အခန်း (၂၇၄-၂၈၄)
Vol. 26 Ch. 274-284
လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၂၇၄ - ၂၈၄)
လက်ရှိ ဇူလိုင်လ ၅ ရက်နေ့၊ ည ၁၀ နာရီခွဲအချိန်ရှိနေပြီဖြစ်၏။ အချိန်သည်နောက်ကျနေပြီဖြစ်သော်လည် ဖရိုဖရဲဒေသရှိ အားကောင်းဆုံးသော ဂိုဏ်းကြီး ၃ ဂိုဏ်းထဲမှ နဂါးလေးကောင်နတ်ဆိုးဂိုဏ်းသည်တော့ စည်ကားနေဆဲဖြစ်သည်။
အခြားသောဂိုဏ်းကြီး ၂ ခုဖြစ်သည့် တောင်တန်းဂိုဏ်းနှင့် တိမ်မိုးဂိုဏ်းတို့သည် အဖြူရောင်ကျင့်ကြံသူအဖွဲ့အစည်းများဖြစ်ကြကာ စည်းဘောင်များရှိကြသည်။
နဂါးလေးကောင်နတ်ဆိုးဂိုဏ်းသည် အနက်ရောင်ကျင့်ကြံသူများဖြစ်ကြပြီး စည်းဘောင်များမရှိကြချေ။ သူတို့သည် ခွန်အားအတွက် မည်သည့်အရာကိုမဆိုပြုလုပ်ကြမည့်သူများဖြစ်ကြသည်။
ဂိုဏ်းအတွင်းထဲတွင်ပင် စည်းကမ်းတင်းကြပ်ထားခြင်းမရှိလေပဲ လူသတ်မှု၊ ပစ္စည်းခိုးမှု၊ ဓားပြမှု၊ ပြန်ပေးဆွဲမှု၊ အဓမ္မမှု၊ စသည့် ရာဇဝတ်အမှုများစုံစိနေလေသည်။
နေ့စဥ်သေဆုံးသူအရေအတွက်သည်ပင် ဆယ်ဂဏန်းလောက်ရှိနေကာ အချို့ရန်ပွဲဖြစ်ကြသောအချိန်များတွင် ရာဂဏန်းအထိပင်ရှိလေသည်။
ဤမျှလောက် သေဆုံးသူများပြားနေသော်လည်း နဂါးလေးကောင်နတ်ဆိုးဂိုဏ်းသည် ဂိုဏ်းကြီး ၃ ခုအတွင်းတွင် လူဦးရေအများဆုံးဖြစ်နေဆဲပင်ဖြစ်သည်။
စုစုပေါင်းဂိုဏ်းသားပေါင်း ၃၅၀၀၀ ကြားမှ ၄၀၀၀၀ ကြားရှိလေသည်။ အခြားသောဂိုဏ်းကြီး ၂ ခု၏ဂိုဏ်းသားများသည် ၁၀၀၀၀ ဝန်းကျင်သာဖြစ်ကြသည်။
ထိုအတွက်လည်း အကြောင်းအရင်းရှိလေသည်။ အဖြူရောင်ဂိုဏ်းကြီး ၂ ဂိုဏ်းအတွင်းသို့ဝင်ရောက်ရန်အတွက် လိုအပ်ချက်များစွာရှိသည်။
ငယ်ရွယ်ရမည်။ ပါရမီရှိရမည်။ နောက်ခံကောင်းရမည်။ စသည့် လိုအပ်ချက်များဖြစ်သည်။ ထိုလိုအပ်ချက်များနှင့် ကိုက်ညီပါက ဂိုဏ်းအတွင်းသို့မည်သည့်ပြဿနာမှ မရှိလေပဲ ဝင်ရောက်နိုင်မည်ဖြစ်သည်။
ဂိုဏ်းအတွင်းတွင်လည်း မိမိ၏ကြိုးစားမှုနှင့် ပါရမီပေါ်မူတည်၍ အရင်းအမြစ်များစွာကိုရရှိလိမ့်မည်ဖြစ်လေသည်။
ထို့အပြင် ဂိုဏ်းအတွင်းထဲတွင် အလွန်လုံခြုံလေပြီး အသက်အန္တာရယ်နှင့် ကင်းဝေးကြသည်။ မတော်တဆမှုများမရှိဟူ၍တော့မဟုတ်ပဲ အလွန်အမင်း နည်းပါးခြင်းဖြစ်သည်။
ဂိုဏ်းအတွင်းတွင် သိုင်းကျမ်းများစွာကိုလည်း အလွယ်တကူရရှိနိုင်သည်။ ထို့အတွက်ကြောင့် ထိုအဖြူရောင်ဂိုဏ်းများအတွင်းသို့ဝင်ရောက်နိုင်လျှင် မိမိ၏အနာဂါတ်သည် အေးချမ်းသာယာမည်ဖြစ်သည်။
အနက်ရောင်ကျင့်ကြံသူများဖြစ်သည့် နဂါးလေးကောင်နတ်ဆိုးဂိုဏ်းသည်တော့ ဆန့်ကျင်ဘက်ဖြစ်သည်။
ဂိုဏ်းထဲသို့ဝင်ရောက်ရန်အတွက် မည်သည့်လိုအပ်ချက်မှမရှိချေ။ အသက်အရွယ်ကန့်သတ်ချက်လည်းမရှိချေ။ လမ်းမလျောက်နိုင်သေးသည့် လသားအရွယ်များကိုပင် အုပ်ထိန်းသူများက လာရောက်ပြီးတော့ ဝင်ခွင့်စာရင်းလာပေးနိုင်သည်။
မွေးကင်းစပင် စာရင်းလာသွင်း၍ရသည်။
လမ်းကောင်းကောင်းလျောက်နိုင်တော့သည့် ခါးကုန်းကုန်းဖြင့် အဘိုး၊ အဘွားအရွယ်များကိုပင် လက်ခံသေးသည်။ ထို့အပြင် ဂိုဏ်း၏အကြီးအကဲများသည် ပါရမီဆိုသည့်အရာအား သိပ်ပြီးဂရုမစိုက်ကြချေ။
ဂိုဏ်းထဲသို့ မကျင့်ကြံနိုင်သောသူများပင် ဝင်ရောက်နိုင်၏။ ပါရမီအား လုံးဝစမ်းသပ်မည်မဟုတ်ချေ။ ထို့အပြင် နောက်ခံကိုလည်းဂရုစိုက်မည်မဟုတ်ပဲ သေမျိုးများပင် အလွယ်တကူဝင်ရောက်နိုင်သည်။
သို့သော် ထိုကဲ့သို့သောသူ အများစုသည် ဂိုဏ်းထဲသို့ဝင်ရောက်ပြီး ၃ ရက်မပြည့်ခင်မှာပင် အလောင်းဘဝရောက်သွားကြရသည်။
ဂိုဏ်း၏အပြင်စည်းသည် အလွန်ရုပ်ဆိုးလှလေပြီး အချင်းချင်းဝါးမြိုနေကြခြင်းဖြစ်သည်။ သွေးအဆီအနှစ်ကိုစုပ်ယူသည်။ အသွေးအသားကိုအစိမ်းလိုက်စားသုံးကာ စွမ်းအင်များစုပ်ယူသည်။ ကာမဆက်ဆံ၍ စွမ်းအင်များကိုစုပ်ယူသည်။
ဝိညာဉ်များကိုဆွဲနှုတ်ပြီး တိုက်ခိုက်ရန်အတွက်အသုံးပြုကြသည်။ ဤသူများသည် အချင်းချင်းဇာတ်တူသားစားနေကြချင်းပင်ဖြစ်သည်။
ဂိုဏ်း၏အပြင်စည်းတွင် မည်သည့်စည်းမျဥ်းမှ မရှိလေပဲ လုပ်ချင်တာလုပ်နိုင်ကြသည်။ ဤနေရာသည် တောတွင်းဥပေဒေကို ကောင်းစွာအသုံးပြုကြသည်။
ခွန်အားရှိလျှင် ဘုရင်တစ်ပါးဖြစ်လေပြီး မရှိလျှင်တော့ လူသားစွတ်ပြုတ်ဖြစ်သွားပေလိမ့်မည်ဖြစ်သည်။ နဂါး ၄ ကောင်နတ်ဆိုးဂိုဏ်း၏ ရုပ်ဆိုးလှသောဗီဇများသည် ဂိုဏ်းအတွင်းထဲတွင်သာ မရပ်တန့်သွားချေ။
အတွင်းစည်းတပည့်ဖြစ်ပြီးနောက်တွင် ဂိုဏ်း၏အပြင်သို့ထွက်နိုင်မည်ဖြစ်သည်။ နတ်ဆိုးဂိုဏ်း၏တပည့်များ အပြင်လောကသို့ထွက်တိုင်း သွေးချောင်းစီးသွားလေ့ရှိသည်။
ထို့အတွက်ကြောင့် အခြားသောဂိုဏ်းကြီးများသည် နဂါးလေးကောင်နတ်ဆိုးဂိုဏ်းမှ တပည့်များအား အပြင်လောကတွင်တွေ့သည့်အခါတိုင်း မရမက အမဲလိုက်ဖြတ်လေ့ရှိသည်။
နဂါးလေးကောင်နတ်ဆိုးဂိုဏ်းအား အပြင်စည်း၊ အတွင်းစည်းနှင့် ဗဟိုစည်းဟူ၍ ၃ ပိုင်းခွဲခြားထားသည်။ ဂိုဏ်းတပည့်လူဦးရေ၏ ၃ ပုံ ၂ ကျော်သည် အပြင်စည်းတပည့်များနှင့် အမည်ခံတပည့်များဖြစ်ကြသည်။
