျော့နေဆဲ၊ မျက်ရည်စများကလည်း မခြောက်သေး။

သို့သော်... သူမ၏ မျက်ဝန်းများ...။

သူ့အပေါ် မုန်းတီးမှုတို့ဖြင့် နီရဲတောက်လောင်နေခဲ့သော ထိုငွေရောင်မျက်ဝန်းများသည်... ယခု လုံးဝ... လစ်လပ်သွားသည်။

လစ်လပ်သွားသည်ဟု သုံးနှုန်းလျှင်လည်း မမှန်သေး။

ထိုမျက်ဝန်းများထဲတွင် နှစ်သန်းပေါင်းများစွာ သက်တမ်းရှိ ရေခဲတောင်တစ်တောင်၏ အေးစက်မှု၊ အရာအားလုံးကို ထိန်းချုပ်အုပ်စိုးလိုသော ရှေးဟောင်းအာဏာစက်တစ်ခု၏ ခံစားချက်ကင်းမဲ့မှုတို့က အစားထိုးဝင်ရောက်လာသည်။

ဤသည်မှာ လီနာ၏ အော်ရာ မဟုတ်တော့။ ဤသည်မှာ ‘ဧကရီကျောက်စိမ်းဆံထိုး’ ၏ အရှိန်အဝါပင်ဖြစ်ပေတော့သည်ါ

လီနာ၏ လက်ထဲမှ ထိုကျောက်စိမ်းဆံထိုးပေါ်ရှိ နဂါးရုပ်သည် အသက်ဝင်လာပြီး ထိုသေးငယ်လှသော မျက်လုံးများက လင်းရှောင်၏ ဝိညာဉ်ကို တိုက်ရိုက် စိုက်ကြည့်နေသကဲ့သို့ပင်။

လင်းရှောင်၏ ကျောရိုးမကြီးတစ်လျောက် ကျက်သီးမှုတစ်ခုက လျှပ်စီးကဲ့သို့ ဖြတ်ပြေးသွားသည်။

သူ ခံစားနေရသည်။

သူ့ရှေ့တွင် ရပ်နေသူသည် ထျန်ရှင်းလု၏ အစေခံ၊ အရိပ်လုပ်ကြံသူ လီနာ မဟုတ်တော့။

ဤခံစားချက်က... ကောင်းကင်ကြီးတစ်ခုလုံး အက်ကွဲသွားပြီး... နှစ်သန်းပေါင်းများစွာ သေဆုံးနေခဲ့ပြီဖြစ်သော၊ ကမ္ဘာဦးခေတ်က နတ်ဘုရားတစ်ပါးကိုပင် ချိပ်ပိတ်နိုင်ခဲ့သော ထိုရှေးဟောင်းဧကရီမကြီးကိုယ်တိုင်... သူမ၏ ထာဝရအိပ်စက်ခြင်းမှ နိုးထလာပြီး... လီနာ၏ ခန္ဓာကိုယ်ကို ကြားခံအဖြစ်အသုံးပြုကာ သူ့အား... ပုရွက်ဆိတ်တစ်ကောင်ပမာ... စိုက်ကြည့်နေသလို ခံစားလိုက်ရသည်။

ထိုအကြည့်ထဲတွင် ဒေါသမရှိ။ မုန်းတီးမှုမရှိ။

ရှိသည်မှာ... လောကကို အုပ်စိုးခဲ့သော ဧကရီတစ်ပါး၏ အဆုံးစွန်သော အထက်စီးဆန်မှု၊ အရာအားလုံးကို တိုင်းတာဆုံးဖြတ်နိုင်သော အေးစက်သည့် အာဏာစက်တစ်ခုသာ...။

သို့သော်ဤအရာများက ဧကရီကျောက်စိမ်းဆံထိုးအား အသုံးမပြုချင်သောကြောင့် လီနာက ပုံရိပ်ယောင်များကိုဖန်တီးနေခြင်းဖြစ်သည်။

သိသာလှစွာပင် လီနာ၏အားနည်းလှသောခွန်အားဖြင့် သူမထက် အဆပေါင်းဒါဇင်ချီမက ပိုမိုသန်မာသော လင်းရှောင်လိုလူကို ပေးဆပ်ခြင်းမရှိပဲ သတ်နိုင်လိမ့်မည် မဟုတ်ချေ။

သူမပေးဆပ်လိုက်ရမည်မှာ သူ၏အသက်သာမက၊ ဝိညာဉ်အပါအဝင်ဖြစ်သည်။

ဧကရီကျောက်စိမ်းဆံထိုးအား ကြားခံအနေဖြင့်အသုံးပြုထားသောကြောင့် ပုံရိပ်ယောင်သည် အလွန်သေသပ်နေကာ အဆင့်လည်းမြင့်မားလှသည်။

