ဝိုင်းခံထားရခြင်း
Vol. 41 Ch. 568
အဆုံးမရှိသော တောင်တန်းများတလျှောက် လူတစ်ဦးတစ်ယောက်၏ အရိပ်အယောင်ကိုမျှ မြင်တွေ့ရခြင်း မရှိပေ။ သို့သော် တောင်တန်းများ၏အလွန် တောင်ကြားတလျှောက်တွင်မူ လူများစွာဖြင့် ပြည့်နှက်နေလေသည်။
တောင်ကြားအပြင်ဖက်ရှိ တောင်တန်းတစ်ခုတွင် ပေါက်ရောက်နေသော ထင်းရှူးပင်၏ထိပ်ဖျား၌ ပုံရိပ်နှစ်ခုမှာ ကျောဖက်တွင် လက်အားယှက်သိုင်းထားလျက် တည်ငြိမ်သော အနေအထားဖြင့် ရှိနေကြသည်။ ၎င်းတို့ထံမှ ပြင်းထန်လှသော စွမ်းအင်ဖိအားများ ထွက်ပေါ်နေလေသည်။
ထိုနှစ်ဦးလုံးမှာ အဖြူရောင်အဝတ်အစားများ ဆင်မြန်းထားပြီး အင်္ကျီလက်မောင်းပေါ်၌ မြင့်မြတ်သောနန်းတော်၏ အမှတ်အသားအား မြင်တွေ့နိုင်၏။
၎င်းတို့အနက် တစ်ဦးမှာ ဝမ့်ယွမ်ဟုခေါ်တွင်ပြီး ကျန်တစ်ဦးမှာမူ နင်မော့ဟု ခေါ်တွင်သည်။ ထိုနှစ်ဦးလုံးမှာ မြင့်မြတ်သောနန်းတော်မှ ထိပ်သီးတပည့်ခေါင်းဆောင်များ ဖြစ်ကြ၏။
"ကန်ရွှမ်းကလန်ကကောင်တွေက တိုက်ခိုက်ဖို့ အရည်အချင်းမရှိပေမယ့် အပုန်းတော့ တော်တော်ကောင်းတာပဲ။ လိပ်တွေကြနေတာပဲ။" အရပ်ရှည်ရှည်နှင့် ခန့်ညားသော အသွင်အပြင်ရှိသည့် ဝမ့်ယွမ်မှ စကားဆိုလိုက်သည်။ သူ၏ကျောပေါ်တွင် မူလမှော်စာလုံးများ ရေးထွင်းထားသော အနက်ရောင်တင်းပုတ်တစ်ခုအား ချိတ်ဆွဲထားလျက် ရှိသည်။
ဝမ့်ယွမ်သည် တောင်ကြားအတွင်းရှိ မူလမှော်စာလုံး အစီအရင်တစ်ခုအား တည်ငြိမ်စွာပင် ကြည့်ရှုနေလျက် ရှိသည်။ ထိုမူလမှော်စာလုံးအစီအရင်သည် အလွန်ထူးခြားကာ ကာကွယ်နိုင်စွမ်းလည်း မြင့်မားလှ၏။ ထို့ကြောင့် ၎င်းတို့သည်ပင် အချိန်တစ်ခု ကြာမြင့်သွားသည့်တိုင်အောင် ထိုအစီအရင်အား မထိုးဖောက်နိုင်ပဲ ရှိသည်။
ချည်နှောင်မထားသော အနက်ရောင်ဆံနွယ်များ ပုခုံးပေါ်သို့ လွတ်လပ်စွာ ဝေ့ဝဲကျနေလျက်ရှိသော နင်မော့မှ ခပ်ဖွဖွပြုံးကာ ပြောလိုက်သည်။ "ကျင်ကျန်းက သူတော်စင်မှော်စာလုံးတောင်ထွတ်ရဲ့ တပည့်ခေါင်းဆောင်လေ။ သူက မူလမှော်စာလုံးပညာရပ်မှာ တစ်ဖက်ကမ်းခတ်အောင် ကျွမ်းကျင်တယ်။ ဒီအကာအကွယ်က ထိုးဖောက်လို့ လွယ်မှာမဟုတ်ဘူး။ တကယ်ပြဿနာပဲ။"
