တပည့်ခေါင်းဆောင်အကူအညီတောင်းခံရေးတံဆိပ်ပြား
Vol. 41 Ch. 567
တောင်ထိပ်ပေါ်တွင်ရှိနေသော ရောင်စဉ်သုံးသွယ် ရှန်းဟွချန်ယင်းအဆီအနှစ်များအား ဇူယွမ်တို့၏အဖွဲ့မှ နှစ်ရက်အတွင်း အပြီးသတ် ရယူနိုင်ခဲ့လေသည်။
ထိုအချိန်အတောအတွင်း အခြားကလန်များမှ လာရောက်စောင့်ကြည့်ခြင်းများ ရှိပါသော်လည်း မည်သူကမှ ဇူယွမ်၏အဖွဲ့အား လဲ့ချင်းဟိုင်တို့ကဲ့သို့ စိန်ခေါ်တိုက်ခိုက်ခြင်း မပြုရဲကြတော့ပေ။
လဲ့ချင်းဟိုင်နှင့် တိုက်ပွဲပြီးဆုံးသွားပြီးသည့်နောက် ကန်ရွှမ်းကလန်၏ မူလသူတော်စင်တောင်ထွတ်မှ အားနည်းဟန်ရှိသော တပည့်ခေါင်းဆောင်ဇူယွမ်မှာ လူတိုင်းခန့်မှန်းထားသည်ထက် အဆပေါင်းများစွာ ပို၍သန်မာကြောင်းကို ကလန်အတော်များများမှ သိရှိနေကြပြီပင် ဖြစ်၏။
ထို့ကြောင့် မည်သူကမှ ဇူယွမ်တို့အား လာရောက်နှောင့်ယှက်ရဲခြင်းများ မရှိတော့ပဲ အချိန်နှစ်ရက်စလုံး အေးချမ်းစွာပင် ဖြတ်သန်းခဲ့ကြရသည်။
ရောင်စဉ်သုံးသွယ် ရှန်းဟွချန်ယင်းအဆီအနှစ်များအား စုဆောင်းရယူပြီးသည့်နောက် ဇူယွမ်မှာ အံ့အားသင့်စရာတစ်ခုအား ခံစားမိလိုက်၏။ ထိုအရာမှာ ၎င်းရှန်းဟွချန်ယင်းအဆီအနှစ်များသည် နတ်ဘုံခန်းဝါရတနာအဖြစ်သို့ စတင်ပြောင်းလဲလာခြင်းပင် ဖြစ်သည်။
"တပည့်ခေါင်းဆောင်ဇူယွမ်က နတ်ဘုံခန်းဝါရတနာတစ်ခုကို ဖန်တီးနိုင်ခဲ့တာလား။"
တောင်ထိပ်ပေါ်တွင်ရှိနေသော ကန်ရွှမ်းကလန်၏ တပည့်များမှာ ဇူယွမ်၏ပုံရိပ်အား အံ့အားသင့်စွာဖြင့် ငေးမောကြည့်ရှုနေကြသည်။
ဇူယွမ်၏လက်ဝါးပေါ်တွင် ကလေးလက်သီးဆုပ် အရွယ်ခန့်ရှိသော အလင်းလုံးငယ်တစ်ခု ဖြစ်တည်လာ၏။ ထိုအလင်းလုံးငယ်ထံမှ ရောင်စဉ်သုံးသွယ် အလင်းတန်းများ ဖြာထွက်တောက်ပနေလေသည်။
"ဒါက နတ်ဘုံခန်းဝါရတနာလား။" တပည့်များမှာ ရောင်စဉ်သုံးသွယ်ထွက်ပေါ်နေသော အလင်းလုံးငယ်အား အံ့အားသင့်စွာဖြင့် ငေးမောကြည့်ရှုနေကြသည်။
