← Chapters

ရောင်စဉ်ခြောက်သွယ်ရတနာ၏ သဲလွန်းစ

Vol. 41 Ch. 566

ရောင်စဉ်ခြောက်သွယ်ရတနာ၏ သဲလွန်းစ

Vol. 41 Ch. 566

လဲ့ချင်းဟိုင်၏ခန္ဓာကိုယ်မှာ ကောင်းကင်ဘုံယွမ်စုတ်တံထိပ်တွင် တွဲလောင်းကျနေလျက် ရှိသည်။ ကောင်းကင်ဘုံယွမ်စုတ်တံ၏ အမွှေးများသည် လဲ့ချင်းဟိုင်၏ အသွေးအသားများထဲသို့ နစ်မြုပ်နေပြီး ၎င်း၏ချီစွမ်းအင်များအား ပိတ်ပင်တားဆီးထား၏။

လက်ရှိအချိန်၌ လဲ့ချင်းဟိုင်၏ပုံစံမှာ အသတ်ခံရတော့မည့် ဝက်တစ်ကောင်အလား ဖြစ်နေလေသည်။

လဲ့ချင်းဟိုင်မှ ဇူယွမ်အားကြည့်ကာ လျင်မြန်စွာပင် စကားဆိုလိုက်သည်။ "ရောင်စဉ်ခြောက်သွယ်ရတနာရှိတဲ့နေရာကို ငါတကယ်သိတာပါ။"

ဇူယွမ်၏ မျက်ဝန်းများမှာ အံ့အားသင့်မှု အရိပ်အယောင်များ ယှက်သန်းသွား၏။

ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအတွင်း၌ ထိုကဲ့သို့ ရောင်စဉ်ခြောက်သွယ်ရတနာ ရှိနိုင်မည့်တည်နေရာသည် လွန်စွာရှားပါးလှသည်။ ထိုသို့ဖြစ်လာရသည်မှာ ရှန်းဟွချန်ယင်းအဆီအနှစ်များသည် သဘာဝအတိုင်း အလိုလိုပေါင်းစည်းသွားကာ နတ်ဘုံခန်းဝါရတနာတစ်ခု ဖြစ်တည်သွားသောကြောင့်ပင် ဖြစ်သည်။

ထိုရောင်စဉ်ခြောက်သွယ် နတ်ဘုံခန်းဝါရတနာကိုသာ ရရှိခဲ့ပါက အလွန်များပြားလှသော ချီစွမ်းအင်များအား ရရှိပိုင်ဆိုင်နိုင်မည်ပင် ဖြစ်၏။

လက်ရှိအချိန်၌ ဇူယွမ်မှာ ဤတောင်ထိပ်နေရာအား အပိုင်စီးထားပါသော်လည်း ထွက်ပေါ်နေသည့် ရောင်စဥ်သုံးသွယ် ရှန်းဟွချန်ယင်းအဆီအနှစ်များအား တပည့်များစွာနှင့် ခွဲဝေရယူရသောကြောင့် နတ်ဘုံခန်းဝါရတနာတစ်ခုအား ပြုလုပ်နိုင်ရန်ပင် မလောက်မငှ ဖြစ်နေရလေသည်။

ထို့ကြောင့် လဲ့ချင်းဟိုင်ပြောသော ရောင်စဉ်ခြောက်သွယ်ရတနာ ရှိနိုင်မည့်တည်နေရာအား စိတ်ဝင်စားသွားရ၏။

ထိုကဲ့သို့သော ရတနာမျိုးမှာ ရောင်စဉ်ခြောက်သွယ် ရှန်းဟွချန်ယင်းအဆီအနှစ်ထက်ပင် ပို၍ရှားပါးပေသည်။

ထိုရောင်စဥ်ခြောက်သွယ်ရတနာကိုသာ ရရှိပါက နတ်ဘုံခန်းဝါအဆင့်သို့ တက်လှမ်းမည့်အချိန်တွင် နတ်ဘုံခန်းဝါ နိဗ္ဗာန်ခြောက်ခုအား ရရှိနိုင်မည်ပင် ဖြစ်သည်။

လက်ရှိအချိန်တွင် ကန်ရွှမ်းကလန်မှ ရွေးချယ်ခံများအကြား၌ပင် နတ်ဘုံခန်းဝါအဆင့်သို့ တက်လှမ်းသောအခါ၌ နတ်ဘုံခန်းဝါ နိဗ္ဗာန်​ခြောက်ခုအား ရရှိနိုင်မည့်သူ မရှိသေးချေ။

