အခန်း (၂၈၅-၂၈၇)
Vol. 26 Ch. 285-287
လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၂၈၅ + ၂၈၆ + ၂၈၇)
အချိန်မည်မျှကြာသွားသည်နည်း။ ထျန်ရှင်းလုက ပြန်လည်နိုးထလာခဲ့သည်။ သို့သော်သူက ကမ္ဘာအစစ်အမှန်တွင် နိုးထလာခြင်းမဟုတ်ချေ။
သူအတွေးကမ္ဘာထဲတွင် နှစ်မြောနေစဥ်မှာပင် ထွက်ပေါ်လာသော သီချင်းသံကြောင့် သူ၏ချောမောခန့်ညားလှပါသည်ဆိုသော မျက်နှာက ရှုံမဲ့သွားလေသည်။
“ကဒ်ကလေး ကဒ်ကလေး ဆွဲကြ ဆွဲကြ”
“ကဒ်ကလေး ကဒ်ကလေး ဆွဲကြ ဆွဲကြ”
“ကဒ်ကလေး ကဒ်ကလေးတွေဆွဲကြမယ် ဟိတ်ဟိတ်ဟိတ်ဟိတ်”
“ဂါချာ ဂါချာ ဆွဲကြ ဆွဲကြ”
“ဂါချာ ဂါချာ ဆွဲကြ ဆွဲကြ”
“ဂါချာကဒ်ကလေးတွေ ဆွဲကြမယ် ဟိတ်ဟိတ်ဟိတ်”
မြူးကြွလှသော သီချင်းသံသည် ထျန်ရှင်းလု၏နားထဲတွင်တော့ ဒယ်အိုးအားဟင်းချိုဇွန်းဖြင့်ရိုက်နေသကဲ့သို့ဖြစ်နေကာ နားဝင်ဆိုးလှသည်။
ကံကောင်းသည်မှာ ထိုသီချင်းသည် တစ်မိနစ်ဝန်းကျင်သာဖြစ်လေပြီး အရမ်းမကြာချေ။ လက်ရှိအချိန်တွင် ထျန်ရှင်းလုသည် အဖြူရောင်ကမ္ဘာကြီးထဲသို့ရောက်နေခြင်းဖြစ်သည်။
သူသည် အဖြူရောင်ခေတ်သစ်လူနာဘောင်းဘီအားဝတ်ဆင်ထားပြီး သူ၏အပေါ်ပိုင်းခန္ဓာကိုယ်တွင်တော့ ပတ်တီးဖြူများဖြင့် တင်းကြပ်စွာပတ်ထား၏။
သူ၏အနက်ရောင်ဆံပင်ရှည်များသည်လည်း ချည်နှောင်ထားခြင်းမရှိပဲ သူ၏ပုခုံးတစ်လျောက်ဖြာ၍ ကျဆင်းနေလျက်ရှိသည်။
ပုံမှန်ဆိုလျှင် နီထွေးထွေးဖြင့် သူ၏နှုတ်ခမ်းများသည် ယခုအခါတွင်ဖြူလျော်နေလေပြီး မျက်မှောင်ကြီးကိုလည်းကြုတ်ထားလျက် မျက်စိနှောက်ချင်စရာကောင်းလောက်အောင် ကနေသည့် နတ်သမီးအသေးလေး ၅ ယောက်အား စိုက်ကြည့်နေသည်။
သီချင်းသံအဆုံးတွင် နတ်သမီးလေးငါးယောက်သည် လေထဲတွင် အသည်းပုံအနမ်းများ ခြွေလိုက်ကြပြီး၊ သူတို့၏ ကိုယ်လေးများမှာ ပလတ်တီနမ်ရောင် အလင်းအမှုန်များအဖြစ်သို့ ပြောင်းလဲသွားကြသည်။
