← Chapters

သာတူညီမျှ ခွန်အား

Vol. 13 Ch. 195

သာတူညီမျှ ခွန်အား

Vol. 13 Ch. 195

~’ဒါ… မဖြစ်နိုင်ဘူး။’

ပိုင်ရှန်း အလွန် တုန်လှုပ်သွားပြီး… ဖုန်းဝူချန်ကို မှင်တက် တောင့်တင်းသော အမူအရာဖြင့် စိုက်ကြည့်နေမိသည်။

ထျန်းယွမ်ဘုံ ပညာရှင်တစ်ဦး… အစွမ်းကုန် ထုတ်သုံးသည့်တိုင်… ဖုန်းဝူချန်ကို အံ့အားသင့်ဖွယ် မထိခိုက်နိုင်ခဲ့။

ခဏအကြာတွင်… ဖုန်းဝူချန်၏ ကိုယ် ပြောင်းလဲမှုတစ်ခု ကြုံတွေ့လာသည်။

သူ၏ တစ်ကိုယ်လုံးရှိ ကြွက်သားများ… အပိုင်းအစတစ်ခုစာ ပို၍ ကြီးမားလာပြီး… ပို၍ သန်မာ တောင့်တင်းလာသည်။ … အရိုင်းဆန်ပြီး လွှမ်းမိုးချုပ်ချယ်နိုင်သော စွမ်းအားများဖြင့် ပြည့်နှက်နေပြီး… ကြွက်သား တစ်ခုချင်းစီမှာ… ပေါက်ကွဲထွက်လုနီးပါး စွမ်းအားများဖြင့် ပြည့်လျှံနေ၏။

၎င်းသာမက… ဖုန်းဝူချန်၏ ဒဏ်ရာများမှာလည်း… ကြောက်မက်ဖွယ် အရှိန်ဖြင့်… ပြန်လည် ပျောက်ကင်းလာသည်။

ဖုန်းဝူချန်၏ ပြောင်းလဲမှုများကို ကြည့်ရင်း… ပိုင်ရှန်း စိတ်ပျက်စွာဖြင့် နောက်ဆုတ်လိုက်မိသည်။ သူ၏ ဖုန်းဝူချန်အား ကြည့်သော အကြည့်မှာ… မိစ္ဆာတစ်ကောင်ကို ကြည့်နေသည့်အလား…။

"ပြိုင်ဘက်ကင်းမြို့" မှ လူအားလုံး… တိတ်တဆိတ် စောင့်ကြည့်နေကြသော နိုင်ငံအသီးသီးမှ အစွမ်းထက် ပုဂ္ဂိုလ် အများအပြား အပါအဝင်… မှင်တက်သွားကြသည်။

သူတို့ မူလက ဖုန်းဝူချန် ပိုင်ရှန်း၏ လက်ချက်ဖြင့် သေဆုံးလိမ့်မည်ဟု ထင်ထားခဲ့ကြပြီး… ထိုအဖြစ်အတွက် တိတ်တဆိတ် ဝမ်းမြောက်နေခဲ့ကြသည်။ သို့သော်… ဖုန်းဝူချန် နောက်တစ်ကြိမ် ပြန်လည် ထရပ်လာပြီး… လူတိုင်းကို ပိုမို ကြောက်မက်ဖွယ်ကောင်းသော အနေအထားဖြင့် ပြသလိမ့်မည်ဟု… မည်သူကမျှ မမျှော်လင့်ထားခဲ့ပေ။

လေလယ်တွင် ဝဲပျံနေသော ဖုန်းဝူချန်… သူ၏ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ အလင်းတန်း နှစ်ခု… ကြမ်းတမ်းစွာ ပစ်ထွက်သွား၏။

""အထွတ်အထိပ် ကိုယ်" ဒုတိယ အဆင့်… နောက်ဆုံးတော့… ချိုးဖျက်နိုင်ခဲ့ပြီ….."ဖုန်းဝူချန် မိမိကိုယ်ကို ရေရွတ်လိုက်သည်။ သူ၏ ကိုယ်ပိုင် လက်ဖဝါးကို ငုံ့ကြည့်ရင်း… သူ၏ ကိုယ် မျက်နှာပြင်မှ ဆက်လက် တိုးထွက်နေသော သွေးချီများကို ကြည့်နေမိသည်။

သူ၏ ကိုယ်မှ တိုးထွက်နေသော သွေးချီများမှာ… ထူးဆန်းပြီး ကြောက်မက်ဖွယ် ကောင်းလှသည်။

ဖုန်းဝူချန်၏ ပြောင်းလဲမှုများနှင့်… သူ၏ ကိုယ်မှ တိုးထွက်နေသော ထူးဆန်းသည့် သွေးချီများမှာ… "အထွတ်အထိပ် ရုပ်ခန္ဓာ" ၏ ဒုတိယ အဆင့်သို့ ချိုးဖျက်မှုကြောင့် ပေါ်ထွက်လာသော ဖြစ်စဉ်များ ဖြစ်သည်။

