ဖိနှိပ်ခံရခြင်း
Vol. 41 Ch. 565
ဝုန်း.....
လဲ့ချင်းဟိုင်၏ လက်ဝါးထက်တွင်ရှိနေသော ငွေရောင်တံဆိပ်တော်မှ လျှပ်စီးနဂါးကြီးတစ်ကောင်အလား ထွက်ပေါ်လာကာ ပြင်းထန်လှသော အဖျက်စွမ်းအင်များဖြင့် ဇူယွမ်ထံသို့ ဦးတည်ပျံဝဲသွားသည်။
အဝေးတွင်ရှိနေသော ဇူထိုက်၊ လုယန်းနှင့် အခြားတပည့်များ၏ မျက်ဝန်းများမှာ စိုးရိပ်ပူပန်သော အရိပ်အယောင်များဖြင့် ပြည့်နှက်သွားရသည်။ လဲ့ချင်းဟိုင် ထုတ်ဖော်ပြသလိုက်သောစွမ်းအင်မှာ မူလရေကန်အတွင်း တွေ့မြင်ခဲ့ရသော ပိုင်လီချွီး၏ စွမ်းအင်ထက်ပင် အဆပေါင်းများစွာ သာလွန်နေ၏။
နဂါးကိုးကောင်ကောင်းချီးအား ခံယူရရှိပြီးသည့်နောက် ဇူယွမ်၏ တိုက်ခိုက်ခြင်းများအား မြင်တွေ့ရခြင်း မရှိသေးသဖြင့် မည်မျှသန်မာလာသည်ကို အတိအကျ မသိရှိကြရသေးချေ။ ထို့ကြောင့် ကန်ရွှမ်းကလန်၏ တပည့်များမှာ ဇူယွမ်၏ တိုက်ပွဲစွမ်းရည်နှင့်ပက်သတ်၍ စိုးရိမ်ပူပန်နေကြရသည်။
အကယ်၍ ဇူယွမ်သည်သာ လဲ့ချင်းဟိုင်အား ရှုံးနိမ့်သွားခဲ့ပါက ကန်ရွှမ်းကလန်၏ ဂုဏ်သတင်းကိုလည်း ထိခိုက်စေလိမ့်မည်ပင် ဖြစ်၏။
ဝုန်း.....
စောင့်ကြည့်နေကြသော အကြည့်များစွာ၏အောက်၌ပင် မိုးကြိုးတံဆိပ်တော်ကြီးမှာ ဇူယွမ်ထံသို့ ပြင်းထန်လှသောအရှိန်ဖြင့် ရောက်ရှိလာလေသည်။
ထို့နောက် ဇူယွမ်၏ပုံရိပ်မှာ လျှပ်စီးအလင်းတန်းများကြား ပျောက်ကွယ်သွားရလေတော့သည်။
လဲ့ချင်းဟိုင်မှာ ကျေနပ်အားရသော အမူအရာဖြင့် ကောင်းကင်ထက်တွင် ပျံဝဲနေလျက် ရှိသည်။ "တကယ့်အရူးကောင်ပါလား။ ငါ့ရဲ့ မိုးကြိုးဧကရာဇ်တံဆိပ်တော်ကိုတောင် တိုက်ရိုက်ခံယူရဲတယ်ပေါ့။"
"မင်းက သေချင်နေတယ်ဆိုတော့လည်း အညှာအတာမရှိဘူးဆိုပြီး ငါ့ကိုအပြစ်မတင်ပါနဲ့။"
မိုးကြိုးဧကရာဇ်တံဆိပ်တော်သည် မိုးကြိုးတံခါးဝကလန်၏ ထူးခြားဆန်းကြယ်သော လျှို့ဝှက်ကျင့်စဉ်တစ်ခု ဖြစ်သည်။
ကြည့်ရှုနေကြသော အကြည့်များစွာ၏အောက်၌ပင် မိုးကြိုးအလင်းတန်းများမှာ တစ်စတစ်စဖြင့် ဖြည်းညင်းစွာ ပျောက်ကွယ်လာလေသည်။ ထို့နောက် မြင်ကွင်းမှာ စတင်၍ ရှင်းလင်းကွဲပြားလာ၏။