ဇူယွမ်မှာလည်း အံ့အားသင့်စွာဖြင့် အလင်းလုံးငယ်အားကြည့်ကာ ခပ်ဖွဖွပြုံးလိုက်မိ၏။ သူသည် ပထမ၌ ဤနေရာတွင်ရှိနေသော ရှန်းဟွချန်ယင်းအဆီအနှစ်များမှာ နတ်ဘုံခန်းဝါရတနာအား ဖန်တီးရန်အတွက် လုံလောက်သောပမာဏမရှိဟု ထင်မှတ်မိခဲ့ပါသော်လည်း အဆုံးတွင်မူ အောင်မြင်စွာ ဖန်တီးနိုင်ခဲ့ပြီပင် ဖြစ်သည်။
သို့သော် ဇူယွမ်မှာ ရောင်စဉ်သုံးသွယ် နတ်ဘုံခန်းဝါရတနာအား ဖန်တီးနိုင်ခဲ့ခြင်းနှင့်ပက်သတ်၍ အလွန်အမင်း ပျော်ရွှင်ကျေနပ်မှုတော့ မရှိပါချေ။ အဘယ်ကြောင့်ဆိုသော် သူ၏အဓိကရည်ရွယ်ချက်မှာ ရောင်စဉ်ခုနစ်သွယ် နတ်ဘုံခန်းဝါရတနာအား ရရှိနိုင်ရန်ပင် ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ယခုရရှိထားသော ရောင်စဉ်သုံးသွယ် နတ်ဘုံခန်းဝါရတနာမှာလည်း အသုံးဝင်သည်ပင် ဖြစ်သည်။ နောက်ထပ်နတ်ဘုံခန်းဝါရတနာများ ရရှိလာခဲ့ပါက ဤတစ်ခုဖြင့်ပေါင်းစည်းကာ ပိုမိုမြင့်မားသော နတ်ဘုံခန်းဝါရတနာတစ်ခုအား ရရှိနိုင်မည်ပင် ဖြစ်လေသည်။
ဇူယွမ်မှာ ထိုအလင်းလုံးငယ်အား ချီပင်လယ်အတွင်းသို့ ပို့ဆောင်ကာ သိမ်းဆည်းလိုက်သည်။
ထို့နောက် တပည့်များအားကြည့်ကာ စကားဆိုလိုက်၏။
"ဒီနေရာမှာရှိတဲ့ ရှန်းဟွချန်ယင်းအဆီအနှစ်တွေက ကုန်သွားပြီဆိုတော့ ငါတို့နောက်တစ်နေရာကို သွားကြရအောင်။"
ဇူယွမ်မှာ မြေပုံပေါ်တွင်ရှိနေသော ရှန်းဟွချန်ယင်းအဆီအနှစ် ရှိနိုင်မည့်တည်နေရာတစ်ခုအား ကြည့်ရှုလိုက်ပြီးနောက် ကောင်းကင်ထက်သို့ ပျံဝဲသွားလေတော့သည်။
ရောင်စဉ်သုံးသွယ် နတ်ဘုံခန်းဝါရတနာအား ရရှိခဲ့ပြီးသည့်နောက် ဇူယွမ်မှာ ရောင်စဉ်လေးသွယ်အဆင့်သို့ မြှင့်တင်ရန် တွေးတောလိုက်သည်။ လဲ့ချင်းဟိုင်ထံမှ ရရှိထားသော သတင်းအချက်အလက်များအရ ရောင်စဉ်ခြောက်သွယ်ရတနာရှိသော တည်နေရာသို့ ဝင်ရောက်နိုင်ရန်အတွက် ရောင်စဉ်လေးသွယ်ရတနာအား ပိုင်ဆိုင်ထားရန် လိုအပ်၏။
တပည့်များမှာလည်း ဇူယွမ်၏နောက်မှ ထပ်ချပ်မကွာ ပျံဝဲလိုက်ပါလာကြသည်။ ထိုတပည့်များမှာလည်း ၎င်းတို့ကိုယ်ပိုင် နတ်ဘုံခန်းဝါရတနာများ ပြုလုပ်နိုင်ရန်အတွက် အလွန်ပင် စိတ်လှုပ်ရှားနေကြလေသည်။
........