ထို့ကြောင့် ရွေးချယ်ခံများသည်ပင် ရောင်စဉ်ခြောက်သွယ်ရတနာအား လိုချင်တပ်မက်လိမ့်မည်ပင် ဖြစ်လေသည်။

ဇူယွမ်မှာ အနည်းငယ်မျှ အံ့အားသင့်သွားရပြီးနောက် သံသယဖြစ်စွာဖြင့် လဲ့ချင်းဟိုင်အားကြည့်ကာ မေးမြန်းလိုက်သည်။ "ဒီနယ်မြေတဝိုက်မှာ ရောင်စဉ်ခြောက်သွယ်ရတနာ ရှိတယ်ပေါ့လေ။ ဒီသတင်းအချက်အလက်တွေ မင်းဘယ်ကရလာတာလဲ။"

ရောင်စဉ်ခြောက်သွယ်ရတနာကဲ့သို့သော ရှားပါးရတနာသည် ရှန်းဟွပုံရိပ်ယောင်ကမ္ဘာ၏ အတွင်းပိုင်း၌သာ ဖြစ်တည်သင့်သော အရာမျိုးဖြစ်သည်။ ယခုကဲ့သို့ အပြင်ဖက်ကျသော နယ်မြေမျိုး၌ ဖြစ်တည်နေသည်ဟူသော သတင်းအချက်အလက်မှာ ယုံကြည်နိုင်စဖွယ် မရှိပေ။

လဲ့ချင်းဟိုင်မှ အံကြိတ်ကာ စကားဆိုလိုက်သည်။ "ငါပြောပြရင် မင်းငါ့ကို လွှတ်ပေးပါ့မယ်လို့ အရင်ကတိပေးရမယ်။"

ဇူယွမ်မှာ လဲ့ချင်းဟိုင်၏ မျက်ဝန်းများအား စိုက်ကြည့်လိုက်ပြီးနောက် တည်ငြိမ်စွာပင် ပြောလိုက်၏။ "မင်းအမှန်ကို ပြောနေတာဆိုရင်တော့ ငါမင်းကို လွှတ်ပေးမှာပါ။"

လဲ့ချင်းဟိုင်မှ လျင်မြန်စွာပင် ပြောလိုက်သည်။ "အရင်တစ်ခါ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာ ပွင့်ဟလာတဲ့ အချိန်တုန်းက ငါ့ရဲ့စီနီယာအကိုတော်တစ်ယောက်က နေရာတစ်ခုကို မှားပြီးရောက်သွားခဲ့တယ်။ ဒါပေမယ့် အဲ့နေရာကို ဝင်နိုင်ဖို့အတွက် ရောင်စဉ်လေးသွယ်ရတနာတစ်ခု လိုအပ်တယ်။"

"အဲ့နေရာကို ထောင်ဇယ်ကျောက်စိမ်းထဲမှာလည်း မှတ်တမ်းတင်ထားတယ်။ အဲ့ဒါကြောင့် မင်းငါ့ရဲ့မြေပုံကိုစစ်ပြီး ငါပြောတာမှန်မမှန် စစ်ဆေးနိုင်တယ်။" လဲ့ချင်းဟိုင်မှာ သူ၏ထောင်ဇယ်ကျောက်စိမ်းအား တုန်တုန်ရီရီဖြင့် ပေးအပ်လိုက်သည်။

ဇူယွမ်မှာ လဲ့ချင်းဟိုင်ပေးအပ်လာသော ထောင်ဇယ်ကျောက်စိမ်းအားရယူကာ စိတ်ဝိဉာဉ်စွမ်းအင်ဖြင့် မသင်္ကာစရာရှိမရှိ ဦးစွာစစ်ဆေးလိုက်သည်။ ထို့နောက် ထောင်ဇယ်ကျောက်စိမ်းအား နဖူးပေါ်တင်ကာ အချက်အလက်များ ရယူလိုက်၏။