သို့သော် သတ်ဖြတ်ခြင်းနတ်ဘုရားလင်းရှောင်သည် ပုံရိပ်​ယောင်တာအိုတွင် အားအကောင်းဆုံးမဟုတ်သော်လည်း အဆင့်တစ်ခုတွင်တော့ ရှိနေသူဖြစ်သည်။

သူ၏အညိုရောင်မျက်ဝန်းများထဲတွင် အလင်းတစ်ချက်တောက်ပသွားလေပြီး ပုံရိပ်ယောင်က ဖန်ကမ္ဘာကြီးတစ်စီစွကြွေမွသွားသကဲ့သို့ ပျက်စီးသွားလေ၏။

ပုံရိပ်ယောင်ကမ္ဘာကြီးပျက်စီးသွားသည်နှင့် လင်းရှောင်အားစူးရဲစွာစိုက်ကြည့်နေသည့် လီနာက တစ်ချက်ညီးတွားလိုက်ရသည်။

သူမ၏ခန္ဓာကိုယ်က အနည်းငယ်ယိုင်နဲ့သွားလေပြီး နဂိုကတည်းကဖြူလျော်နေသည့် မျက်နှာသည် ပို၍ပင်ဖြူလျော်လာကာ နှာခေါင်းသွေးများလည်း ကျဆင်းလာ၏။

သူမ၏ဖိအားပေးနေသော အရှိန်အဝါသည်လည်း ရုတ်ချည်းပင်ထိုးကျသွားလေကာ ဖရိုဖရဲဖြစ်သွားလေ၏။

သူမ၏ပုံစံသည် ဒါဏ်ရာအပြင်းအထန်ရသွားသည့်ပုံဖြစ်သည်။ သို့သော် အဝေးမှ လင်းရှောင်ကတော့ နှုတ်မှုတ်လိုက်လေပြီး ကျိန်ဆဲလိုက်သည်။

“ဟမ့်။ ဉာဏ်များတဲ မြေခွေးမ။” သူကခပ်တိုးတိုးသာ ရေရွတ်လိုက်ခြင်းသာဖြစ်ပြီး သူကိုယ်တိုင်ကလွဲပြီး အခြားသူကြားမည်မဟုတ်ချေ။

သာမှန်ရန်သူဆိုလျှင် အပျော်လွန်သွားပြီး သူမထံသို့ပြေးဝင်ကာ တိုက်ခိုက်ပေလိမ့်မည်။ ထိုအခါတွင် သူ​မ၏သတ်ကွင်းထဲသို့ရောက်သွားပြီး လည်စဥ်းပေးရလိမ့်မည်ဖြစ်သည်။

“အား...”

လီနာ၏အကူအညီဖြင့် မြေပြင်ပေါ်တွင် လဲလျောင်းနေရာမှ၊ အရိပ်လုပ်ကြံသူနှစ်ဦး၏ ဖေးမတွဲထူခြင်းကို ခံထားရသော ထျန်ရှင်းလု၏ ခန္ဓာကိုယ်မှ နာကျင်စွာ ညည်းညူသံတစ်ချက် ထွက်ပေါ်လာသည်။

သူ့ကို ဖေးမထားသော အရိပ်လုပ်ကြံသူနှစ်ယောက်နှင့် သူ့ရှေ့မှ လီနာပါ တုန်လှုပ်သွားကြသည်။

“သခင်” လီနာက ထိတ်လန့်တကြား အော်လိုက်မိသည်။

ထျန်ရှင်းလု၏ မျက်ခွံများက သံတံခါးတစ်ချပ်ကို မနိုင်မနင်း တွန်းဖွင့်နေရသကဲ့သို့ တဆတ်ဆတ်တုန်ခါလျက် ဖြည်းညှင်းစွာ ပွင့်လာသည်။

သူ၏မျက်လုံးများသည် သွေးကြောများဖြင့် လုံးဝနီရဲနေပြီး၊ ‘ဝိညာဉ်ခေါ်ဆေးလုံး’ ၏ အစွမ်းကြောင့် မသေရုံတမယ် ချိတ်ဆက်ထားသော သူ၏အသိစိတ်သည် အဆုံးစွန်သော နာကျင်မှုနှင့်အတူ ပြန်လည်နိုးထလာသည်။

သူ၏ အာရုံထဲသို့ ပထမဆုံး ဝင်ရောက်လာသည်မှာ သူ့အား ကာကွယ်ရန် ကြိုးစားနေသော လီနာ၏ ပုံရိပ်နှင့်... မီတာ ၂၀၀ အကွာတွင် အောင်နိုင်သူတစ်ယောက်ကဲ့သို့ ရပ်နေသော လင်းရှောင်၏ ပုံရိပ်။