အတွင်းစည်းတွင် လူဦးရေ ၆၀၀၀ ကျော်ရှိကာ ဂိုဏ်း၏အစစ်အမှန်တိုက်ခိုက်ရေးသမားဖြစ်သည်။ အတွင်းစည်းသို့ဝင်ရောက်ရန်အတွက် အဆင့် ၁ ဝိညာဉ်သခင်ဟူသော ကျင့်ကြံခြင်းအဆင့်ရှိရမည်ဖြစ်သည်။
အတွင်းစည်းသည်တော့ အပြင်စည်းလောက်ရုပ်ဆိုးခြင်းမရှိသော်လည်း လူမြင်ကွင်းတွင်သတ်ဖြတ်နေကြဆဲဖြစ်သည်။
အတွင်းစည်း၏ တိုက်ခိုက်ရေးကွင်းပြင်များတွင် နေ့စဥ်သွေးများစိုရွဲနေလေပြီး ဘယ်တော့မှ မခြောက်သွေ့သွားဘူးဟူ၍ပင် ပြောစမှတ်ပြုကြသည်။
ဗဟိုစည်းသည် လူဦးရေအနည်းဆုံးဖြစ်ကာ ၄၀၀၀ ဝန်းကျင်သာရှိသည်။ သို့သော် အပြင်စည်းနှင့် အတွင်းစည်း ၂ ခုပေါင်းထားသည်ထက်ပင် ပိုမို၍ကျယ်ဝန်းနေသေးသည်။
ဤနေရာတွင်ရှိနေသည့်သူများသည် ဂိုဏ်း၏အထောက်အတိုင်များနှင့် သူတို့၏သက်ဆိုင်ရာကလန်ကြီးများဖြစ်ကြသည်။
ဂိုဏ်း၏လူဦးရေများပြားမှုကြောင့် အပြင်စည်းနှင့် အတွင်းစည်းကို မြို့ပြလူနေမှုစနစ်ဖြင့် ခေါတ်မှီစွာဆောက်လုပ်ထားသည်။
ဗဟိုစည်းသည်တော့ ရှေးဟောင်းအဆောက်အဦးများ၊ လှပသောရုပ်ထုများ၊ ရေကန်ကြီးများ၊ ဥယာဥ်ကြီးများဖြင့် နန်းတွင်းနှင့်ပင်သွားရောက်တူနေလေသည်။
ယခုလက်ရှိအချိန်တွင် ဗဟိုစည်းရှိ အမြင့်ဆုံးအဆောက်အဦးဖြစ်သည့် နဂါးမျှော်စင်ကြီး၏ အပေါ်ဆုံးအထပ်ဖြစ်သော ၁၃ ထပ်မြောက်တွင် လူငယ်လေးတစ်ယောက်က ရပ်နေ၏။
ဗဟိုစည်းကို တောင်များပေါ်တွင်ဆောက်တည်ထားခြင်းဖြစ်လေပြီး ၁၃ ထပ်မြောက်မျှော်စင်သည် အတော်လေးမြင့်မားလှသည်။
မျှော်စင်ကြီးအား တိမ်မြူခိုးများပင်ဝေ့ဝဲနေလေသည်။ နဂါးမျှော်စင်ကြီး၏ ၁၃ ထပ်မြောက်၏ ဝရံတာတွင် လူငယ်လေးတစ်ယောက်က ပါးလွာသော တိမ်ခိုးငွေ့များကြားတွင်ရပ်နေ၏။
ထိုလူငယ်လေးသည် နီထွေးထွေးနှုတ်ခမ်း၊ ဖြောင့်စင်းသောနှာတံ၊ နှင်းပွင့်လေးများကဲ့သို့နူးညံသော အညိုရောင်မျက်ဝန်း၊ အနက်ရောင်ဆံပင်တို တို့ဖြင့် အတော်လေးချောမောလှပသည်။
လူငယ်သည် အနက်ရောင်အင်မော်တယ်ဝတ်ရုံအားဝတ်ဆင်ထားသည်။ သူ၏အရပ်အမောင်းသည် ၆ ပေ ၂ လက်မခန့်ရှိကာ ပခုံးကလည်းအတော်အတန်ကျယ်ပြန့်လေသောကြောင့် ထိုအနက်ရောက်ဝတ်ရုံဖြင့်လိုက်ဖက်လျက်ရှိနေသည်။
လူငယ်လေးသည် ဘယ်လက်အားအနောက်သို့ပြစ်ထားလေပြီး၊ ညာဘက်ဖြင့်အနီရောင်ဝိုင်ခွက်အား ကျက်သရေရှိစွာကိုင်ဆောင်ထားသည်။
ဘေးဘက်တွင်လည်း မွှေးပျံသော အနီရောင်သစ်သားစားပွဲအပုပေါ်လေးတွင် လောလောလတ်လတ်ဖောက်ထားသည့် ဝိုင်ပုလင်းလေးရှိနေသည်။
ဝိုင်ပုလင်း၏ပုံစံသည်သာမန်သာဖြစ်သော်လည်း အလွန်မွှေးပျံသောရနံတို့နှင့်အတူ သိပ်သည်းလှသည့်အဖြူရောင်အငွေ့များသည် ဝိုင်ပုလင်းလေး၏ဘေးတွင် ထူထဲစွာရစ်ပတ်နေသည်။
ထိုအငွေ့များသည် သန့်စင်သော ဝိညာဉ်စွမ်းအင်များပင်ဖြစ်လေ၏။ လူငယ်က ကျက်သရေရှိစွာဖြင့် ဝိုင်နီအားအာစွတ်ရုံလောက်လေး သောက်လိုက်သည်။
သူက ခေါင်းအားအသာမော့ထားလေပြီး ဂိုဏ်းကြီးတစ်ဂိုဏ်းလုံးအား ထိုနူးညံပုံရသော်လည်း အေးစက်နေသည့် မျက်ဝန်းတို့ဖြင့်စိုက်ကြည့်နေ၏။
သူ၏ အမြင်အာရုံထဲတွင် ဂိုဏ်း၏ ဧရိယာ ၃ ခုသည် ထင်ရှားစွာ ပိုင်းခြားလျက်ရှိသည်။
သူရပ်နေသော ဗဟိုစည်းသည် ညအမှောင်နှင့် တိမ်မြူခိုးများကြားထဲတွင်ပင် ခန့်ညားထည်ဝါစွာ တိတ်ဆိတ်နေသည်။
ရှေးဟောင်းအဆောက်အဦးများနှင့် ဥယျာဉ်တော်များကြားတွင် မီးတိုင်များက ငြိမ်သက်စွာ လင်းလက်နေပြီး အစောင့်တချို့ လှည့်လည်သွားလာနေသည်မှလွဲ၍ အရာအားလုံးသည် အေးချမ်းနေသည်။
ထိုအေးချမ်းမှု၏ အလွန်၊ အလယ်ပိုင်းရှိ အတွင်းစည်းတွင်တော့ ဆူညံသံများနှင့် သွေးညှီနံ့များက လေနှင့်အတူ ပါလာသယောင်ရှိသည်။
မီးရှူးမီးတိုင်များ ထိန်ထိန်ညီးနေသည့် တိုက်ခိုက်ရေးကွင်းပြင်ကြီးများတွင် လူများစွာက အသက်လု၍ တိုက်ခိုက်နေကြသည်။
အောင်ပွဲခံသံများ၊ နာကျင်စွာ အော်ဟစ်သံများနှင့် လူအုပ်၏ ကြွေးကြော်သံများက ထိုနေရာတစ်ခုလုံးကို လွှမ်းခြုံထားသည်။
အဝေးဆုံးနှင့် အကျယ်ပြန့်ဆုံးဖြစ်သော အပြင်စည်းသည်ကား ပရမ်းပတာနိုင်လှသည့် မြင်ကွင်းတစ်ခုပင်။ မညီမညာဆောက်လုပ်ထားသော မြို့ပြလမ်းမများပေါ်တွင် မီးရောင်များက ပုရွက်ဆိတ်အုံကို ထိုးဖွလိုက်သကဲ့သို့ ရှုပ်ထွေးလှုပ်ရှားနေသည်။
ထိုအလင်းရောင်များအောက်မှာပင် အမှောင်ထု၏ ယုတ်ညံမှူများက ပြောင်ပြောင်တင်းတင်း ပေါ်လွင်နေသည်။
လမ်းမကြီးတစ်ခုပေါ်တွင် လူတစ်ယောက် လဲကျသွားသည်နှင့် တစ်ပြိုင်နက်၊ အနီးအနားမှ လူများက ဒါဏ်ရာရနေသည့် သမင်ကို ဝိုင်းကိုက်သည့် မြေခွေးများသဖွယ် ပြေးဝင်လာကြပြီး ထိုသူ၏ ကိုယ်ပေါ်မှ အဝတ်အစားများ၊ ပစ္စည်းများကို အတင်းအဓမ္မ ဆွဲဖြုတ်လုယက်နေကြသည်။
လမ်းကြားတစ်ခုထဲတွင်မူ မိန်းမပျိုတစ်ယောက်၏ အကူအညီတောင်းသံနှင့် ရုန်းကန်သံသည် ယုတ်မာသော ရယ်သံများကြားတွင် ပျောက်ကွယ်သွားသည်။