ပိုင်ရှန်းနှင့် တိုက်ပွဲအပြီး… ပိုင်ရှန်း၏ အရမ်းပြင်းထန်သော တိုက်ခိုက်မှုများကို ခံနိုင်ရည်ရှိခဲ့ပြီးနောက်… ဖုန်းဝူချန် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သော်လည်း… ၎င်းက မမျှော်လင့်ဘဲ သူ့အား "အထွတ်အထိပ် ကိုယ်" ၏ ဒုတိယ အဆင့်သို့ ချိုးဖျက်ရန်… ကူညီပေးခဲ့သည်။

"အထွတ်အထိပ် ခန္ဓာ" ၏ ဒုတိယ အဆင့်သို့ ခြေချလိုက်ခြင်းက… ဖုန်းဝူချန်၏ ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံခွန်အား… ပိုမို ကြောက်မက်ဖွယ်ကောင်းလာမည်ဟု ဆိုလိုနေသည်။ ဖုန်းဝူချန် ထုတ်လွှတ်ခဲ့သော ကြောက်မက်ဖွယ် စွမ်းအားမှာ… သွေးမျိုးဆက် စွမ်းအားနှင့် ရုပ်ခန္ဓာ ကျင့်ကြံခွန်အားတို့၏… ပေါင်းစပ်မှုပင်။

ဖုန်းဝူချန် နယ်ပယ်သစ်တစ်ခုသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ … ယွမ်တန်ဘုံ သတ္တမအလွှာတွင် ရှိနေဆဲ ဖြစ်သော်လည်း… သူ၏ ကျင့်ကြံခွန်အားမှာ… ယခင်ကထက် များစွာ ကြီးမားလာသည်မှာ… လုံးဝ သေချာနေသည်။

သို့သော်… ဖုန်းဝူချန် မည်သည့် နယ်ပယ်သို့ ရောက်ရှိသွားသည်ကို… မည်သူမျှ မသိကြ…။ ဖုန်းဝူချန် ကိုယ်တိုင်ပင် မသိခဲ့…။

"အထွတ်အထိပ် ခန္ဓာ" ၏ ပထမ အဆင့်ကပင်… "ကောင်းကင် အရိပ်တပ်" နှင့် "အလံနက် တပ်ဖွဲ့" ၏ ကျင့်ကြံခွန်အားကို ကြီးမားစွာ မြှင့်တင်ပေးခဲ့သည် မဟုတ်ပါလား။ ဒုတိယ အဆင့်ကိုကား… ပြောစရာပင် လိုမည် မဟုတ်ပေ။

"အထွတ်အထိပ် ခန္ဓာ" သည်… ဘက်စုံ မြှင့်တင်မှုတစ်ခုကို ဆောင်ကြဉ်းပေးသည်။ အရှိန်… ကျင့်ကြံခွန်အား… အာရုံခံနိုင်စွမ်း… တုံ့ပြန်မှု နှင့် အခြားအရာများအားလုံး… ခုန်ပျံ တိုးတက်သွား၏။

ရေခဲတမျှ အေးစက်သော အကြည့်က… ပိုင်ရှန်းထံသို့ ဝေ့ကြည့်လိုက်ရာ… သူ့ကို တစ်ကိုယ်လုံး တုန်ရီသွားစေသည်။ … ရေခဲတိုက်တစ်ခုထဲသို့ ပြုတ်ကျသွားသကဲ့သို့ ခံစားလိုက်ရ၏။ ပထမဆုံးအကြိမ်အဖြစ်… သူ ဖုန်းဝူချန်၏ အကြည့်ကို… ဤမျှ ကြောက်မက်ဖွယ်ကောင်းသည်ဟု… တွေ့ရှိလိုက်ရသည်။

ဖုန်းဝူချန်၏ စိတ်အကြံတစ်ခုဖြင့်… ပိုင်ရှန်း၏ သိုလှောင် လက်စွပ်ထဲသို့ သိမ်းဆည်းထားခဲ့သော… "ကိုးထပ် ချန်ခွန်း မျှော်စင်"သည် အလိုအလျောက် ပျံထွက်လာသည်။

"ငါ့… ဂိုဏ်းရဲ့… ရတနာ မျှော်စင်….."

ပိုင်ရှန်း၏ မျက်နှာ သိသိသာသာ ရှုံ့မဲ့သွားသည်။ သူ လက်လှမ်း၍ ဖမ်းဆွဲလိုက်သည့်အခါ… "ကိုးထပ် ချန်ခွန်း မျှော်စင်" မည်သည့်အချိန်က… ဖုန်းဝူချန်၏ လက်ထဲသို့ ရောက်ရှိသွားသည်ကို… သူ မသိလိုက်ပေ…။

အသံမရှိ… လက္ခဏာမပြ…။ ဖုန်းဝူချန် မည်သို့ ပြုလုပ်လိုက်သည်ကို… မည်သူမျှ မသိကြပေ…။

"နတ်ဘုရားဓား" ကိုလည်း ကိုယ်အတွင်းသို့ ပြန်လည် သိမ်းဆည်းလိုက်ပြီး… "ကိုးထပ် ချန်ခွန်း မျှော်စင်" ကို လက်ဖဝါးထဲတွင် ကိုင်ထားလျက်… ဖုန်းဝူချန် မထီမဲ့မြင် ပြုံးလိုက်သည်။