လဲ့ချင်းဟိုင်မှာ ထိုနေရာအား အလျင်အမြန်ပင် ကြည့်ရှုလိုက်သည်။ ဇူယွမ်၏ ခန္ဓာကိုယ်မှာ မည်မျှပင်သန်မာနေပါစေ မိုးကြိုးဧကရာဇ်တံဆိပ်တော်အား ခုခံနိုင်လိမ့်မည်မဟုတ်ပေ။ မည်သို့ပင်ဆိုစေကာမူ ပြင်းထန်စွာ ဒဏ်ရာရရှိထားလိမ့်မည်ဖြစ်သောဇူယွမ်သည် ၎င်း၏ပြိုင်ဖက်တစ်ဦးအဆင့်ပင် ရှိလိမ့်မည် မဟုတ်တော့ချေ။
လဲ့ချင်းဟိုင်မှာ အပျက်အစီးများအကြား မြဲမြံစွာရပ်နေလျက်ရှိသော လူငယ်တစ်ဦး၏ပုံရိပ်အား တွေ့မြင်လိုက်ရသည်။ ထိုလူငယ်၏ ခန္ဓာကိုယ်ပေါ်၌ မည်သည့်ဒဏ်ရာဒဏ်ချက်မှ ရှိမနေပေ။
လဲ့ချင်းဟိုင်၏ နှုတ်ခမ်းထက်မှအပြုံးမှာ ပျောက်ကွယ်သွားရ၏။
ဇူယွမ်၏ ဦးခေါင်းထက်တွင် ပေထောင်ကျော်မျှရှိသော ကောင်းကင်ငယ်တစ်ခု ဖြစ်တည်နေကာ ထိုကောင်းကင်ယံတွင် ရွှေရောင်ချီကြယ်ပွင့်များ လင်းလက်တောက်ပနေ၏။
ထိုချီကြယ်ပွင့်များထံမှ ထွက်ပေါ်နေသော ပြင်းထန်လှသည့် စွမ်းအင်ဖိအားများမှာ လဲ့ချင်းဟိုင်၏ မိုးကြိုးဧကရာဇ်တံဆိပ်တော်အား တွန်းကန်ထားခြင်းပင် ဖြစ်လေသည်။
ကလန်အသီးသီးမှ တပည့်များမှာ ထိုရွှေရောင်ကြယ်ကောင်းကင်အား အံ့အားသင့်စွာဖြင့် ငေးမောကြည့်ရှုလိုက်ကြသည်။
"ဒါ....ဒါက..ချီစွမ်းအင်တွေကနေ ကြယ်ပွင့်ကို ပြောင်းလဲတဲ့ဖြစ်စဉ်မလား။" ထိုတပည့်များမှာ ထိတ်လန့်စွာဖြင့် ရေရွတ်လိုက်ကြ၏။ ထိုဖြစ်စဉ်သည် ကျင့်ကြံသူ၏ ချီပင်လယ်အတွင်း အနည်းဆုံး ချီကြယ်ပွင့်တစ်သောင်းကျော်ပမာဏ ဖြစ်တည်နေမှသာလျှင် ဖြစ်ပေါ်လာနိုင်ခြင်း ဖြစ်သည်။
အလွန်ထူးချွန်ထက်မြက်သော ကျင့်ကြံသူအချို့ကသာလျှင် မူလစဦး နဝမအဆင့်သို့ တက်ရောက်သည့်အချိန်၌ ချီကြယ်ပွင့် တစ်သောင်းကျော်အား ပိုင်ဆိုင်နိုင်ခြင်း ဖြစ်သည်။
လဲ့ချင်းဟိုင်သည်ပင် မူလစဦး နဝမအဆင့်သို့ ရောက်ရှိနေပါသော်လည်း သူ၏ချီပင်လယ်အတွင်းတွင်မူ ချီကြယ်ပွင့် ရှစ်ထောင်ကျော်ခန့်သာ ရှိ၏။ ထို့ကြောင့် မူလစဦး သတ္တမအဆင့်သာရှိသေးသော ဇူယွမ်မှာ အဘယ့်ကြောင့် ချီကြယ်ပွင့် တစ်သောင်းကျော်အား ပိုင်ဆိုင်ထားရသည်ကို နားမလည်နိုင် ဖြစ်နေကြရ၏။