"ဘာပဲဖြစ်ဖြစ်ပါ အဲ့အစီအရင်က ဘယ်လောက်ကြာကြာခံမှာမို့လို့လဲ။ ငါတို့ဒီမှာရှိနေသမျှ သူတို့က အတောင်ကျိုးနေတဲ့ ငှက်တွေလိုပဲ။ ဘယ်ကိုမှ ထွက်ပြေးလွတ်မြောက်နိုင်မှာ မဟုတ်ဘူး။"
ထိုအချိန်မှာပင် တောင်ကြားအတွင်းဖက်မှ ပုံရိပ်အချို့ တောင်ထိပ်ပေါ်သို့ ပျံဝဲရောက်ရှိလာလေသည်။ ၎င်းတို့အားလုံးမှာ တောင်ကြားအား စောင့်ကြည့်နေကြသော မြင့်မြတ်သောနန်းတော်မှ တပည့်များပင် ဖြစ်သည်။
တောင်ကြားအား မြင်တွေ့နိုင်သော အဝေးတစ်နေရာတွင်လည်း မြင့်မြတ်သောနန်းတော်နှင့် ကန်ရွှမ်းကလန်တို့၏ တိုက်ပွဲအား ကြည့်ရှုနေကြသော အခြားကလန်များမှ တပည့်များ ရှိနေကြသည်။
သို့သော် မည်သူကမှ တောင်ကြားအနီးသို့ ရောက်ရှိလာရဲခြင်း မရှိကြပေ။ မြင့်မြတ်သောနန်းတော်နှင့် ကန်ရွှမ်းကလန်တို့အကြား ပဋိပက္ခများ ဖြစ်ပေါ်နေကြသည်မှာ ကန်ရွှမ်းကောင်းကင်ဒေသတစ်ခုလုံး သိရှိထားကြသော အရာပင်ဖြစ်သည်။
ထို့ကြောင့် ကလန်အသီးသီးမှ တပည့်များမှာ အင်အားကြီးကလန်ကြီးနှစ်ခုအကြားရှိ တိုက်ပွဲအား စိတ်ဝင်တစားဖြင့် လာရောက်ကြည့်ရှုနေကြခြင်းပင် ဖြစ်သည်။ လက်ရှိအခြေအနေအရ ကန်ရွှမ်းကလန်၏ အနေအထားမှာ အလွန်ပင် ဆိုးရွားသောအခြေအနေ၌ ရှိနေ၏။
စောင့်ကြည့်နေသော အကြည့်များစွာ၏အောက်၌ပင် နင်မော့မှာ တောင်ကြားအတွင်းရှိ မူလမှော်စာလုံးအစီအရင်အားကြည့်ကာ စကားဆိုလိုက်သည်။ "မင်းဘာလို့ ဒီလောက်ထိ ခေါင်းမာနေရတာလဲ ကျင်ကျန်း။ မင်းတို့စုဆောင်းထားတဲ့ ရှန်းဟွချန်ယင်းအဆီအနှစ်တွေအကုန်လုံးကိုသာ ငါတို့ကိုပေးမယ်ဆိုရင် ငါတို့က မင်းတို့ကို ကြည်ကြည်ဖြူဖြူနဲ့ လွှတ်ပေးလိုက်မှာပါကွာ။"
"အိမ်မက် မက်မနေနဲ့နင်းမော့။ မင်းငါတို့စုဆောင်းထားတဲ့ ရှန်းဟွချန်ယင်းအဆီအနှစ်တွေကို လိုချင်တယ်ဆိုရင် ငါ့ရဲ့အစီအရင်ကို အရင်ရအောင် ချိုးဖျက်လိုက်။" အကာအကွယ်အစီအရင်အတွင်းရှိနေသော ကျင်ကျန်းမှ အော်ဟစ်ပြောဆိုလိုက်သည်။
နင်မော့မှာ မထီမဲ့မြင်ပြုစွာ ရယ်မောလိုက်ပြီးနောက် ဖြည်းညင်းစွာ ပြောလိုက်သည်။ "မင်းတို့က သေမှမှတ်မယ့်ကောင်တွေပဲ...အဟက်။ အဲ့လိုဆိုတော့လည်း ဘယ်တက်နိုင်မလဲ။ ငါတို့က ရှန်းဟွချန်ယင်းအဆီအနှစ်တွေကို မင်းတို့ရဲ့အလောင်းတွေဆီကပဲ ယူရတော့မှာပေါ့။"