"ပိုင်ရှန်း… ခင်ဗျားကို ကျေးဇူးတင်ရမယ်…။ ကျုပ်ကို… လက်ရှိ နယ်ပယ်ကို… ရောက်အောင် ပို့ပေးခဲ့လို့…အဟင်း"

သူ၏ ပေါ့ပါး… အေးစက်သော ရယ်မောသံတွင်… မောက်မာမှု အရိပ်အယောင်များ ပါဝင်နေသည်။

"လက်ရှိ နယ်ပယ်… ဟုတ်လား…"

လူအုပ်ကြီးမှာ ကြောင်အသွားကြသည်။ … ဖုန်းဝူချန် ဘာကို ဆိုလိုသည်ကို… နားမလည်ကြ…။

လျိုချင်းယန်က "ရှောင်ရှောင်… အစ်ကိုကြီး ဖုန်း… ဘာပြောနေတာလဲဟင်"

ဟု နားမလည်စွာ မေးလိုက်သည်။

လင်ရှောင်ရှောင်က ခေါင်းခါလိုက်ပြီး…

"ကျွန်မလည်း မသိဘူး…။ ဒါပေမဲ့… အစ်ကိုကြီး ဖုန်းရဲ့ စွမ်းအားက… အရင်ကထက်… ပိုသန်မာလာတယ်…"

ချီဟွမ်ကလည်း သူ၏ ရှုပ်ထွေးမှုကို ထုတ်ဖော်ပြောလိုက်သည်။

"ဗိမာန်သခင်က… မကြာသေးခင်ကမှ… ယွမ်တန်ဘုံ ပထမလွှာမှာ… ရှိနေခဲ့တာ မဟုတ်လား။ … တိုးတက်နှုန်း မြန်ဆန်တယ် ဆိုရင်တောင်… ဒီလောက် မြန်မြန်… နောက်တစ်ကြိမ် အဆင့်တက်ဖို့က… မဖြစ်နိုင်ဘူးလေ…"

ဖုန်းဝူချန် ယွမ်တန်ဘုံ အဌမ အလွှာသို့ ချိုးဖျက် တက်လှမ်းခဲ့ခြင်း မဟုတ်ပေ။ သူ၏ ကျင့်ကြံမှု တိုးတက်

လာခဲ့သော်လည်း… သူ ယွမ်တန်ဘုံ သတ္တမအလွှာတွင် ရှိနေဆဲ ဖြစ်ပြီး… ယွမ်တန်ဘုံ အဌမ အလွှာသို့ ခြေချခဲ့ခြင်း မရှိသေးပေ။

"မင်းရဲ့ ကျင့်ကြံခွန်အားက… တကယ်ပဲ… အတော်လေး တိုးတက်လာခဲ့တယ်…။ ဒါပေမဲ့… မင်း… ထျန်းယွမ် နယ်ပယ်မှာ… ရှိနေသေးတာ မဟုတ်ဘူး….."ပိုင်ရှန်းက သူ၏ အကြည့်ကို စူးစိုက်လိုက်ပြီး… အေးစက်စွာ ဆိုလိုက်သည်။

စိတ်အကြံတစ်ခုဖြင့်… "ကိုးထပ် ချန်ခွန်း မျှော်စင်" နောက်တစ်ကြိမ် လေထုတွင်း ဝဲတက်သွားသည်။ … ချက်ချင်းဆိုသလို… ပေ ဒါဇင်ကျော် အရွယ်အစားသို့ ချဲ့ကားသွားပြီး… တောက်ပသော ရွှေရောင် အလင်းတန်းများ ထုတ်လွှတ်ကာ… ရွှေရောင် အခင်းအကျင်းတစ်ခုက… အောက်သို့ ဖုံးလွှမ်းသွားသည်။

လွှမ်းမိုးချုပ်ချယ်နိုင်သော ဖိနှိပ်မှု စွမ်းအားက… ပိုင်ရှန်း၏ အစစ်အမှန် ယွမ်စွမ်းအင်ကို… အဆင့်တစ်ဆင့်နီးပါး… နောက်တစ်ကြိမ် ဖိနှိပ်လိုက်ပြန်သည်။

ပိုင်ရှန်း၏ မျက်နှာ ပုပ်သိုး ကြမ်းတမ်းသွားကာ ဒေါသတကြီး ဟိန်းဟောက်လိုက်၏။

"မင်းရဲ့ ကျင့်ကြံခွန်အား… ဘယ်လောက် တိုးတက်လာလဲ ဆိုတာ… ကြည့်ကြသေးတာပေါ့….."

