← Chapters

သွေးအေးပြီး ရက်စက်သူ

Vol. 13 Ch. 181

သွေးအေးပြီး ရက်စက်သူ

Vol. 13 Ch. 181

~"ကာကွယ်စောင့်ရှောက်သူ ရှင်းလန်... ဟုတ်လား..."

ဖုန်းဝူချန်၏ အေးစက်သော အကြည့်တို့က အဘိုးကြီးထံသို့ ကျရောက်သွားသည်။

...မဆန်းပါဘူး... သူ့ဆီမှာ ဒီလောက် ကြောက်စရာကောင်းတဲ့ ခွန်အားတွေ ပိုင်ဆိုင်ထားတာကိုး...

နောက်ထပ်လူ တစ်ယောက်ကလည်း

"ကာကွယ်စောင့်ရှောက်သူ ရှင်းလန်... ခင်ဗျားက အားနည်းလွန်းနေလို့လား၊ ဒါမှမဟုတ် ဘာဖြစ်နေမှန်းတော့ မသိဘူးဗျ... ဒဏ်ရာရနေတဲ့ ဖုန်းဝူချန်ကိုတောင် နိုင်အောင် မကိုင်တွယ်နိုင်ဘူးဆိုတော့... တော်တော် ရှက်စရာကောင်းတာပဲဗျာ..." ဟု လှောင်ပြောင်သရော်လိုက်သည်။

လေထဲမှ အားကောင်းမောင်းသန် ပုံရိပ် ငါးခု ပျံတက်လာ၏။ ထိုသူတိုင်း၏ စွမ်းအားက ယွမ်တန်ဘုံ ပဉ္စမလွှာအထက်တွင် ရှိနေကြရာ ကာကွယ်စောင့်ရှောက်သူ ရှင်းလန်၏ မျက်နှာမှာ ချက်ချင်းပင် ပုပ်သိုးသွားတော့သည်။

"ဖုန်းလေဂိုဏ်း.." ကာကွယ်စောင့်ရှောက်သူ ရှင်းလန်၏ အသံက နက်ရှိုင်းသွား၏။ "ဒီကာကွယ်‌ စောင့်ရှောက်သူသာ ဒဏ်ရာရမနေခဲ့ရင်... မင်းတို့ ခုနကပြောလိုက်တဲ့ စကားတစ်ခွန်းတည်းနဲ့တင် မင်းတို့အားလုံးကို သတ်ပစ်လို့ရတယ်.."

"ဖုန်းလေဂိုဏ်း... ဟုတ်လား..."

ဖုန်းဝူချန်က မျက်မှောင်ကြုတ်လိုက်ပြန်သည်။ သူ၏ အေးစက်သော အကြည့်တို့က ထိုလူငါးယောက်ကို ဝေ့ကြည့်လိုက်ရင်း ဆေးလုံးအနည်းငယ်ကို အလျင်အမြန် ထုတ်ကာ မျိုချလိုက်သည်။

ခန့်မှန်းနေစရာပင် မလို...။ ဤ ဖုန်းလေဂိုဏ်းမှ ပညာရှင်ငါးယောက်သည် "ကိုးထပ် ချန်ခွန်း မျှော်စင်" အတွက် ရောက်ရှိလာကြခြင်းမှာ သေချာနေသည်။

ရွှေယွဲ့အင်ပါယာအတွင်းရှိ ဩဇာကြီးမားသော

အဖွဲ့အစည်း တစ်ခုအနေဖြင့် ဖုန်းလေဂိုဏ်းသည် ထိုက်ရွှမ်ဂိုဏ်းထက် အနည်းငယ်မျှသာ အင်အားနည်းပါးသည်။ အကယ်၍ သူတို့သာ "ကိုးထပ် ချန်ခွန်း မျှော်စင်" ကို ရရှိသွားပါက ဖုန်းလေဂိုဏ်းသည် ထိုက်ရွှမ်ဂိုဏ်းကို ကျော်တက်သွားနိုင်သည့် အခွင့်အရေးပင် ရှိနေသည်။

ခေါင်းဆောင်ဖြစ်ဟန် တူသူက မထီတရီ ပြုံးလိုက်သည်။

"ကာကွယ်စောင့်ရှောက်သူ ရှင်းလန်... ခင်ဗျားရဲ့ စကားကြောင့်ပဲ... နောင်တချိန်မှာ ခင်ဗျား လက်စား ချေမှာ ပူမနေရအောင် ခင်ဗျားကို အရင်ဆုံး သတ်ပစ်ရမှာပေါ့..."

