အခန်း (၂၆၆-၂၇၃)
Vol. 26 Ch. 266-273
လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၂၆၆ - ၂၇၃)
ထျန်ရှင်းလုသည် သူ၏နောက်ဆုံးအင်အားကို အတင်းဖြစ်ညှစ်ထုတ်ကာ အသက်စွန့်တိုက်ခိုက်တော့မည့်ဟန်ဖြင့် ဟန်ပြနေလေ၏။ သူ၏စိတ်ထဲတွင်တော့ အေးစက်စွာ ကြုံးဝါးလျက်ရှိသည်။
လင်းရှောင်သာ အနားကပ်လာလျှင် [ငါမင်းကိုပါးပိတ်ရိုက်ပြီ] ဟူသောဂါချာကဒ်ကိုအသုံးပြုပြီး သူ၏အခြားသောဝှက်ဖဲကို ထပ်မံအသုံးပြုကာ လင်းရှောင်ကို အနိုင်ပိုင်းရန်ကြိုးစားနေခြင်းဖြစ်၏။
ဤအရာအားလုံးသည် လင်းရှောင်၏ သတိကို လျော့ကျစေပြီး သူ၏ထောင်ချောက်တွင်းသို့ ဝင်လာစေရန် ရည်ရွယ်သည့် သရုပ်ဆောင်မှုတစ်ခုသာ ဖြစ်သည်။
သို့သော်၊ သူ၏ အလိုက်မသိသော အစေခံများက ဝင်ရှုပ်နေမှုကြောင့် ထျန်ရှင်းလုတစ်ယောက် ဒေါသထွက်လွန်း၍ သွေးအန်လုမတတ် ဖြစ်နေရသည်။
လင်းရှောင်က မီတာ ၂၀၀ ကျော်အကွာတွင် တုံ့ဆိုင်းစွာ ရပ်တန့်နေသည်ကို မြင်သောအခါ ထျန်ရှင်းလုက အားကုန်အော်ဟစ်လိုက်ပြန်သည်။
“လာစမ်းပါ...။ ငါတို့တိုက်ပွဲရဲ့ အနိုင်အရှုံးကို အချိန်ဆွဲမနေဘဲ အခုချက်ချင်း ဆုံးဖြတ်ကြမယ်”
သူထိုသို့ အော်ဟစ်လိုက်ရင်းပင် မူးဝေလာသော အမြင်အာရုံကြောင့် ခန္ဓာကိုယ်က တစ်ချက် ယိုင်သွားခဲ့သည်။ ဤတစ်ကြိမ်ကတော့ သရုပ်ဆောင်ခြင်း မဟုတ်ပေ။
သူ၏လက်ရှိအခြေအနေမှာ အလွန်အမင်း အားနည်းနေပြီး နှလုံးခုန်ရပ်သွားမလား ထင်မှတ်ရသည်။ ဤသို့ မတ်တပ်ရပ်နေနိုင်ရန်ပင် အားကုန်ရုန်းကန်နေရပြီး မည်သည့်အချိန်တွင် လဲကျသွားမည်ကို မည်သူမျှ မသိနိုင်။
‘ရန်သူကို မလှည့်စားမီ၊ မိမိကိုယ်ကိုယ် အရင်လှည့်စားရမည်။’ ဤသည်မှာ နတ်ဆိုးမျှော်စင်ထဲတွင် သူသင်ယူခဲ့ရသော ရက်စက်သည့် ဘဝသင်ခန်းစာ ဖြစ်သည်။ ထောင်ချောက်တစ်ခု တည်ဆောက်မည်ဆိုလျှင် အဆုံးစွန်ထိ သွားရမည်သာ။
အကယ်၍ လင်းရှောင်သာ ထျန်ရှင်းလုအား အမှန်တကယ် သတ်ဖြတ်လိုစိတ် ရှိနေပါက၊ ဤထောင်ချောက်ထဲသို့ သူကျိန်းသေ ဝင်ရောက်လာလိမ့်မည် ဖြစ်သည်။
သို့သော်... လင်းရှောင်က သူ့ကို သတ်ရန် ဆန္ဒမရှိနေ။
သူက မီတာ ၂၀၀ ကျော် အကွာအဝေးမှပင် မလှုပ်မယှက် ရပ်နေဆဲ။
ထို့နောက် လင်းရှောင်က သူ၏ သိုလှောင်လက်စွပ်ထဲမှ တစ်စုံတစ်ခုကို ထုတ်ယူလိုက်သည်။
ထိုအရာမှာ ကြိုတင်ပြင်ဆင်ထားဟန်တူသော စာအုပ်တစ်အုပ်ဖြစ်သည်။ ထူးဆန်းစွာပင်၊ ထိုစာအုပ်သည် သာမန်ကျောင်းသုံးစာအုပ်ပုံစံဖြစ်နေပြီး အဖုံးပေါ်တွင် လင်းရှောင်၏ အမည်နှင့် အခန်းနံပါတ်ကိုပင် ရေးထိုးထားသေးသည်။
လင်းရှောင်က စာအုပ်ကို အလျင်အမြန် လှန်လှောလိုက်ပြီး အတွင်းမှ အကြောင်းအရာများကို အတည်ပြုသလို ဖတ်ရှုလိုက်သည်။
စာအုပ်ထဲတွင် ပါဝင်သည်မှာ စာသားများသာမက ရှုပ်ထွေးသော ရုပ်ပုံကားချပ်များဖြင့် ဖော်ပြထားသည့် နည်းစနစ်တစ်ခု ဖြစ်သည်။
ဤနည်းစနစ်ကား [သေမင်း၏လောဘ] နည်းစနစ်ပင်ဖြစ်၏။
လင်းရှောင်က သူ၏နည်းစနစ် ဟုတ်မဟုတ်ကို အတည်ပြုပြီးနောက်၊ စာအုပ်ကိုပိတ်ကာ ထျန်ရှင်းလု ရှိရာသို့ လှမ်းမျှော်ကြည့်လိုက်သည်။
“ထျန်ရှင်းလု...”