"နင်မော့....မင်းတို့ငါရဲ့ ဂျူနီယာညီတော်၊ ညီမတော်တွေကို သတ်ပစ်တာ အရမ်းများနေပြီ။ ဒီရန်ကြွေးကို ငါတစ်သက်လုံး မေ့မယ်မထင်နဲ့။" ကျင်ကျန်းမှ ဒေါသထွက်စွာဖြင့် အော်ဟစ်လိုက်၏။
"ဒီလောကကြီးမှာ သန်မာတဲ့သူပဲ အသက်ရှင်နိုင်မှာလေ။ ကြီးနိုင်ငယ်ညှင်းလောကကြီးမှာ ဒါတွေက ဘာမှမထူးဆန်းပါဘူး။ မင်းတို့တွေမှာ အရည်အချင်းမရှိမှတော့ ငါတို့သတ်တာ ခံသင့်တာပေါ့။ ဒါဖြစ်သင့်တဲ့ သဘောတရားပဲ။" နင်မော့မှ ပြုံးကာစကားဆိုလိုက်သည်။ ထို့နောက် တောင်ထိပ်ပေါ်တွင်ထိုင်ကာ မူလမှော်စာလုံး အစီအရင်အား စူးရဲစွာဖြင့် ကြည့်ရှုလိုက်၏။
"အဟက်....မင်းတို့ကောင်တွေ ဘယ်လောက်နေနိုင်မလဲဆိုတာ စောင့်ကြည့်ရသေးတာပေါ့။"
ထို့နောက် နင်မော့မှာ လူဦးရေတစ်ရာကျော်မျှရှိသော မြင့်မြတ်သောနန်းတော်မှ တပည့်များအား အစီအရင်အားတိုက်ခိုက်ရန် အမိန့်ပေးလိုက်သည်။ ချက်ချင်းဆိုသလိုပင် မြင့်မြတ်သောနန်းတော်၏ တပည့်များမှာ ပြင်းထန်လှသော ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေလျက် အစီအရင်အား တိုက်ခိုက်လိုက်ကြ၏။
အဝေးမှ စောင့်ကြည့်နေကြသော ကလန်အသီးသီးမှ တပည့်များမှာ မြင်ကွင်းအား ကြည့်ရှုနေရင်းဖြင့် သက်ပြင်းချကာ ခေါင်းများကို ခါယမ်းလိုက်ကြသည်။ ထို့နောက် တီတိုးဝေဖန်သံများ စတင်ထွက်ပေါ်လာတော့သည်။
"ကန်ရွှမ်းကလန်ရဲ့အဖွဲ့ကတော့ အခြေအနေ မကောင်းတော့ဘူး။"
"ဟုတ်တယ်။ ဒီနေရာမှာ မြင့်မြတ်သောနန်းတော်က တပည့်ခေါင်းဆောင်နှစ်ယောက်တောင် ရှိနေလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။ ပြီးတော့ ဝမ့်ယွမ်နဲ့ နင်မော့နှစ်ယောက်လုံးက မြင့်မြတ်သောနန်းတော်ရဲ့ တပည့်ခေါင်းဆောင် ဆယ်ယောက်ထဲမှာတောင် ထိပ်သီးတွေပဲ။"
"သူတို့နှစ်ယောက်ရဲ့လက်ချက်နဲ့တင် ကန်ရွှမ်းကလန်က တပည့်တွေ တော်တော်များများ သေကုန်ကြပြီ။"
"ဒီအင်အားကြီးကလန်နှစ်ခုက ဘယ်နေရာမှာတွေ့တွေ့ အသေသတ်နေကြတာချည်းပဲ။"
"ဘာပဲပြောပြော ကြည့်လို့တော့ကောင်းတယ်။ ဒီနေရာမှာသာ ကန်ရွှမ်းကလန်ရဲ့ တပည့်ခေါင်းဆောင် သေသွားခဲ့ရင် သူတို့ကလန်ရဲ့ ဂုဏ်သိက္ခာကတော့ တော်တော်ကျသွားမှာပဲ။"
"........"