ထိုအလင်းမှုန်များသည် လေထဲတွင် ဝေ့ဝဲပေါင်းစပ်သွားပြီးနောက် လက်ဖဝါးအရွယ်အစားခန့်ရှိသော ကဒ်ငါးကဒ်အဖြစ် ဖွဲ့စည်းတည်ရှိလာသည်။
“ဒီကနေ့ရဲ့ ဂါချာကဒ်လေးကတော့ စွမ်းရည်ကဒ်လေးပဲဖြစ်ပါတယ်ရှင်” ဟူသော ချိုမြိန်သည့်အသံလေးတစ်ခုက အဖြူရောင်ကမ္ဘာထဲတွင် ပဲ့တင်ထပ်သွားသည်။
ထျန်ရှင်းလုက သူ၏လက်ကျန်သက်တမ်းများအား တစ်ချက်လောက်ကြည့်လိုက်၏။
[အမည် - ထျန်ရှင်းလု]
[လက်ကျန်သက်တမ်း - နှစ် ၃၂၆,၉၈၃]
ထျန်ရှင်းလုက သူ၏များပြားလှနေပြီဖြစ်သည့် သက်တမ်းများကိုမြင်သော်လည်း ပျော်ရွင်နေသည့် ပုံစံနည်းနည်းလေးမျှပင်မရှိချေ။
သူက မျက်မှောင်ကြုတ်ကာ မျက်နှာအမူအရာမကောင်းလျက်ဖြင့်ပဲ ကဒ်များအားစိုက်ကြည့်လိုက်၏။ ဤအကြိမ်ကဒ်များသည် အားလုံးက ပလတ်တီနမ်ကဒ်များဖြစ်ကြပြီး အရောင်အဆင်းများဖြင့် တောက်ပနေကြသည်။
ထျန်ရှင်းလုက မျက်နှာသေကြီးဖြင့် ပထမကဒ်၏ အချက်အလက်များအား စိုက်ကြည့်လိုက်၏။
[ပလတ်တီနမ်အဆင့်စွမ်းရည်ကဒ်]
[ကြယ် - 🌟🌟🌟🌟]
[အမည် - နတ်ဆိုးသခင်ခန္ဓာ]
[စွမ်းရည် - ရန်သူများ၏တိုက်ခိုက်ချက်များကို မရှောင်ရှားပဲ တောင့်ခံပါ။ ထိုအခါတွင် ရန်သူ့တိုက်ခိုက်ချက်၏ စုစုပေါင်းစွမ်းရည် တစ်ဝက်အား စုပ်ယူကာသိုလှောင်ထားနိုင်မည်ဖြစ်သည်။ ရန်သူ၏တိုက်ခိုက်ချက်များမှ စွမ်းအင်များကို စုစုပေါင်း ၃၀၀ ရာခိုင်နှုန်းအထိ စုဆောင်းထားနိုင်မည်ဖြစ်ပြီး ထိုစွမ်းအင်များကို အသုံးပြု၍ ရန်သူကိုပြန်လည်တိုက်ခိုက်နိုင်မည်ဖြစ်သည်။]
[မှတ်ချက် - ရန်သူ၏တိုက်ခိုက်ချက်များမှ စုဆောင်းထားသော စွမ်းအင်များဖြင့် ပြန်လည်တိုက်ခိုက်ရာတွင် စုစုပေါင်းစွမ်းအင်များကို ခွဲ၍အသုံးပြုနိုင်မည်မဟုတ်ပဲ၊ တစ်ချက်တည်းတွင် အားကုန်အသုံးပြုရမည်ဖြစ်သည်။]
[မှတ်ချက် ၂ - ရန်သူထံမှစုဆောင်းထားသော စွမ်းအင်များကို အသုံးပြုရာတွင် သင်၏ခန္ဓာကိုယ်ခံနိုင်ရည်မရှိပါက ဒါဏ်ရာရလိမ့်မည်ဖြစ်သည်။]