သူ၏အသံက တည်ငြိမ်နေသည်။ ထို့နောက် သူက ထိုစာအုပ်ကို အားဖြင့် ပစ်လွှတ်လိုက်၏။
“ရှီးး...”
စာအုပ်သည် လေကိုခွင်းလျက် မီတာ ၂၀၀ အကွာအဝေးကို ဖြတ်ကျော်လာကာ ထျန်ရှင်းလု၏ ခြေရင်းသို့ တိကျစွာ ကျရောက်လာသည်။
“ဒီစာအုပ်က မင်းအတွက် အကူအညီအများကြီး ဖြစ်လိမ့်မယ်။ ယူထားလိုက်။”
လင်းရှောင်က စကားကို ခေတ္တရပ်လိုက်ပြီးနောက် ဆက်ပြောသည်။ “ငါတို့ရဲ့ တိုက်ပွဲအနိုင်ရသူကိုတော့... နောက်တစ်ကြိမ်တွေ့မှပဲ ဆုံးဖြတ်ကြတာပေါ့။”
စကားဆုံးသည်နှင့် လင်းရှောင်က လှည့်ထွက်ကာ ထိုနေရာမှ ထွက်ခွာသွားရန် ပြင်ဆင်လိုက်သည်။
ဤမြင်ကွင်းကြောင့် ထျန်ရှင်းလုတစ်ယောက် အံ့အားသင့်သွားသည်။ သူ၏ အသက်စွန့်ထောင်ချောက်ကို လင်းရှောင်က လျစ်လျူရှုရုံသာမက၊ သူ့အား သနားသည့်အလား နည်းစနစ်တစ်ခု ပေးသွားခဲ့သည်။
ဒါက သူ၏မျက်နှာကို ပေါ်တင်ဖြတ်ရိုက်လိုက်ခြင်းပင်ဖြစ်သည်။
“ရပ်လိုက်စမ်း... သောက်ခွေးကောင်။ မင်း... မင်း ပြေးမလို့လား။ သတ္တိမရှိတဲ့ကောင်။”
ထျန်ရှင်းလုက အာခေါင်ခြစ်ကာ အော်ဟစ်ဆဲဆိုလိုက်သည်။ သို့သော် လင်းရှောင်က လှည့်ပင်မကြည့်တော့ဘဲ သူ၏အမြင်အာရုံမှ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
“မင်း... မင်း...”
သူ၏ အစီအစဉ်များ၊ သူ၏ ဟန်ဆောင်မှုများ၊ သူ၏ မာနများအားလုံးသည် လင်းရှောင်၏ ဂရုမစိုက်မှုကြောင့် လုံးဝ ပျက်စီးသွားခဲ့ရပြီ။
အဆုံးစွန်ထိ တင်းထားခဲ့သော စိတ်တို့ လျော့ကျသွားသည့်အခါ၊ သူ၏ ဒဏ်ရာများနှင့် ဒေါသတို့က တစ်ပြိုင်နက် ပေါက်ကွဲထွက်လာသည်။
“အား..”
