← Chapters

မိုးကြိုးဧကရာဇ်တံဆိပ်​တော်

Vol. 41 Ch. 564

မိုးကြိုးဧကရာဇ်တံဆိပ်​တော်

Vol. 41 Ch. 564

တောင်ထိပ်ပေါ်ရှိ ကောင်းကင်ထက်တွင် ကလန်အသီးသီးမှ လာရောက်ကြသော တပည့်များကြောင့် အုပ်စုများစွာ ကွဲပြားနေလျက် ရှိသည်။ ၎င်းတို့မှာ ကောင်းကင်ထက်တွင်ရှိနေသော ပုံရိပ်တစ်ခုအား ကြောက်လန့်တုန်လှုပ်နေသော မျက်ဝန်းများဖြင့် ကြည့်ရှုနေကြ၏။

မူလစဦး သတ္တမအဆင့်သာရှိသေးသော ဇူယွမ်သည် ထိုမျှလောက် ကြောက်မက်ဖွယ်ကောင်းနေလိမ့်မည်ဟု မည်သူကမှ ခန့်မှန်းမထားခဲ့ကြချေ။

"အဟက်.....မင်းက အစွယ်ဖွက်ထားတဲ့ ကျားပါလား။ အဲ့ဒါကြောင့် ဘဝင်မြင့်သလိုလို၊ အောက်ခြေလွတ်သလိုလို ဖြစ်နေတာကိုး။" လဲ့ချင်းဟိုင်မှ ဇူယွမ်အားကြည့်ကာ ပြောလိုက်သည်။

လဲ့ချင်းဟိုင်သည်လည်း ဇူယွမ်အား ပုံမှန်မူလစဦး သတ္တမအဆင့်ရှိသူဟုသာ ထင်မှတ်မိခဲ့ခြင်း ဖြစ်သည်။  သို့သော် ဇူယွမ်မှာ စွမ်းရည်များ ကွယ်ဝှက်ထားသော အစွယ်ဖွက်ထားသည့် ကျားတစ်ကောင် ဖြစ်နေ၏။

မည်သို့ပင်ဆိုစေကာမူ လဲ့ချင်းဟိုင်မှာ ယခုချိန်ထိပင် ယုံကြည်ချက်ပြည့်ဝနေဆဲ ဖြစ်သည်။ သူ၏ ချီကျင့်ကြံခြင်းသည် မူလစဦး နဝမအဆင့်သို့ပင် ရောက်ရှိနေပြီဖြစ်ကာ ကန်ရွှမ်းကလန်မှ ထိပ်သီးတပည့်ခေါင်းဆောင်များနှင့်ပင် ယှဉ်ပြိုင်နိုင်သော အနေအထားတွင် ရှိသည်။

ကန်ရွှမ်းကလန်၏ တပည့်များမှာ စွမ်းဆောင်ရည်ပြည့်ဝကြသူများ ဖြစ်သည်။ သို့သော် သူ၏ မိုးကြိုးတံခါးဝကလန်မှ တပည့်များမှာလည်း အားနည်းသူများ မဟုတ်ကြပေ။ ထို့ကြောင့် ယခုအချိန်သည် တိုက်ခိုက်ရန်အတွက် အသင့်တော်ဆုံး အနေအထားပင် ဖြစ်သည်။

အဘယ့်ကြောင့်ဆိုသော် ကန်ရွှမ်းကလန်၏ တပည့်ခေါင်းဆောင်တစ်ဦးဖြစ်သော ဇူယွမ်အား အနိုင်ရရှိခဲ့ပါက သူ၏အမည်နာမမှာ ရှန်ဇူတိုက်ကြီးတစ်ခုလုံးသို့ ပျံ့နှံ့လွှမ်းခြုံသွားမည်ပင် ဖြစ်သည်။ ထို့အတွက်ကြောင့် ဂုဏ်သတင်းကျော်ဇောရမည့် အခွင့်အရေးအား လက်လွှတ်မခံသင့်ပေ။