ကာကွယ်စောင့်ရှောက်သူ ရှင်းလန်မှာ ပြင်းထန်စွာ ဒဏ်ရာရနေသည့်အတွက် သူတို့ငါးယောက် ပေါင်းလိုက်ပါက သူ့ကို အနိုင်ယူနိုင်မည်ဟု ယုံကြည်နေကြသည်။

..ဟွမ်ယွမ်ဂိုဏ်းကလူတွေ ခုထိ ပေါ်မလာသေးဘူး... သူတို့ ဒီအတိုင်း လက်ပိုက်ကြည့်နေမှာတော့ သေချာပေါက် မဟုတ်ဘူး...

ဟု ကာကွယ်စောင့်ရှောက်သူ ရှင်းလန်က စိတ်ထဲမှ တွေးလိုက်သည်။

သူ၏အကြည့်က တောင်ကြားအထက်ရှိ ကြီးမားသော မျှော်စင်ကြီးထံသို့ တစ်ချက်ဝေ့ကြည့်လိုက်ပြီးနောက် ထွက်ခွာသွားရန် အလျင်အမြန် လှုပ်ရှားလိုက်တော့သည်။

"ထွက်ပြေးမလို့လား..." လူတစ်ယောက်က အေးစက်စွာ အော်ဟစ်ကာ လိုက်ရန်ပြင်လိုက်သည်။

"လိုက်စရာမလိုဘူး။ ငါတို့မှာ ပိုအရေးကြီးတဲ့ ကိစ္စရှိတယ်..." ခေါင်းဆောင်ဖြစ်သူက သူ့ကိုတားမြစ်လိုက်ရင်း နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။

ကာကွယ်စောင့်ရှောက်သူ ရှင်းလန်နောက်သို့ လိုက်နေမည့်အစား ဖုန်းဝူချန်ကို အရင်ဖြေရှင်းပြီး "ကိုးထပ် ချန်ခွန်း မျှော်စင်" ကို ယူသွားခြင်းက ပို၍ကောင်းမွန်ပါလိမ့်မည်။

"ကိုးထပ် ချန်ခွန်း မျှော်စင်" သာ ရရှိသွားပါက ဖုန်းလေဂိုဏ်း၏ အင်အားမှာ အဆမတန် တိုးတက်လာပေလိမ့်မည်။ ထိုအခါ ကျီးရှင်းဂိုဏ်းကို ကြောက်ရွံ့နေစရာ အကြောင်း ရှိပါဦးမည်လော။

လူငါးယောက်လုံး ဖုန်းဝူချန်ဘက်သို့ လှည့်လာကြသည်။ ခေါင်းဆောင်က မထီမဲ့မြင် ပြုံးလိုက်၏။

"ဖုန်းဝူချန်... မင်းကို ငါတို့ကိုယ်တိုင် လက်စတုံးရအောင် လုပ်မလား... ဒါမှမဟုတ် "ကိုးထပ် ချန်ခွန်း မျှော်စင်" ကို အေးအေးဆေးဆေး ထုတ်ပေးမလား..."

"ငါ့အဖေကို ဖမ်းသွားတာ မင်းတို့ပဲမလား..." ဖုန်းဝူချန်က အေးစက်စွာ မေးလိုက်သည်။

"မင်းအဖေကို ဘယ်သူဖမ်းသွားလဲ ငါတို့မသိဘူး..." ခေါင်းဆောင်က ပခုံးတွန့်ပြရင်း အေးစက်စွာ ပြန်ဖြေသည်။

"ဖုန်းဝူချန်ရဲ့ ဒဏ်ရာတွေက ပြန်ကောင်းလာတာ မြန်လွန်းတယ်... သူ ဆေးလုံးတွေ သောက်လိုက်ပြီ.." လူတစ်ယောက်က ဖုန်းဝူချန်၏ ဒဏ်ရာများနှင့် အစစ်အမှန် ယွမ်စွမ်းအင်များ လျင်မြန်စွာ ပြန်လည်ပြည့်ဖြိုးလာသည်ကို သတိပြုမိကာ ရုတ်တရက် အော်ဟစ်လိုက်သည်။

ခေါင်းဆောင်၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး အလျင်စလို အမိန့်ပေးလိုက်သည်။

"မင်းတို့နှစ်ယောက်... သူ့ကိုသတ်လိုက်၊ ငါတို့ "ကိုးထပ် ချန်ခွန်း မျှော်စင်" ကို ယူမယ်။ တိုက်ကြ.."