သူ့စကား မဆုံးခင်မှာပင်… ပိုင်ရှန်းက တိုက်ခိုက်မှု စတင်လိုက်သည်။

သူ၏ အရှိန်မှာ အလွန် လျင်မြန်လှရာ… ချက်ချင်း ရောက်ရှိလာပြီး… သူ၏ ကြမ်းတမ်းသော လက်ဝါးချက်… ဖုန်းဝူချန်ထံသို့ တဝီဝီ မြည်သံနှင့် တိုးဝင်သွားသည်။ … လက်ဝါး လေပြင်းမှာ… လေဓားသွားများဖြင့် ဟိန်းဟောက်နေ၏။

"ဘုန်း.."

ဖုန်းဝူချန် သူ၏ နေရာတွင် ရပ်တည်နေသည်။ သူ၏ မျက်လုံးများ… မယုံနိုင်လောက်အောင် ကြမ်းတမ်းလှ၏။ သူ ရုတ်တရက် လက်ဝါးဖြင့် ပုတ်ထုတ်လိုက်သည်။ မိုးခြိမ်းသံကဲ့သို့ ပေါက်ကွဲသံနှင့်အတူ… အံ့အားသင့်ဖွယ် စွမ်းအားများ… ပျံ့လွင့်ထွက်သွားပြီး… ပြင်းထန်သော လေပြင်းတစ်ခု… မြင့်မားသော ကောင်းကင်ယံတွင် တိုက်ခတ်သွားသည်။

"ဒီကောင်လေးရဲ့ အစွမ်းက… တကယ်ပဲ… အတော်လေး တိုးတက်လာခဲ့တာပဲ…"

ပိုင်ရှန်း မျက်မှောင်ကို နက်ရှိုင်းစွာ ကြုတ်လိုက်သည်။ … အပြည့်အဝ အားစိုက်ထုတ်သော လက်ဝါးချက်ဖြင့်ပင်… ဖုန်းဝူချန်ကို နောက်ပြန် တွန်းထုတ်နိုင်ခြင်း မရှိခဲ့…။

အကယ်၍ ယခင်ကသာ ဆိုလျှင်… ဖုန်းဝူချန် သူ၏ အပြည့်အဝ အားစိုက်ထုတ်သော လက်ဝါးချက်ကို… လုံးဝ ပိတ်ဆို့နိုင်မည် မဟုတ်ပေ။

“ခင်ဗျားမှာ… မှော်လက်နက် တစ်ခု ရှိနေတယ်…။ ပြီးတော့…ခင်ဗျားရဲ့ ကျင့်ကြံခွန်အားက… "ကိုးထပ် ချန်ခွန်း မျှော်စင်" ရဲ့ ဖိနှိပ်ခြင်းကို ခံထားရပေမယ့်… ယွမ်တန်ဘုံ ပထမလွှာနဲ့… နီးစပ်နေတယ်…။ ခင်ဗျားရဲ့ စွမ်းအားက… တကယ်ပဲ သန်မာတယ်၊ ဒါပေမဲ့…ကျုပ်ရဲ့ ကျင့်ကြံခွန်အားက… အခု… ခင်ဗျား အထက်မှာ ရှိနေပြီ….."

ဖုန်းဝူချန်က ယုံကြည်မှု အပြည့်ဖြင့် မထီမဲ့မြင် ပြုံးလိုက်သည်။

"လုံးဝ အရှက် မရှိဘူး၊ ယွမ်တန်ဘုံ သတ္တမ အလွှာလေး တစ်ယောက်က… ဒီ ဂိုဏ်းချုပ်နဲ့… တန်းတူ ရှိနေတယ်လို့… စိတ်ကူးယဉ်နေတာလား..."

ပိုင်ရှန်း ဒေါသထွက်သွားသည်။

ကျီးရှင်းဂိုဏ်း၏ ဂိုဏ်းချုပ် အနေဖြင့်… မည်သူကမျှ သူ့ကို ဤသို့ အထင်သေးခဲ့ဖူးခြင်း မရှိချေ…။ ယခု… ဖုန်းဝူချန်ကမူ… သူ့ကို မောက်မာစွာ သောက်ဖတ်လုပ်မနေပေ။

ဒေါသထွက်နေသော ပိုင်ရှန်း… ကြမ်းတမ်းပြီး စူးရှသော ထိုးစစ်တစ်ခုကို ထုတ်ဖော်လိုက်သည်။

"ဘုန်း ဘုန်း ဘုန်း..”

ဖုန်းဝူချန်နှင့် ပြင်းထန်သော အနီးကပ် တိုက်ပွဲတစ်ခု… ဖြစ်ပွားလာသည်။ ပေါက်ကွဲသံများ… အဆက်မပြတ် ထွက်ပေါ်နေပြီး… အလွန် ကြမ်းတမ်းသော စွမ်းအား လှိုင်းလုံးများ… အဆက်မပြတ် လိမ့်တက်လာသည်။

ပိုင်ရှန်း အစွမ်းရှိသမျှ ထုတ်သုံးခဲ့သော်လည်း… အနည်းငယ်မျှသော အသာစီးကိုပင်… မရရှိနိုင်ခဲ့…။ ဖုန်းဝူချန်က သူ၏ တိုက်ခိုက်မှု အားလုံးအား လွယ်ကူစွာ ပိတ်ဆို့ခြင်းကို ခံလိုက်ရပြီး… ဖိအား တစ်စုံတစ်ရာ မရှိခဲ့ပေ…။