ဆယ်ရက်ကျော်မျှ ကြာမြင့်သွားပြီးနောက် ဇူယွမ်တို့၏အဖွဲ့မှာ မြေပုံအတွင်း မှတ်သားထားသော နေရာလေးခုသို့ ရောက်ရှိပြီးခဲ့ကြပြီပင် ဖြစ်သည်။ သို့သော် ထိုလေးနေရာအနက် တည်နေရာနှစ်ခုမှာ ရှန်းဟွချန်ယင်းအဆီအနှစ်များ မရှိနေပေ။ အခြားနေရာ နှစ်ခုအနက် တစ်ခုမှာ ရောင်စဉ်နှစ်သွယ် ရှန်းဟွချန်ယင်းအဆီအနှစ် ထွက်ပေါ်ရာနေရာဖြစ်ပြီး ကျန်တစ်ခုမှာ ရောင်စဉ်သုံးသွယ် ရှန်းဟွချန်ယင်းအဆီအနှစ် ထွက်ပေါ်ရာနေရာ ဖြစ်လေသည်။
သို့သော် ထိုနေရာများတွင် တွေ့ရှိခဲ့ရသော ရှန်းဟွချန်ယင်းအဆီအနှစ်များမှာ ပထမဆုံး တွေ့ရှိခဲ့ရသော တောင်ထိပ်ပေါ်ရှိ ရှန်းဟွချန်ယင်းအဆီအနှစ်များထက် များစွာနည်းပါးပေ၏။ ကြည့်ရသည်မှာ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအတွင်း ရှန်းဟွချန်ယင်းအဆီအနှစ်အား ရရှိနိုင်ရန်မှာ အမှန်တကယ်ပင် ခက်ခဲလှသော အရာတစ်ခု ဖြစ်ဟန်ရှိသည်။
ထို့ကြောင့် ဇူယွမ်မှာ သူ၏ ရောင်စဉ်သုံးသွယ် နတ်ဘုံခန်းဝါရတနာအား ရောင်စဉ်လေးသွယ်အဆင့်သို့ တိုးမြှင့်နိုင်ခဲ့ခြင်း မရှိပေ။ နတ်ဘုံခန်းဝါရတနာအား အဆင့်တစ်ခုသို့ တိုးမြှင့်ရန်မှာ လွန်စွာခက်ခဲလွန်းလှ၏။ ဇူယွမ်မှာ ရောင်စဉ်သုံးသွယ် နတ်ဘုံခန်းဝါရတနာအတွင်းသို့ ရရှိလာသမျှ ရောင်စဉ်နှစ်သွယ်နှင့် ရောင်စဉ်သုံးသွယ် ရှန်းဟွချန်ယင်းအဆီအနှစ်များအား ပေါင်းထည့်ခဲ့ပါသော်လည်း ယခုအချိန်ထိ ရောင်စဉ်လေးသွယ်အဆင့်သို့ တက်ရောက်နိုင်ခြင်း မရှိသေးချေ။
မည်သို့ပင်ဆိုစေကာမူ ဇူယွမ်မှာ စိုးရိမ်ပူပန်ခြင်း မရှိပေ။ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာသည် လွန်စွာကျယ်ပြန့်လှသော နေရာကြီးတစ်ခုပင် ဖြစ်သည်။ ထို့ကြောင့် ရှန်းဟွချန်ယင်းအဆီအနှစ်များစွာအား ရှာဖွေတွေ့ရှိနိုင်ပေသေးသည်။
ဤဆယ်ရက်အတွင်း ဇူယွမ်တို့၏အဖွဲ့မှာ ကလန်ပေါင်းများစွာနှင့် တွေ့ဆုံခဲ့ကြရပြီး ရှောင်လွှဲမရနိုင်သော တိုက်ပွဲပေါင်းများစွာ ဖြစ်ပေါ်ခဲ့ရ၏။ မည်သို့ပင်ဆိုစေကာမူ အဆုံးသတ်တွင် အနိုင်ရရှိသူမှာ ဇူယွမ်၏အဖွဲ့သာ ဖြစ်၏။