ဖုန်းဝူချန်က ဆေးလုံးများ မျိုချလိုက်ပြီဖြစ်ရာ သူ၏ ဒဏ်ရာများနှင့် အစစ်အမှန် ယွမ်စွမ်းအင်များက အလွန်လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာနေသည်။ အကယ်၍ ဖုန်းဝူချန်ကို အချိန်ပေးလိုက်ပါက သူတို့အားလုံး သေဆုံးရပေလိမ့်မည်။

ယွမ်တန်ဘုံ ပဉ္စမလွှာမှ လူနှစ်ယောက်သည် ချက်ချင်းပင် တိုက်ခိုက်မှု စတင်လိုက်ကြသည်။ သူတို့၏ အစစ်အမှန် ယွမ်စွမ်းအင်များကို အစွမ်းကုန် ထုတ်ဖော်အသုံးပြုကာ ကိုယ်ဖော့ပညာများကို သုံးလျက် ဖုန်းဝူချန်ထံသို့ သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ပြေးဝင်လာကြသည်။

"ဖုန်းဝူချန်... မင်းသေဖို့ အချိန်ကျပြီကွ.." တစ်ယောက်က ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

"မင်းက "ကိုးထပ် ချန်ခွန်း မျှော်စင်" ကို လေကျွယ်နဲ့ တိုက်တုန်းက မထုတ်ပြခဲ့သင့်ဘူး။ အခုတော့... မင်းဘာသာမင်း ဒုက္ခကို အိမ်ခေါ်လာတာပဲ... နောင်တရနေလို့လည်း ဘာမှထူးမှာမဟုတ်ဘူး..." နောက်တစ်ယောက်က အေးစက်စက် ရယ်မောရင်း ဆို၏။

ဖုန်းဝူချန်၏ မျက်နှာထားက အေးစက်နေသည်။ သူ၏ တောင်ပံများကို ခတ်လိုက်ရင်း လျင်မြန်စွာ နောက်ဆုတ်လိုက်သည်။ သူ၏ ဒဏ်ရာများမှာ အပြည့်အဝ မပျောက်ကင်းသေးသည့်အတွက် ဖုန်းဝူချန်သည် သူတို့၏ ပြိုင်ဘက် မဟုတ်သေးချေ။

"ကိုးထပ် ချန်ခွန်း မျှော်စင်" ကိုမူ ဖုန်းဝူချန်က လုံးဝ ဂရုမစိုက်။ သူတို့မှာ အရည်အချင်းရှိလျှင် ယူသွားနိုင်ကြသည်။

"လျှပ်တပြက် နေရာရွှေ့ပြောင်းခြင်း"

ထိုလူနှစ်ယောက်က မယုံနိုင်လောက်အောင် မြန်ဆန်လှသည်။ သို့သော် ဖုန်းဝူချန်က သူ၏ လျှပ်တပြက် နေရာရွှေ့ပြောင်းခြင်း ပညာရပ်ဖြင့် ရှောင်တိမ်းလိုက်ရာ သူတို့မှာ ဘာမှမတတ်နိုင်ဘဲ ကျန်ရစ်ခဲ့ရလေ၏။

ဖုန်းဝူချန်သည် ရှောင်တိမ်းနေရင်း တစ်ချိန်တည်းမှာပင် ဆေးလုံးများ၏ အစွမ်းကြောင့် သူ၏ ဒဏ်ရာများမှာလည်း တဖြည်းဖြည်း ပျောက်ကင်းလာခဲ့သည်။

ကျန်ရှိနေသော ယွမ်တန်ဘုံ ဆဋ္ဌမလွှာမှ လူသုံးယောက်မှာမူ "ကိုးထပ် ချန်ခွန်း မျှော်စင်" ကို အစွမ်းကုန် တိုက်ခိုက်နေကြသည်။ သို့သော် သူတို့၏ တိုက်ခိုက်မှုမှ ထွက်ပေါ်လာသော စွမ်းအားအားလုံးကို "ကိုးထပ် ချန်ခွန်း မျှော်စင်" က စုပ်ယူနေခဲ့သည်။

"ကိုးထပ် ချန်ခွန်း မျှော်စင်" က စွမ်းအားတွေကို အဆုံးအစမရှိ စုပ်ယူနိုင်တာလား..."

သူတို့၏ အဆက်မပြတ် တိုက်ခိုက်မှုများက အရာမထင်သည်ကို မြင်သောအခါ ခေါင်းဆောင်ဖြစ်သူက မျက်မှောင်ကြုတ်လိုက်သည်။

"တောင်ထိပ်ပေါ်ကနေ တိုက်ခိုက်မယ်.."

တစ်ယောက်က အော်ဟစ်လိုက်ရာ သူတို့သုံးဦးလုံး လျင်မြန်စွာ လှုပ်ရှားလိုက်ကြသည်။ ခုန်ပျံမှု အနည်းငယ် ပြုလုပ်ပြီးနောက် သူတို့သည် တောင်ထိပ်တစ်ခုပေါ်သို့ ရောက်ရှိသွားကြသည်။

"နက်နဲခြင်းအဆင့် အလယ်အလတ်တန်းစား သိုင်းပညာ... ရွှမ်ဖုန်း ဓားချက်.."

"နက်နဲခြင်းအဆင့် အလယ်အလတ်တန်းစား သိုင်းပညာ... တန်ခိုးမြင့် ရေခဲလက်သီး.."

"နက်နဲခြင်းအဆင့် အလယ်အလတ်တန်းစား သိုင်းပညာ... ဝူကျီ ဓားချက်.."