ဤသို့ဖြင့်ပင် နှစ်ရက်မျှသောအချိန်ကာလမှာ လျင်မြန်စွာ ကုန်ဆုံးသွားလေသည်။
တောင်ကြားအတွင်းရှိ မူလမှော်စာလုံးအစီအရင်မှာ စတင်၍ ကျိုးပျက်လာပြီပင် ဖြစ်သည်။ အစီအရင်မှာ ယခင်ကထက်ပို၍ အဆပေါင်းများစွာ ပါးလွှာလာ၏။
နင်မော့မှာ အစီအရင်အားကြည့်၍ ကျေနပ်အားရစွာ ရယ်မောလိုက်သည်။ "ကျင်ကျန်း ငါမင်းကို နောက်ဆုံးအခွင့်အရေးပေးမယ်။ မင်းအခုထိ ခေါင်းမာနေဦးမယ်ဆိုရင်တော့ အစီအရင်ကျိုးပေါက်တဲ့အချိန်ကြရင် ငါတို့ကို အညှာအတာမဲ့လွန်းတယ်ဆိုပြီး အပြစ်မတင်နဲ့။"
နင်မော့မှ ဖြည်းညင်းစွာပင် ဆက်လက်စကားဆိုလိုက်သည်။ "မင်းဘာလို့ အချိန်ဆွဲနေလဲဆိုတာ ငါမသိဘူးလို့များထင်နေလား။ မင်းရဲ့ ကန်ရွှမ်းကလန်က တခြားအဖွဲ့တွေ လာကူညီမှာကို စောင့်နေတာမလား။"
"မင်းတို့ကန်ရွှမ်းကလန်မှာ ကန်ရွှမ်းတောင်ထွတ်ရဲ့ တပည့်ခေါင်းဆောင် ထန်းမုရှင်းနဲ့ မိုးကြိုးအကျဥ်းထောင်တောင်ထွတ်ရဲ့ တပည့်ခေါင်းဆောင် ရှဲ့ရန်တို့ကလွဲရင် ကျန်တဲ့ကောင်တွေက ထည့်တွက်နေဖို့တောင် မတန်ဘူး။ ငါရထားတဲ့ သတင်းအရဆိုရင် ထန်းမုရှင်းနဲ့ ရှဲ့ရန်တို့ကလည်း တခြားနေရာမှာ ငါတို့မြင့်မြတ်သောနန်းတော်က တပည့်ခေါင်းဆောင်တွေနဲ့ ထိပ်တိုက်တွေ့နေရတယ်။ အဲ့ဒါကြောင့် ဒီကိုလာပြီး မင်းကိုကူညီပေးနိုင်မှာ မဟုတ်ဘူး။"
"အဲ့ဒါကြောင့် ဒီကိုလာကူညီမယ့်ကောင်တွေက မလောက်လေးမလောက်စား တပည့်ခေါင်းဆောင်တွေပဲဖြစ်မှာ။ သူတို့က ကိုယ့်သေလမ်းကိုယ်ရွေးပြီး သူရဲကောင်းဖြစ်ချင်လွန်းလို့ မင်းကိုလာကူညီမယ့် အရူးတွေပဲနေမှာ...ဟားဟား။ သေမင်းတံခါးဝရှေ့ အရောက်လာမယ့် အရူးကောင်တွေက ဘယ်သူတွေလဲဆိုတာ ငါစောင့်ကြည့်နေလိုက်ဦးမယ်။"
နင်မော့မှာ အားရကျေနပ်စွာဖြင့် တောင်ထိပ်ပေါ်တွင် ထိုင်ချလိုက်သည်။ ကျင်ကျန်းအား ငါးစာအဖြစ်ထားကာ လာရောက်ကူညီမည့် ကန်ရွှမ်းကလန်မှ အခြားတပည့်ခေါင်းဆောင်အဖွဲ့အားလည်း ယခုကဲ့သို့ပင် ဖိနှိပ်ထားနိုင်လိမ့်မည်ပင် ဖြစ်၏။
အစီအရင်အတွင်းရှိနေသော ကျင်ကျန်း၏အမူအရာမှာ အလွန်ပင် ပျက်ယွင်းနေရသည်။ ကျင်ကျန်းအနီးတွင်ရှိနေသော တပည့်များမှာလည်း စိတ်ဝိဉာဉ်စွမ်းအင်များ လျော့နည်းနေကြပြီပင် ဖြစ်၏။
တပည့်တစ်ဦးမှ တိုးညင်းသောအသံဖြင့် စကားဆိုလိုက်သည်။ "ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ တပည့်ခေါင်းဆောင်ကျင်ကျန်း။ အစီအရင်က ကြာကြာခံနိုင်မယ် မထင်တော့ဘူး။"