လဲ့ချင်းဟိုင်၏ မျက်ဝန်းများမှာ တိုက်ပွဲဆာလောင်သော အငွေ့အသက်များဖြင့် ပြည့်နှက်နေပြီပင် ဖြစ်သည်။ သူ၏ ဦးခေါင်းထက်မှ ပေထောင်ကျော်မျှရှိသော ပြင်းထန်လှသည့် မိုးကြိုးချီများ ထွက်ပေါ်နေလေသည်။

မိုးကြိုးတံခါးဝကလန်နှင့် ပူးပေါင်းထားကြသော ကလန်ငယ်များမှာ လဲ့ချင်းဟိုင်၏ ပြင်းထန်လှသော ချီစွမ်းအင်များအား မြင်တွေ့လိုက်ရသဖြင့် အနည်းငယ် စိတ်သက်သာရာ ရသွားကြသည်။

"လူတိုင်းနားထောင်ကြ။ ငါက ဇူယွမ်နဲ့တိုက်မယ်။ မင်းတို့က တောင်ထိပ်ကို ရအောင်သိမ်းထား။ ဒီမှာရှိနေတဲ့ ရောင်စဉ်သုံးသွယ် ရှန်းဟွချန်ယင်းအဆီအနှစ်တွေက ငါတို့အားလုံးအဖို့ လောက်ငှတယ်။" လဲ့ချင်းဟိုင်မှ စကားဆိုလိုက်သည်။

မိုးကြိုးတံခါးဝကလန်မှ တပည့်များဖြင့်သာဆိုလျှင် ကန်ရွှမ်းကလန်၏ တပည့်များအား ယှဉ်ပြိုင်၍ရနိုင်မည်မဟုတ်ကြောင်း လဲ့ချင်းဟိုင်မှ ကောင်းစွာသိရှိထားသည်။ ထို့ကြောင့် အခြားသော  ကလန်များနှင့် ပေါင်းစည်းကာ များပြားလှသော လူအင်အားဖြင့် ကန်ရွှမ်းကလန်၏ တပည့်များအား တိုက်ထုတ်ရန် ကြံသည်ထားခြင်းပင် ဖြစ်၏။

ကောင်းကင်ထက်တွင်ရှိနေသော ပုံရိပ်များ၏ မျက်ဝန်းများမှာ လိုချင်ရမ္မက်များ တောက်လောင်နေသော အငွေ့အသက်များဖြင့် ပြည့်နှက်သွားရသည်။ ၎င်းတို့သည် ရက်စက်ကြမ်းကြုတ်သူများဖြစ်ကာ သေးငယ်သော အရာတစ်ခုအတွက်ပင် လူတစ်ဦးအား သတ်ဖြတ်ရန် ဝန်မလေးကြသူများ ဖြစ်၏။ ထို့ကြောင့် တန်ဖိုးရှိလှသော ရှန်းဟွချန်ယင်းအဆီအနှစ်အတွက်ဆိုလျှင် အသက်ကိုပင် စွန့်ရဲသော မိုက်ရူးရဲဆန်သူများ ဖြစ်လေသည်။ ထို့အပြင် ကန်ရွှမ်းကလန်မှ တပည့်များကိုသာ အနိုင်ရရှိခဲ့ပါက ၎င်းတို့၏ ဂုဏ်သတင်းမှာ ရှန်ဇူတိုက်ကြီးအတွင်း ပျံ့နှံ့လွှမ်းခြုံသွားလိမ့်မည်ပင် ဖြစ်သည်။ လက်ရှိအနေအထားအား ချိန်ဆသုံးသပ်ကြည့်ပါကလည်း ကန်ရွှမ်းကလန်၏ တပည့်များမှာ သိသာစွာပင် လူအင်အားနည်းပါးနေ၏။

ထို့ကြောင့် ကလန်အသီးသီးမှ တပည့်များမှာ ကန်ရွှမ်းကလန်၏ တပည့်များအား အသေအကြေ တိုက်ခိုက်ကြရန်အတွက် အဆင်သင့်ဖြစ်နေကြပြီပင် ဖြစ်သည်။

"တပည့်တွေအားလုံး ရန်သူတွေကို တိုက်ခိုက်ဖို့ အသင့်ပြင်ထားကြ။ နည်းနည်းလေးမှ သက်ညှာစရာ အကြောင်းမရှိဘူး။"