ယွမ်တန်ဘုံ ဆဌမ အလွှာမှ လူသုံးဦးသည် သူတို့၏ အစစ်အမှန် ယွမ်စွမ်းအားများကို အပြည့်အဝ နှိုးဆွလိုက်ကြပြီး... အားကောင်းလှသော သိုင်းပညာရပ်များကို တစ်ပြိုင်နက်တည်း ထုတ်ဖော်လိုက်ကြတော့သည်။

သူတို့သည် တောင်ထိပ်မှတစ်ဆင့် တိုက်ခိုက်ကာ "ကိုးထပ် ချန်ခွန်း မျှော်စင်" ကို အောက်သို့ ဆွဲချရန် ကြိုးစားနေကြခြင်း ဖြစ်သည်။

"ဝှစ်.. ဝှစ်.. ဝှစ်.."

"ဘုန်း.. ဘုန်း.. ဘုန်း.."

ကြောက်မက်ဖွယ် စွမ်းအင်သုံးခုက တောင်ထိပ်မှတစ်ဆင့် ထိုးဆင်းလာကာ "ကိုးထပ် ချန်ခွန်း မျှော်စင်" အပေါ်သို့ ပြင်းထန်စွာ ကျရောက်သွား၏။ သို့ရာတွင်... သူတို့ အံ့အားသင့်စရာပင်... မျှော်စင်၏ မျက်နှာပြင်ပေါ်တွင် ထင်ရှားပုံမပေါ်သော စွမ်းအင်အလွှာတစ်ခု ပေါ်ထွက်လာသည်။ ၎င်းက သူတို့၏ စွမ်းအားအားလုံးကို မျှော်စင်အတွင်းသို့ ထိုးဖောက်မဝင်နိုင်အောင် တားဆီးလိုက်ပြီး "ကိုးထပ် ချန်ခွန်း မျှော်စင်" မှာလည်း လုံးဝ လှုပ်မသွားခဲ့ချေ။

လူသုံးယောက်လုံး မှင်တက်သွားကြပြီး "ကိုးထပ် ချန်ခွန်း မျှော်စင်" ကို စိုက်ကြည့်နေရင်း အချိန်အတော်ကြာတိုင် စကားတစ်ခွန်းမှ မပြောနိုင်ကြတော့ပေ။

"...ကိုးထပ် ချန်ခွန်း မျှော်စင်မှာ... ခုခံစွမ်းအားလည်း ရှိနေတာလား..." ဖုန်းဝူချန်တစ်ယောက် အံ့အားသင့်သွားသည်။ "ကိုးထပ် ချန်ခွန်း မျှော်စင်" တွင် ကိုယ်ပိုင်အကာအကွယ်ပေးသည့် စနစ်တစ်ခု ရှိနေလိမ့်မည်ဟု သူ တစ်ခါမှ မသိခဲ့ဖူးပေ။

ထွက်ပြေးသွားခဲ့သော ကာကွယ်စောင့်ရှောက်သူ ရှင်းလန်က မှောင်ရိပ်ထဲတွင် ပုန်းကွယ်ရင်း စိတ်ထဲမှ တွေးလိုက်သည်။

..ကြည့်ရတာ "ကိုးထပ် ချန်ခွန်း မျှော်စင်" ကို လွယ်လွယ်နဲ့တော့ ယူလို့ရမှာ မဟုတ်ဘူး...။ ဖုန်းဝူချန်က အဆင့်လေး ဆေးပညာရှင်တစ်ယောက်ဆိုတော့... "ကိုးထပ် ချန်ခွန်း မျှော်စင်" ပေါ်က ဝိညာဉ်တံဆိပ်ကို သာမန်လူတွေ ဖျက်ဆီးနိုင်မှာ မဟုတ်ဘူး..

ကာကွယ်စောင့်ရှောက်သူ ရှင်းလန်သည် အမှန်တကယ် ထွက်ပြေးသွားခြင်း မဟုတ်ဘဲ၊ သူ၏ တည်ရှိမှုကိုသာ ဖုံးကွယ်ထားခြင်း ဖြစ်သည်။ "ကိုးထပ် ချန်ခွန်း မျှော်စင်" ကဲ့သို့ အစွမ်းထက်သော ရတနာတစ်ခုကို ဖုန်းလေဂိုဏ်းမှ ပညာရှင်များ ယူဆောင်သွားမည်ကို သူက မည်သို့ လက်ပိုက်ကြည့်နေနိုင်မည်နည်း။

"ဒါ... ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ... မျှော်စင်မှာ ခုခံစွမ်းအား ရှိနေတယ်...။ ငါတို့ရဲ့ တိုက်ခိုက်မှုတွေက အသုံးမဝင်ဘူး..." တစ်ယောက်က အလွန်အမင်း တုန်လှုပ်ကာ ထိတ်လန့်တကြား ပြောလိုက်သည်။