[မှတ်ချက် ၃ - ဤစွမ်းရည်သည် အလိုအလျောက်အသက်ဝင်နေမည်ဖြစ်သည်။]
[စျေးနှုန်း - သက်တမ်းနှစ် ၃ သိန်း ၂ သောင်း ၅ ထောင် (၃၂၅,၀၀၀)]
ဤကဒ်၏ အချက်အလက်များသည် အတော်လေးရှည်လျားပြီး ရှုပ်ထွေးသောကြောင့် ကောင်းကောင်း နားလည်ရန်အတွက် ထျန်ရှင်းလုတစ်ယောက် အချိန်တစ်မိနစ်ခန့်ပင်ယူလိုက်ရသည်။
ကဒ်၏အလုပ်လုပ်ပုံမှာ ရှုပ်ထွေးပုံရသော်လည်း အတော်လေးရိုးရှင်းလှလေသည်။ ပထမဦးဆုံးအဆင့်အနေဖြင့် ရန်သူ၏တိုက်ခိုက်ချက်များအား မရှောင်ပဲ ဤအတိုင်းတောင့်ခံရမည်ဖြစ်သည်။
ထိုအခါ ရန်သူ၏ တိုက်ခိုက်ချက်မှ စွမ်းအားများ၏ တစ်ဝက်ကိုစုပ်ယူကာ သိမ်းဆည်းထားမည်ဖြစ်ပြီး တစ်ဝက်ကို ခန္ဓာကိုယ်က တောင့်ခံထားရမည်ဖြစ်သည်။
ပိုမိုပြီးရိုးရှင်းအောင်ပြောရလျှင် ရန်သူ၏တိုက်ခိုက်ချက်မှ စွမ်းအားသည် တန်ချိန် ၁၀၀ နှင့်ညီမျှလျှင် တန်ချိန် ၅၀ ကို ခန္ဓာကိုယ်က စုပ်ယူသွားမည်ဖြစ်လေပြီး ကျန်သည့် တန်ချိန် ၅၀ ကိုတော့ ခန္ဓာကိုယ်က တောင့်ခံထားရမည်ဖြစ်လေသည်။
တန်ချိန် ၅၀ ဥပမာကိုပဲ ဆက်လက်ပြီး အသုံးပြုမည်ဆိုပါက ထျန်ရှင်းလုသည် တန်ချိန် ၃၀၀ နှင့်ညီမျှသော စွမ်းအားများကို စုစည်းထားနိုင်မည်ဖြစ်သည်။
ထျန်ရှင်းလုသည် ထိုစွမ်းအင်များကို ဤအတိုင်းသာစုစည်းထားမည် မဟုတ်ချေ။ သူက ထိုစုစည်းထားသော စွမ်းအင်များကိုလည်း ရန်သူကိုတိုက်ခိုက်ရန်တွင် အသုံးပြုနိုင်ဦးမည်ဖြစ်သည်။
ထို့အပြင် သူသည် ထိုတန်ချိန် ၃၀၀ နှင့်ညီမျှသော စွမ်းအင်များကိုခွဲ၍အသုံးပြုနိုင်မည်မဟုတ်ချေ။ ထိုစွမ်းအင်များအား တန်ချိန် ၁၀၀ ၃ ခါခွဲ၍ အသုံးပြုနိုင်မည်မဟုတ်ပဲ တန်ချိန် ၃၀၀ လုံးအား တိုက်ခိုက်မှုတစ်ခုတည်းတွင် အသုံးပြုရမည်ဖြစ်သည်။
ထို့အပြင် ထိုတန်ချိန် ၃၀၀ လုံးအား တစ်ကြိမ်တည်းအသုံးပြုသည့်အတွင် အကျိုးဆက်ကိုလည်း သူ၏ခန္ဓာကိုယ်က ခံရဦးမည်ဖြစ်သည်။