တောင်ထိပ်ပေါ်တွင် ဂူဟွမ်ချီမှာ ကန်ရွှမ်းကလန်၏ တပည့်များအား ဦးဆောင်ထားကာ အမိန့်ပေးသူနေရာအား ရယူထား၏။ သူမသည် အခြားသော တပည့်များထက် ပို၍အားနည်းသူဖြစ်ပါသော်လည်း သြဇာညောင်းသူတစ်ဦးပင် ဖြစ်သည်။ ကန်ရွှမ်းကလန်၏ တပည့်များမှာ သူမ၏အမိန့်အားနာခံလျက် ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေလိုက်ကြသည်။

ကောင်းကင်ထက်ရှိ ပုံရိပ်များမှာလည်း ပြင်းထန်လှသော စွမ်းအင်ဖိအားများကိုထုတ်လွှတ်ကာ ကန်ရွှမ်းကလန်၏ တပည့်များအား အေးစက်ခက်ထန်သော မျက်ဝန်းများဖြင့် ကြည့်ရှုနေကြသည်။

"တိုက်ကြ။ ဘယ်သူ့မျက်နှာကိုမှ ထောက်နေစရာ အကြောင်းမရှိဘူး။"

ထို့နောက် နှစ်ဖက်လုံးမှ တစ်ပြိုင်တည်း လှုပ်ရှားလိုက်ကြသည်။ ပြင်းထန်လှသော စွမ်းအင်လှိုင်းဂယက်များမှာ ေပရာကျော်မျှအထိ ဖုံးလွှမ်းသွား၏။

ဇူယွမ်မှာ တိုက်ပွဲဖြစ်ပွားရာနေရာအား ကြည့်ရှုလိုက်မိသည်။ ကန်ရွှမ်းကလန်မှ တပည့်များမှာ ထူးချွန်ကြပါသော်လည်း တစ်ဖက်ရန်သူမှာ လူအင်အား လွန်စွာများပြားလွန်းလှပေသည်။ ထို့ကြောင့် ကန်ရွှမ်းကလန်မှ အသာစီးရရန် အနည်းငယ် ခက်ခဲရပေလိမ့်မည်။

ဝုန်း.....

ထိုအချိန်၌ပင် ဇူယွမ်ထံသို့ ပြင်းထန်လှသော မိုးကြိုးချီများ ဦးတည်ပျံဝဲလာသည်။

ဇူယွမ်မှာ အလျင်အမြန်ပင် အနောက်သို့ဆုတ်ကာ ရှောင်ရှားလိုက်သည်။ သို့သော် မိုးကြိုးပေါက်ကွဲသံများအား နားစည်ကွဲမတက်ပင် ကျယ်လောင်စွာ ကြားလိုက်ရ၏။

ဇူယွမ်မှာ တည်ငြိမ်စွာဖြင့်ပင် လဲ့ချင်းဟိုင်အား ကြည့်ရှုလိုက်သည်။ ၎င်းသည် ကောင်းကင်ထက်၌ ထည်ဝါစွာ ပျံဝဲနေလျက် ရှိသည်။

လဲ့ချင်းဟိုင်မှာ အေးစက်ခက်ထန်သော မျက်ဝန်းများဖြင့် ဇူယွမ်အားကြည့်ကာ ပြောလိုက်သည်။ "ဇူယွမ် ငါမင်းကို အခွင့်အရေး နှစ်ခါတိတိ ပေးခဲ့သားပဲ။ ဒါပေမယ့် မင်းက ဦးနှောက်မရှိပဲ ငြင်းပယ်လိုက်တာကိုး။ အခုလို အခြေအနေကြမှ ဘာမှပြန်ပြင်လို့ မရတော့ဘူးမှတ်လား။"

"အခုက မင်းနောင်တရဖို့ အရမ်းကို နောက်ကျသွားပြီ။"