ကျင်ကျန်းမှာ တပည့်များအားကြည့်ကာ ဖြည်းညင်းစွာဖြင့် ပြောလိုက်သည်။ "အစီအရင်ပေါက်သွားခဲ့ရင် ငါနေခဲ့ပြီး သူတို့ကို ရသလောက်ထိန်းထားပေးမယ်။ မင်းတို့က အမြန်ထွက်ပြေးပြီး အနီးမှာရှိနိုင်မယ့် တခြားတပည့်ခေါင်းဆောင်တစ်ယောက်ယောက်ကို ရှာကြ။"
တပည့်များ၏ အမူအရာမှာ ပျက်ယွင်းသွားရသည်။ ကျင်ကျန်းမှာ အသက်ကိုပင်စွန့်ကာ တပည့်များအားကာကွယ်ပေးရန် ရည်ရွယ်ချက်ရှိနေ၏။
"ဒီဆုံးဖြတ်ချက်က အတည်ပဲနော်။ တပည့်ခေါင်းဆောင် တစ်ယောက်အနေနဲ့ ငါ့မှာမင်းတို့ကို ကာကွယ်ရမယ့် တာဝန်ရှိတယ်။ အခုငါအသုံးမကျလို့ မင်းတို့တွေ ဒီလိုရောက်နေကြရတာ။ ငါအရည်အချင်းမရှိလို့ ဂျူနီယာညီတော်၊ ညီမတော်တွေ အသက်ပေးလိုက်ကြရတာ။ အဲ့ဒါကြောင့် ကျန်နေသေးတဲ့ မင်းတို့ကိုတော့ ငါ့အသက်နဲ့လဲပြီး ကာကွယ်ဖို့ ဆန္ဒရှိတယ်။"
တပည့်များ၏ မျက်ဝန်းများမှာ နာကျင်စိတ်မကောင်းမှုများဖြင့် ပြည့်နှက်နေလေသည်။
ခရက်.....
အစီအရင်ကျိုးပျက်သွားသောအသံအား ကြားလိုက်ရသဖြင့် ကန်ရွှမ်းကလန်မှ တပည့်များ၏ အမူအရာမှာ ပြောင်းလဲသွားရသည်။
ဝုန်း....
အစီအရင်တလျှောက် အက်ကွဲကြောင်းများ ပေါ်ပေါက်လာပြီးနောက် အစီအရင်တစ်ခုလုံးမှာ ကျယ်လောင်စွာပင် ပေါက်ကွဲပျက်စီးသွားလေတော့သည်။
နင်မော့မှာ ကောင်းကင်ထက်သို့ ပျံဝဲသွားပြီးနောက် ထိုမြင်ကွင်းအား ကျေနပ်အားရနေသော မျက်ဝန်းများဖြင့် ကြည့်ရှုကာ ရယ်မောလိုက်သည်။ "ဟားဟား....သနားစရာပဲ။ မင်းတို့ရဲ့ အစီအရင်က မင်းတို့ကို ဆက်ပြီးကာကွယ်မပေးနိုင်တော့ဘူး။ ကျင်ကျန်း မင်းတို့ရဲ့ ကန်ရွှမ်းကလန်က တဖြည်းဖြည်းနဲ့ကို နိမ့်ကျလာတော့တာပဲနော်။ အခုဆိုရင် အရည်အချင်းရှိတဲ့ တပည့်တွေတောင် မရှိကြတော့ဘူး။"
နင်မော့ထံမှ ပြင်းထန်လှသော ချီစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာသည်။ သူသည် တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေပြီပင် ဖြစ်၏။
တောင်ကြားအတွင်းရှိနေသော ကျင်ကျန်းမှာလည်း မူလမှော်စာလုံးစုတ်တံအား ဆွဲကိုင်ထားကာ တပည့်များအား စကားဆိုလိုက်သည်။ "ထွက်ပြေးဖို့ အသင့်ပြင်ထားကြ။"
"ဟားဟား....ဒီလိုအခြေအနေမှာတောင် မင်းကငါ့ကို တိုက်ခိုက်ဦးမယ်ပေါ့လေ။ ငါ့ကို အညှာအတာမရှိဘူးဆိုပြီးတော့ အပြစ်တော့မတင်နဲ့နော်။" နင်မော့မှ မထီမဲ့မြင်ပြုစွာ ရယ်မောလိုက်သည်။
ဝှစ်....