လဲ့ချင်းဟိုင်မှာ အခြားသူများထက်ပင်ပို၍ ထိတ်လန့်တုန်လှုပ်နေရသည်။ ၎င်းမှာ မည်သည်ကိုမှပင် မတွေးတောနိုင်တော့ပဲ ရွှေရောင်ကြယ်ကောင်းကင်အား အံ့အားသင့်စွာဖြင့် ငေးမောကြည့်ရှုနေမိ၏။ သူသည် ပထမ၌ ဇူယွမ်၏ အားနည်းချက်မှာ ချီစွမ်းအင်ဖြစ်လိမ့်မည်ဟု တစ်ထစ်ချယူဆထားခဲ့သူပင် ဖြစ်သည်။
သို့သော် ဇူယွမ်၏ ချီကြယ်ပွင့်များမှာ တစ်သောင်းကျော်ပမာဏပင် ရှိနေ၏။
"ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သူ့ရဲ့ ပြင်ပခန္ဓာကျင့်စဉ်ကတောင် ကြောက်စရာကောင်းလောက်အောင် သန်မာနေပြီလေ။ ဘယ်လိုဖြစ်ပြီး သူ့ရဲ့ချီစွမ်းအင်အခြေခံအုတ်မြစ်ကပါ ကြောက်ဖို့ကောင်းလောက်အောင် ကျစ်လစ်နေရတာလဲ။" လဲ့ချင်းဟိုင်မှာ အဖြေမရှိသော ပုစ္ဆာတစ်ခုအား ဖြေရှင်းနေရသကဲ့သို့ အတွေးများကြား ခေါင်းခဲနေရသည်။ သူသည် မိုးကြိုးတံခါးဝကလန်မှ မိုးကြိုးအကြီးအကဲတစ်ဦးဖြစ်ပါသော်လည်း မူလသူတော်စင်တောင်ထွတ်မှ တပည့်ခေါင်းဆောင်ဖြစ်သူဇူယွမ်နှင့် အဆပေါင်းများစွာ ကွာခြားနေရသည်။
ဇူယွမ်မှာ လဲ့ချင်းဟိုင်အား လျစ်လျူရှုကာ အကြောများအား ဆန့်ထုတ်လိုက်သည်။ မိုးကြိုးဧကရာဇ်တံဆိပ်တော်အား အသုံးပြုပြီးသည့်နောက် လဲ့ချင်းဟိုင်၏ စွမ်းအင်များမှာ ပိုမိုသန်မာလာသည်ကို သတိပြုမိခဲ့၏။ ထိုသို့သာမဟုတ်ပါက ဇူယွမ်မှာ ပြင်ပခန္ဓာသန်မာမှုဖြင့်ပင် လဲ့ချင်းဟိုင်အား အဆုံးသတ်လိုက်နိုင်မည်ပင် ဖြစ်သည်။
ဇူယွမ်မှာ လက်အားဆန့်ထုတ်လိုက်ပြီးနောက် ခန္ဓာကိုယ်မှာ ကျောက်စိမ်းရောင်အလင်းတန်းများ တောက်ပလာကာ အသွေးအသားများမှာလည်း ငွေရောင်ခြည်အလင်းတန်းများဖြင့် လင်းလက်လာလေသည်။ ထို့နောက် မျက်စိတမှိတ်စာမျှသော အချိန်အတွင်းမှာပင် ဇူယွမ်၏ပုံရိပ်မှာ မိုးကြိုးဧကရာဇ်တံဆိပ်တော်အနီးသို့ ရောက်ရှိသွား၏။
ဇူယွမ်၏လက်မှ ရွေရောင်ချီစွမ်းအင်အမျှင်တန်းများ ထွက်ပေါ်လာကာ မိုးကြိုးဧကရာဇ်တံဆိပ်တော်အား ပိတ်ဆို့ထားလိုက်လေသည်။ ထို့နောက် သူ၏ချီစွမ်းအင်နှင့် ပြင်ပခန္ဓာသန်မာမှုတို့ပေါင်းစည်းကာ တံဆိပ်တော်အား ပြင်းထန်စွာဖြင့် လွှဲရိုက်ချလိုက်သည်။
ဝုန်း.....