နေရာအနှံ့တွင် လူတစ်စုက အခြားတစ်ယောက်ကို သားကောင်ပမာ ဝိုင်းဖွဲ့ရိုက်နှက်နေကြသည်။ တချို့က အသက်လု၍ ထွက်ပြေးနေပြီး၊ တချို့က ထိုသူတို့ကို လက်နက်များ ဝှေ့ယမ်းကာ လိုက်လံဖမ်းဆီးနေကြသည်။
အဆောက်အဦးတစ်ခုမှ မီးတောက်များ ထွက်ပေါ်လာပြီး မီးလောင်မှုတစ်ခု ဖြစ်ပွားနေသော်လည်း မည်သူတစ်ဦးတစ်ယောက်ကမျှ ဂရုစိုက်ဟန်မတူချေ။
အပြင်စည်း၏ အစွန်ဆုံး၊ အမှောင်မိုက်ဆုံး ဧရိယာတစ်ခုဆီမှ အနီရောင်အလင်းတန်းတစ်ခု ဝင်းလက်သွားပြီးနောက်၊ နာကျင်မှုကြောင့် ထွက်ပေါ်လာသော အသံကုန်ခြစ်၍ အော်လိုက်သည့် အသံရှည်ကြီးတစ်ချက် ပေါ်ထွက်လာကာ ချက်ချင်းပင် တိတ်ဆိတ်သွားတော့သည်။
လူတစ်ယောက်၏ ဝိညာဉ် သို့မဟုတ် သွေးအဆီအနှစ်တို့ စုပ်ယူခံလိုက်ရခြင်း ဖြစ်ပေလိမ့်မည်။
ဤသည်ကား နဂါးလေးကောင်နတ်ဆိုးဂိုဏ်း၏ ညဥ့်ခင်းမြင်ကွင်း၊ သန်မာသူများက ရှင်သန်ပြီး အားနည်းသူမှာ လူသားစွပ်ပြုတ်အဖြစ်သို့ ရောက်ရှိသွားရသည့် ငရဲမြေပင်ဖြစ်လေသည်။
လူငယ်လေးသည် အရာအားလုံးကိုမြင်နေရသော်လည်း ပုရွဲဆိတ်များအားကြည့်နေသကဲ့သို့ လျစ်လျှူရှုထားလျက်ရှိနေသည်။
သူက အပြင်စည်းအားလျစ်လျှူရှုလိုက်ပြီး အတွင်းစည်းအားကြည့်လိုက်သည်။ အတွင်းစည်းကတော့ အပြင်စည်းလောက် ရုပ်ပျက်ဆင်းပျက်မဆိုးလွန်းချေ။
သို့သော် ထိုနေရာရှိ သွေးညှီနံ့များကတော့ လျော့ပါးသွားခြင်းမရှိပေ။ ဤနေရာတွင် နေထိုင်ကြသည့် အဆောက်အဦးများသည် စနစ်တကျရှိလှသော အဆင့်မြင့်တိုက်အိမ်များဖြစ်ကြသည်။
လမ်းမကြီးများအား ကျောက်အဖြူရောင်ပြားများဖြင့် သေသေသပ်သပ် ခင်းကျင်းထားပြီး၊ လမ်းတစ်လျှောက် မီးတိုင်များက ညအမှောင်ထုထဲတွင် အကောင်းဆုံးတောက်ပနေကြသည်။
ထိုသပ်ရပ်လှပသော ကျောက်ဖြူလမ်းမများပေါ်တွင်တော့ အချို့နေရာများ၌ နေ့ခင်းက ပြင်းထန်သောတိုက်ပွဲများမှ ကျန်ရစ်ခဲ့သည့် ခြောက်ခါစပြုနေပြီဖြစ်သော သွေးကွက်အနက်များက အစွန်းအထင်းများအဖြစ် ကွက်ကြားထင်ကျန်နေသည်။
အတွင်းစည်း၏ အထင်ရှားဆုံးနေရာဖြစ်သော ဧရာမယှဥ်ပြိုင်ကွင်းကြီး ၂၄ ကွင်းဆီမှ ဆူညံသံများ၊ ကြွေးကြော်သံများက ညဥ့်နက်နေပြီဖြစ်သော်လည်း မရပ်မနား ပေါ်ထွက်နေဆဲဖြစ်သည်။
ကွင်းပြင်တစ်ခုချင်းစီတိုင်းကို မီးရှူးမီးတိုင်များဖြင့် နေ့ခင်းကဲ့သို့ ထိန်ထိန်ညီးအောင် ထွန်းညှိထားကာ၊ ပွဲကြည့်စင်များပေါ်မှ ရာနှင့်ချီသော တပည့်များက အသံကုန် အော်ဟစ်အားပေးနေကြသည်။
ကွင်းလယ်တွင်တော့ တိုက်ခိုက်သူများက အသက်ကို ပုံအော၍ တိုက်ခိုက်နေကြ၏။ ဤနေရာသည် တရားဝင်သတ်ဖြတ်နိုင်သော နေရာ၊ မိမိ၏ခွန်အားကို ပြသပြီး အရင်းအမြစ်များနှင့် ရာထူးများကို လုယူနိုင်သော သွေးစွန်းမြေများပင် ဖြစ်သည်။
နေ့စဥ်နှင့်အမျှ၊ ဤကွင်းပြင်များပေါ်မှ သွေးများသည် ဘယ်သောအခါမှ ခြောက်သွေ့သွားသည်ဟူ၍ မရှိခဲ့ပေ။
ကြီးမားလှသည့် ထိုကွင်းများတွင် သားရဲတိရစ္ဆာန်များသဖွယ် အချင်းချင်း သတ်ဖြတ်နေကြသည့် တပည့်များသည် ညအမှောင်ကို ရိုက်ချိုးနေသော မီးရှူးမီးတိုင်များ၏ အလင်းရောင်အောက်တွင် ရုပ်သေးရုပ်များနှယ် ကခုန်နေကြသည်။
တစ်ကွင်းနှင့်တစ်ကွင်း ကပ်လျက်ရှိနေသော ထိုကွင်းများမှ ပေါ်ထွက်လာသည့် သံမဏိများ တိုက်ခတ်သံ၊ ဓားသွားများ ဆုံတွေ့သံ၊ ခန္ဓာကိုယ်များ ကျိုးပဲ့ကြေမွသံ၊ အောင်ပွဲခံသည့် ရိုင်းစိုင်းသော ဟစ်ကြွေးသံများသည် လေထဲတွင် ရှုပ်ထွေးစွာ ပေါင်းစပ်လျက်ရှိသည်။
အပြင်စည်းကဲ့သို့ ရာဇဝတ်မှုများသည် လမ်းမများပေါ်တွင် လွတ်လပ်စွာ မဖြစ်ပွားသော်လည်း၊ ဤနေရာတွင်ကား သွေးထွက်သံယို အကြမ်းဖက်မှုကို အားပေးကူညီသည့် စနစ်တစ်ခုက ကြီးစိုးထားသည်။
လက်ရှိအချိန်တွင် ကွင်းနံပါတ် ၁ တွင်တပည့်ပေါင်း ၂၀၀ နီးပါးက ဝန်းရံပြီးအော်ဟစ်ကာ အားပေးနေကြသည်။ ကွင်းပေါ်တွင်ရှိ တိုက်ပွဲသည်တော့ တစ်ဖတ်သက်ဖြစ်နေကာ အလွန်ကြမ်းတမ်းနေသည်။
မျှော်စင်ကြီး၏ဝရံတာမှ စောင့်ကြည့်နေသည့် လူငယ်လေး၏ မျက်ခုံးတို့ကပင့်တတ်လာလေပြီး စိတ်ဝင်စားဟန်များထွက်ပေါ်လာသည်။
သူက ကွင်းနံပါတ် ၁ တွင်တိုက်ခိုက်နေသည့် တိုက်ခိုက်သူ ၂ ယောက်ထဲမှ အနိုင်ရနေသည့် လူငယ်အားစိုက်ကြည့်ကာပြောလိုက်သည်။
“သူကဘယ်သူလဲ..။” သူ၏အသံသည် သာယာပြီး နားဝင်ချိုသည်။ သူကပြောလိုက်သောအခါ မျှော်စင်ထဲမှ အိုမင်းရင့်ရော်နေသော အဘိုးအိုကြီးတစ်ယောက်ထွက်လာပြီး မျက်လုံးတို့ကိုမှေး၍ တစ်ချက်ကြည့်လိုက်သည်။
အကွာအဝေးသည် ၅ မိုင်ခန့်ပင်ရှိသော်လည်း အရာအားလုံးကိုရှင်းလင်းစွာမြင်နေရသည်။
ခနတာတိတ်ဆိတ်သွားပြီးနောက် အဘိုးကြီးကပြန်ပြောလိုက်သည်။
“နဂါးဘုရင်ကို တင်ပြပါတယ်။”
“အဲကလေးက ဂိုဏ်းထဲကိုဝင်လာတာ တစ်လတောင်မပြည့်သေးပါဘူး။ အသက်က ၁၉ နှစ်၊ အမည်က ကျိုးယန်ပါ။”
လူငယ်လေးတဖြစ်လည်း နဂါးဘုရင်က အသာအယာခေါင်းညိတ်လိုက်သည်။ ဘုရင် ၃ ပါးထဲတွင် အသက်အငယ်ဆုံးသော ဘုရင်သည် နဂါးဘုရင်ဖြစ်ကာ ယခုမှ အသက် ၁၅၀ ကျော်သာရှိသေးသည်။