သို့သော် ထိုအချိန်မှာပင် လေတိုးသံတစ်ချက်အား ကြားလိုက်ရပြီးနောက် အနက်ရောင်အလင်းတန်းတစ်ခုမှာ ပြင်းထန်လှသောအရှိန်ဖြင့် နင်မော့ထံသို့ ဦးတည်ပျံဝဲလာလေသည်။
နင်မော့မှာ မျက်ဝန်းများ ကျဉ်းမြောင်းသွားရပြီးနောက် အလျင်အမြန်ပင် အနောက်သို့ဆုတ်လိုက်သည်။
ဝှစ်....
အနက်ရောင်အလင်းတန်းမှာ နင်မော့၏ခန္ဓာကိုယ်နှင့် လွှဲချော်သွား၏။
"ဘယ်သူလဲ။" နင်မော့မှာ စူးရှနေသော မျက်ဝန်းများဖြင့် အနောက်အရပ်သို့ကြည့်ကာ ပြောလိုက်သည်။ စောင့်ကြည့်နေကြသူများမှာလည်း အလျင်အမြန်ပင် အနောက်အရပ်သို့ ကြည့်ရှုလိုက်ကြ၏။ မည်သူကမှ ယခုကဲ့သို့ အချိန်မျိုးတွင် တစ်စုံတစ်ယောက်မှ တိုက်ပွဲအတွင်း ပါဝင်လာလိမ့်မည်ဟု ထင်မှတ်မထားကြပေ။
ကြည့်ရှုနေသော အကြည့်များစွာ၏အောက်၌ပင် တောင်ကြားအနီးရှိ တောင်ကုန်းငယ်တစ်ခုပေါ်တွင် လူငယ်တစ်ဦး၏ပုံရိပ် ပေါ်ထွက်လာ၏။
ထိုလူငယ်မှာ လက်ဝါးဖြန့်လိုက်သည်နှင့်တစ်ပြိုင်နက် အနက်ရောင်အလင်းတန်းမှာ ၎င်းလက်ပေါ်သို့ ပြန်လည်ရောက်ရှိလာသည်။ ထိုအနက်ရောင်အလင်းတန်းမှာ စုတ်တံတစ်ချောင်းဖြစ်ကြောင်း လူတိုင်းမှ တွေ့ရှိလိုက်ကြရသည်။
တောင်ကြားအတွင်းရှိနေသော ကျင်ကျန်းနှင့် ကန်ရွှမ်းကလန်၏ တပည့်များမှာ ထိုလူငယ်အား တွေ့မြင်လိုက်ရပြီးနောက် အလွန်ပင် အံ့အားသင့်သွားကြရသည်။ ယခုကဲ့သို့သော အခြေအနေမျိုးတွင် လာရောက်ကူညီပေးသူမှာ ဇူယွမ်ဖြစ်နေလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားကြချေ။
နင်မော့မှာ ထိုလူငယ်အား ကြည့်ရှုလိုက်ပြီးနောက် မထီမဲ့မြင်ပြုစွာ စကားဆိုလိုက်သည်။ "ဒီအရူးကောင်က ဘယ်ကပေါ်လာတာလဲ။ သေချင်နေလို့ ဒီကိုလာတာလား။"
တောင်ကုန်းပေါ်တွင်ရှိနေသော လူငယ်မှာ ကျင်ကျန်းတို့အား တစ်ချက်မျှ ကြည့်ရှုလိုက်ပြီးနောက် နင်မော့အားကြည့်၍ ပြုံးရယ်ကာ ပြောလိုက်သည်။
"မြင့်မြတ်သောနန်းတော်က အရိုင်းအစိုင်းကောင်...ငါတို့ကန်ရွှမ်းကလန်မှာ မင်းကိုသင်ခန်းစာပေးနိုင်မယ့်လူ ဘယ်သူမှမရှိဘူးလို့ ထင်နေတာလား။"