ပိုင်ရှန်းမှာမူ… ကွဲပြားခြားနားသည်။

ဖုန်းဝူချန်၏ ကြမ်းတမ်းသော တိုက်ခိုက်မှုကို ရင်ဆိုင်ရင်း… ခဏလေးအတွင်းမှာပင်… ထျန်းယွမ်ဘုံ ပညာရှင်တစ်ဦး ဖြစ်သည့်တိုင်… သူ၏ ခြေလက်များတွင်… ပြင်းထန်သော နာကျင်မှုကို… စတင် ခံစားလာရသည်။

" ဆရာက အဆင့် မချိုးဖြတ်ဘဲနဲ့… ဒီလောက် ကြောက်ဖို့ကောင်းတဲ့ ကျင့်ကြံခွန်အားကို… ဘယ်လို ပိုင်ဆိုင်ထားရပါလိမ့်..."

ယန်ထျန်းရှန် ကောင်းကင်ယံမှ တိုက်ပွဲကို ကြည့်ရင်း… သူ၏ အိုမင်းသော မျက်လုံးများ တုန်လှုပ်စွာဖြင့်… မမှိတ်မသုန် ကြည့်နေမိသည်။

"လောကကြီးမှာ… ဘာတွေ ဖြစ်ပျက်နေတာလဲ။ … အရင်က… သူ ပိုင်ရှန်းကို မကျော်လွှားနိုင်ခဲ့ဘူး…။ ဒါပေမဲ့… အခု လုံးဝ ပြောင်းလဲသွားသလို… ခံစားရတယ်..."စစ်ထူကျန့်ထျန်းလည်း… တုန်လှုပ်နေသည်။

ဖုန်းဝူချန် ပိုင်ရှန်းနှင့် တိုက်ခိုက်နေသည်ကို ကြည့်ရင်း… လူတိုင်း မှင်တက်သွားကြပြီး… အိပ်မက်ထဲတွင် ရှိနေသကဲ့သို့… ခံစားလိုက်ကြရသည်။

အမျိုးမျိုးသော ပုန်းကွယ်နေသည့် အဓိက အင်အားစုများမှ ပညာရှင်များမှာ… ကြောက်လန့်မှုကြောင့်… တိတ်ဆိတ် ငြိမ်သက်နေကြပြီး ဖြစ်သည်။

“ပိုင်ရှန်းရဲ့ တိုက်ခိုက်မှုတွေက… ဘာ အကျိုးသက်ရောက်မှုမှ… လုံးဝ မရှိဘူး…။ ပြီးတော့… ကျင့်ကြံခွန်အားနဲ့ အရှိန်အရ… သူက… ဗိမာန်သခင်ရဲ့… ဖိနှိပ် ခံနေရတယ်….."

"ဖြစ်နိုင်တာ စစ်သူကြီးချုပ်က… လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအား တချို့ကို… ဖုံးကွယ်ထားတုန်းပဲလား…"

"စစ်သူကြီးချုပ် ပညာကုန် မသုံးရသေးတာ… ဖြစ်ရမယ်၊ အရမ်း ကြောက်ဖို့ကောင်းတာပဲ”

တပ်မှူး ဟွမ်ယန်၏ လူများ… ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေကြသည်။

ပိုင်ရှန်းသည် ထျန်းယွမ်ဘုံ ပညာရှင်တစ်ဦး ဖြစ်သည်။

သို့သော်… ဖုန်းဝူချန်က… သူ၏ သတ္တမအလွှာ ယွမ်တန်ဘုံ ကျင့်ကြံမှုဖြင့်… သူ့ကို ယှဉ်ပြိုင်နိုင်ရုံသာမက… အားနည်းသည့် အခြေအနေတွင်လည်း လုံးဝ မရှိခဲ့ပေ။

အနီးကပ် တိုက်ပွဲ နှစ်မိနစ် ကြာမြင့်ခဲ့ပြီးနောက်… ဖုန်းဝူချန်က ရုတ်တရက် ပို၍ ကြမ်းတမ်းသော တိုက်ခိုက်မှု တစ်ခုကို ရူးသွပ်သော အရှိန်ဖြင့်… စတင်လိုက်သည်။

“အုန်း..”

ရုတ်တရက် ပေါက်ကွဲသံနှင့်အတူ… ပိုင်ရှန်းမှာ…တုံ့ပြန်နိုင်ခြင်း မရှိခင်မှာပင်… လွင့်စင်သွားခဲ့သည်။

"ဒါ… မဖြစ်နိုင်ဘူး…"

ပိုင်ရှန်း၏ မျက်လုံးများ ကျယ်ပြူးသွားပြီး… သူ၏ နှလုံးသားထဲတွင် ထိတ်လန့်မှုများ ပြည့်နှက်သွားသည်။

ဖုန်းဝူချန်၏ ကြောက်မက်ဖွယ် အရှိန်ကို… ထျန်းယွမ်ဘုံ ပညာရှင်တစ်ဦး ဖြစ်သော… သူ လုံးဝ သတိမထားမိလိုက်ခဲ့ပါ။

"ဝှစ်.."