ထျန်ရှင်းလုခန္ဓာကိုယ်၏ ကန့်သတ်ချက်သည် တန်ချိန် ၁၀ တန်ဝန်းကျင်သာဖြစ်၏။ သူသာ တန်ချိန် ၃၀၀ နှင့်ညီမျှသော စွမ်းအားများကို တစ်ကြိမ်တည်းအသုံးပြုလိုက်မည်ဆိုပါက တစ်ခါတည်းမသေသွားလျှင်ပင် အံဖွယ်အဖြစ်အပျက်ဟူ၍ပြောရပေမည်။
ဤကဒ်၏စျေးနှုန်းသည် သက်တမ်းနှစ် ၃၂၅,၀၀၀ ဖြစ်ကာ ထျန်ရှင်းလုဝယ်နိုင်သည့် အကန့်အသတ်ထဲတွင်ရှိနေဆဲဖြစ်သည်။
ဝယ်ယူပြီးလျှင် သက်တမ်းနှစ် ၁၀၀၀ နီးပါးသာကျန်ရှိတော့မည်ဖြစ်သော်လည်း ထိုနှစ် ၁၀၀၀ သည်အလွန်များပြားနေဆဲဖြစ်သည်။
မှတ်ထားရသည်မှာ အဆင့် ၇ သေမျိူးတန်ခိုးရှင်များ၏ ပုံမှန်သက်တမ်းသည် နှစ် ၂၀၀၀ ဝန်းကျင်သာဖြစ်ပြီး အချို့ဆိုလျှင် အနှစ် ၅၀၀ မှ နှစ် ၁၀၀၀ အထိသာရှိကြသည်။
ထျန်ရှင်းလုက မျက်နှာသေကြီးဖြင့်ရှိနေကာ အခြားသောကဒ် ၄ ကဒ်ကိုဆက်ကြည့်လိုက်သည်။
[ပလတ်တီနမ်အဆင့်စွမ်းရည်ကဒ်]
[ကြယ် - 🌟🌟🌟🌟🌟🌟]
[အမည် - ဇော်ဂျီနတ်ဘုရား၏ဘယ်မျက်လုံး]
[စွမ်းရည် - ဤမျက်လုံးဖြင့် ပြစ်မှတ်အားကြည့်လိုက်လျှင် ရန်သူများ၏ရုပ်ပိုင်းဆိုင်ရာအခြေအနေများကို ကြည့်ရှုနိုင်သည်။ ရန်သူ၏အထူးခန္ဓာ၊ ဒါဏ်ရာအခြေအနေ၊ ဤသည်တို့အပြင် အနာဂါတ်အား ၀.၅ စက္ကန့်စာကြိုမြင်နိုင်သည်။]
[မှတ်ချက် - ဇော်ဂျီနတ်ဘုရား၏ဘယ်မျက်လုံးအား အစစ်မှန်ရရှိမည်မဟုတ်လေပဲ ထိုဘယ်မျက်လုံး၏စွမ်းရည်များကိုသာ ရရှိမည်ဖြစ်သည်။]
[စျေးနှုန်း - သက်တမ်းနှစ် ၇ သိန်းခွဲ]
ထိုစျေးနှုန်းကိုကြည့်ပြီး ထျန်ရှင်းလု ဆွံအသွားရသည်။ သူမတတ်နိုင်သည့် ဂါချာကဒ်က မည်ကဲ့သို့ပေါ်လာသည်နည်း။
ပုံမှန်ဆိုလျှင် သူအသေးလေးကို ခေါ်ထုတ်ကာ ရန်ဖြစ်နေပြီဆိုသော်ငြား ယခုအချိန်တွင် စိတ်မပါနေချေ။
သူကဤအတိုင်းသာ လျစ်လျှူရှုလိုက်လေပြီး နောက်ထပ်ကဒ်တစ်ကဒ်ကို ပြန်ကြည့်လိုက်၏။.