အသက် ၁၅၀ ဆိုသည်မှာ သူ့သက်တမ်း၏ ၁၀ ပုံ ၁ ပုံစာလောက်သာရှိပြီး နဂါးဘုရင်၏အသွင်အပြင်သည်လည်း အသက် ၂၀ အရွယ်ခန့်သာဖြစ်ပြီး အလွန်ငယ်ရွယ်နေကာ ချောမောလျက်ရှိနေသည်။
တစ်ချိန်တည်းတွင် အောက်ဘက်ရှိ ကွင်းနံပါတ် ၁ တွင်တော့ တိုက်ခိုက်ပွဲက ပြင်းထန်နေလေသည်။
အဘိုးအို၏ ပြောကြားချက်ကို ကြားလိုက်ရသော်လည်း နဂါးဘုရင်က အထူးတလည် မည်သို့မျှ တုံ့ပြန်ခြင်းမရှိပေ။ သူ၏ အညိုရောင်မျက်ဝန်းများသည် ၅ မိုင်အကွာမှ ကွင်းပြင်ဆီသို့သာ စူးစိုက်ကျရောက်နေသည်။
သူ၏ အမြင်အာရုံသည် အလွန်အမင်းစွမ်းအားကောင်းလှသဖြင့် ကွင်းပြင်ထဲမှ မြင်ကွင်းများ၊ အသံများ၊ ထိုမျှမက အနံ့အသက်များပင်လျှင် သူ၏အာရုံထဲသို့ လေနှင့်အတူ တိုးဝင်လာသကဲ့သို့ ထင်ရှားနေသည်။
ကွင်းနံပါတ် ၁ ၏ လေထုတစ်ခုလုံးသည် အနံ့ဆိုးပေါင်းစုံဖြင့် လေးလံကာ ပျို့အန်ချင်စဖွယ် ဖြစ်နေသည်။
ပထမဆုံးနှာခေါင်းထဲသို့ တိုးဝင်လာသည့်အနံ့မှာ သံချေးနံ့နှင့် ဆင်တူသော သွေးညှီနံ့ပြင်းရှရှပင် ဖြစ်သည်။ ထိုအနံသည် ယခုမှ ထွက်လာသော လတ်လတ်ဆတ်ဆတ်သွေးနံ့များသာမက၊ ဤကွင်းပြင်၏ ကြမ်းခင်းကျောက်တုံးများကြားထဲတွင် နှစ်ပေါင်းများစွာ စိမ့်ဝင်ခြောက်သွေ့နေပြီဖြစ်သော သွေးဟောင်းများ၏ အနံ့လည်း ပါဝင်နေသည်။
ထိုအနံ့နှင့်အတူ ရောယှက်နေသည်မှာ ပွဲကြည့်စင်ပေါ်မှ လူအုပ်ကြီး၏ ချွေးနံ့၊ သူတို့သောက်သုံးနေကြသည့် အရက်သေစာများ၏ အနံ့ပြင်းပြင်း၊ စိတ်ကြွစေရန် ရှူရှိုက်နေကြသည့် အမည်မသိ ဆေးရွက်ကြီးများ၏ ခါးသက်သော မီးခိုးငွေ့အနံ့တို့ပင် ဖြစ်သည်။
ဤအနံ့ဆိုးများ၏ အထက်တွင် လွှမ်းမိုးနေသည်မှာ အကြားအာရုံကို ထိုးဖောက်ဝင်ရောက်လာသော ဆူညံသံများဖြစ်သည်။
ထိုဆူညံသံသည် သာမန်အားပေးသံမဟုတ်။ လူသားဆန်မှု ကင်းမဲ့နေသော သွေးဆာနေသည့် ဟစ်ကြွေးသံများ၊ သားရဲတိရစ္ဆာန်များ၏ ကြုံးဝါးသံများနှင့် ပို၍ပင် တူနေသေးသည်။
“သတ်လိုက်စမ်း။ သူ့ခေါင်းကို ခွဲပစ်လိုက်။”
“လက်ကိုဆွဲဖြုတ်။ အတွင်းကလီစာတွေ ထွက်ကျလာအောင် လုပ်စမ်း။”
“ငါ မင်းအပေါ်မှာ ရွှေပြား ၅၀၀ လောင်းထားတယ်။ မသေမချင်း မရပ်နဲ့”
ထိုရိုင်းစိုင်းသော အော်ဟစ်သံများ၊ လောင်းကစားဒိုင်များ၏ အသံကျယ်လောင်စွာ ကြေညာသံများကြားထဲတွင်၊ အသံတစ်သံကို တိုးလျစွာ ကြားနေရသည်။
ထိုအသံသည် နာကျင်မှုကြောင့် ထွက်ပေါ်လာသော ညည်းတွားသံ၊ အသက်ကို မရှူနိုင်တော့သဖြင့် လည်ချောင်းထဲမှ ထွက်လာသော ဂလုဂလုမြည်သံ၊ ပြီးတော့ သွေးများအန်ထုတ်လိုက်သည့် ပွက်ခနဲ အသံများပင် ဖြစ်သည်။
ထိုအသံပိုင်ရှင်မှာ ကွင်းလယ်တွင် ပုံပျက်ပန်းပျက် လဲကျနေသော တပည့်တစ်ယောက်ဖြစ်သည်။
သူ၏ အသက်မှာ ၃၀ ဝန်းကျင်ခန့်ရှိမည်ဖြစ်ပြီး၊ သူ၏မျက်နှာသည် ကြောက်ရွံ့မှု၊ နာကျင်မှု၊ ပြီးတော့ မယုံကြည်နိုင်မှုတို့ဖြင့် ရောထွေးနေသည်။
သူ၏ ညာဘက်လက်မောင်းသည် ပုံစံမမှန်တော့ဘဲ လိမ်ကျိုးနေကာ အရိုးဖြူဖြူက အသားကို ထိုးဖောက်ထွက်နေသည်။
သူ၏ ရင်ဘတ်တစ်ခုလုံးသည် ချိုင့်ဝင်နေပြီး၊ အသက်ရှူလိုက်တိုင်း သွေးပွက်များက ထိုချိုင့်ဝင်နေသော ဒဏ်ရာထဲမှ လျှံတက်လာသည်။
သူ၏ဝတ်ရုံမှာ စုတ်ပြတ်သတ်နေပြီး ခန္ဓာကိုယ်တစ်ခုလုံးတွင် ဓားဒဏ်ရာများထက် ပိုမိုဆိုးရွားသော လက်သီးဖြင့် ထိုးနှက်ခံထားရသည့် အညိုအမည်းစွဲ ဒဏ်ရာများ၊ အရေပြားများ ပွန်းပဲ့စုတ်ပြဲနေသည့် ဒဏ်ရာများဖြင့် ပြည့်နှက်နေသည်။
ကွင်းပြင်၏ ကျောက်သားကြမ်းခင်းသည် မူလအရောင်ကိုပင် မမြင်ရတော့။ နေရာအနှံ့တွင် သွေးကွက်အသစ်များက အိုင်ထွန်းနေပြီး၊ အချို့နေရာများတွင် စေးကပ်ခြောက်သွေ့စပြုနေပြီဖြစ်သော သွေးဟောင်းကွက်ကြီးများက အနက်ရောင်သန်းနေသည်။
ကျိုးပဲ့နေသော သွားတစ်ချောင်းနှင့်အတူ ပြိုင်ဘက်၏ လက်နက်ဖြစ်ဟန်တူသော ကျိုးနေသည့် ဓားပိုင်းတစ်ချောင်းက သွေးအိုင်ထဲတွင် မြုပ်တစ်ဝက်ပေါ်တစ်ဝက် ဖြစ်နေသည်။
ပွဲကြည့်စင်ပေါ်မှ လူအုပ်ကြီးသည် သွေးဆာနေသော မြေခွေးများနှယ် ရှေ့သို့ တိုးဝှေ့နေကြသည်။ သူတို့၏ မျက်လုံးများက နီရဲတောက်လောင်နေပြီး၊ အချို့မှာ လက်သီးလက်မောင်းတန်းကာ၊ အချို့မှာ စိတ်လှုပ်ရှားမှုကြောင့် တံတွေးများပင် စင်ထွက်မတတ် အော်ဟစ်နေကြသည်။
သူတို့၏ မျက်နှာများအထက်တွင် သနားညှာတာမှု အရိပ်အယောင် လုံးဝမရှိပေ။ သူတို့ လိုချင်သည်မှာ နီရဲနေသောသွေး၊ အကြမ်းဖက်မှု နှင့် ရက်စက်စွာသေဆုံးမှုတို့ သက်သက်သာ ဖြစ်သည်။
လဲကျနေသော ထိုတပည့်သည် သူ၏ ကျန်ရှိနေသေးသော ဘယ်ဘက်လက်ဖြင့် ကြမ်းပြင်ကို အားယူကုတ်ခြစ်ကာ ထွက်ပြေးရန် ကြိုးစားနေသည်။
သူ၏ မျက်လုံးများက သူ့ရှေ့တွင် မတ်တပ်ရပ်နေသော လူငယ်လေးထံသို့ တောင်းပန်တိုးလျှိုးသော အကြည့်ဖြင့် ကြည့်နေသည်။
“ကျ... ကျုပ်... အရှုံးပေး... ပေးပါတယ်...။ ကျေးဇူးပြုပြီး...”