ထျန်ရှင်းလု၏ ပါးစပ်မှ သွေးတစ်ပွက် အန်ထွက်လာပြီး သူ၏ မျက်လုံးများ ဝေဝါးသွားကာ နောက်သို့ လဲကျသွားတော့သည်။
“သခင်။”
“သခင်။”
အနီးတွင် စောင့်ကြည့်နေသော လီနာ နှင့် အရိပ်လုပ်ကြံသူ နှစ်ယောက်တို့က ချက်ချင်းပင် ရှေ့သို့ ပြေးထွက်လာကာ လဲကျမသွားမီ ထျန်ရှင်းလု၏ ခန္ဓာကိုယ်ကို အလျင်အမြန် လှမ်းထိန်းလိုက်ကြသည်။
ထျန်ရှင်းလုမှာမူ ဒေါသကြောင့် သွေးအန်ပြီး လုံးဝ သတိလစ်မေ့မြောသွားခဲ့လေပြီ။
ဤသို့ဖြင့်ပင် နေ့ရက်ကအဆုံးသတ်သွားသည်။ နှစ်ပေါင်းများစွာတိုင်အောင် တည်တံလာသည့် ချီကလန်ကြီးပျက်စီးသွားခဲ့သည်။
သို့သော် ထိုသည်က သိပ်ပြီးတော့လည်းမထူးခြားချေ။ မသေမျိုးကျင့်ကြံသူတို့၏ လောကသည် သေခြင်းရှင်ခြင်းတို့ဖြင့် ပြည့်နှက်နေကာ အချိန်အရွေးသေသွားနိုင်သည်။
ချီကလန်ကဲ့သို့သော အလယ်အလတ်အင်အားစုများ ပျက်စီးသွားသည်ဆိုသည်မှာ အလွန်ရှားပါးခြင်းမရှိလေပဲ နှစ်စဥ်၊ နှစ်တိုင်း ဤကဲ့သို့အဖြစ်အပျက်များ ဖြစ်လေ့ဖြစ်ထရှိသည်။
သို့သော် ချီကလန်၏နောက်ကွယ်တွင် ကုန်းမြေတိုက်ကြီး၏ နံပါတ် ၁ အင်အားစုဖြစ်သည့် ထျန်ကလန်ရှိနေသည်။ ထို့အတွက်ကြောင့် ကိစ္စများက စိတ်ဝင်စားဖို့ကောင်းလာပြီဖြစ်သည်။
ထို့အပြင် ယနေ့တွင် တောင်တန်းဂိုဏ်း၏ ထာဝရရှင်သန်နိုင်သည်ဟူ၍ပင် သတင်းထွက်နေသော အဘိုးအိုတောင်တန်းဘုရင်သည် တိုက်ပွဲတွင် အလောင်းပင်ပြန်မရပဲ သေဆုံးသွားခဲ့သည်။
ဤသတင်းသည်တော့ ကုန်းမြေတိုက်ကြီးတစ်ခုလုံးကိုပင် တုန်လှုပ်သွားစေလိမ့်မည့် သတင်းဖြစ်သည်။ တောင်တန်းဘုရင်ဆိုသည်မှာ မည်သူနည်း။
တောင်တန်းဘုရင်ဆိုသည်မှာ အဆင့် ၇ သေမျိုးတန်ခိုးရှင်တစ်ဦးဖြစ်သည်။ အဆင့် ၇ သေမျိုးတန်ခိုးရှင်တစ်ဦးဆိုသော အဆင့်အတန်းမှာ မည်သည်နည်း။
အဆင့် ၇ သေမျိုးတန်ခိုးရှင်တစ်ဦးဆိုသည်မှာ ကုန်းမြေတိုက်ကြီးတစ်ခုလုံး၏ မည်သည့်နေရာတွင်မဆို ခေါင်းမော့ရင်ကော့ပြီး သွားလာနိုင်သော ကျင့်ကြံခြင်းအဆင့်ဖြစ်လေသည်။
ထို့အပြင် တောင်တန်းဘုရင်သည် လေလွင့်ကျင့်ကြံသူတစ်ယောက်မဟုတ်ချေ။ ထိုအစား သူသည် မိုးပြာနဂါးကုန်းမြေတိုက်ကြီးတစ်ခုလုံး၏ အားအကောင်းဆုံးသော အလင်းဘက်ရှိ အင်အားစု ၅ ခုတည်းမှ တစ်ခုဖြစ်သည့် တောင်တန်းဂိုဏ်းမှ ဂိုဏ်းချုပ်တစ်ပါးဖြစ်သည်။
ကုန်းမြေတိုက်ကြိးတစ်ခုလုံး၏ အားအကောင်းဆုံးသော အင်အားစုသည် အားလုံးသိကြသည့်အတိုင်း အကြွင်းမဲ့အင်အားစုဖြစ်သည့် ထျန်ကလန်ပင်ဖြစ်လေ၏။
နံပါတ် ၂ အင်အားစုသည်တော့ ဓမ္မရာဇာ၏လက်ထက်တွင် ရွှေထီးဆောင်းနေသည့် ရွှေနဂါးနိုင်ငံပင်ဖြစ်လေသည်။
ကျန်သည့် နံပါတ် ၃, ၄ နှင့် ၅ တို့သည်တော့ ဆုံးဖြတ်၍မရဖြစ်နေကြသည်။ ထျန်ရှင်းလုတို့ လက်ရှိ၊ ရှိနေသည်ဖရိုဖရဲဒေသတွင် ဒေသခံအာဏာရှင် ၃ ဦးရှိကာ တောင်တန်းဘုရင်၊ နဂါးဘုရင် နှင့် တိမ်ပင်လယ်ဘုရင်မတို့ ၃ ယောက်ဖြစ်ကြသည်။