[ပလတ်တိီနမ်အဆင့်စွမ်းရည်ကဒ်]
[ကြယ် - 🌟🌟🌟🌟🌟🌟🌟🌟🌟🌟]
[အမည် - ဇော်ဂျီနတ်ဘုရား၏ညာမျက်လုံး]
[စွမ်းရည် - ဇော်ဂျီနတ်ဘုရားသည် ပုံရိပ်ယောင်တာအိုတွင် တစ်ဖက်ကမ်းကျွမ်းကျင်သူဖြစ်လေသည်။ ဤစွမ်းအင်ကိုပိုင်ဆိုင်ထားလျှင် ပုံရိပ်ယောင်နည်းစနစ်များစွာအား သင်ယူစရာမလိုပဲ အသုံးပြုနိုင်မည်ဖြစ်သည်။]
[မှတ်ချက် - ဇော်ဂျီနတ်ဘုရား၏ အစစ်အမှန် ညာမျက်လုံးအား အမှန်တကယ်ရရှိမည်မဟုတ်ပဲ ထိုညာမျက်လုံး၏ စွမ်းရည်များကိုသာရှိမည်ဖြစ်သည်။]
[စျေးနှုန်း - သက်တမ်းနှစ် ၁၀ သန်း]
ဤတစ်ခေါက်တွင် သူမတတ်နိုင်သည့် စျေးနှုန်းအားမြင်သော်လည်း ထျန်ရှင်းလုက ထွေထွေထူးထူးမတုန့်ပြန်တော့ချေ။
သူကနောက်ထပ် ကဒ် ၂ ခုကိုသာဆက်ကြည့်လိုက်သည်။
ထိုကဒ် ၂ ခုသည်လည်း အတော်လေးအားကောင်းကြသော်လည်း စျေးနှုန်းကတော့ တစ်ခုကနှစ် ၃ သန်းဖြစ်ပြီး နောက်တစ်ခုက နှစ် ၅ သန်းဖြစ်သည်။
ဤဂါချာစနစ်သည် သူ့အား နတ်ဆိုးသခင်၏ခန္ဓာကို အတင်းယူခိုင်းနေပုံရသည်။ ထျန်ရှင်လုက မျက်နှာသေကြီးဖြင့်ပဲ နတ်ဆိုးသခင်ခန္ဓာကဒ်ကိုနှိပ်လိုက်သည်။
ထိုအခါ နတ်ဆိုးသခင်ခန္ဓာကဒ်သည် ပလတ်တီနမ်အလင်းများဖြင့် တောက်ပလာကာ ပလတ်တီနမ်အလင်းမှုန်များအဖြစ်သို့ ပြောင်းလဲသွားကာ ထျန်ရှင်းလု၏ ခန္ဓာကိုယ်ထဲသို့ဝင်ရောက်လာသည်။
ပြီးနောက်တွင် ထျန်ရှင်းလုက အသေးလေးကိုပင် မစောင့်တော့ပဲ အဖြူရောင်ကမ္ဘာကြီးမှ ထွက်ခွာသွားလေ၏။
အဖြူရောင်ကမ္ဘာကြီးမှ သူ၏အသိစိတ်တို့ ပြန်လည်ကပ်တွယ်လာသည့်တဒင်္ဂမှာပင် ထျန်ရှင်းလု၏မျက်လုံးများ ဝင်းခနဲပွင့်ကျယ်သွားပြီး သူ၏လည်ချောင်းထဲမှ နာကျင်သောညည်းညူသံတစ်ချက် ထိန်းမနိုင်သိမ်းမရ ထွက်ပေါ်လာသည်။
“အားး...”