သူ၏စကားသံမှာ လည်ချောင်းထဲမှ သွေးများဖြင့် နစ်မြုပ်ပျောက်ကွယ်သွားသည်။
သူ၏ရှေ့တွင်၊ ထိုသွေးညှီနံ့များ၊ ဆူညံသံများ၊ အရုပ်ဆိုးအကျည်းတန်မှုများ အားလုံး၏ ဗဟိုတွင်၊ ကျိုးယန်က တည်ငြိမ်စွာ မတ်တပ်ရပ်နေသည်။
သူ၏ အသက် ၁၉ နှစ်အရွယ် မျက်နှာသည် ဤငရဲကဲ့သို့သော ပတ်ဝန်းကျင်နှင့် လုံးဝမလိုက်ဖက်အောင်ပင် တည်ငြိမ်နေသည်။
သူ၏ အနက်ရောင်ဝတ်စုံသည် ပြိုင်ဘက်၏ သွေးများဖြင့် နေရာအနှံ့ စွန်းထင်းနေသော်လည်း၊ သူ၏ အသက်ရှူသံက ပုံမှန်ပင်။
သူ၏ လှုပ်ရှားမှုတိုင်းသည် သေသပ်ပြီး တိကျနေသည်။ သူက ပြိုင်ဘက်ကို အနိုင်ယူရန် မလိုအပ်သော လှုပ်ရှားမှု တစ်ခုတောင်မှ မပြုလုပ်ခဲ့ချေ။
သူက သူ့ပြိုင်ဘက်၏ လက်မောင်းကို ချိုးလိုက်သည်မှာ ရန်ငြိုးကြောင့် မဟုတ်ဘဲ၊ ထိုလက်မောင်းက သူ့ကို တိုက်ခိုက်မည်ကို တားဆီးရန် သက်သက်သာ ဖြစ်သည်။
သူက ရင်ဘတ်ကို ထိုးချလိုက်သည်မှာလည်း ရက်စက်လို၍ မဟုတ်ဘဲ၊ ထိုသည်မှာ ပြိုက်ဘက်အား အနိုင်ယူလိုသောကြောင့်သာဖြစ်သည်။
ယခု၊ သူက ထိုလဲကျနေသော သတ္တဝါကို ငုံ့ကြည့်နေသည်။ သူ၏ မျက်ဝန်းများထဲတွင် အောင်နိုင်သူ၏ မာနမရှိ၊ ရက်စက်မှု၏ အရသာခံမှု မရှိ။
ရှိနေသည်မှာ... အေးစက်သော အရိပ်အယောင်တို့သာ ဖြစ်သည်။
“အရှုံးပေးတယ် ဟုတ်လား။” ကျိုးယန်၏ အသံက တိုးသော်လည်း ရှင်းလင်းလှသည်။ “နဂါးလေးကောင်နတ်ဆိုးဂိုဏ်းရဲ့ ကွင်းပြင်ပေါ်မှာ ‘အရှုံးပေးတယ်’ ဆိုတဲ့ စကားလုံး မရှိဘူး။ ‘ရှင်သန်ခြင်း’ ဒါမှမဟုတ် ‘သေဆုံးခြင်း’ ပဲ ရှိတယ်။”
“ပြီးတော့... ခင်ဗျားလို ယန်ဆိုတဲ့အကောင်ရဲ့ နောက်လိုက်ခွေးလေးကို မသက်ညာပေးနိုင်ဘူး။”
ထိုစကားကိုကြားသောအခါ လဲကျနေသောသူ၏ မျက်လုံးများတွင် မျှော်လင့်ချက်များ ပျောက်ကွယ်သွားပြီး၊ အလုံးစုံသော ကြောက်ရွံ့တုန်လှုပ်မှုက အစားထိုးဝင်ရောက်လာသည်။
“မ... မလုပ်ပါနဲ့။ စီနီယာယန်က အတင်းတိုက်ခိုက်ခိုင်းလို့ ငါလည်းမသက်သာပဲ တိုက်ခိုက်ရတာပါ။”
“ငါ့မှာ... ငါ့မှာ စုထားတဲ့ ဝိညာဉ်ကျောက်တုံးတွေ ရှိ... ရှိတယ်။.အားလုံး မင်းကို ပေးမယ်။ ငါ့အသက်ကို ချမ်းသာပေးပါ။”
ပရိသတ်များက ပို၍ပင် ကျယ်လောင်စွာ အော်ဟစ်လာကြသည်။
“သတ်ပြစ်လိုက်။ အချိန်ဆွဲမနေနဲ့။”
“သူ့ဝိညာဉ်ကို စုပ်ယူလိုက်။ သွေးအဆီအနှစ်တွေကို ထုတ်ယူစမ်း။”
ကျိုးယန်က ပရိသတ်များကို လှည့်ပင်မကြည့်။ သူက လဲကျနေသော ပြိုင်ဘက်၏ ရှေ့တွင် ဒူးတစ်ဖက်ထောက် ထိုင်ချလိုက်သည်။
ထိုလှုပ်ရှားမှုသည် အလွန်ညင်သာသဖြင့် သူက လူသတ်တော့မည့်ဟန် မရှိဘဲ၊ ဒဏ်ရာရနေသော မိတ်ဆွေတစ်ယောက်ကို ကူညီတော့မည့် အတိုင်းပင်။
“မင်းမှားနေပြီ။” ကျိုးယန်က တိုးတိုးလေး ပြောလိုက်သည်။ “ငါ မင်းရဲ့ ဝိညာဉ်ကျောက်တုံးတွေကို မလိုချင်ဘူး။ ငါလိုချင်တာက... ယန်ခွေးကောင်ရဲ့အသက်ပဲ။ လောလောဆယ်တော့ မင်းရဲ့အသက်ကိုအရင်ယူရတာပေါ့လေ။”
ထိုစကားဆုံးသည်နှင့် ကျိုးယန်၏ ညာဘက်လက်သည် လျှပ်စီးကဲ့သို့ လှုပ်ရှားသွားသည်။ သို့သော် သူက ထိုးနှက်လိုက်ခြင်း မဟုတ်ပေ။
သူ၏ လက်ဖဝါးသည် လဲကျနေသော ပြိုင်ဘက်၏ ချိုင့်ဝင်နေသော ရင်ဘတ်ဒဏ်ရာပေါ်သို့ ညင်သာစွာ သွားရောက် အုပ်မိုးလိုက်သည်။
“အားးးး”
ပြိုင်ဘက်၏ ခန္ဓာကိုယ်သည် လျှပ်စစ်ဖြင့် အတို့ခံလိုက်ရသကဲ့သို့ ဆတ်ဆတ်ခါ တုန်တက်သွားသည်။ သူ၏ ပါးစပ်က အသံထွက်ရန် ကြိုးစားသော်လည်း၊ လေများသာ ထွက်ပေါ်လာပြီး မည်သည့်အသံမျှ မထွက်နိုင်တော့။
သူ၏ မျက်လုံးများက မျက်လုံးခွက်ထဲမှ ထွက်ကျတော့မတတ် ပြူးကျယ်လာသည်။
ကျိုးယန်၏ လက်ဖဝါးအောက်မှ အနက်ရောင် အခိုးအငွေ့တန်းများ ထွက်ပေါ်လာသည်။
ထိုအခိုးအငွေ့များသည် မြွေငယ်လေးများသဖွယ် တရစ်ရစ်လိမ်တက်လာပြီး၊ ပြိုင်ဘက်၏ ဒဏ်ရာထဲသို့၊ သူ၏ အရေပြားထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည်။
ပြိုင်ဘက်၏ ခန္ဓာကိုယ်သည် ပို၍ပင် ပြင်းထန်စွာ တုန်ခါလာသည်။ မြင်နေရသူတိုင်း အံ့အားသင့်သွားစေသည့် မြင်ကွင်းတစ်ခု ထွက်ပေါ်လာသည်။