ခရက်....
မိုးကြိုးဧကရာဇ်တံဆိပ်တော်မှာ ပြင်းထန်လှသော ရိုက်ချက်ကြောင့် အက်ကွဲသွားရတော့သည်။ ပြင်းထန်လှသော စွမ်းအင်လှိုင်းဂယက်များ ထွက်ပေါ်လာပါသော်လည်း ဇူယွမ်မှာ စွမ်းအင်ဖိအားဖြင့် ထိန်းချုပ်ထားလိုက်သည်။
ယခုဆိုလျှင် လဲ့ချင်းဟိုင်၏ အကောင်းမွန်ဆုံး ဝှက်ဖဲဖြစ်သော မိုးကြိုးဧကရာဇ်တံဆိပ်တော်မှာ ဇူယွမ်၏လက်ချက်ဖြင့် တစ်စစီကျိုးပဲ့ပျက်စီးသွားရပြီပင် ဖြစ်သည်။
ဇူယွမ်မှာ လက်နှစ်ဖက်အား ဖုန်ခါလိုက်ပြီးနောက် သွေးဆုပ်ဖြူရော်နေသော လဲ့ချင်းဟိုင်အားကြည့်ကာ စကားဆိုလိုက်သည်။ "ငါ့မှာ စွမ်းအင်ဘယ်လောက်ရှိလဲဆိုတာ မင်းအရမ်းကို သိချင်နေတာမလား။ ဘယ်လိုလဲ အခုရော မင်းစိတ်ကျေနပ်သွားပြီလား။"
လဲ့ချင်းဟိုင်မှာ မည်သည့်စကားမှပင် မဆိုနိုင်ပဲ ထိတ်လန့်တုန်လှုပ်စွာဖြင့် ဇူယွမ်၏ပုံရိပ်အား ငေးမောကြည့်ရှုနေလျက် ရှိသည်။ သူ၏ သတ္တိများမှာလည်း အစပင် ရှာမရလောက်အောင် ပျောက်ကွယ်သွားပြီ ဖြစ်၏။
ထို့နောက် လဲ့ချင်းဟိုင်မှာ အားကိုးတကြီးဖြင့် စောင့်ကြည့်နေကြသော ကလန်အသီးသီးမှ တပည့်များကိုပင် ငဲ့ကွက်ခြင်းမရှိတော့ပဲ လျှပ်စီးအလား လျင်မြန်စွာပင် ထွက်ပြေးသွားလေတော့သည်။
လဲ့ချင်းဟိုင်၏ထွက်ပြေးမှုကြောင့် ထိုနေရာတွင် ရှိနေကြသူများမှာ ကမောက်ကမဖြစ်ကုန်ကြရ၏။ မိုးကြိုးတံခါးဝကလန်မှ တပည့်များမှာမူ လဲ့ချင်းဟိုင်နောက်သို့လိုက်ကာ လျင်မြန်စွာပင် ထွက်ပြေးသွားကြသည်။
"အဟက်...." ဇူယွမ်မှာ ထွက်ပြေးသွားသော လဲ့ချင်းဟိုင်၏ပုံရိပ်အားကြည့်ကာ ခပ်ဖွဖွရယ်မောလိုက်သည်။ သူ၏မျက်ဝန်းများမှာ အေးစက်ခက်ထန်မှုများနှင့် ပြည့်နှက်နေ၏။
"စပြီးမှတော့ အဆုံးသတ်ပေးရမှာပေါ့။ အခုလို ထွက်ပြေးလို့ရမလား။"
ဇူယွမ်မှ ကောင်းကင်ဘုံယွမ်စုတ်တံအား ဆင့်ခေါ်ကာ လဲ့ချင်းဟိုင်ဆီသို့ ချိန်ရွယ်ပစ်လွှတ်လိုက်သည်။
ဝုန်း....