အဖြူရောင်ကမ္ဘာကြီးထဲတွင် ရှိနေစဥ်က သူ၏နာကျင်မှုသည် အာရုံခံစားမှုအားလုံး ပိတ်ထားသကဲ့သို့ ဘာကိုမှမခံစားရခဲ့ပေ။
သို့သော် ယခု သူ၏အသိစိတ်က ခန္ဓာကိုယ်အစစ်အမှန်သို့ ပြန်ရောက်လာသည့်အခါ၊ ထိုနာကျင်မှုများက ဆည်ကျိုးသလိုမျိုး အဆပေါင်းများစွာ တိုးပွားလျက် သူ့အာရုံကြောများအားလုံးကို တစ်ပြိုင်နက်တည်း ရိုက်ခတ်လာသည်။
ပက်ပက်စက်စက်ကြီးကို နာကျင်လှသည်။
သူ၏နံရိုးများအားလုံး ကြေမွသွားပြီး၊ အတွင်းကလီစာများက နေရာလွဲမှားကာ စုတ်ပြဲနေသကဲ့သို့ ခံစားနေရသည်။
သူ၏အပေါ်ပိုင်းခန္ဓာကိုယ်အား တင်းကြပ်စွာပတ်ထားသော ပတ်တီးဖြူများပင်လျှင် ထိုနာကျင်မှုကို မတားဆီးနိုင်ခဲ့ပေ။ ထိုပတ်တီးများအောက်မှ ဒါဏ်ရာများက အရှင်လတ်လတ် မီးစနှင့်ထိုးနေသလို ပူလောင်နေသည်။
သူသည် သူ၏ခေတ်မီဆန်းပြားလှသော အင်မော်တယ် ယာဉ်ပျံကြီးအတွင်းရှိ ကုတင်ကြီးတစ်ခုပေါ်တွင် လဲလျောင်းနေခြင်းဖြစ်ကြောင်း ချက်ချင်းသိလိုက်သည်။
“သခင်လေး။ သတိရလာပြီ။ သခင်လေး။
စိုးရိမ်ပူပန်မှုတို့ လွှမ်းနေသော ချိုသာသည့်အသံလေးတစ်ခုက သူ့နားထဲသို့ ဝင်ရောက်လာသည်။
ထျန်ရှင်းလုက နာကျင်မှုကြားမှ မနည်းအားယူကာ ခေါင်းကိုစောင်းငဲ့ကြည့်လိုက်သည်။
သူ၏ကုတင်ဘေးတွင် လီနာက ဒူးထောက်ထိုင်လျက်ရှိပြီး၊ သူမ၏ပုံမှန်တည်ငြိမ်နေတတ်သော မျက်နှာလေးမှာ ယခုအခါ မျက်ရည်များဖြင့် စိုစွတ်လျက်၊ သူ့အား စိုးရိမ်တကြီး စိုက်ကြည့်နေသည်။ သူမက ထျန်ရှင်းလု၏လက်တစ်ဖက်ကို အသာအယာ ဆုပ်ကိုင်ထား၏။
“လီနာ...။”
ထျန်ရှင်းလုက နာကျင်မှုကြောင့် ပုံပျက်နေသော မျက်နှာဖြင့် သူ၏အသံကို မနည်းညှစ်ထုတ်လိုက်ရသည်။ သူ၏ခန္ဓာကိုယ်က အစိတ်စိတ်အမွှာမွှာကြေမွနေသလို ခံစားနေရသော်လည်း၊ ထိုနာကျင်မှုအားလုံးကို လျစ်လျူရှုကာ၊ သူ၏လက်တစ်ဖက်ကို ကုတင်ပေါ်သို့ ထောက်လိုက်သည်။
“အား..”
သူက သွားကြိတ်သံဖြင့် အော်ဟစ်လိုက်ရင်း၊ သူ၏ဒါဏ်ရာများဖြင့် ပြည့်နေသော အပေါ်ပိုင်းခန္ဓာကိုယ်ကို ဆတ်ခနဲကြွလိုက်သည်။ ပတ်တီးများအောက်မှ ဒါဏ်ရာများက ပြန်လည်ပွင့်ထွက်သွားပြီး သွေးများက ပတ်တီးဖြူများကို နီရဲစွာ စွန်းထင်းစေသည်။
လီနာက “သခင်လေး။ မလှုပ်ပါနဲ့။ ဒါဏ်ရာက...” ဟု စိုးရိမ်တကြီး အော်ဟစ်ကာ သူ့ကို ပြန်လှဲချရန် ကြိုးစားလိုက်သည်။
သို့သော်၊ သူမ၏လက်များက ထျန်ရှင်းလု၏ရင်ဘတ်ကို မထိမီမှာပင်၊ လျှပ်စီးလက်သကဲ့သို့ လျင်မြန်သော လက်တစ်ဖက်က သူမ၏လည်ပင်းဆီသို့ တန်းတန်းမတ်မတ် ရောက်ရှိလာသည်။
“အားး”
လီနာတစ်ယောက် အံ့အားသင့်မှုကြောင့် မျက်လုံးများပြူးကျယ်သွားသည်။ နောက်တစ်စက္ကန့်တွင်၊ သူမ၏နူးညံ့သောခန္ဓာကိုယ်လေးသည် လေထဲသို့ မြောက်တက်သွားပြီး အနီးရှိ ယာဉ်ပျံ၏သတ္တုနံရံဖြင့် “ဒုန်း” ခနဲ အရှိန်ပြင်းပြင်း ဆောင့်ကပ်ခြင်းခံလိုက်ရသည်။
ထျန်ရှင်းလုသည် ကုတင်ပေါ်မှ မည်သို့ထလာသည်မသိလိုက်ခင်မှာပင်၊ သူ၏လက်တစ်ဖက်တည်းဖြင့် လီနာ၏လည်ပင်းကို တင်းတင်းကျပ်ကျပ် ညှစ်ထားလျက်သား ဖြစ်နေသည်။
သူ၏လက်က သံမဏိညှပ်ကိရိယာတစ်ခုကဲ့သို့ ခိုင်မာနေပြီး လီနာ၏အသက်ရှုလမ်းကြောင်းကို ပိတ်ဆို့ထားသည်။
“သ... သခင်... လေး...”