ထောင်ဇယ်ကျောက်စိမ်းအတွင်းမှ အချက်အလက်များမှာ ဇူယွမ်၏ဦးနှောက်အတွင်းသို့ စီးဆင်းဝင်ရောက်လာလေသည်။ လဲ့ချင်းဟိုင်တို့၏ မိုးကြိုးတံခါးဝကလန်မှ မှတ်သားထားသော ရှန်းဟွပုံရိပ်ယောင်ကမ္ဘာ၏မြေပုံမှာ ကန်ရွှမ်းကလန်မှ မှတ်သားထားသော မြေပုံနှင့် အနည်းငယ် ကွဲပြားနေ၏။ သို့သော် မိုးကြိုးတံခါးဝကလန်၏ မြေပုံအတွင်း၌ ရောင်စဉ်နှစ်သွယ် ရှန်းဟွချန်ယင်းအဆီအနှစ်များ ရှိနိုင်မည့်နေရာများဖြင့်သာ ပြည့်နှက်နေလေသည်။

ဇူယွမ်မှာ မြေပုံ၏ အနောက်မြောက်အရပ်တွင် မှတ်သားထားသော အလွန်ကြီးမားလှသည့် အလင်းအစက်အပြောက်တစ်ခုအား သတိပြုမိလိုက်သည်။ ထိုအလင်းအစက်အပြောက်မှာ အခြားသော အမှတ်အသားနှင့်မတူပဲ ရောင်စဉ်ခြောက်ခု ပါဝင်နေ၏။

ထိုနေရာမှာ လဲ့ချင်းဟိုင် ပြောဆိုခဲ့သော ရောင်စဉ်ခြောက်သွယ်ရတနာရှိသည့်နေရာပင် ဖြစ်လေသည်။

ဇူယွမ်မှာ တောက်ပနေသော အလင်းရောင်အစက်အပြောက်အား ကြည့်ရှုနေရင်းဖြင့် နှလုံးခုန်သံများပင် လျင်မြန်လာရသည်။ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအတွင်းသို့ ဝင်ရောက်လာရသော ဇူယွမ်၏အဓိကရည်ရွယ်မှာ ရောင်စဉ်ခုနစ်သွယ် နတ်ဘုံခန်းဝါရတနာအား ရရှိနိုင်ရန်ပင် ဖြစ်၏။

အကယ်၍ သူသာ ရောင်စဉ်ခြောက်သွယ်ရတနာအား ရရှိနိုင်မည်ဆိုပါက သူ၏ရည်ရွယ်ချက် တဝက်ပြည့်မြောက်သွားသည်ဟု ယူဆ၍ရပေသည်။

ဇူယွမ်မှာ အနည်းငယ်မျှ တွေးတောလိုက်ပြီးနောက် တည်ငြိမ်နေသော မျက်ဝန်းများဖြင့် လဲ့ချင်းဟိုင်အားကြည့်ကာ ပြောလိုက်သည်။ "မင်းရဲ့အချက်အလက်က မှန်ပါစေလို့ပဲ ငါမျှော်လင့်တယ်။ ငါ့ကိုလိမ်ခဲ့တာဆိုရင်တော့ မင်းရဲ့အဆုံးသတ်က ဘာဖြစ်သွားမလဲ သိတယ်မလား။"

လဲ့ချင်းဟိုင်မှ မချိပြုံးပြုံးကာ စကားဆိုလိုက်သည်။ "ငါကမင်းကို အခုလိုအခြေအနေမျိုးမှာ လိမ်ရဲမှာတဲ့လားကွာ။ ငါ့ကိုလွှတ်ပေးပါတော့နော်။"

ဇူယွမ်မှ လျို့ဝှက်စွာ ပြုံးလိုက်သည်။ "မင်းကိုလွှတ်ပေးရမယ် ဟုတ်လား။"

လဲ့ချင်းဟိုင်၏အမူအရာမှာ ပြောင်းလဲသွားရ၏။ "ဇူယွမ် မင်းစကားမတည်တော့ မလုပ်နဲ့နော်။ ငါဒီသတင်းအချက်အလက်နဲ့ ငါ့အသက်လဲမယ်လို့ မင်းကိုပြောထားပြီးသား။ အခုမင်းကို သတင်းအချက်အလက် ပေးပြီးပြီဆိုတော့ ငါ့ကိုလွှတ်ပေးတော့။"

"ဟားဟား......စိတ်အေးအေးထားစမ်းပါ။ ငါမင်းကို လွှတ်ပေးမှာပါ။"