ကလန်အသီးသီးမှ ရွေးချယ်ခံအဆင့်ရှိသော တပည့်များအားလုံးမှာ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာ၏ အတွင်းပိုင်းထဲသို့သာ ဝင်ရောက်နေကြခြင်း ဖြစ်သည်။ ထို့ကြောင့် အပြင်ပိုင်းဧရိယာအတွင်း ဇူယွမ် ဂရုစိုက်ရမည့်သူ များစွာရှိမနေချေ။
ထိုသို့တိုက်ပွဲပေါင်းများစွာ အနိုင်ရပြီးသည့်နောက် ဇူယွမ်တို့၏အဖွဲ့အား မည်သူကမှ စိန်ခေါ်တိုက်ခိုက်ရဲခြင်း မရှိကြတော့ပေ။
ထိုသို့ဖြစ်နေရသည်မှာလည်း အခြားသော အင်အားကြီးကလန်ကြီးငါးခုမှာ ဤဧရိယာတဝိုက် မရှိနေကြသောကြောင့်ပင် ဖြစ်သည်။ ထို့ကြောင့် ဇူယွမ်၏အဖွဲ့မှာ လွယ်ကူစွာပင် ထိုနေရာတဝိုက်အား ကြီးစိုးထားနိုင်လိုက်၏။
ရှန်းဟွပုံရိပ်ယောင်ကမ္ဘာ၏ အပြင်ပိုင်းဧရိယာသည်ပင် လွန်စွာကျယ်ပြန့်လွန်းလှသောကြောင့် အင်အားကြီးကလန်ကြီးများ၏ တပည့်ခေါင်းဆောင်များမှာ ရရှိထားသော မြေပုံများအရ ရှန်းဟွချန်ယင်းအဆီအနှစ်များအား တကွဲတပြား စုဆောင်းနေကြခြင်း ဖြစ်သည်။ ထို့ကြောင့် အပြင်ပိုင်းဧရိယာအတွင်း အင်အားကြီးကလန်များအချင်းချင်း တွေ့ဆုံရသည်မှာ ရှားပါးလွန်းလှ၏။
မည်သို့ပင်ဆိုစေကာမူ အတွင်းပိုင်းသို့ ရောက်လာသည်နှင့်အမျှ အင်အားကြီးကလန်များမှ တပည့်များမှာလည်း အချင်းချင်း တွေ့ဆုံကြရမည်ပင် ဖြစ်သည်။ ထိုအချိန်သို့ ရောက်ရှိလာပါက မရှောင်လွှဲနိုင်သော တိုက်ပွဲများလည်း ဖြစ်ပေါ်လာရဦးမည်ပင် ဖြစ်လေသည်။
.........
ဝုန်း.....
ပုံရိပ်များမှာ တောင်ကုန်းတစ်ခုအား ပြင်းထန်လှသော ချီစွမ်းအင်များဖြင့် ပေါက်ကွဲစေလိုက်ကြသည်။ ရုတ်ချည်းဆိုသလိုပင် ကျောက်တုံးကျောက်ဆောင်များ ပြိုကျလာပြီးနောက် အလင်းရောင်များ ထွက်ပေါ်လာသည်။ ပုံရိပ်တစ်ခုမှာ ထိုကျောက်တုံးကျောက်ဆောင်များရှိရာသို့ ပျံဝဲသွားကာ လက်သီးဆုပ်အရွယ်ခန့်ရှိသော အလင်းရောင်များ ထွက်ပေါ်နေသည့် ကျောက်တုံးတစ်ခုအား သယ်ဆောင်လာလိုက်၏။
ဤသို့ဖြင့် တစ်ဦးပြီးတစ်ဦး ထိုကျောက်တုံးများအား သွားရောက်ယူဆောင်ကာ ဇူယွမ်ထံသို့ သယ်ဆောင်လာကြသည်။
ဂူဟွမ်ချီမှာ နဖူးပေါ်ရှိ ချွေးစလေးများအားသုတ်ကာ ပြောလိုက်သည်။ "ဒါနောက်ဆုံးနေရာပဲ။"