လီနာက အသက်ရှုကြပ်မှုကြောင့် မျက်နှာများ နီရဲလာပြီး သူ၏လက်မောင်းကို အားမရှိသော လက်များဖြင့် ရိုက်ခတ်တွန်းကန်နေသည်။
သို့သော် ထျန်ရှင်းလုက ဂရုမစိုက်ချေ။
သူ၏မျက်လုံးများသည် နာကျင်မှုကြောင့် သွေးကြောများ ယှက်ဖြာနေရုံသာမက၊ ယခုအခါတွင် အေးစက်ပြီး ရက်စက်ကြမ်းကြုတ်လှသော သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။
သူက လီနာအား သူ၏ရန်သူ၊ သတ်ပစ်ရမည့် ပစ်မှတ်တစ်ခုကို စိုက်ကြည့်နေသကဲ့သို့ ကြည့်နေသည်။
သူ၏ဖြူလျော်နေသော နှုတ်ခမ်းများက လှုပ်ရှားလာပြီး၊ အေးခဲမတတ် အသံတစ်သံ ထွက်ပေါ်လာသည်။
“မင်း....ငါရဲ့တိုက်ပွဲထဲကို နောက်ထပ်တစ်ကြိမ်ဝင်ရှုပ်လာရဲရင်...ငါမင်းကိုသတ်ပြစ်မယ်။”
ထျန်ရှင်းလုက သွားကြားထဲမှ လေသံဖြင့်ပြောလိုက်ပြီး သူမအား တံခါးနားသို့လွင့်ပြစ်လိုက်ကာ အော်ပြောလိုက်သည်။
“ထွက်သွားစမ်း။”
လီနာက သူမ၏မျက်ရည်မျာကိုပင် မသုတ်အားပဲ အရိုအသေပေးကာ အခန်းအပြင်သို့ထွက်သွားလေသည်။
“ဟူး...” ထျန်ရှင်းလုက သွေးချောင်းအနည်းငယ်အား ဆိုးလိုက်ရကာ ပြန်ထိုင်လိုက်သည်။ သူ၏တစ်ကိုယ်လုံးသည် အဆက်မပြတ်နာကျင်နေသော်လည်း သူက စိတ်ထဲပင် ထားပုံမရချေ။
ပြီးနောက်သူ၏ အကြည့်က စာပွဲပေါ်တွင်တင်ထားသော ကျောင်းစာအုပ်လေးအား အမှတ်မထင်မြင်မိလိုက်၏။
“အဲစာအုပ်က ဟိုခွေးသတောင်းစား ထားသွားတဲ့ စာအုပ်မလား။” ထျန်ရှင်းလုက မျက်မှောင်ကြုတ်ပြီး စာအုပ်အားလှမ်းယူလိုက်သည်။
လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၂၈၅ + ၂၈၆ + ၂၈၇) ပြီး။