လဲ့ချင်းဟိုင်မှာ လက်နှစ်ဖက်အား ရိုက်ချလိုက်ပြီးနောက် ပြင်းထန်လှသော မိုးကြိုးချီများအား ပေါက်ကွဲထွက်ပေါ်စေလိုက်သည်။ ထို့နောက် ကောင်းကင်တစ်ခုလုံးမှာ လျှပ်စီးကြောင်းများဖြင့် ပြည့်နှက်သွားလေသည်။

"မင်းက စွမ်းရည်တွေကို ဖုံးကွယ်တာ တော်တယ်ဆိုမှတော့ ငါ့ကိုမင်းရဲ့ အရည်အချင်းအစစ်အမှန်ကို ပြစမ်းပါ။ ငါနဲ့တိုက်ခိုက်ဖို့လောက်ထိ မင်းမှာအရည်အချင်းရှိတယ် ဆိုတာကိုပေါ့။"

"လျှပ်စီးမုန်တိုင်း..."

လဲ့ချင်းဟိုင်မှ လက်အားလှုပ်ယမ်းလိုက်သည်နှင့်တစ်ပြိုင်နက် ကောင်းကင်တစ်ခွင် ပြည့်နှက်နေသော လျှပ်စီးကြောင်းများမှာ ဇူယွမ်ထံသို့ ဦးတည်ပျံဝဲသွားလေသည်။

ဝုန်း.....ဝုန်း....

လျှပ်စီးကြောင်းများမှာ ဆင်းသက်လာသော လမ်းကြောင်းတလျှောက် လေထုများကိုပင် ဆုတ်ပြဲသွားစေ၏။

လဲ့ချင်းဟိုင်မှ အေးစက်ခက်ထန်စွာ ပြုံးလိုက်သည်။ "အဟက်....ဦးနှောက်မရှိတဲ့ အရူးကောင် ငါ့တိုက်ခိုက်မှုကို မင်းခံနိုင်ရည်ရှိမယ်များ ထင်နေလား။"

သို့သော် ထိုအချိန်မှာပင် လဲ့ချင်းဟိုင်၏ရှေ့သို့ အလင်းတန်းတစ်ခု ရောက်ရှိလာ၏။ ထို့နောက် ကျောက်စိမ်းရောင်များ တောက်ပနေသော လက်သီးတစ်လုံး ပေါ်ထွက်လာကာ လဲ့ချင်းဟိုင်၏ ရင်ဘတ်အား ပြင်းထန်စွာဖြင့် ထိုးနှက်လိုက်လေသည်။

ထိုကျောက်စိမ်းရောင်များ တောက်ပနေသော လက်သီးအား မြင်တွေ့လိုက်ရသည့်အတွက် လဲ့ချင်းဟိုင်၏ မျက်ဝန်းများ ကျဉ်မြောင်းသွားရသည်။ အဘယ့်ကြောင့်ဆိုသော် ထိုသန်မာလှသည့် လက်သီးတွင် ဇူယွမ်၏ ချီစွမ်းအင် အနည်းငယ်ကိုမျှပင် အာရုံမခံမိသောကြောင့် ဖြစ်သည်။

တစ်နည်းဆိုရလျှင်မူ ဇူယွမ်၏ထိုးနှက်ချက်မှာ ပြင်ပခန္ဓာသန်မာမှုစစ်စစ်သာ ပါဝင်ပေသည်။

"သူ့ရဲ့ ပြင်ပခန္ဓာက မယုံနိုင်စရာကောင်းလောက်အောင် သန်မာတာပဲ။" လဲ့ချင်းဟိုင်မှာ အလွန်ပင် လန့်ဖြန့်သွားရ၏။ သူ၏ခန္ဓာကိုယ်သည် ထိုကဲ့သို့ မသန်မာသောကြောင့် တိုက်ရိုက်တိုက်ခိုက်ခြင်းများအား ပြုလုပ်ရဲခြင်း မရှိချေ။ ထို့နောက် အနည်းငယ်မျှပင် တွေဝေတုန့်ဆိုင်းခြင်းမရှိပဲ အလျင်အမြန်ပင် တောက်ပလင်းလက်နေသော လျှပ်စီးများဖြင့် ပြည့်နှက်နေသည့် မှန်တစ်ချပ်အား ထုတ်ယူလိုက်သည်။

"လျှပ်စီးကြေးမုံ...."