"ကိုးထပ် ချန်ခွန်း မျှော်စင်" ၏ စွမ်းအားက သူတို့၏ တွေးဆထားသည်ထက် များစွာ သာလွန်နေခဲ့သည်။

"ကိုးထပ် ချန်ခွန်း မျှော်စင်" သည် အင်မော်တယ် လက်နက် တစ်ခု ဖြစ်သည်။ ပျက်စီးနေသည် မှန်သော်လည်း... သာမန် ဝိညာဉ်လက်နက် တစ်ခုထက် များစွာ သာလွန်နေဆဲ ဖြစ်၏။

"အရင်ဆုံး ဖုန်းဝူချန်ကို သတ်...။ သူ့ဒဏ်ရာတွေ ပြန်ကောင်းလာတာ မြန်လွန်းတယ်... သူ့ကို ဆက်ပြီး အချိန်ပေးလို့မဖြစ်ဘူး... မဟုတ်ရင် ငါတို့ သူ့ကို မနိုင်ဘူးဟ..."

အောက်ဘက်မှ လူတစ်ယောက်က ဒေါသတကြီး နှိုး‌ဆော်လိုက်သည်။ ဖုန်းဝူချန်၏ အဝတ်စကိုပင် မထိနိုင်သည့်အတွက် သူတို့ ဒေါသထွက်လွန်း၍ ပေါက်ကွဲထွက်မတတ် ဖြစ်နေကြသည်။

ခေါင်းဆောင်က

""ကိုးထပ် ချန်ခွန်း မျှော်စင်" က အရမ်းကြောက်ဖို့ကောင်းတယ်... ငါတို့ သူ့ကို ဘာမှလုပ်လို့မရဘူး...။ ဖုန်းဝူချန်ကို အရင်သတ်မယ်... မျှော်စင်ကိုတော့ ဘယ်အချိန်ယူယူ ရတယ်..."ဟု ဆုံးဖြတ်ချက်ချလိုက်ပြီး ပထမဆုံး အောက်သို့ ပြေးဆင်းသွားသည်။

ဖုန်းဝူချန်သာ သေသွားပါက ဤရတနာမျှော်စင်ကြီးသည် သူနှင့် ဆက်သွယ်မှု ပြတ်တောက်သွားမည် ဖြစ်ပြီး သာမန် မှော်လက်နက် တစ်ခုအဖြစ် အလိုအလျောက် ပြန်လည်ရောက်ရှိသွားပေလိမ့်မည်။

ယွမ်တန်ဘုံ ဆဋ္ဌမလွှာမှ လူသုံးယောက် သူ့အပေါ်သို့ ခုန်ဆင်းလာမည်ကို အာရုံခံမိသော ဖုန်းဝူချန်သည် ကောင်းကင်သို့ ချက်ချင်း ပျံတက်သွားသည်။ သူ၏ နောက်ကျောမှ တောင်ပံများက ပြင်းထန်စွာ ခတ်လိုက်ပြီး "ကိုးထပ် ချန်ခွန်း မျှော်စင်" ဆီသို့ တည့်တည့် ပျံသန်းသွားလေ၏။

"ဖုန်းဝူချန်ကို ရတနာမျှော်စင်နား ကပ်ခွင့်မပေးနဲ့... သူ့ကို ဆွဲချ.." ခေါင်းဆောင်က ဟိန်းဟောက်လိုက်သည်။

"ဝှစ်... ဝှစ်... ဝှစ်.."

လူငါးယောက်လုံး သူတို့၏ တိုက်ခိုက်မှုများကို အဆက်မပြတ် ပစ်လွှတ်လိုက်ကြရာ ကြောက်မက်ဖွယ် စွမ်းအားများက ဖုန်းဝူချန်ထံသို့ တိုးဝင်သွားကြသည်။

ကောင်းကင်သို့ တက်သွားသော ဖုန်းဝူချန်က အောက်ဘက်သို့ အေးစက်သော အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်ပြီး...

"မင်းတို့အားလုံး... သေရမယ်.."

စိတ်အကြံတစ်ခုဖြင့် ဖုန်းဝူချန်သည် နေရာတွင်ပင် မှော်ဆန်ဆန် ပျောက်ကွယ်သွားသည်။

ကြောက်မက်ဖွယ် စွမ်းအားများမှာ မျှော်စင်၏ အောက်ခြေရှိ ဧရာမအပေါက်ဝကြီးအနီးသို့ ရောက်ရှိသွားသည့်အခါ... ထိုစွမ်းအားများအားလုံးကို မျှော်စင်က စုပ်ယူလိုက်တော့သည်။

"ကိုးထပ် ချန်ခွန်း မျှော်စင်" က သူတို့၏ မျက်စိရှေ့မှာပင် ရှိနေသော်လည်း လူငါးယောက်လုံးမှာ ဘာမှမတတ်နိုင်ကြပေ။