တောင်တန်းဘုရင်သည် တောင်တန်းဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်၏။ အလားတူပင် နဂါးဘုရင်သည် နဂါးလေးကောင်နတ်ဆိုးဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်ကာ၊ တိမ်ပင်လယ်ဘုရင်မသည်လည်း တိမ်မိုးဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သည်။
၃ ယောက်ထဲတွင် တောင်တန်းဘုရင်က အသက်အကြီးဆုံးဖြစ်သလို အသန်မာဆုံးဟူ၍လည်းပြောကြ၏။ အချိုု့သူများကတော့ လက်မခံကြပဲ နဂါးဘုရင်က အသန်မာဆုံးဖြစ်သည်ဟု ဆိုကြပြန်သည်။
အချို့ကလည်း တိမ်ပင်လယ်ဘုရင်မက ဘုရင် ၃ ပါးထဲတွင် အသန်မာဆုံးဟူ၍ ပြောကြပြန်၏။
ထိုအချို့ဆိုသည်မှာ ဘုရင်များ၏ သက်ဆိုင်ရာဂိုဏ်းများသာ ဖြစ်ကြသည်။
တောင်တန်းဘုရင်သည် သူ့ကိုယ်သူ အသန်မာဆုံးဟူ၍ထင်သလို၊ တိမ်ပင်လယ်ဘုရင်မနှင့် နဂါးဘုရင်တို့သည်လည်း သူတို့ကိုယ်သူတို့ အသန်မာဆုံးဟူ၍ ထင်မှတ်ကြပြန်သည်။
အားအကောင်းဆုံးက မည်သည်ဖြစ်သည်နည်းကိုတော့ အမှန်တကယ် ဘယ်သူမှမသိကြချေ။ ဂိုဏ်း ၃ ဂိုဏ်း၏အင်အားသည်လည်း ထိုအတိုင်းပင်ဖြစ်နေကာ မည်သူက ပို၍အားကောင်းသနည်းကို သေချာမသိကြချေ။
တောင်တန်းဂိုဏ်းက သူတို့ကိုယ်သူတို့ အသန်မာဆုံးဂိုဏ်းဟူ၍သတ်မှတ်ထားကြသလို၊ တိမ်မိုးဂိုဏ်းနှင့် နဂါး ၄ ကောင်နတ်ဆိုးဂိုဏ်းသည်လည်း ထိုအတိုင်းပင်ဖြစ်၏။
တောင်တန်းဂိုဏ်းအား တောင်တန်းဘုရင်ကိုယ်တိုင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး တစ်ဂိုဏ်းလုံးသည် သူ့အား နတ်ဘုရားတစ်ပါးကဲ့သို့ ကိုးကွယ်ကာရိုသေလေးစားကြသည်။
ထို့အတွက်ကြောင့် တောင်တန်းဘုရင်၏ သေဆုံးကြောင်းသတင်းသာ တောင်တန်းဘုရင်ဂိုဏ်းသို့ရောက်သွားပါက တစ်ဂိုဏ်းလုံးဖာတန်းမီးလောင်သကဲ့သို့ ဖြစ်သွားပေလိမ့်မည်။
မိုးပြာနဂါးကုန်းမြေတိုက်ကြီး၏ ဖရိုဖရဲဒေသရှိ၊ ကောင်းကင်ကို ထိုးဖောက်ဝင်ရောက်နေသည့် တောင်တန်းကြီးများ၏ အလယ်ဗဟို အသည်းနှလုံးတွင်... တောင်တန်းဂိုဏ်းတည်ရှိနေသည်။
ဤနေရာသည် ကုန်းမြေတိုက်ကြီး၏ စွမ်းအင်များ စုစည်းရာ၊ သန့်စင်သော ဝိညာဉ်စွမ်းအင်များဖြင့် ပြည့်နှက်နေသော မြင့်မြတ်ရာဌာနေတစ်ခုဖြစ်သည်။
တောင်တန်းဂိုဏ်း၏ အမြင့်ဆုံးတောင်ထိပ်၊ မည်သူ့ကိုမျှ ဝင်ခွင့်မပြုသော တားမြစ်နယ်မြေ... ဘိုးဘေးဂူ ကြီး၏ အတွင်းပိုင်းသည် တိတ်ဆိတ်ငြိမ်သက်နေသည်။
ဤနေရာသည် ဂူဟုခေါ်သော်လည်း တောင်ကြီးတစ်လုံး၏ အတွင်းဘက်ကို ထွင်းထုတည်ဆောက်ထားသည့် ဧရာမ ဘုရားကျောင်းတော်ကြီးတစ်ခုနှင့် ပိုတူနေ၏။
ဂူအတွင်းဘက်ပိုင်းတွင် မီးတိုင်ကြီးများ၏ မှိန်ဖျော့ဖျော့ လိမ္မော်ရောင်အလင်းရောင်ဖြင့်သာ လင်းထိန်နေသည်။