လဲကျနေသော ပြိုင်ဘက်၏ ခန္ဓာကိုယ်မှ အနီရောင် အလင်းစက်လေးများ၊ သွေးအဆီအနှစ်များနှင့် အဖြူရောင် ဝိညာဉ်စွမ်းအင် အမျှင်တန်းလေးများသည် သူ၏ခန္ဓာကိုယ်ထဲမှ အတင်းအဓမ္မ ဆွဲနှုတ်ခံနေရပြီး၊ ကျိုးယန်၏ လက်ဖဝါးဆီသို့ စီးဝင်နေကြသည်။
ထိုတပည့်၏ သန်မာထွားကျိုင်းလှသော ခန္ဓာကိုယ်သည် မျက်စိရှေ့မှာပင် ပိန်လှီခြောက်သွေ့လာသည်။ သူ၏ အရေပြားများသည် အရိုးများပေါ်တွင် ကပ်ညှိသွားပြီး၊ သူ၏ ဆံပင်များက ဖြူဖွေးခြောက်သွေ့သွားသည်။
သူ၏ မျက်လုံးများထဲမှ အလင်းရောင်သည် တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားသည်။
စက္ကန့် ၃၀ ပင် မကြာလိုက်။
သူ၏ ခန္ဓာကိုယ် တုန်ခါမှုများ ရပ်တန့်သွားသည်။
ကျိုးယန်၏ လက်ဖဝါးအောက်တွင် ကျန်ရစ်ခဲ့သည်မှာ လူတစ်ယောက်၏ ပုံသဏ္ဍာန် ရှိနေသေးသော်လည်း အသက်ဓာတ်၊ သွေးအဆီအနှစ် နှင့် ဝိညာဉ်စွမ်းအင် လုံးဝ ကင်းမဲ့နေပြီဖြစ်သော ခြောက်ကပ်နေသည့် အလောင်းတစ်ခုသာ ဖြစ်တော့သည်။
ပတ်ဝန်းကျင်တစ်ခုလုံး ခေတ္တခဏ တိတ်ဆိတ်သွားသည်။ ရက်စက်ကြမ်းကြုတ်မှုများနှင့် အသားကျနေပြီဖြစ်သော ဤနတ်ဆိုးဂိုဏ်းမှ တပည့်များပင်လျှင်၊ ဤမျှ သန့်စင်ပြီး ကြောက်မက်ဖွယ်ကောင်းသော ‘သွေးဝိညာဉ်စုပ်ယူခြင်း’ နတ်ဆိုးကျမ်းကို မြင်လိုက်ရသောအခါ အသက်ရှူရန်ပင် မေ့လျော့သွားကြသည်။
ကျိုးယန်က သူ၏လက်ကို ဖြည်းညင်းစွာ ပြန်ရုတ်သိမ်းလိုက်သည်။
သူက မျက်လုံးများကို ခေတ္တမျှ မှိတ်ထားသည်။ သူ၏ မျက်နှာပေါ်တွင် နွေးထွေးသော အလင်းရောင်တစ်ခု ဖြတ်ပြေးသွားပြီး၊ သူ၏ ပါးပြင်များက သွေးရောင် လွှမ်းသွားသည်။ သူ၏ နှုတ်ခမ်းထောင့်စွန်းများက ကျေနပ်မှုကြောင့် အနည်းငယ် ကွေးတက်သွားသည်။
သူက စုပ်ယူလိုက်သော စွမ်းအင်များကို သူ၏ ခန္ဓာကိုယ်ထဲတွင် ဖြန့်ကျက်လိုက်ပြီး၊ ထိုစွမ်းအင်များ၏ နွေးထွေးမှုကို ခံစားနေသည်။
“အာ...” သူ၏ လည်ချောင်းထဲမှ သက်တောင့်သက်သာဖြစ်မှု၏ ညည်းသံတိုးတိုး ထွက်ပေါ်လာသည်။
ထို့နောက်၊ သူက မျက်လုံးများကို ပြန်ဖွင့်လိုက်သည်။ သူ၏ မျက်ဝန်းများသည် ယခင်ကထက် ပိုမိုတောက်ပနေသည်။
သူက ဘေးရှိ အလောင်း၏ မစုတ်မပြတ် ကျန်နေသေးသော ဝတ်ရုံစတစ်ခုကို ဆွဲဖြဲယူလိုက်ပြီး၊ သူ၏ လက်ဖဝါးတွင် ကပ်ငြိနေသော သွေးအနည်းငယ်ကို သေသေသပ်သပ် သုတ်လိုက်သည်။
သူ၏ လှုပ်ရှားမှုသည် အလွန်တရာ ကျက်သရေရှိပြီး သန့်ရှင်းနေသဖြင့်၊ သူက လူတစ်ယောက်၏ အသက်ကို စုပ်ယူလိုက်သည် မဟုတ်ဘဲ၊ စားသောက်ပွဲတစ်ခုတွင် ပါးစပ်ကို သုတ်လိုက်သည်နှင့် ပိုတူနေသည်။
ထိုအချိန်ကျမှ ပရိသတ်များထံမှ ပေါက်ကွဲထွက်မတတ် အားပေးသံကြီး ထွက်ပေါ်လာသည်။
“ကျိုးယန်။ ကျိုးယန်။ ကျိုးယန်။”
“ငရဲဘုရင်။”
“တကယ့် နတ်ဆိုးပဲ။”
“သောက်ရမ်းမိုက်တယ်ကွာ။ ဘယ်သူထပ်တတ်ကြဦးမလဲ။ ဟားဟားဟား”
ကျိုးယန်က ထိုအော်ဟစ်သံများကို လုံးဝ လျစ်လျူရှုလိုက်သည်။ သူက ထိုအလောင်းကို နောက်တစ်ချက်ပင် လှည့်မကြည့်တော့ဘဲ၊ မီတာ ၃၀၀ အကွာမှပုံရိပ်အားလှည့်ကြည့်လိုက်သည်။
…
ဗဟိုစည်းရှိ မျှော်စင်ကြီးထက်တွင်၊ နဂါးဘုရင်၏ မိန်းမသားဆန်ဆန် ချောမောလှပသော မျက်နှာထက်တွင် နှစ်လိုဖွယ် အပြုံးတစ်ခု ပေါ်ထွက်လာသည်။
သူက သူ၏လက်ထဲမှ အဖြူရောင်အငွေ့များ ထွက်နေသော ဝိုင်နီခွက်ကို ညင်သာစွာ မြှောက်လိုက်ပြီး၊ ကွင်းပြင်အမှတ် ၁ ရှိရာသို့ ခေါင်းညိတ်ပြလိုက်သည်။
“ကျိုးယန်... ဟုတ်လား။” သူ၏ သာယာသော အသံက တိမ်မြူခိုးများကြားတွင် ပျံ့လွင့်သွားသည်။
သူ၏ဘေးမှ အဘိုးအိုကြီးသည် ကြက်သီးများကပင်ထလာ၏။ “မှန်... မှန်လှပါ နဂါးဘုရင်။”
“စိတ်ဝင်စားစရာပဲ။” နဂါးဘုရင်က ဝိုင်ကို တစ်ငုံသောက်လိုက်သည်။ “သူသုံးသွားတဲ့ ‘သွေးဝိညာဉ်စုပ်ယူခြင်း’ နတ်ဆိုးကျမ်းပဲ။ အဆင့်အနိမ့်ဆုံးနဲ့ အခြေခံအကျဆုံး ကျမ်းတစ်စောင်ပဲ။ ဒါပေမဲ့...”