ပိုင်ရှန်း ဟန်ချက်ညီအောင် ထိန်းညှိလိုက်သည်နှင့်… ဖုန်းဝူချန်က… ချက်ချင်းဆိုသလို သူ့ထံ ရောက်ရှိနေခဲ့လေပြီ။ သူ၏ ခက်ထန်သော အကြည့်က… ပိုင်ရှန်းကို စိုက်ကြည့်နေသည်မှာ ပိုင်ရှန်း တစ်ကိုယ်လုံး တုန်ရီသွားအောင်… ကြောက်လန့်စေခဲ့သည်။

"ဘုန်း ဘုန်း ဘုန်း.."

"ဖျတ်.."

ဖုန်းဝူချန်က လက်စားချေမှုကို ပြင်းပြင်းထန်ထန် ပြန်လည် ပေးဆပ်လိုက်သည်။ … လက်သီးချက်များနှင့် ကန်ချက်များ… ပြင်းထန်သော တိုက်ခိုက်မှုတစ်ခုကဲ့သို့… ထုတ်လွှတ်လိုက်သည်။ … ထျန်းယွမ်ဘုံ သခင်တစ်ဦးကို မူကြို ကလေးတစ်ယောက်ကို ရိုက်နှက်နေသည့်အလား။ သူ၏ လျှပ်စီးလက်သလို မြန်ဆန်သော ထိုးနှက်ချက်များက… ပိုင်ရှန်းအား ခုခံနိုင်စွမ်း မရှိအောင်… ချန်ထားခဲ့သည်။ …

ထိမှန်သွားသော လက်သီးချက် တစ်ချက်ချင်းစီတိုင်းတွင်… လက်သီးပုံစံ ချိုင့်ခွက်တစ်ခု… ပိုင်ရှန်း၏ ကိုယ်ပေါ်တွင် ပေါ်ထွက်လာသည်။ … စွမ်းအား မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း… ညွှန်ပြနေ၏။ … လက်သီးချက် အနည်းငယ်အပြီးတွင်… ပိုင်ရှန်း သွေးတစ်လုတ် အော့အန်လိုက်ရသည်။

"ဘု..ဘုရားရေ…"

ထျန်းယွမ်ဘုံ ပညာရှင် တစ်ဦး… ဖုန်းဝူချန်၏ ဤမျှ ရက်စက်စွာ ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံနေရသည်ကို မြင်သောအခါ… တိုက်ပွဲကို ကြည့်ရှုနေကြသူတိုင်း… ထိတ်လန့်တကြား အသက်ရှူလိုက်မိကြပြီး… သူတို့၏ ကိုယ်များမှာ… ထိန်းချုပ်မရနိုင်ဘဲ တုန်ခါနေကြသည်။

"သူတောင်းစား….."

ပိုင်ရှန်း ဒေါသထွက်လွန်း၍ မီးတောက်များ ထွက်ကျလာမတတ် ဖြစ်သွားပြီး… ဟိန်းဟောက်သံ တစ်ချက် ထုတ်လွှတ်လိုက်သည်။ … ကြောက်မက်ဖွယ် စွမ်းအားများ… သူ့ထံမှ ပေါက်ကွဲထွက်လာသည်။

သို့သော်… ကြောက်မက်ဖွယ် ချီစွမ်းအင်က… ဖုန်းဝူချန်ကို နောက်ပြန် တွန်းထုတ်နိုင်ခြင်း မရှိခဲ့ချေ…။

"ယွမ်တန်ဘုံ သတ္တမအလွှာက… ဒီလို စွမ်းအားမျိုး မရှိနေနိုင်ဘူး…။ ငါ မယုံဘူး….."

ဟု ပိုင်ရှန်းက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ … ဒေါသထွက်ရုံသာမက… ထိတ်ပျာနေမိသည်။

ယွမ်တန်ဘုံ သတ္တမလွှာ ရှိသေးသော လူငယ်လေး တစ်ယောက်သည် မည်သို့လျှင် ဤမျှ စိတ်ကူးပင် မယဉ်နိုင်လောက်သည့် အတိုင်းအတာအထိ အစွမ်းထက်နေရသည်ကို ပိုင်ရှန်း ဉာဏ်မမီနိုင်တော့ပေ။

မမေ့သင့်သည်မှာ သူ၏ အသက်နှင့် ချည်နှောင်ထားသော ရတနာကိုပင် ထုတ်သုံးထားပြီး ဖြစ်သည်။ သူ၏ သဘာဝယွမ် စွမ်းအားများ အတော်အတန် သုံးစွဲထားပြီး ဖြစ်သော်လည်း၊ သူ့ထံတွင် ထျန်းယွမ်ဘုံ၏ စွမ်းအားကား ရှိနေသေးသည်။

"ဟွန့်။ မင်း ဘယ်လောက်ထိ ခံနိုင်ရည် ရှိမလဲ ကြည့်ကြသေးတာပေါ့။"