ချလန်း......

ဇူယွမ်၏ လက်သီးနှင့် လျှပ်စီးကြေးမုံတို့ တွေ့ဆုံသွားကြသည်။ ပြင်းထန်လှသော စွမ်းအင်လှိုင်းဂယက်များမှာ ပတ်ဝန်းကျင်တစ်ခွင်လုံးအား ပျံ့နှံ့လွှမ်းခြုံသွားလေသည်။

ချလန်း......ချလန်း.....

အသက်ရှူချိန် အနည်းငယ်မျှသော အချိန်အတွင်းမှာပင် လျှပ်စီးကြေးမုံမှာ ကွဲအက်ပျက်စီးသွားလေတော့သည်။

ထို့နောက် ကျောက်စိမ်းရောင်များ တောက်ပနေသော လက်တစ်ဖက်မှာ လဲ့ချင်းဟိုင်၏လည်မြိုအား အညှာအတာမဲ့စွာ ဖမ်းဆုပ်လိုက်၏။

လဲ့ချင်းဟိုင်၏ အမူအရာမှာ ပြောင်းလဲသွားရပြီးနောက် လက်နှစ်ဖက်ကိုချိတ်ဆက်ကာ အလျင်အမြန်ပင် အော်ဟစ်လိုက်သည်။ "ပုံရိပ်ယောင်လျှပ်စီးအနုပညာ။"

လဲ့ချင်းဟိုင်၏ပုံရိပ်မှာ ချက်ချင်းဆိုသလိုပင် ထိုနေရာမှ ပျောက်ကွယ်သွားသည်။

ဇူယွမ်မှာ တစ္ဆေတစ်ကောင်အလား လျင်မြန်စွာထွက်ပြေးသွားသော ပုံရိပ်ကိုသာ တွေ့ရှိလိုက်ရ၏။

လဲ့ချင်းဟိုင်၏ လျင်မြန်လှသော လှုပ်ရှားမှုကြောင့် ဇူယွမ်မှာ အနည်းငယ် အံ့အားသင့်သွားရသည်။

"ဒြပ်မဲ့သဏ္ဍာန်။"

ဇူယွမ်၏ပုံရိပ်မှာ ဒြပ်မဲ့သဏ္ဍာန်အဖြစ်သို့ ပြောင်းလဲသွားကာ လဲ့ချင်းဟိုင်၏ပုံရိပ်နောက်သို့ လျင်မြန်စွာပင် လိုက်ပါသွား၏။

အသက်ရှူချိန် အနည်းငယ်မျှသော အချိန်အတွင်းမှာပင် ကောင်းကင်ထက်၌ ဇူယွမ်နှင့် လဲ့ချင်းဟိုင်တို့မှာ အကြိမ်ပေါင်းများစွာ တိုက်ခိုက်ပြီးကြပြီပင် ဖြစ်သည်။ ဇူယွမ်၏ တိုက်ခိုက်မှုအများစုသည် ချီစွမ်းအင်ဖြင့်မဟုတ်ပဲ ပြင်ပခန္ဓာသန်မာမှုဖြင့်သာဖြစ်သည်ကို လဲ့ချင်းဟိုင်မှ သတိပြုမိလာသည်။

ဇူယွမ်၏ တိုက်ခိုက်မှုများမှာ အလွန်ပင် ပြင်းထန်လှပြီး အညှာအတာ ကင်းမဲ့လွန်းလှ၏။ မည်သို့ပင်ဆိုစေကာမူ ထိုတိုက်ခိုက်မှုမျှလောက်ဖြင့် လဲ့ချင်းဟိုင်အား အနိုင်ရနိုင်လိမ့်မည် မဟုတ်ပေ။

လဲ့ချင်းဟိုင်မှာ အံကြိတ်လိုက်ပြီးနောက် ပြင်းထန်လှသော မိုးကြိုးချီများအား ပေါက်ကွဲထွက်ပေါ်စေလိုက်သည်။ ဇူယွမ်နှင့် လဲ့ချင်းဟိုင်တို့၏အကြားတွင် ပေအနည်းငယ်မျှသာ ကွာဝေးတော့၏။