ဇူယွမ်တို့မှာ မြေပုံပေါ်တွင် မှတ်သားထားသော အလင်းအစက်အပြောက်များရှိရာ၏ နောက်ဆုံးနေရာသို့ ရောက်ရှိနေကြခြင်းပင် ဖြစ်သည်။ ယခုနေရာတွင်ရှိနေသော ရောင်စဉ်သုံးသွယ် ရှန်းဟွချန်ယင်းအဆီအနှစ်များမှာ ကျောက်တုံးများအသွင်ဖြင့် တည်ရှိနေကြခြင်းပင် ဖြစ်၏။
သုံးရက်မျှ အချိန်ယူလိုက်ပြီးနောက် ဤနေရာတွင်ရှိနေသော ရှန်းဟွချန်ယင်းအဆီအနှစ်ပါဝင်သည့် ကျောက်တုံးများအား အကုန်အစင် ရယူနိုင်ခဲ့ပြီပင် ဖြစ်လေသည်။
ဇူယွမ်မှ ပြုံးကာစကားဆိုလိုက်သည်။ "ငါတို့ဝေစုတွေ ခွဲကြရအောင်။"
ဂူဟွမ်ချီမှာ ခေါင်းညိတ်ပြလိုက်ပြီးနောက် ထိုကျောက်တုံးများအား တပည့်များထံ ခွဲဝေပေးအပ်လိုက်သည်။ ဇူယွမ်မှာ အဖွဲ့ခေါင်းဆောင် ဖြစ်နေသောကြောင့် ဝေစုအများဆုံးအား ရရှိသူဖြစ်သည်။
ဇူယွမ်မှာ ချီစွမ်းအင်အမျှင်တန်းတစ်ခုအား ထုတ်လွှတ်ကာ ကျောက်တုံးများအား ခွဲပစ်လိုက်၏။ ကျောက်တုံးများမှာ ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားပြီးနောက် အတွင်းမှ ရောင်စဉ်သုံးသွယ် အလင်းတန်းများ ထွက်ပေါ်လာလေသည်။ ထိုအလင်းတန်းများမှာ ဇူယွမ်၏ လက်ဝါးမှတဆင့် ချီပင်လယ်အတွင်းသို့ ဝင်ရောက်စီးဆင်းသွားလေတော့သည်။
ထိုရောင်စဉ်သုံးသွယ် အလင်းတန်းများမှာ ဇူယွမ်၏ ချီပင်လယ်အတွင်းရှိနေသော ရောင်စဉ်သုံးသွယ် နတ်ဘုံခန်းဝါရတနာနှင့် ပေါင်းစည်းသွားလေသည်။
ထိုအလင်းတန်းများအား စုပ်ယူပြီးသည့်နောက် ဇူယွမ်၏ချီပင်လယ်အတွင်းရှိနေသော ရောင်စဉ်သုံးသွယ် နတ်ဘုံခန်းဝါရတနာမှာ ပိုမိုလင်းလက်လာ၏။ သို့သော် ရောင်စဉ်လေးသွယ်ရတနာအဖြစ် အဆင့်တက်လာမည့် အရိပ်အယောင် အနည်းငယ်မျှ ရှိမနေသေးချေ။
ဇူယွမ်မှာ စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းအားခါယမ်းလိုက်မိသည်။ ယခုဆိုလျှင် မြေပုံအတွင်း မှတ်သားထားသော အလင်းအစက်အပြောက်များရှိသည့် တည်နေရာများအား အကုန်အစင် ရောက်ရှိခဲ့ပြီးပြီပင် ဖြစ်သည်။ ထို့ကြောင့် ရှန်းဟွချန်ယင်းအဆီအနှစ်များအား ဆက်လက်ရယူလိုပါက အခြားသော တည်နေရာများအား ရှာဖွေရတော့မည်ပင် ဖြစ်၏။
ဝှစ်....