ဖုန်းဝူချန် ပြန်လည်ပေါ်ထွက်လာသည့်အခါ သူသည် "ကိုးထပ် ချန်ခွန်း မျှော်စင်" ၏ သတ္တမအလွှာ နေရာလွတ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထိုနေရာတွင် အချိန်စီးဆင်းမှုက အပြင်ဘက်ကမ္ဘာထက် နှစ်ဆ ပိုမြန်နေရာ ဖုန်းဝူချန်အတွက် ဒဏ်ရာကုသရန် အချိန်အလုံအလောက် ရရှိမည် ဖြစ်သည်။

တစ်ခုတည်းသော ပြဿနာမှာ သူ၏ ဝိညာဉ်စွမ်းအား ဒဏ်ရာရရှိထားခြင်းဖြစ်ပြီး... ၎င်းကို ကုသရန်အတွက် ဝိညာဉ်စွမ်းအား လိုအပ်ပေလိမ့်မည်။

"ကိုးထပ် ချန်ခွန်း မျှော်စင်" တွင် ကိုယ်ပိုင်အကာအကွယ်ပေးသည့် စွမ်းအားရှိမှန်း သိရှိပြီးနောက်တွင်မှ ဖုန်းဝူချန်သည် အတွင်းသို့ဝင်၍ ဒဏ်ရာကုသရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ ၎င်းက အလုံခြုံဆုံး ရွေးချယ်မှုပင်။ "ကိုးထပ် ချန်ခွန်း မျှော်စင်" ၏ ခုခံစွမ်းအားကို မချိုးဖျက်နိုင်သရွေ့... ဖုန်းဝူချန်အတွက် ဘာအန္တရာယ်မှ ရှိမည်မဟုတ်ပေ။

"တောက်...။ ဒီကောင်... အထဲမှာ ဝင်ပုန်းနေတယ်.." ခေါင်းဆောင်က ကြိတ်မနိုင်ခဲမရ ဟစ်အော်လိုက်သည်။ သူ၏ မျက်နှာမှာ မီးသွေးခဲပမာ ဖြစ်ပြီး ဤအခြေအနေကို လက်မခံနိုင် ဖြစ်နေ လေသည်။

"ငါတို့ အခု ဘယ်လိုလုပ်ကြမလဲ...။ ဖုန်းဝူချန်က ဒဏ်ရာပျောက်တာ မြန်တယ်...။ သူသာ အပြည့်အဝ ပြန်ကောင်းသွားရင် ငါတို့အားလုံး သေကုန်လိမ့်မယ်ဟ.." နောက်တစ်ယောက်က စိုးရိမ်တကြီး ပြောသည်။

နောက်တစ်ယောက်ကလည်း ဒေါသတကြီး အံကြိတ်လိုက်၏။

" ကျစ် ၊ဒီကောင့်ကို အစကတည်းက သတ်ပစ်ခဲ့သင့်တာ.."

"ဖုန်းဝူချန်က မျှော်စင်ထဲ ဝင်သွားပြီ... နောက်ဆက်တွဲ ဘာဖြစ်လာမလဲ မသိနိုင်ဘူး...။ "ကိုးထပ် ချန်ခွန်း မျှော်စင်" ရဲ့ ကြောက်စရာကောင်းပုံက ငါတို့ ထင်ထားတာထက် ပိုတယ်...။ မြန်မြန် ထွက်သွားကြစို့.." ခေါင်းဆောင်က မချင့်မရဲ ဖြစ်နေသော်လည်း ဆက်လက် မစောင့်ရဲတော့ဘဲ တိုက်တွန်းလိုက်သည်။

သူတို့ ဘယ်လောက်ပင် မကျေမနပ် ဖြစ်နေပါစေ... လုံးဝ အကူအညီမဲ့နေကြပြီ ဖြစ်သည်။ "ကိုးထပ် ချန်ခွန်း မျှော်စင်" ကို ဘာမှလုပ်၍ မရပေ။

တွေဝေမနေတော့ဘဲ လူငါးယောက်လုံး နောက်ဆုတ်လိုက်ကြသည်။ အကယ်၍ သူတို့ ယခု မထွက်သွားပါက... ဖုန်းဝူချန် ပြန်ထွက်လာသည့်အချိန်တွင် သူတို့အားလုံး အသတ်ခံရပေလိမ့်မည်။

"ထွက်ပြေးမယ် ကြံနေတာလား...။ လွယ်မယ်မထင်နဲ့...။ မင်းတို့... ဒီကို ရောက်လာပြီးမှတော့ အသက်တွေကိုပါ ထားခဲ့ကြရမှာပေါ့.."