ပိုင်ရှန်းက ဒေါသတကြီး မာန်မဲလိုက်သည်။

ထျန်းယွမ်ဘုံ ကျင့်ကြံသူ တစ်ဦး၏ သဘာဝယွမ် စွမ်းအား ကြွယ်ဝမှုသည် ယွမ်တန်ဘုံ အဆင့်နှင့် လုံးဝ နှိုင်းယှဉ်၍ မရနိုင်သော အရာ ဖြစ်သည်။

သဘာဝယွမ် စွမ်းအားများကို နောက်တစ်ကြိမ် နှိုးဆွလိုက်ရင်း ပိုင်ရှန်းသည် လက်ကွက်များကို တဖန် ဖော်ထုတ်လိုက်ရာ ကြောက်မက်ဖွယ် စွမ်းအားများ ထပ်မံ ပေါ်ထွက်လာပြန်၏။

"နက်နဲခြင်း အဆင့် အဆင့်မြင့် သိုင်းပညာ။ ငရဲမီး ဒေါသ ဓား။"

ပိုင်ရှန်းက တဖန် ဟိန်းဟောက်လိုက်သည်။ သူ၏ အထက်တွင် ကြောက်မက်ဖွယ် သဘာဝယွမ် စွမ်းအားများက ဆယ်ကျန့်ကျော် ကြီးမားသော အစိမ်းရောင် စွမ်းအင် ဓားကြီးတစ်လက်အဖြစ် စုစည်းသွား၏။

၎င်းတွင် အသက်ရှုမှားလောက်သည့် စွမ်းအားများ ပြည့်နှက်နေပြီး၊ ပြိုင်ဘက်ကင်း မြို့တော်ကြီး တစ်ခုလုံးကိုပင် ဖျက်ဆီးပစ်နိုင်စွမ်း ရှိလေသည်။

"ဝှီး"

ပိုင်ရှန်းသည် သူ၏ လက်ကို ပြင်းထန်စွာ ဝှေ့ယမ်းလိုက်ရာ ကြောက်မက်ဖွယ် စွမ်းအင် ဓားကြီးသည် လေထုကို ထွင်းဖောက်လျက် ပျံသန်းသွား၏။ ၎င်း၏ စွမ်းပကားမှာ လွှမ်းမိုးနိုင်စွမ်း အပြည့် ရှိလှသည်။

ဖုန်းဝူချန်သည် အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်း မရှိပေ။ ပိုင်ရှန်းက တိုက်ရိုက် ရင်ဆိုင်တွေ့ဆုံလိုပါက၊ သူသည်လည်း အဆုံးတိုင်အောင် လက်ခံ ရင်ဆိုင်ရန် အသင့်ပင် ရှိနေသည်။

"လောကပျက် ကောင်းကင်ဘုံအပြစ်ဒဏ် ဓားချက်။"

ဖုန်းဝူချန်သည် လက်ကွက်များ ဖော်ထုတ်လိုက်ရာ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးမှ သွေးရောင် အလင်းများ ပေါက်ကွဲထွက်လာပြီးနောက် လှိုင်းထနေသော သွေးစွမ်းအင်များကလည်း သွေးရောင် အလင်းတန်းများအဖြစ် တောက်ပလာသည်။ ပြိုင်ဘက်ကင်းသော စွမ်းအားတစ်ခုက အရူးအမူး ပေါ်ထွက်လာလေ၏။

"ရွှီး။"

သူ၏ လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ဖုန်းဝူချန်သည် သွေးရောင် အလင်းတန်းကို ပစ်လွှတ်လိုက်သည်။ ၎င်းသည် ချက်ချင်းပင် ကြီးမားသော စွမ်းအင် ဓားချက်ကြီး တစ်ခုအဖြစ် စုစည်းသွားပြီး၊ မည်သူမျှ တားဆီးနိုင်စွမ်း မရှိသည့် အရှိန်အဟုန်၊ ဖိနှိပ်မှု အပြည့် ရှိသော စွမ်းအားတို့ဖြင့် ပြည့်နှက်နေသည်။

"ဘုန်း ဘုန်း ဘုန်း။"

"ဝေါ့ ဝေါ့။"

ပို၍ပင် ပြင်းထန်သော ရင်ဆိုင်တွေ့ဆုံမှုတွင်၊ ဖျက်ဆီးစွမ်းအားကြီးမားသော စွမ်းအင်နှစ်ခုတို့သည် အတူတကွ တိုက်မိကာ ချက်ချင်း ပေါက်ကွဲသွားကြသည်။

ကြောက်မက်ဖွယ် စွမ်းအင်များက အထိန်းအကွပ်မရှိ ခွဲဖြာထွက်သွားပြီး၊ လူနှစ်ယောက်လုံးသည် အချိန်ကိုက်နီးပါး သွေးများ အန်ထုတ်လိုက်ကြသည်။ သူတို့၏ ခန္ဓာကိုယ် ကြံ့ခိုင်မှု အတိုင်းအတာ၏ အဆုံးစွန်သို့ ရောက်ရှိသွားကြောင်း ထင်ရှားလှသည်။