ဇူယွမ်မှာ လဲ့ချင်းဟိုင်အား တစ်ချက်မျှ ကြည့်လိုက်ပြီးနောက် အဝေးတွင်ရှိနေသော တောအုပ်ဆီသို့ လွှင့်ပစ်လိုက်သည်။ ထို့နောက် လဲ့ချင်းဟိုင်၏ ခန္ဓာကိုယ်အတွင်းရှိနေသော ကောင်းကင်ဘုံယွမ်စုတ်တံ၏ အမွှေးအချို့အား အတွေးဖြင့် အမိန့်ပေးလိုက်၏။

လဲ့ချင်းဟိုင်မှာ ချီစွမ်းအင်များအား အနည်းငယ်မျှပင် အသုံးပြု၍ မရတော့သည်ကို ကြောက်လန့်စွာဖြင့် တွေ့ရှိလိုက်ရသည်။ သူသည် ကောင်းကင်ထက်မှ တောအုပ်အတွင်းသို့ ဆိုးရွားစွာပင် ပြုတ်ကျသွားရလေသည်။

အား.....

ဇူယွမ်မှာ လက်နှစ်ဖက်ကို ဖုန်ခါလိုက်ပြီးနောက် အဝေးတွင်ရှိနေသော တောအုပ်ကြီးအားကြည့်ကာ ရေရွတ်လိုက်သည်။"မင်းခန္ဓာကိုယ်ထဲမှာရှိတဲ့ ချီစွမ်းအင်တွေက သုံးရက်ကြာအောင် ချိပ်ပိတ်နေလိမ့်မယ်။ ဒီသုံးရက်အတွင်း မင်းအသက်ရှင်မရှင်ကတော့ မင်းရဲ့ကံတရားပဲပေါ့ကွာ။"

မည်သို့ပင်ဆိုစေကာမူ လဲ့ချင်းဟိုင်အား ပစ်လွှတ်လိုက်သော တောအုပ်ကြီးသည် မူလသားရဲများစွာ နေထိုင်ကျက်စားကြသော နေရာတစ်ခုပင် ဖြစ်သည်။ ထို့ကြောင့် ဇူယွမ်၏အဖွဲ့သည်ပင် ထိုတောအုပ်အား ရှောင်ရှားကြ၏။ လဲ့ချင်းဟိုင်သည် လာမည့်သုံးရက်အတွင်း ချီစွမ်းအင် အနည်းငယ်မျှမရှိပဲဖြင့်ပင် ထိုတောအုပ်အတွင်း အသက်ရှင်နိုင်ခဲ့ပါက အမှန်တကယ်ပင် သေဆုံးရမည့်ကံတရားမပါ၍သာ ဖြစ်ပေလိမ့်မည်။

ဇူယွမ်သည် လဲ့ချင်းဟိုင်အား သတ်ပစ်ရန်မှာ အဓိပ္ပါယ်ကင်းမဲ့လွန်းလှသည်ဟု ယူဆမိ၏။ ထို့ကြောင့် ၎င်းအား မသတ်ပဲ တောအုပ်အတွင်းသို့သာ ပစ်ချလိုက်ခြင်း ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် လဲ့ချင်းဟိုင်သည်ပင် ရောင်စဉ်ခြောက်သွယ်ရတနာအကြောင်း သိရှိနေပါက ထွက်ပြေးလွတ်မြောက်သွားကြသော မိုးကြိုးတံခါးဝကလန်မှ တပည့်များမှာလည်း ထိုအကြောင်းကို သိရှိကြလိမ့်မည်ပင် ဖြစ်သည်။

ဇူယွမ်မှာ တောအုပ်အား တစ်ချက်မျှ ကြည့်ရှုလိုက်ပြီးနောက် တောင်ထိပ်ပေါ်သို့ ပြန်လည်ဆင်းသက်လိုက်သည်။

ဇူယွမ်အား မြင်တွေ့လိုက်ရသည်နှင့်တစ်ပြိုင်နက် ဂူဟွမ်ချီ၊ ဇူထိုက်၊ လုယန်းနှင့် အခြားတပည့်များမှ အလျင်အမြန်ပင် ရောက်ရှိလာကြသည်။

"လဲ့ချင်းဟိုင် ဘယ်ရောက်သွားပြီလဲ။ နင်သူ့ကို လွှတ်ပေးလိုက်တာလား။" ဂူဟွမ်ချီမှာ စိတ်အလိုမကျဟန်ဖြင့် ဇူယွမ်အား မေးမြန်းလိုက်သည်။ သူမသည် လဲ့ချင်းဟိုင်အား အတော်ပင် မုန်းတီးနေဟန် ရှိ၏။