လူငါးယောက် ထွက်ပြေးရန် ပြင်လိုက်သည့် ထိုအခိုက်တွင်ပင်... "ကိုးထပ် ချန်ခွန်း မျှော်စင်" အတွင်းမှ ဖုန်းဝူချန်၏ စူးရှအေးစက်သော အသံက ရုတ်တရက် ပေါ်ထွက်လာသည်။ ထိုအသံနှင့်အတူ ပြင်းထန်သော သတ်ဖြတ်လိုသည့် အငွေ့အသက်တို့က မျှော်စင်မှတစ်ဆင့် လွှမ်းခြုံလာတော့သည်။

"မကောင်းတော့ဘူး...။ ပြေး.."

ခေါင်းဆောင်၏ မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွားပြီး ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

ကောင်းကင်တွင် ဝဲပျံနေသော ဧရာမ ရတနာမျှော်စင်ကြီးက ရုတ်တရက် လည်ပတ်လာသည်။ ထို့နောက်... မျက်စိကျိန်းသွားလောက်အောင် ပြင်းထန်သော အရှိန်အဟုန်ဖြင့် ပစ်ထွက်လာ၏။

"ဘုန်း......"

ဖုန်းဝူချန်၏ ထိန်းချုပ်မှုအောက်တွင် မျှော်စင်ကြီး၏ လှုပ်ရှားမှုက အံ့ဩဖွယ်ရာ မြန်ဆန်လှသည်။ ၎င်းက တောင်တစ်လုံးကို ဝင်တိုက်လိုက်ရာ ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ... ကြောက်မက်ဖွယ် စွမ်းအားက တောင်ထိပ်တစ်ခုလုံးကို ကြေမွသွားစေပြီး မရေမတွက်နိုင်သော ကျောက်တုံးကြီးများ ပြုတ်ကျလာစေသည်။

ထို ကြောက်မက်ဖွယ် ဖျက်ဆီးအားကြီးကြောင့် လူငါးယောက်လုံး အလွန်အမင်း ထိတ်လန့်သွားကြသည်။

"ဟင့်အင်း...။ ဖုန်းဝူချန်... ရပ်လိုက်...။ မလုပ်ပါနဲ့..."

လူတစ်ယောက်က သူတို့နောက်သို့ လိုက်လာသော ဧရာမ မျှော်စင်ကြီးကို ကြည့်ရင်း ထိတ်လန့်တကြား အော်ဟစ်ကာ အသက်ကယ် တောင်းပန်လိုက်သည်။

"ဘုန်း.."

“ဝီ....."

ဝဲပျံနေသော မျှော်စင်ကြီးက ညှာတာမှု ကင်းမဲ့စွာဖြင့် ပြင်းထန်စွာ ပစ်ချလိုက်သည်။ ကြောက်မက်ဖွယ် ပေါက်ကွဲသံကြီးနှင့်အတူ... ယွမ်တန်ဘုံ ဆဌမ အလွှာ ကျင့်ကြံသူ တစ်ဦးမှာ နေရာတွင်ပင် အသားစိမ်းဖတ်များအဖြစ် ကြေမွသွားရရှာ၏။ မြေပြင်ပေါ်တွင် မီတာပေါင်းများစွာ နက်သော တွင်းကြီးတစ်ခု ဖြစ်ပေါ်သွားပြီး တောင်ကြားတစ်ခုလုံး သိမ့်သိမ့်ခါသွားသည်။

"ဘုရားရေ…ဒါ... ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ..." မှောင်ရိပ်ထဲတွင် ပုန်းနေသော ကာကွယ်စောင့်ရှောက်သူ ရှင်းလန်တစ်ယောက် ကြောက်လွန်း၍ မျက်နှာပင် ဖြူဖျော့သွားသည်။

""ကိုးထပ် ချန်ခွန်း မျှော်စင်" က... တိုက်ခိုက်လို့ ရတယ်လား.."

အခြားနေရာတွင် ပုန်းကွယ်နေကြသော လျှို့ဝှက်ဆန်းကြယ်သည့် ပညာရှင်အချို့လည်း မှင်သက်သွားကြပြီး အကြောက်တရားဖြင့် တထိတ်ထိတ် ရင်ခုန်နေကြသည်။

ဤမျှ ခြိမ်းခြောက်သော မှော်လက်နက်မျိုးကို မည်သူမျှ တစ်ခါမှ မမြင်ဖူးခဲ့ကြပေ။ ဒါက လုံးဝ အပြစ်အနာအဆာ ကင်းမဲ့နေပေသည်။

"ကိုးထပ် ချန်ခွန်း မျှော်စင်" က နောက်တစ်ကြိမ် ပြန်လည် မြင့်တက်လာပြီး... အဆက်မပြတ် နောက်ယောင်ခံဖမ်းဆီးလျက် တောင်တစ်လုံးပြီး တစ်လုံးကို ဝင်တိုက်ဖြိုခွင်းနေသည်။ သူ၏ လမ်းကြောင်းကို မည်သည့်အရာကမှ တားဆီးနိုင်ခြင်း မရှိပေ။