ထိုအလင်းရောင်သည် ချောမွတ်နေအောင် ပွတ်တိုက်ထားသော မဟူရာကျောက်နက်ကြမ်းပြင်များပေါ်တွင် ရောင်ပြန်ဟပ်လျက်ရှိနေကာ ကြောက်ရွံ့ဖွယ်အရိပ်ရှည်ကြီးများကို ဖြစ်ပေါ်စေသည်။
ဂူ၏အလယ်ဗဟိုတွင် မီတာ ၅၀ ခန့်မြင့်သော ဧရာမရုပ်တုကြီးတစ်ဆူရှိသည်။ ထိုရုပ်တုမှာ အခြားသူမဟုတ်၊ တောင်တန်းဂိုဏ်းကို တည်ထောင်သူ “တောင်တန်းဘုရင်” ၏ သူ၏အထွတ်အထိပ်အချိန်က ပုံစံတူရုပ်တုကြီးပင်ဖြစ်သည်။
သူ၏ ချောမောငယ်ရွယ်နေသော မျက်နှာထားသည် မာနတရားတို့ဖြင့် ပြည့်နှက်နေပြီး သူ၏လက်နှစ်ဖက်ကို အနောက်သို့ပစ်ကာ ကောင်းကင်ကို မော့ကြည့်နေဟန်မှာ လောကတစ်ခုလုံးကို သူ၏ခြေဖဝါးအောက်တွင် ထားရှိသည့်အလား ထင်မှတ်ရစေသည်။
ရုပ်တု၏နောက်ကျောဘက်ရှိ နံရံကြီးတွင် ရွှေရောင်စာလုံးကြီးများဖြင့် သူ၏ဘဝတစ်လျှောက်က ကြီးကျယ်ခမ်းနားသော အောင်မြင်မှုများကို ကျောက်စာထွင်းထုထားသည်။
လေထုတစ်ခုလုံးသည် လေးလံပြီး တည်ငြိမ်နေသည်။ ထိုလေထုထဲတွင် နှစ်ပေါင်းထောင်ချီ၍ ထွန်းညှိပူဇော်ခဲ့သော စန္ဒကူးနံ့သာပေါင်း၏ မွှေးရနံ့တို့က စွဲငြိနေသည်။
ထို့အပြင် ကျောက်တုံးများ၏ အေးစက်စက်အနံ့နှင့်အတူ... အလွန်သန့်စင်ပြီး ချိုမြိန်သော ပန်းရနံ့တစ်ခုက လေထဲတွင် ခပ်ပါးပါးလွင့်မျောနေသည်။
ထိုအနံ့မှာ ရုပ်တုကြီး၏ ရှေ့မှောက်ရှိ ပူဇော်ပလ္လင်ကြီးပေါ်တွင် တင်လှူထားသော နီလွှာလွှာ “စိတ်ဝိညာဉ်နှင်းဆီပန်း” များဆီမှ လာခြင်းဖြစ်သည်။
ဤနေရာတွင် လေတိုးသံ၊ ပိုးမွှားတစ်ကောင်၏ လှုပ်ရှားသံပင် မကြားရ။ ကြားနေရသော တစ်ခုတည်းသောအသံမှာ လူနှစ်ယောက်၏ ခြေသံနှင့် အသက်ရှူသံ ခပ်တိုးတိုးတို့သာဖြစ်သည်။
ပထမတစ်ယောက်မှာ အသက်ရှစ်ဆယ်ကျော်အရွယ် အသွင်အပြင်ဖြင့် အဘိုးအိုတစ်ဦးဖြစ်သည်။ သူ၏မျက်နှာသည် ကြည်လင်နေပြီး သူ၏လှုပ်ရှားမှုတိုင်းသည် တည်ငြိမ်ရင့်ကျက်ကာ ဤနေရာနှင့် အသားကျနေဟန်တူသည်။
သူသည် ဤဘိုးဘေးဂူကို နှစ်ပေါင်းများစွာ ထိန်းသိမ်းစောင့်ရှောက်လာသူ အကြီးအကဲမင် ဖြစ်သည်။
သူ၏နောက်တွင်တော့ အသက် ဆယ့်ခြောက်နှစ်အရွယ် လူငယ်လေးတစ်ဦးက ကြောက်ရွံ့ရိုသေသော မျက်နှာထားဖြင့် တိတ်ဆိတ်စွာ လိုက်ပါလာသည်။
သူ၏မျက်လုံးများသည် ဧရာမရုပ်တုကြီးကို မော့ကြည့်ရင်း အံ့ဩမှုများဖြင့် ပြည့်နှက်နေသည်။ သူမှာ အကြီးအကဲမင်၏ တာဝန်ကို လွှဲပြောင်းရယူရမည့် တပည့်သစ်ဖြစ်သည်။
အကြီးအကဲမင်သည် သက်တမ်းစေ့တော့မည်၏။ ထို့အတွက်ကြောင့် သူက သက်တမ်းမစေ့မီ ဂူပိတ်ကျင့်ကြံကာ ကျင့်ကြံခြင်းအဆင့်တတ်ရန် ကြိုးစားလိုနေခြင်းဖြစ်၏။
အကြီးအကဲမင်သည် ရုပ်တုကြီးရှေ့တွင် ရပ်တန့်လိုက်ပြီး လေးနက်သောလေသံဖြင့် စတင်ပြောကြားလိုက်သည်။
“ရှောင်ဟု... ဒီနေ့ကစပြီး ဒီဘိုးဘေးဂူကို စောင့်ရှောက်ရမဲ့ ဂုဏ်သိက္ခာကြီးမားတဲ့ တာဝန်က မင်းပခုံးပေါ်ကျရောက်လာပြီ။ ဒီတာဝန်က ရိုးရှင်းသလို၊ အလွန်လည်းအရေးကြီးတယ်။”