အဘိုးအိုက စိတ်ဝင်တစားဖြင့် မေးလိုက်သည်။ “ဒါပေမဲ့ ဘာဖြစ်ပါသလဲ ဘုရင်။”
နဂါးဘုရင်က မျက်လုံးများကို မှေးစင်းလိုက်သည်။ သူ၏ အညိုရောင်မျက်ဝန်းများထဲတွင် အလင်းရောင်တစ်ချက် လက်သွားသည်။
“ဒါပေမဲ့၊ သူ့ရဲ့ စွမ်းအင်ထိန်းချုပ်မှုက... အခြေခံအဆင့်နဲ့ မတူဘူး။ အလွန်အမင်း သန့်စင်တယ်။ အလဟဿ ဖြစ်သွားတဲ့ စွမ်းအင် တစ်စက်မှ မရှိဘူး။ သူက အဲ့ဒီတပည့်ရဲ့ သွေးအဆီအနှစ်နဲ့ ဝိညာဉ်စွမ်းအင် အားလုံးကို အကြွင်းမဲ့ စုပ်ယူသွားတာ။ ဒီဂိုဏ်းထဲကို ဝင်လာတာ တစ်လပဲ ရှိသေးတဲ့ ကလေးတစ်ယောက်ရဲ့ လက်ရာ မဟုတ်ဘူး။”
“သူက... အမဲအလိုက်ခံရမဲ့ သားကောင်မဟုတ်ဘူး...။”
နဂါးဘုရင်က ဆက်ပြောသည်။ “သူက အမဲလိုက်သမားစစ်စစ်တစ်ယောက်ပဲ။ သူက သူ့ရဲ့ သားကောင်ကို ဘယ်လို ဖြည်းဖြည်းချင်း ချေမှုန်းရမလဲ သိတယ်။ ဘယ်အချိန်မှာ သေဆုံးစေရမလဲ သိတယ်။ ပြီးတော့... အရေးကြီးဆုံးက၊ သားကောင်ဆီက အရာအားလုံးကို ဘယ်လို အကျိုးရှိရှိ ထုတ်ယူရမလဲ ဆိုတာကိုပါ သိတယ်။”
အဘိုးအိုကြီး၏ မျက်နှာတွင် အံ့အားသင့်မှုများ ထင်ဟပ်သွားသည်။ နဂါးဘုရင်ထံမှ ဤမျှ မြင့်မားသော ချီးကျူးမှုကို ရရှိခြင်းသည် မကြားဖူးသော ကိစ္စဖြစ်သည်။
နဂါးဘုရင်၏ အနက်ရောင်ဝတ်ရုံကြီးက လေထဲတွင် တဖျပ်ဖျပ် လွင့်သွားသည်။
“အကြီးအကဲဟိုင်၊ အဲ့ဒီကလေးကို စောင့်ကြည့်ထားလိုက်ပါ။”
“ဗဟိုစည်းတပည့်တစ်ယောက် ဖြစ်လာဖို့ လိုအပ်တဲ့ စာမေးပွဲအတွက် သူ့နာမည်ကို စာရင်းသွင်းလိုက်။”
“မနက်ဖြန် ဗဟိုစည်းဝင်ခွင့်ပြိုင်ပွဲက... ပျင်းစရာ ကောင်းတော့မယ် မထင်ဘူး။”
“ပြီးတော့ အဲကလေးက စတုတ္ထတပည့်ယန်နဲ့ ရန်ညိုးရှိနေတဲ့ပုံပဲ စိတ်ဝင်စားဖို့ကောင်းတယ်။” နဂါးဘုရင်က ဝိုင်ကိုတစ်ချက်စွတ်လိုက်ပြီး ပြောလိုက်သည်။
သူ၏အကြည့်တို့ကတော့ ကျိုးယန်နှင့် မီတာ ၃၀၀ အကွာမှ ညောင်ပင်ကြီးထံသို့ရောက်ရှိနေသည်။
အကြီးအကဲဟိုင်က ခေါင်းညိတ်၍ပြောလိုက်သည်။
“ဟုတ်ပါတယ်။ နဂါးဘုရင်ပြောသလိုပါပဲ။ အတွင်းစည်းတပည့်ကျိုးယန်နဲ့ အမွေခံတပည့်ယန်တို့ ၂ ယောက်က သေမျိုးရန်သူတွေပါ။”
“သူတို့က....”
အကြီးအကဲဟိုင်က ကျိုးယန်နှင့် အမွေခံတပည့်ယန်တို့ကြားရှိ ရန်ညိုးအကြောင်းအား ရှင်းပြလိုက်သည်။
တစ်ချိန်တည်းတွင် ကျိူးယန်သည်လည်း ကျိုးယန်က မီတာ ၃၀၀ အကွာမှပုံရိပ်အားလှည့်ကြည့်လိုက်သည်။
ထိုနေရာတွင် နှစ် ၁၀၀ ညောင်ပင်ကြီးရှိနေကာ ကမ္ဘာလောကကြီးတစ်ခုလုံးကို လွှမ်းမိုးဟန်ဖြင့် အကိုင်းအခက်များက မီတာ ၅၀ ပတ်လည်လုံးကို ကောင်းမွန်စွာအုပ်မိုးထားသည်။
မီးအလင်းရောင်များသည် ထိုနေရာသို့ရောက်ရှိလာခြင်းမရှိပဲ အရိပ်ကျနေ၏။ ထိုညောင်ပင်ကြီး၏တုတ်ခိုင်သော ပင်စည်နားတွင်တော့ အရပ်ရှည်ရှည်ဖြင့် လူတစ်ယောက်က ရပ်နေကာ ကျိုးယန်အား သတ်ဖြတ်လိုစိတ်အပြည့်ဖြင့်စိုက်ကြည့်နေသည်။
အမွေခံတပည့်များသည် ဗဟိုစည်းတပည့်များမှလွဲ၍ အခြားသောစည်းများမှ တပည့်များနှင့် ကိုယ်တိုင်တိုက်ခိုက်၍မရဟူသော စည်းမျဥ်းကြောင့် စီနီယာယန်သည် ကျိုးယန်ကို ဤအတိုင်းသားကြည့်နေရသည်။
အတွင်းစည်းမှ အားကောင်းလှပါသည်ဆိုသော သူများသည်လည်း ကျိုးယန်ကိုဒါဏ်ရာပင်ရအောင်မလုပ်နိုင်ကြလေချေ။
စီနီယာယန်က လက်သီးကိုတင်းတင်းကြပ်ကြပ်ဆုပ်လိုက်ကာ အံကိုတင်းတင်းကြိတ်လိုက်သည်။ “သောက်ခွေးကလေး...။ မင်းဗဟိုစည်းကိုဝင်လာမဲ့အချိန်ကို ငါစောင့်နေမယ်။” စီနီယာယန်က ကြုံးဝါးလိုက်ပြီးနောက် တိတ်တဆိတ်ထွက်ခွာသွားလေသည်။
စင်မြင့်ထက်မှ ကျိုးယန်ကလည်း အံကိုတင်းတင်းကြိတ်ထားလျက် ထွက်ခွာသွားလေသော စီနီယာယန်ကိုစိုက်ကြည့်နေသည်။
တစ်ချိန်တည်းတွင် လွန်ခဲ့သော ၁ လကျော်တုန်းက အဖြစ်အပျက်များက သူ၏စိတ်ထဲသို့တိုးဝင်လာသည်။
သာမန်ရွာလေးတစ်ရွာသည် အရပ်ရှည်ရှည်ဖြင့် မသေမျိုးတစ်ပါးလိုဝတ်စားထားသော်လည်း ယုတ်ညံသည့်စိတ်ထားဖြင့် ယန်ဟူသောအမည်တွင်သည့် မိစ္ဆာတစ်ကောင်၏ဖျက်စီးခြင်းကိုခံခဲ့ရသည်။
ရွာထဲရှိ အားအကောင်းဆုံးသော ကျင့်ကြံသူသည် သက်တမ်းကုန်ဆုံးခါနီးပြီဖြစ်သည့် အဆင့် ၂ ဝိညာဉ်သခင် ရွာသူကြီးသာဖြစ်သည်။
သူသည်တော့ ထွက်ပြေးရင်းဖြင့် ချောက်ထဲသို့ပြုတ်ကျခဲ့လေသည်။ သို့သော် ကံကောင်းစွာဖြင့် ချောက်ထဲသို့ပြုတ်ကျရာတွင် မသေခဲ့လေပဲ အလွန်အစွမ်းထက်သော သွေးအဆီအနှစ်စုပ်ယူခြင်း ကျင့်စဥ်တစ်မျိုးကိုရရှိခဲ့လေသည်။
ထိုကျင့်စဥ်သည် ကိုယ်ယောင်လည်းဖျောက်နိုင်လေပြီး အခြားသောကျင့်စဥ်များကဲ့သို့လည်း အယောင်ဆောင်ကာ အသုံးပြုနိုင်သည်။
ထိုကျင့်စဥ်၏အကူအညီကြောင့်ပင် သူသည် တစ်လတည်းဖြင့် အဆင့် ၁ ဝိညာဉ်သခင်အဆင့်သို့ရောက်ရှိလာခဲ့သည်။
ထို့အပြင် သူ၏ပေါက်ကွဲအားနှင့် တိုက်ခိုက်နိုင်စွမ်းတို့မှာ ပိုမို၍ပင်အားကောင်းလေ၏။ သူယခုလေးတွင်သတ်လိုက်သောသူသည် အဆင့် ၂ ဝိညာဉ်သခင်တစ်ပါးဖြစ်သည်။
သို့သော် သူနှင့်တိုက်ခိုက်ရာတွင်တော့ ကြက်ကလေး၊ ငှက်ကလေးတစ်ကောင်ကဲ့သို့ ခွန်အားလုံးဝမဲ့ခဲ့ရသည်။
အမွေခံတပည့်ယန်အားလက်စားချေရန် ဤမိစ္ဆာဂိုဏ်းထဲသို့ သူဝင်ရောက်ခဲ့သည်။ ထို့အပြင် အကြောင်းတိုက်ဆိုင်မှုများကြောင့် သူသေသွားခဲ့ပြီထင်ထားသော သူ၏ဇနီးလောင်းသည် အသက်ရှင်လျက်ရှိနေဆဲဖြစ်ကာ မိစ္ဆာယန်က ဖမ်းစီးထားကြောင်းသိရှိလိုက်ရသည်။
ယခုကျိုးယန်တွင် ရည်မှန်းချက်တစ်ချက်သာရှိသည်။ အပြစ်မရှိပဲ သေဆုံးသွားရလေသော ရာနှင့်ချီသည့်ရွာသူရွာသားများအတွက် လက်စားချေရန်နှင့် သူ၏ဇနီးလောင်းအား ထိုမိစ္ဆာစီနီယာယန်လက်ထဲမှ ကယ်တင်ရန်ပင်ဖြစ်သည်။
ကျိးယန်က သူ၏လက်တွင်ပေကျန့်နေသည့် သွေးများအား သုတ်လိုက်ကာ ထွက်ခွာရန်ပြင်လိုက်သည်။
ဝုန်း....