ဧရာမ ကျောက်တုံးကျောက်ဆောင်ကြီးများ ပြိုကျလာကာ လူလေးယောက်၏ ထွက်ပြေးရာလမ်းကြောင်းကို လုံးဝ ပိတ်ဆို့လိုက်တော့သည်။

သူတို့အတွက် နောက်ပြန်လှည့်စရာ လမ်းမရှိတော့။ ကျောက်တုံးကျောက်ဆောင်များကို ကျော်တက်၍ ထွက်ပြေးရန် ကြိုးစားလိုက်လျှင်... ထိုသို့ မကြိုးစားမီမှာပင် မျှော်စင်ကြီး၏ အောက်တွင် ကြေမွသွားမည်ကို သူတို့ စိုးရိမ်နေကြရသည်။

"ဖုန်းဝူချန်... ရပ်လိုက်တော့.." ခေါင်းဆောင်က ကောင်းကင်ထက်ရှိ ကြီးမားလှသော မျှော်စင်ကြီးကို ထိတ်လန့်တကြား မော့ကြည့်လိုက်သည်။

"အသက်ကယ်ဖို့ တောင်းပန်နေတာလား...။ နောက်ကျသွားပြီ.."

ဖုန်းဝူချန်၏ ဒေါသတကြီး ဟိန်းဟောက်သံက မျှော်စင်အတွင်းမှ ထွက်ပေါ်လာသည်။ မျှော်စင်ကြီးက နောက်တစ်ကြိမ် ထပ်မံ၍ ပစ်ချလိုက်ပြန်ရာ... ဖိနှိပ်မှု အငွေ့အသက်များက လေထုထဲတွင် ပြည့်နှက်သွားပြီး လူလေးယောက်လုံး ကြောက်လွန်း၍ ခြေထောက်များပင် ပျော့ခွေသွားကြသည်။

"ရှောင်ကြ.." ခေါင်းဆောင်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

ထိုအခါ ဖုန်းဝူချန်ကလည်း ကြိမ်းမောင်းလိုက်သည်။

"ဖြစ်ချင်တိုင်း ဖြစ်ရမယ်ထင်နေလား.."

ရုတ်တရက်... အောက်သို့ တဟုန်ထိုး ထိုးစိုက်ကျလာသော မျှော်စင်၏ ဧရာမအဝကြီးထံမှ ကြီးမားသော စုပ်ယူအား တစ်ခု ထွက်ပေါ်လာ၏။

လူလေးယောက်လုံး တုန်လှုပ်သွားကြပြီး ပို၍ပင် ထိတ်လန့်ကာ မျှော်လင့်ချက် ကင်းမဲ့သွားကြသည်။

ကြောက်မက်ဖွယ် စုပ်ယူအားကြီးကြောင့် သူတို့ လွတ်အောင် မရုန်းနိုင်ဘဲ... အဆက်မပြတ် နောက်ပြန် ဆွဲခေါ်ခြင်း ခံနေရသည်။

"ဆုံးပြီ... ငါတို့ အသက်ရှင်ရတော့မှာ မဟုတ်ဘူး..."

"ဖုန်းဝူချန်... ရပ်လိုက်ပါ...။ ငါတို့ကို အသက်ချမ်းသာပေးပါ..."

လူလေးယောက်လုံး မျှော်လင့်ချက်မဲ့စွာ တောင်းပန်နေကြသည်။ သို့သော်... ကံဆိုးစွာပင် သူတို့ ရင်ဆိုင်နေရသူမှာ သွေးအေးပြီး ရက်စက်လှသော ဖုန်းဝူချန် ဖြစ်နေခဲ့သည်။

ရန်သူတွေအတွက်တော့... ဖုန်းဝူချန်ဆိုတာ ဘယ်တုန်းကမှ သနားညှာတာမှု ပြလေ့မရှိခဲ့။ အမြစ်ပြတ် သုတ်သင်ရှင်းလင်းပစ်ဖို့ကသာ အရေးအကြီးဆုံး မဟုတ်လော။

"ဘုန်း......"

ဧရာမ မျှော်စင်ကြီးက ခံ့ညားထည်ဝါစွာ ပစ်ချလိုက်သည်။

ကျယ်လောင်လှသော ပေါက်ကွဲသံကြီးနှင့်အတူ... ထွက်ပြေးရန် အင်အားမရှိတော့သော လူလေးယောက်လုံး မျှော်စင်ကြီး၏ အောက်တွင် ကြေမွသွားကြရတော့သည်...။ သူတို့အားလုံး နေရာတွင်ပင် သေဆုံးသွားကြလေ၏။

မျှော်စင်ကြီး၏ ထိတ်လန့်ဖွယ် စွမ်းအားက တောင်ကြား တစ်ခုလုံးကို လှုပ်ခါသွားစေတော့သည်။

All Chapters