သူက ရုပ်တုကြီးကို လက်ညှိုးထိုးပြလိုက်သည်။
“ပထမဆုံး... တည်ထောင်သူဘိုးဘေးရဲ့ ရုပ်တုတော်ကို နေ့စဉ် ပိုးသားအဖြူစနဲ့ ပွတ်တိုက်သန့်စင်ရမယ်။”
“ဖုန်မှုန့်တစ်စက်တောင် ကျန်လို့မဖြစ်ဘူး။ မင်းပွတ်တိုက်လိုက်တိုင်း ကျောက်သားရဲ့ အေးစက်မှုနဲ့ ဘိုးဘေးရဲ့ တန်ခိုးအရှိန်အဝါကို မင်းအပြည့်အဝ ခံစားရလိမ့်မယ်။”
သူက နောက်ထပ် ပလ္လင်ပေါ်ရှိ နှင်းဆီပန်းများကို ညွှန်ပြပြန်သည်။
“ဒုတိယ... ဒီ စိတ်ဝိညာဉ်နှင်းဆီပန်းတွေ။ အဲပန်းတွေက ဘိုးဘေး အနှစ်သက်ဆုံးသောပန်းဖြစ်တယ်။ တစ်ပတ်တစ်ခါ၊ အတိအကျ ၇ ရက်ပြည့်တိုင်း အသစ်လဲလှယ်ပူဇော်ရမယ်။ လုံးဝ မှားယွင်းလို့ မဖြစ်ဘူး။”
“တတိယ... လစဉ်လတိုင်း၊ အကောင်းဆုံး ‘ကောင်းကင်ထိပ်သီးသစ်သီး’ တွေကို ဆွမ်းကပ်ပူဇော်ရမယ်။”
အကြီးအကဲမင်က သူ၏တပည့်ကို လှည့်ကြည့်လိုက်သည်။ “သတိရပါ၊ ရှောင်ဟု။ ငါတို့ဟာ သာမန်သန့်ရှင်းရေးသမားတွေ မဟုတ်ဘူး။ ငါတို့က နတ်ဘုရားတစ်ပါးကို အလုပ်အကျွေးပြုနေရတာ။ တည်ထောင်သူဘိုးဘေးဟာ ငါတို့တောင်တန်းဂိုဏ်းရဲ့ အသက်ဝိညာဉ်ပဲ။”
ရှောင်ဟုသည် အာဂုံဆောင်သကဲ့သို့ ခေါင်းကို အဆက်မပြတ်ညိတ်ပြနေသည်။ သူ၏အကြည့်များသည် ရွှေရောင်ကျောက်စာများကို လေးစားစွာ လိုက်လံဖတ်ရှုနေရာမှ ပလ္လင်၏ အလယ်ဗဟိုရှိ အရာတစ်ခုပေါ်သို့ ရောက်ရှိသွားသည်။
ထိုအရာသည် ပတ်ဝန်းကျင်၏ ကြီးကျယ်ခမ်းနားမှုနှင့် လုံးဝမလိုက်ဖက်ချေ။
ထိုအရာမှာ လက်တစ်ဝါးစာခန့်သာရှိသော၊ မည်သည့်အလှဆင်မှုမှ မပါသည့်၊ ချောမွတ်နက်မှောင်နေသော အနက်ရောင်ကျောက်ပြားအသေးလေးတစ်ခုသာဖြစ်သည်။
ထိုကျောက်ပြားကို ကတ္တီပါနီခုံလေးတစ်ခုပေါ်တွင် သီးသန့်တင်ထားသည်။
“ဆရာ... ဟို... ဟိုအနက်ရောင်ကျောက်ပြားလေးကရော ဘာအတွက်ပါလဲ။”
အကြီးအကဲမင်၏ မျက်နှာသည် ပို၍ပင် တည်ကြည်လေးနက်သွားသည်။
“အဲ့ဒါ... အဲ့ဒါကတော့ ဒီနေရာကိုစောင့်ရှောက်သူရဲ့ နောက်ထပ် အရေးကြီးဆုံးတာဝန်ပဲ။ ဒါပေမဲ့... မင်းတစ်သက်လုံး ဒီတာဝန်ကို ထမ်းဆောင်ရမှာ မဟုတ်ပါဘူး။”
သူက ကျောက်ပြားလေးကို တန်ဖိုးထားစွာဖြင့် ညင်သာစွာ ပွတ်သပ်လိုက်သည်။ ထိုကျောက်ပြားမှ အေးစက်သော အထိအတွေ့ကို သူခံစားလိုက်ရသည်။
“မင်းရဲ့နောက်ထပ်တာဝန်က ဒီအနက်ရောင်ကျောက်ပြားလေးကို နေ့စဉ်စောင့်ကြည့်နေဖို့ပဲ။ အကယ်၍... ငါပြောတာ ‘အကယ်၍’ ပေါ့...။ အကယ်၍များ ဒီကျောက်ပြားလေးက ကွဲသွားခဲ့သည် ရှိသော်... မင်း ဘာမှလုပ်မနေနဲ့။ အရာအားလုံးကို ပစ်ချပြီး ဂိုဏ်းရဲ့အကြီးအကဲတွေဆီကို သတင်းသွားပို့ရမယ်။ ချက်ချင်းနော်။”
ရှောင်ဟုသည် ဇဝေဇဝါဖြစ်သွားသည်။ “ကွဲသွားမယ်... ဟုတ်လား။ ဒါပေမဲ့ ဆရာက ခုနကပဲ ဒီတာဝန်ကို ထမ်းဆောင်ရမှာမဟုတ်ဘူးလို့ ပြော...”