ရုတ်တရက် ကောင်းကင်ကြီးတစ်ခုလုံးက ပြင်းထန်စွာ တုန်ခါသွားသည်။
ထိုတုန်ခါမှုသည် အသံလှိုင်းကြောင့်မဟုတ်။ ထိုသည်မှာ နေရာဒေသတစ်ခုလုံးကို ဖိနှိပ်ချုပ်ချယ်လိုက်သကဲ့သို့၊ ကျင့်ကြံသူများ၏ ဝိညာဉ်အာရုံကိုပင် ထုံကျင်သွားစေသော ဧရာမ ဖိအားလှိုင်းကြီးတစ်ခုဖြစ်သည်။
နဂါးလေးကောင်နတ်ဆိုးဂိုဏ်းတစ်ခုလုံး၏ အထက်၊ မီတာပေါင်းများစွာ မြင့်သော ကောင်းကင်ယံတွင်၊ ညဥ့်အမှောင်ထုသည် ရေပြင်ညီတစ်ခုကဲ့သို့ လှိုင်းတွန့်သွားသည်။
ထို့နောက်... ထိုအမှောင်ထုသည် စက္ကူတစ်ရွက်ကို ဓားဖြင့် ထိုးဖောက်လိုက်သကဲ့သို့ ကွဲအက်သွားပြီး၊ ထိုကွဲအက်ကြောင်းကြီး၏ အတွင်းဘက်မှတဆင့်... ဧရာမအရာဝတ္ထုကြီးတစ်ခုက တိတ်ဆိတ်စွာ ပေါ်ထွက်လာသည်။
ထိုဧရာမအရာဝတ္ထုကြီး သည် မီတာ ၁၀၀၀ ခန့် ရှည်လျားပြီး၊ မည်သည့်သတ္တုဖြင့် ပြုလုပ်ထားမှန်းမသိသော အနက်ရောင်ယာဥ်ပျံကြီးတစ်စီးဖြစ်သည်။
ယာဥ်ပျံကြီး၏ ပုံသဏ္ဍာန်သည် ထောင့်ချိုးများ၊ ထူးဆန်းသော အလွှာများဖြင့် ပြည့်နှက်နေသည့်၊ ကြောက်မက်ဖွယ် အာကာသယာဥ်ပျံကြီးတစ်စင်းပင်ဖြစ်သည်။
ယာဥ်ပျံကြီး၏ ကိုယ်ထည်မှ မှိန်ဖျော့ဖျော့ အပြာရောင်အလင်းတန်းများက တိမ်မြူခိုးများကို ထိုးဖောက်ကာ ဂိုဏ်းတစ်ခုလုံးကို ထွန်းလင်းစေလိုက်သည်။
ထိုအခိုက်အတန့်တွင် အရာအားလုံး ရပ်တန့်သွားသည်။
အပြင်စည်းရှိ ပရမ်းပတာနိုင်လှသော လမ်းမများပေါ်တွင် သတ်ဖြတ်နေသူများ၊ လုယက်နေသူများ၊ အဓမ္မပြုကျင့်ရန် ကြိုးစားနေသူများ အားလုံး... ခြေစုံရပ်တန့်သွားကြသည်။
သူတို့၏ ယုတ်မာရိုင်းစိုင်းသော မျက်နှာများတွင် မယုံကြည်နိုင်ခြင်းနှင့် အလုံးစုံသော ကြောက်ရွံ့မှုတို့ ထင်ဟပ်လာသည်။
လူသားတိုသည် မသိသောအရာများအား ကြောက်ရွံတတ်ကြသည်။ ထိုသဘောတရားအတိုင်းပင် ယခုလည်း ဤလူ့မိစ္ဆာများထံတွက်လည်း ကြောက်တတ်သည့်စိတ်
အတွင်းစည်းရှိ ယှဥ်ပြိုင်ကွင်းကြီး ၂၄ ကွင်းလုံးမှ ဆူညံသံများအားလုံး ဓားဖြင့်ဖြတ်လိုက်သကဲ့သို့ ချက်ချင်း တိတ်ဆိတ်သွားသည်။ “သတ်ပစ်” ဟု အော်ဟစ်နေသော ပရိသတ်များသည် ပါးစပ်အဟောင်းသားဖြင့် ကောင်းကင်ကို မော့ကြည့်နေကြသည်။
“ဒ... ဒါက ဘာ... ဘာကြီးလဲ။”
ညောင်ပင်ကြီး၏ အရိပ်ထဲတွင် ပျောက်ကွယ်သွားရန် ပြင်နေသော စီနီယာယန်သည် သူ၏ခြေလှမ်းများကို ရပ်တန့်လိုက်သည်။
သူ၏ မျက်လုံးများက ထိုယာဥ်ပျံကြီးကို စိုက်ကြည့်နေရင်း၊ သူ၏ မျက်နှာတွင် နားမလည်နိုင်ဖြစ်နေသော အမူအရာတစ်ခု ထွက်ပေါ်လာသည်။
ကွင်းနံပါတ် ၁ ၏ စင်မြင့်ပေါ်တွင်၊ ကျိုးယန်သည် သူ၏လက်ကို သုတ်နေသည့် အဝတ်စကို မြေပြင်ပေါ်သို့ လွှတ်ချလိုက်သည်။
သူ၏ အေးစက်တည်ငြိမ်သော မျက်ဝန်းများသည် ပထမဆုံးအကြိမ်အဖြစ် တုန်လှုပ်မှုဖြင့် အရောင်လက်သွားသည်။
ဗဟိုစည်းရှိ နဂါးမျှော်စင်ကြီး၏ ၁၃ ထပ်မြောက် ဝရံတာတွင်...
နဂါးဘုရင်၏ နူးညံ့လှပသော မျက်ခုံးများ တွန့်ချိုးသွားသည်။ သူ၏ အညိုရောင်မျက်ဝန်းများသည် ချက်ချင်းပင် မှေးကျဥ်းသွားပြီး၊ ထိုအထဲတွင် အေးစက်သော အရိပ်အယောင်များအစား ပြင်းထန်သော မကျေနပ်မှုနှင့် ဒေါသရိပ်တို့ ဖြတ်ပြေးသွားသည်။
သူ၏ ညာဘက်လက်ထဲမှ သန့်စင်သော ဝိညာဉ်စွမ်းအင်များ ရစ်ပတ်နေသည့် ဝိုင်ခွက်လေးသည် အသံပင်မမြည်ဘဲ အမှုန်အမွှားများအဖြစ် ကြေမွသွားသည်။
အနီရောင်ဝိုင်ရည်များနှင့် ဖန်မှုန်များသည် သူ၏ ဖြူနုသော လက်ဖဝါးမှ စီးကျလာသော်လည်း၊ သူ၏ လက်သည်ကား သံမဏိဖြင့် ထုဆစ်ထားသကဲ့သို့ တစ်စက်ကလေးမျှ ပွန်းပဲ့သွားခြင်း မရှိချေ။
သူက ထိုကောင်းကင်ယံမှ ယာဥ်ပျံကြီးကို စိုက်ကြည့်ရင်း၊ မကျေမနပ်ဖြစ်နေသော၊ စက်ဆုပ်ရွံရှာမှုအပြည့်ပါသော လေသံဖြင့် တီးတိုးရေရွတ်လိုက်သည်။
“အင်း..။”
“သခင်လေးထျန် လုပ်ခဲ့တာတွေကို ကြားပြီးတဲ့နောက်မှာ မင်းရောက်လာမယ်ဆိုတာကို ငါကောင်းကောင်းသိနေတယ်။”
“ရွှေနဂါးနိုင်ငံရဲ့ ဘုရင်မင်းမြတ်... ဓမ္မရာဇာ။”
တစ်ချိန်တည်းတွင် ထျန်ရှင်းလုတို့၏ ယာဥ်ပျံကြီးသည်လည်း နဂါးလေးကောင်နတ်ဆိုးကောင်းသို့ ဦးတည်လာနေသည်။
လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၂၇၄ - ၂၈၄) ပြီး။