“ဖယ်စမ်း...။”

ကျောက်ခဲများ ပွတ်တိုက်သကဲ့သို့ ကြမ်းတမ်းခြောက်ကပ်နေသော အသံတစ်သံ သူ၏လည်ချောင်းထဲမှ ထွက်ပေါ်လာသည်။

“ဝုန်း”

သူသည် သူ၏နောက်ဆုံးသော အင်အားအကြွင်းအကျန်သူ၏ မာနတရားကို အသုံးပြုကာ သူ့အား ဖေးမထားသော အရိပ်လုပ်ကြံသူနှစ်ဦးကို ကြမ်းတမ်းစွာ တွန်းထုတ်လိုက်သည်။

“သခင်”

ထိုလုပ်ကြံသူနှစ်ဦးမှာ အမှတ်မထင်ဖြစ်သွားကာ နောက်သို့ ယိုင်နဲ့သွားသည်။

ထျန်ရှင်းလုသည် ယခု အကူအညီမဲ့သွားပြီဖြစ်သည်။

သူ၏ခန္ဓာကိုယ်သည် ချက်ချင်းပင် ယိုင်နဲ့သွားပြီး ရှေ့သို့ ပြိုကျတော့မည့်အလား...။

“ကျွီ... ဖြောက်”

သူ၏ ကျိုးကြေနေသော ဒူးဆစ်များမှ ကြောက်မက်ဖွယ်အသံများ ထွက်ပေါ်လာသည်။ သို့သော် သူသည် သူ၏ခြေထောက်များကို မြေကြီးထဲသို့ သံချောင်းများစိုက်လိုက်သကဲ့သို့ အစွမ်းကုန် တောင့်ခံလိုက်သည်။

သူ... မလဲကျသွား။

သူသည် မုန်တိုင်းထဲမှ သစ်ရွက်ခြောက်တစ်ရွက်ကဲ့သို့ တုန်ခါနေသော်လည်း၊ သူ၏ ကျိုးပဲ့နေသော ကျောရိုးကို အတင်းအကျပ် ပြန်လည်မတ်လိုက်သည်။

သွေးများသည် သူ၏အမာရွတ်များမှ ချွေးများသဖွယ် တစိမ့်စိမ့် ပြန်လည်စီးကျလာသည်။

သူသည် သူ၏ရူးသွပ်နေသော မျက်လုံးများဖြင့် အဝေးမှ လင်းရှောင်ကို စိုက်ကြည့်လိုက်သည်။

သူက သွေးတစ်လုပ်ကို အန်ထုတ်လိုက်သည်။ “ဘာ...ရပ်လုပ်နေတာလဲ။ လာစမ်းပါ။ မင်းနဲ့ငါ... အဆုံး...ထိသွားပြီးတော့ အနိုင်ရသူကိုအဆုံးဖြတ်ကြမယ်....။”

သူ၏အသံသည် တိုးလွန်းသော်လည်း၊ ထိုအသံထဲမှ အနိုင်မခံအရှုံးမပေးလိုသော ရူးသွပ်မှုကတော့ ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။

လီနာသည် မျက်ရည်များဖြင့် ပြေးလာပြီး သူ့ကို ပြန်လည်ပွေ့ဖက်ရန် ကြိုးစားသည်။

ထျန်ရှင်းလုသည် သူမ၏ ဖေးမမှုကို လက်မခံဘဲ၊ သူ၏ခေါင်းကို မနည်းလှည့်ကာ သူမအား မီးတောက်မတတ်လောင်ကျွမ်းနေသော မျက်ဝန်းတို့ဖြင့် စိုက်ကြည့်လိုက်သည်။

“လီနာ”

သူ၏အော်သံသည် ခြင်္သေ့တစ်ကောင်၏ ဟိန်းသံအစား၊ ဒဏ်ရာရနေသော ဝံပုလွေတစ်ကောင်၏ အဆုံးစွန်သော အော်ဟစ်သံနှင့် တူနေသည်။

“ဘယ်သူက... မင်းကို... ဝင်ရှုပ်ခိုင်းလို့လဲ။ ဒါက ငါ့တိုက်ပွဲပဲ။ ဘေးကိုဖယ်နေစမ်း။”

သူက အံကြိတ်ကာ ပြောလိုက်ပြီး လင်းရှောင်အားတစ်ဖန်ပြန်ကြည့်လိုက်၏။

လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၂၆၁ - ၂၆၅) ပြီး။

All Chapters