“ဟုတ်တယ်။” အကြီးအကဲမင်က ရယ်လိုက်သည်။ သူ၏အက်ကွဲနေသော ရယ်သံခြောက်ခြောက်သည် တိတ်ဆိတ်သောဂူကြီးထဲတွင် ပဲ့တင်ထပ်သွားသည်။
“ဘာလို့လဲဆိုတော့ အဲ့ဒီကျောက်ပြားက ဘယ်တော့မှ ကွဲမှာမဟုတ်လို့ပဲ။”
“ဘာလို့... ဘာလို့ မကွဲနိုင်ရတာလဲ ဆရာ။”
အကြီးအကဲမင်သည် ရုပ်တုကြီးကို မော့ကြည့်လိုက်ပြီး သူ၏မျက်နှာထက်တွင် အဆုံးစွန်သော ကိုးကွယ်ယုံကြည်မှုနှင့် ဂုဏ်ယူဝံ့ကြွားမှုတို့ ပြည့်နှက်လာသည်။
“ဘာဖြစ်လို့လဲဆိုတော့... အဲ့ဒီအနက်ရောင်ကျောက်ပြားက ‘အသက်ဆက်ကျောက်တုံး’ ဖြစ်နေလို့ပဲ။”
“သူက ငါတို့ရဲ့ ကြီးမြတ်လှစွာသော တည်ထောင်သူဘိုးဘေး... တောင်တန်းဘုရင်ရဲ့ အသက်ဝိညာဉ်နဲ့ တိုက်ရိုက်ချိတ်ဆက်ထားတာ။”
သူက ကျောက်စာကြီးများဘက်သို့ လက်ညှိုးထိုးလိုက်သည်။
“ဟားဟား... ကြည့်စမ်း ရှောင်ဟု။ ငါတို့ဘိုးဘေးက ဘယ်သူထင်သလဲ။ သူက နှစ်ပေါင်း ၅၀၀၀ ကျော် ရှင်သန်နေထိုင်လာခဲ့တဲ့ အဆင့် ၇ သေမျိုးတန်ခိုးရှင်တစ်ပါးကွ။”
“သူက ထာဝရနီးပါး အသက်ရှည်ခြင်းနိုင်မယ်။ သူက လေကိုအမိန့်ပေးနိုင်တယ်။ တောင်တန်းတွေကို ထိန်းချုပ်နိုင်တယ်။ သူ့ရဲ့သက်တမ်းက ဒီတောင်တန်းကြီးတွေ မပြိုပျက်မချင်း တည်တံ့နေမှာ။”
“သူ့လို ထာဝရရှင်သန်နိုင်တဲ့ နတ်ဘုရားတစ်ပါးက ဘယ်လိုလုပ်...”
ခရက်....
အကြီးအကဲမင်၏ ကြွားဝါနေသော စကားသံသည် လေထဲတွင် ရုတ်တရက် ရပ်တန့်သွားသည်။
သူ၏မျက်မှောင်ကြုတ်သွားသည်။ ‘ငါ...တစ်ခုခုကို ငါကြားလိုက်မိတာလား။’
ထိုအချိန်မှာပင် သူ၏လက်ဖဝါးအောက်ရှိ အေးစက်နက်မှောင်သော အသက်ဆက်ကျောက်တုံးလေးဆီမှ... အလွန်သိမ်မွေ့သော တုန်ခါမှုတစ်ခုကို သူခံစားလိုက်ရသည်။
“ဟမ်။”
ရှောင်ဟုကလည်း မျက်လုံးများပြူးကျယ်သွားသည်။ “ဆ... ဆရာ... ကျောက်... ကျောက်ပြား...။”
အကြီးအကဲမင်သည် သူ၏ခေါင်းကို ဖြည်းညှင်းစွာ ငုံ့ကြည့်လိုက်သည်။
သူ၏အိုမင်းနေကာ တိမ်စွဲနေသော မျက်လုံးများသည် သူ၏မျက်ခွက်ထဲမှ ပြုတ်ထွက်မတတ် ပြူးကျယ်သွားသည်။
ပြီးပြည့်စုံအောင် ချောမွတ်နက်မှောင်နေခဲ့သော အနက်ရောင်ကျောက်ပြားလေး၏ မျက်နှာပြင်ပေါ်တွင်... ယခု... ဆံချည်မျှင်ကဲ့သို့ သေးငယ်သော... အဖြူရောင်အက်ကြောင်းလေးတစ်ခု ထင်ပေါ်လာသည်။
“မ... မဖြစ်နိုင်ဘူး။”
အကြီးအကဲမင်၏ ပထမဆုံးတုံ့ပြန်မှုမှာ သူ၏လက်များဖြင့် မျက်လုံးများကို အားကုန် ပွတ်သပ်လိုက်ခြင်းဖြစ်သည်။
ဒါက အိပ်မက်ပဲ။ ဒါမှမဟုတ် မီးတိုင်ရဲ့ အရိပ်ထင်တာပဲ ဖြစ်ရမယ်။ သူက အသက်ကိုမနည်းရှူလိုက်ပြီး မျက်လုံးများကို ပြန်ဖွင့်ကြည့်သည်။
ခရက်....ခရက်....ခရက်....