ဇူယွမ်မှ တွေးတောနေစဉ်မှာပင် လေတိုးသံတစ်ခုအား ကြားလိုက်ရပြီးနောက် ကောင်းကင်ထက်မှ ပုံရိပ်တစ်ခု ပျံဝဲဆင်းသက်လာသည်ကို တွေ့ရှိလိုက်ရသည်။
ထိုပုံရိပ်မှာ ဤနေရာအား စောင့်ကြည့်နေလျက်ရှိသော လုယန်းပင် ဖြစ်သည်။ သူမ၏ မျက်ဝန်းများမှာ စိုးရိပ်ပူပန်မှု အရိပ်အယောင်များဖြင့် ပြည့်နှက်နေ၏။
"ဘာဖြစ်လို့လဲ။ တခြားအဖွဲ့တစ်ဖွဲ့ ဒီကိုရောက်လာလို့လား။" ဇူယွမ်မှ လျင်မြန်စွာပင် မေးမြန်းလိုက်သည်။
လုယန်းမှာ ခေါင်းအားခါယမ်းလိုက်ပြီးနောက် သွေးနီရောင်တံဆိပ်ပြားတစ်ခုအား ဇူယွမ်ထံ ပေးအပ်လိုက်၏။
"တပည့်ခေါင်းဆောင် အကူအညီတောင်းခံရေး တံဆိပ်ပြား။"
ထိုတံဆိပ်ပြားအား မြင်တွေ့လိုက်ရသောအခါ၌ တပည့်များ၏ အမူအရာမှာ ပြောင်းလဲကုန်ကြသည်။ ဇူယွမ်သည်ပင် မျက်ဝန်းများ ကျဉ်မြောင်းသွားရ၏။
ထိုတပည့်ခေါင်းဆောင် အကူအညီတောင်းခံရေး တံတိပ်ပြားသည် ကန်ရွှမ်းကလန်၏ တပည့်ခေါင်းဆောင်များသာ အသုံးပြုခွင့်ရှိသော တံဆိပ်ပြားတစ်ခု ဖြစ်သည်။ ထိုတံဆိပ်ပြားအား အသက်သွင်းလိုက်သည်နှင့်တစ်ပြိုင်နက် အနီးဆုံးတွင်ရှိနေသော ကန်ရွှမ်းတပည့်တစ်ဦးထံ ပျံဝဲလာမည်ပင် ဖြစ်၏။
ထိုတံဆိပ်ပြားမှာ အလွန်ပင် အဖိုးတန်သော ပစ္စည်းတစ်ခုဖြစ်သောကြောင့် အရေးကြီး အကြောင်းကိစ္စများ၌သာ အသုံးပြုကြလေ့ ရှိသည်။
ဇူယွမ်မှာ အနည်းငယ်မျှပင် တွေဝေတုန့်ဆိုင်းခြင်းမရှိပဲ ထိုတံဆိပ်ပြားအားရယူကာ ချီစွမ်းအင်များ သွန်းလောင်းလိုက်၏။
ချက်ချင်းဆိုသလိုပင် တံဆိပ်ပြားမှာ တုန်ခါလာပြီးနောက် သတင်းစကား ထွက်ပေါ်လာသည်။ "ငါက သူတော်စင်မှော်စာလုံးတောင်ထွတ်ရဲ့ တပည့်ခေါင်းဆောင် ကျင်ကျန်းပါ။ ငါ့ရဲ့အဖွဲ့က မြင့်မြတ်သောနန်းတော်ကအုပ်စုနဲ့ တွေ့ဆုံခဲ့ရတယ်။ အဲ့ဒါကြောင့် မှော်စာလုံးအစီအရင်တစ်ခုနဲ့ ငါတို့အဖွဲ့ကို ကာကွယ်ထားရတယ်။ ဒါပေမယ့် တစ်ဖက်က မြင့်မြတ်သောနန်းတော်ရဲ့အဖွဲ့မှာ အရမ်းစွမ်းအားကြီးတဲ့ တပည့်ခေါင်းဆောင်နှစ်ယောက်တောင် ဖြစ်နေတယ်။"
"ငါ့အဖွဲ့က တပည့်အယောက်သုံးဆယ်ကျော်က သူတို့လက်ချက်နဲ့ သေသွားကြရပြီ။"
သတင်းစကားအား ကြားလိုက်ရပြီးနောက် ဂူဟွမ်ချီ၊ ဇူထိုက်၊ လုယန်းနှင့် အခြားတပည့်များ၏ မျက်ဝန်းများမှာ ဒေါသအငွေ့အသက်များဖြင့် ပြည့်နှက်သွားရသည်။
ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအတွင်းသို့ စတင်ဝင်ရောက်လာသည့်နေ့မှစ၍ ကန်ရွှမ်းကလန်မှ တပည့်များ သေဆုံးကြောင်းသတင်းကြားရသည်မှာ ယခုပထမဆုံးပင် ဖြစ်သည်။
"ဒီတံဆိပ်ပြားကို ရတဲ့ဘယ်သူမဆို မင်းတို့ရဲ့ စွမ်းရည်အပေါ် အရင်ဆန်းစစ်ကြည့်ကြပါ။ မင်းတို့ လုံလောက်အောင် သန်မာမှုမရှိဘူးထင်ရင် တခြားအဖွဲ့နဲ့ အရင်ပူးပေါင်းပြီးမှ ငါတို့ဆီကိုလာပါ။ ငါတို့အားတင်းပြီး စောင့်နေပေးပါ့မယ်။ မင်းတို့တွေပါ ဒုက္ခရောက်နေရမှာ စိုးရိမ်လို့ပါ။"
ထိုစကားများအား ကြားလိုက်ရပြီးနောက် တံဆိပ်ပြားမှာ တဖြည်းဖြည်းနှင့် မှေးမှိန်ပျောက်ကွယ်သွားလေသည်။
ဇူယွမ်မှာ တည်ငြိမ်သော အမူအရာဖြင့် ဒေါသများနှင့် ပြည့်နှက်နေသော တပည့်များအား ကြည့်ရှုလိုက်သည်။
"ဇူယွမ် ငါတို့ဘာလုပ်ကြမလဲ။" ဂူဟွမ်ချီမှ ဇူယွမ်အားကြည့်ကာ မေးလိုက်သည်။ သူမသည် ဒေါသထွက်နေပါသော်လည်း စိတ်ကိုထိန်းကာ အခြေအနေအား သုံးသပ်ချိန်ဆနေလျက် ရှိသည်။ တစ်ဖက်ရှိ မြင့်မြတ်သောနန်းတော်၏အဖွဲ့မှာ စွမ်းအားကြီးသော တပည့်ခေါင်းဆောင်နှစ်ဦး ပါဝင်နေသဖြင့် လက်လွတ်စပယ် သွားရောက်တိုက်ခိုက်ခြင်း မပြုသင့်ပေ။
တပည့်များမှာ ဇူယွမ်၏ဆုံးဖြတ်ချက်အား စောင့်ဆိုင်းနေကြ၏။ ပတ်ဝန်းကျင်တစ်ခုလုံးမှာ အပ်ကျသံပင် မကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေလျက် ရှိသည်။
ဇူယွမ်မှာ တည်ငြိမ်သော အမူအရာဖြင့် တိုးညင်းစွာ ရေရွတ်လိုက်သည်။ "ဒီတံဆိပ်ပြားက အနောက်အရပ်က ရောက်လာတာပဲ။"
ဇူယွမ်မှာ မြေပုံအား ကြည့်ရှုလိုက်သောအခါတွင် ထိုတံဆိပ်ပြား လားရာအရပ်မှာ လဲ့ချင်းဟိုင် ညွှန်ပြခဲ့သော ရောင်စဉ်ခြောက်သွယ်ရတနာ ရှိသည့်နေရာနှင့် တူညီနေသည်ကို တွေ့ရှိလိုက်ရသည်။
"အဲ့နေရာမှာ မြင့်မြတ်သောနန်းတော်က တပည့်ခေါင်းဆောင်နှစ်ယောက်က ဘာလုပ်နေကြတာလဲ။ သူတို့ကရော ရောင်စဉ်ခြောက်သွယ်ရတနာအကြောင်း သိနေကြတာလား။" ဇူယွမ်မှာ အခြေအနေအား သုံးသပ်ရင်းဖြင့် တွေးတောနေမိသည်။
ထို့နောက် ဇူယွမ်မှာ သူ၏ဆုံးဖြတ်ချက်အား စောင့်ဆိုင်းနေကြသော တပည့်များအားကြည့်ကာ စကားဆိုလိုက်၏။
"အကူအညီလိုနေတဲ့ ငါတို့ရဲ့ စီနီယာအကိုတော်တွေ၊ ဂျူနီယာညီတော်တွေကို သွားကူညီကြရအောင်။"