အား.......
လဲ့ချင်းဟိုင်မှာ ကောင်းကင်ဘုံယွမ်စုတ်တံအား မြင်တွေ့လိုက်ရသောအခါ၌ ကြောက်လန့်တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်၏။
ဇူယွမ်မှာ လက်နှစ်ဖက်ကို ကျောဖက်တွင်ယှက်သိုင်းကာ လဲ့ချင်းဟိုင်အား တည်ငြိမ်စွာပင် ကြည့်ရှုနေလျက် ရှိသည်။
ကောင်းကင်ဘုံယွမ်စုတ်တံမှာ လဲ့ချင်းဟိုင်အား ချိတ်ဆွဲလျက် ဇူယွမ်ထံသို့ ပြန်လည်ရောက်ရှိလာ၏။
လဲ့ချင်းဟိုင်မှာ သွေးအလိမ်းလိမ်းဖြင့် မြင်မကောင်းအောင်ပင် သွေးဆုတ်ဖြူရော်နေလေသည်။ "ညီတော်ဇူယွမ် မင်းရဲ့စွမ်းရည်တွေကို မမြင်နိုင်ခဲ့တာ ငါမှားတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ကောင်းကောင်းမွန်မွန် စကားနဲ့ ဖြေရှင်းလို့ရတာပဲမလား။ မင်းတို့ကန်ရွှမ်းကလန်ကလည်း ငါတို့မိုးကြိုးတံခါးဝကလန်နဲ့ ပဋိပက္ခရှိချင်မှာ မဟုတ်ဘူးလေ။ ငါတို့အေးအေးဆေးဆေးပဲ ဖြေရှင်းကြရအောင်။"
ဇူယွမ်မှ ပြုံးကာပြောလိုက်သည်။ "မင်းငါတို့ကို တိုက်ခိုက်တဲ့ အချိန်တုန်းကရော ကန်ရွှမ်းကလန်ရဲ့ မျက်နှာကို ထောက်ခဲ့လား...ဟမ်။ အဲ့ဒါကို ငါကဘာလို့ မင်းတို့ရဲ့ မလောက်လေးမလောက်စား မိုးကြိုးတံခါးဝကလန်ကို ထည့်တွက်ပေးနေရမှာလဲ။"
ဇူယွမ်၏မျက်ဝန်းများမှာ အေးစက်ခက်ထန်မှုနှင့် ပြည့်နှက်နေ၏။ ထို့နောက် ပြင်းထန်လှသော ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေလိုက်သည်။
လဲ့ချင်းဟိုင်မှာ ကြောက်လန့်တုန်လှုပ်စွာဖြင့် အော်ဟစ်ပြောဆိုလိုက်သည်။
"တော်....တော်ပါတော့။ ငါ့ကို မသတ်ပါနဲ့တော့။ ရောင်စဉ်ခြောက်သွယ် ရှန်းဟွချန်ယင်းအဆီအနှစ်ရှိတဲ့နေရာကို ပြောပြပေးပါ့မယ်။ ငါ့ရဲ့အသက်ကိုတော့ ချမ်းသာပေးပါ။"
ဇူယွမ်၏ မျက်ဝန်းများမှာ ကျဉ်မြောင်းသွားရပြီးနောက် လဲ့ချင်းဟိုင်အားကြည့်ကာ စကားဆိုလိုက်သည်။ "ရောင်စဉ်ခြောက်သွယ် ရှန်းဟွချန်ယင်းအဆီအနှစ် ရှိတဲ့နေရာတဲ့လား။"