လဲ့ချင်းဟိုင်မှာ ဇူယွမ်အား စူးရှစွာကြည့်ရှုလိုက်ပြီးနောက် လက်နှစ်ဖက်အား အတူတကွ ချိတ်ဆက်လိုက်သည်။ ချက်ချင်းဆိုသလိုပင် ​မည်းနက်နေသော မိုးကြိုးတိမ်စိုင်များ ပေါ်ထွက်လာ၏။ ကြည့်ရသည်မှာ လဲ့ချင်းဟိုင်သည် ၎င်း၏ဝှက်ဖဲအား ထုတ်သုံးတော့မည့်ဟန်တွင် ရှိနေသည်။

"မင်းက ပြင်ပခန္ဓာသန်မာမှုကြောင့် အရမ်းကို ယုံကြည်ချက်ရှိနေတာမလား။ မင်းရဲ့ ချီကျင့်စဉ်က မူလစဦး သတ္တမအဆင့်ပဲ ရှိသေးတာတောင်မှလေ။" လဲ့ချင်းဟိုင်မှ မထီမဲ့မြင်ပြုသော အမူအရာဖြင့် ပြောလိုက်သည်။

"ဒါပေမယ့် မင်းကိုပြောပြရဦးမယ်။ မင်းရဲ့ ခန္ဓာကိုယ် ဘယ်လောက်ပဲ သန်မာနေပါစေ ချီစွမ်းအင်အခြေခံအုတ်မြစ် မသန်မာရင် အလကားပဲ။"

လဲ့ချင်းဟိုင်မှာ ကျေနပ်အားရစွာ ရယ်မောလိုက်၏။ လက်ရှိအချိန်၌ သူ၏ချီပင်လယ်ထဲတွင် ချီကြယ်ပွင့်ရှစ်ထောင်ခန့်မျှပင် ရှိသည်။ တစ်ဖက်တွင်မူ မူလစဦး သတ္တမအဆင့်သာရှိသေးသော ဇူယွမ်မှာ ချီကြယ်ပွင့် ငါးထောင်ဝန်းကျင်မျှသာ ရှိနေလိမ့်မည် ဖြစ်သည်။

ဝုန်း....

မည်းနက်နေသော မိုးကြိုးတိမ်စိုင်များထံမှ လျှပ်စီးမိုးကြိုးများ ထွက်ပေါ်လာကာ လဲ့ချင်းဟိုင်၏ လက်ဝါးအတွင်းသို့ ဝင်ရောက်သွားသည်။ လဲ့ချင်းဟိုင်၏ လက်ဝါးထက်တွင် ငွေရောင်အမှတ်အသားတစ်ခု ဖြစ်ပေါ်လာလေသည်။

လဲ့ချင်းဟိုင်မှာ ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီးနောက် ပြင်းထန်လှသော စွမ်းအင်ဖိအားများကို ထုတ်လွှတ်လိုက်သည်။ တိုက်ခိုက်နေကြသော တပည့်များမှာ ထွက်ပေါ်လာသော ပြင်းထန်လှသည့် စွမ်းအင်ဖိအားများကြောင့် အလွန်ပင် ထိတ်လန့်သွားကြသည်။ ထိုစွမ်းအင်ဖိအားများမှာ ကန်ရွှမ်းကလန်မှ ထိပ်သီးတပည့်ခေါင်းဆောင်များကိုပင် ယှဉ်ပြိုင်နိုင်လောက်ပေသည်။

"ဟဟ....ဇူယွမ် မင်းရဲ့ခန္ဓာကိုယ်ကို ငါတစ်စစီ ဖျက်စီးပစ်ပြမယ်။"

"ငါတို့မိုးကြိုးတံခါးဝကလန်ရဲ့ လျို့ဝှက်ကျင့်စဉ်ကို မြည်းကြည့်လိုက်။"

"မိုးကြိုးဧကရာဇ်တံဆိပ်တော်....."

All Chapters