ကလန်အတွင်းရှိစဉ်၌ တောင်ထွတ်များအကြား မကြာခဏ ကတောက်ကဆများ ဖြစ်ပေါ်တက်ပါသော်လည်း ထိုတောင်ထွတ်များအားလုံးရှိ တပည့်များမှာ ကန်ရွှမ်းကလန်၏ တပည့်များသာ ဖြစ်သည်။ ဇူယွမ်မှာ ကြီးမြတ်သောဇူအင်ပါယာမှ ထွက်ခွာလာခဲ့သည့် အချိန်မှစ၍ ကန်ရွှမ်းကလန်၌သာ နေထိုင်လာရခြင်းဖြစ်သောကြောင့် ကလန်အပေါ် အလွန်ပင် သံယောဇဉ်ကြီးမားသူ ဖြစ်သည်။ ကန်ရွှမ်းကလန်သည် သူ၏ဒုတိယအိမ်ပင် ဖြစ်ကာ ကလန်၏ တပည့်များမှာလည်း သူ၏ဒုတိယမိသားစုဝင်များပင် ဖြစ်သည်။ ထို့ကြောင့် ဇူယွမ်မှာ အကူအညီတောင်းလာသော ကျင်ကျန်းအား မျက်နှာလွှဲခဲပစ် ငြင်းပယ်လိုက်စရာ အကြောင်းမရှိပေ။
ထို့အပြင် ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအတွင်း မြင့်မြတ်သောနန်းတော်၏ လက်ချက်ဖြင့် ကျင်ကျန်းသာ သေဆုံးသွားခဲ့ပါက ကန်ရွှမ်းကလန်၏ ဂုဏ်သိက္ခာမှာလည်း ထိခိုက်သွားရလိမ့်မည်ပင် ဖြစ်သည်။
"မြင့်မြတ်သောနန်းတော်ရဲ့ တပည့်ခေါင်းဆောင်တွေ....အဟက်။"
"သူတို့ဘယ်လောက်ထိ စွမ်းအားကြီးမလဲဆိုတာ ငါကိုယ်တိုင် ကြည့်ရသေးတာပေါ့။"
ဇူယွမ်မှာ ကောင်းကင်ထက်သို့ပျံဝဲကာ အနောက်အရပ်သို့ ဦးတည်ထွက်ခွာသွား၏။
တပည့်များမှာ ဇူယွမ်၏ဆုံးဖြတ်ချက်ပြတ်သားမှုကြောင့် အနည်းငယ် အံ့အားသင့်နေရသည်။ သူတော်စင်မှော်စာလုံးတောင်ထွတ်သည် ယောင်ယောင်အား ရရှိနိုင်ရန်အတွက် မူလမှော်စာလုံးနယ်နိမိတ်အစီအရင်တစ်ခုအား ပြုလုပ်ခဲ့ဖူးသည်ကို တပည့်တိုင်းမှ သိရှိထားကြ၏။ ထို့အတွက်ကြောင့် ဇူယွမ်မှာ ထိုကိစ္စအား အငြိုးထားနေလိမ့်မည်ဟု ထင်မှတ်ခဲ့မိကြသည်။ သို့သော် ဇူယွမ်မှာ အလျင်အမြန်ပင် သွားရောက်ကူညီရန် ဆုံးဖြတ်ခဲ့၏။
သူတော်စင်မှော်စာလုံးတောင်ထွတ်မှ တပည့်များမှာ လေးစားမှု အငွေ့အသက်များ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် ဇူယွမ်အား ကျေးဇူးတင်စွာ ကြည့်ရှုလိုက်ကြသည်။
ဂူဟွမ်ချီမှာ နွေးထွေးမှုများ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် ဇူယွမ်၏ပုံရိပ်အား နှစ်လိုဖွယ်ပြုံးကာ ငေးမောကြည့်ရှုနေလျက် ရှိသည်။
"ဒီလိုခပ်မိုက်မိုက်ပုံစံလေးက သူနဲ့တကယ် လိုက်တာပဲ ဟီးဟီး။"
မည်သို့ပင်ဆိုစေကာမူ ဂူဟွမ်ချီမှာ အနည်းငယ်မျှ စိုးရိမ်ဖြစ်လေတော့သည်။
ယခုအကြိမ် ရင်ဆိုင်တိုက်ခိုက်ရမည့်သူမှာ မြင့်မြတ်သောနန်းတော်မှ တပည့်ခေါင်းဆောင်များ ဖြစ်နေသောကြောင့်ပင် စိုးရိမ်ပူပန်နေရခြင်း ဖြစ်လေတော့သည်။