ဇူယွမ်မှာ ခပ်ဖွဖွရယ်မောလိုက်ပြီးနောက် လဲ့ချင်းဟိုင်၏ လက်ရှိအခြေအနေအား အတိုချုံးကာ ရှင်းပြလိုက်သည်။

ဂူဟွမ်ချီနှင့် အခြားတပည့်များမှာ အလွန်ပင် ထိတ်လန့်သွားရ၏။ ချီစွမ်းအင် အနည်းငယ်မျှပင်မရှိပဲ မူလသားရဲများ ပြည့်နှက်နေသော တောအုပ်အတွင်း နေထိုင်ရှင်သန်ရန်မှာ အလွန်ပင် ကြောက်မက်ဖွယ်ရာကောင်းလှသည်။

"ဟွန့်....ဒီလိုဖြစ်တာ နည်းတောင်နည်းသေးတယ်။ သူ့လို မလောက်လေးမလောက်စားကများ ငါတို့ကန်ရွှမ်းကလန်ကို လာပြီးအနိုင်ကျင့်ရဲတာကို။" ဂူဟွမ်ချီမှ နှုတ်ခမ်းလေးဆူပုတ်လျက် စကားဆိုလိုက်သည်။

ဇူယွမ်မှ ပြုံးကာမေးလိုက်၏။ " ကြီးကြီးမားမား ထိခိုက်မိကြတာမျိုး မရှိဘူးမလား။"

"အင်း....အားလုံးအဆင်ပြေပါတယ်။ တပည့်နည်းနည်းလောက်ပဲ ဒဏ်ရာရသွားကြတာ။ အဲ့ဒါကလည်း ကြီးကြီးမားမား မဟုတ်ပါဘူး။"

ဂူဟွမ်ချီမှာ ဇူယွမ်အားကြည့်၍ နှစ်လိုဖွယ်ပြုံးကာ စကားဆိုလိုက်သည်။ "ဒီတိုက်ပွဲကြောင့် နင်ကတော့ နာမည်ကြီးသွားမှာ သေချာတယ်။ အဲ့လိုနာမည်ကြီးသွားရင် လဲ့ချင်းဟိုင်လို နင့်ကိုအထင်သေးရဲတဲ့အရူးတွေ သိပ်ရှိတော့မှာ မဟုတ်ဘူး။"

တပည့်များမှာလည်း ဇူယွမ်အား လေးစားအားကျသော မျက်ဝန်းများဖြင့် ကြည့်ရှုနေကြသည်။ ဇူယွမ်ပြသခဲ့သော တိုက်ပွဲစွမ်းရည်ကြောင့် ၎င်းတို့အားလုံး စိတ်လုံခြုံသလို ခံစားနေရ၏။ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာကဲ့သို့သော အန္တရာယ်များဖြင့် ပြည့်နှက်နေသည့် နေရာမျိုးတွင် ဇူယွမ်ကဲ့သို့သော ခေါင်းဆောင်မျိုးကသာ အားကိုးထိုက်ပေသည်။

ဇူယွမ်မှာ အောင်မြင်ကျော်ကြားမှုများအပေါ် အနည်းငယ်မျှပင် စိတ်ဝင်စားခြင်း မရှိပေ။ ထို့နောက် ဇူယွမ်သည် တပည့်များအားကြည့်ကာ စကားဆိုလိုက်သည်။

"ဒီနေရာမှာရှိနေတဲ့ ရှန်းဟွချန်ယင်းအဆီအနှစ်တွေကို နောက်နှစ်ရက်အတွင်း အပြီးယူကြရအောင်။ ပြီးသွားရင် နောက်ထပ်တစ်နေရာကို ငါတို့သွားကြတာပေါ့။"

ဇူယွမ်မှာ လိုချင်ရမ္မက်များ တောက်လောင်နေသော မျက်ဝန်းများဖြင့် အဝေးတစ်နေရာသို့ ငေးမောကြည့်ရှုလိုက်သည်။

ယခုတောင်ထိပ်ပေါ်တွင်ရှိနေသော ရှန်းဟွချန်ယင်းအဆီအနှစ်များအား အပြီးသတ် ရယူပြီးသည်နှင့်တစ်ပြိုင်နက် ရောင်စဉ်ခြောက်သွယ်ရတနာရှိရာသို့ အလျင်အမြန် သွားရောက်ရယူရမည်ဟူ၍ တွေးတောနေလေတော့သတည်း။

All Chapters