“အားးး” ရှောင်ဟု ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
အဖြူရောင်အက်ကြောင်းလေးသည် ပျောက်မသွားသည့်အပြင်... သူတို့၏ မျက်စိရှေ့မှာပင်... ပင့်ကူအိမ်ကဲ့သို့ အက်ကြောင်းသစ်များ လျင်မြန်စွာ ဖြာထွက်လာသည်။
“မဟုတ်ဘူး။ မဟုတ်ဘူး။ မဟုတ်ဘူး။”
အကြီးအကဲမင်သည် ထိုကျောက်တုံးလေးကို ကိုင်ရန် သူ၏တုန်ယင်နေသော လက်ကို ဆန့်ထုတ်လိုက်သည်။
“ခွမ်းးးးးးးးးးးးးးး။”
သူ၏လက်နှင့် မထိမီမှာပင်၊ အသက်ဆက်ကျောက်တုံးလေးသည် ပြင်းထန်သော အသံတစ်ခုပြုကာ အစိတ်စိတ်အမွှာမွှာ ပေါက်ကွဲထွက်သွားတော့သည်။
နက်မှောင်သော ကျောက်တုံးအစအနများသည် ကတ္တီပါနီခုံလေးပေါ်မှ လိမ့်ကျကာ မဟူရာကျောက်နက်ကြမ်းပြင်ပေါ်သို့ “ချွင်... ချွင်” ဟူသော အသံများပေးလျက် ပြန့်ကျဲသွားသည်။
အချိန်က ရပ်တန့်သွားသလိုပင်။
လေထုထဲတွင် စန္ဒကူးနံ့သာရနံ့အစား ဖုန်မှုန့်အနံ့တို့က နေရာယူလာသည်။
ဘိုးဘေးဂူကြီးတစ်ခုလုံး သုသာန်ပြင်ကဲ့သို့ တိတ်ဆိတ်သွားသည်။
ထို့နောက်... အရာအားလုံးထက် ပိုမိုကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခု ဖြစ်ပေါ်လာသည်။ နှစ်ပေါင်းများစွာ ဤဂူကြီးထဲတွင် အမြဲတမ်း တည်ရှိနေခဲ့သော... လေးလံဖိစီးသည့်... တန်ခိုးအရှိန်အဝါကြီး... ဘိုးဘေး၏ တည်ရှိနေမှု အငွေ့အသက်ကြီးသည် ရုတ်တရက် ပျောက်ကွယ်သွား၏။
လေပူဖောင်းတစ်လုံး ပေါက်ကွဲသွားသကဲ့သို့... လုံးဝ ဟာလာဟင်းလင်း ဖြစ်သွားသည်။
ကျန်ရစ်ခဲ့သည်မှာ... အေးစက်သော ကျောက်တုံးများ၏ အနံ့သက်သက်သာရှိသော သာမန်ဂူကြီးတစ်လုံးသာ ဖြစ်သည်။
“မ... မ... မ...။”
အကြီးအကဲမင်သည် သူ၏မျက်လုံးများကို နောက်တစ်ကြိမ် ပွတ်သပ်လိုက်သည်။ သူ၏တစ်ကိုယ်လုံးသည် ထိန်းမနိုင်သိမ်းမရ တုန်ခါနေသည်။ သူ၏မျက်နှာသည် သွေးမရှိတော့သကဲ့သို့ ဖြူဖျော့နေသည်။
သူက ကြမ်းပြင်ပေါ်ရှိ ကျောက်တုံးအမွှာလေးများကို တုန်တုန်ယင်ယင်ဖြင့် ကောက်ယူလိုက်သည်။ ထို့နောက် ကြီးကျယ်ခမ်းနားသော ရုပ်တုကြီးကို မော့ကြည့်လိုက်သည်။
သူ၏ဦးနှောက်က အလုပ်မလုပ်နိုင်တော့။
“အားးးးးးးးးးးးးးးးးးးးးးးးးးးး။”
မယုံကြည်နိုင်ခြင်း၊ ထိတ်လန့်ခြင်း၊ ကြောက်ရွံ့ခြင်းတို့ဖြင့် ပြည့်နှက်နေသော အဘိုးအိုတစ်ဦး၏ အသံစူးစူးကြီးသည် တောင်တန်းဂိုဏ်း၏ အမြင့်ဆုံးတောင်ထိပ်မှတစ်ဆင့် ကောင်းကင်ယံသို့ ထိုးဖောက်ထွက်ပေါ်သွားတော့သည်။
“ဘိုးဘေး... တည်ထောင်သူဘိုးဘေး... နတ်ရွာစံသွားပြီ။”
လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၂၆၆ - ၂၇၃) ပြီး