ပြင်းထန်သော ချီစွမ်းအား အားလှိုင်းက သူတို့နှစ်ဦးလုံးကို နောက်သို့ လွင့်စင်သွားစေခဲ့သည်။

"ခင်ဗျားမှာ ဒီလောက်ပဲ စွမ်းအား ရှိတာလား။ ထျန်းယွမ်ဘုံရဲ့ အတိုင်းအတာက ဒီလောက်ပဲလား။"

ဖုန်းဝူချန်က အေးစက်စွာ မေးလိုက်သည်။ ပိုင်ရှန်းကို သူ၏ မျက်စိထဲတွင် လုံးဝ ထည့်သွင်းထားခြင်း မရှိသည်မှာ ထင်ရှားလှ၏။

"အဓိပ္ပာယ်မရှိတာ။"

ပိုင်ရှန်းသည် အံကြိတ်ကာ ဒေါသတကြီး ဟစ်ကြွေးလိုက်သည်။ သူ၏ ရက်စက်သော မျက်နှာသည် အမုန်းတရားများဖြင့် ရှုံ့မဲ့နေပြီး ဖုန်းဝူချန်ကို အရှင်လတ်လတ် ဝါးမျိုပစ်လိုက်ချင်သည့် အလားပင်။

ဤသို့ တိုက်ရိုက် ရင်ဆိုင် တိုက်ခိုက်မှုအောက်တွင် ပိုင်ရှန်း၏ ဒဏ်ရာများမှာ ပို၍ ဆိုးရွားသွားပြီး သူသည် မည်သည့် အသာစီးကိုမျှ မရရှိခဲ့ပေ။

"မင်းမှာ ပိုပြီး အစွမ်းထက်တဲ့ သိုင်းပညာတွေ ရှိသေးရင် သုံးလိုက်တော့။ မဟုတ်ရင် မင်း နောက်ထပ် အခွင့်အရေး ရတော့မှာ မဟုတ်ဘူး။"

ဖုန်းဝူချန်က အေးစက်စွာ ဆိုလိုက်သည်။ သူ၏ မျက်လုံးများထဲမှ လူသတ်လိုသော အရောင်အဝါများက ပို၍ ပြင်းထန်လာလေသည်။

သူ၏ အမြင်တွင် ပိုင်ရှန်းသည် သေလူတစ်ယောက် ဖြစ်နေနှင့်ပြီ။

စကားပြောနေရင်းမှာပင် သူသည် အထွတ်အထိပ် နဂါးနတ်ဘုရား ဓားကို တဖန် ပြန်လည် ထုတ်ယူလိုက်သည်။

ပိုင်ရှန်း၏ စွမ်းအား အမှန်ကို သိရှိသွားပြီးနောက်၊ ဤတိုက်ပွဲကို အဆုံးသတ်ရန် အချိန်တန်ပြီ ဖြစ်လေသည်။

အထွတ်အထိပ် နဂါးနတ်ဘုရား ဓားကို လက်ဝယ် ကိုင်ဆောင်ထားသည်နှင့် ဖုန်းဝူချန်၏ အရှိန်အဝါသည် ထိုးတက်လာပြီး သူ၏ တိုက်ခိုက်ရေး စွမ်းရည်မှာ ပို၍ပင် အားကောင်းလာခဲ့သည်။

"ဝင်္ကပါ ဖျက်ဆီးခြင်း ဓားကွက်။ နဝမ ကောင်းကင်၏ ဝင်္ကပါ ဖျက်ဆီးခြင်း။"

ဖုန်းဝူချန်သည် သူ၏ ဓားဖြင့် ကခုန်လိုက်ရာ ဓားအရှိန်အဝါက ကောင်းကင်သို့ ထိုးတက်သွားပြီး ဓားအရိပ်များက လျင်မြန်စွာ လှုပ်ခတ်သွားသည်။ ဓားကွက်တိုင်းသည် ဆန်းကြယ်လှပေ၏။

"ဝီ….။"

အထွတ်အထိပ် နဂါးနတ်ဘုရား ဓားကို ဝှေ့ယမ်းလိုက်ရာ ဆယ်ကျန်းခန့် ကြီးမားသော သွေးရောင် ဓားအလင်းတန်းကြီးတစ်ခု ပေါက်ကွဲထွက်လာပြီး ၎င်း၏ အငွေ့အသက်မှာ ပြင်းထန်လွန်းကာ လွှမ်းမိုးနိုင်စွမ်း ရှိလှသည်။

ပို၍ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခု ချဉ်းကပ်လာသည်ကို ခံစားမိသဖြင့် ပိုင်ရှန်း၏ မျက်လုံးများထဲတွင် စိုးရိမ်ကြောင့်ကြမှု အရိပ်အယောင်များ လျင်မြန်စွာ ဖြတ်ပြေးသွားသည်။

ထပ်ပြီး စဉ်းစားရန် အချိန်မရှိတော့ဘဲ ပိုင်ရှန်းသည် သူ၏ အတွင်းမှ သဘာဝယွမ် စွမ်းအား အားလုံးကို အလျင်အမြန် နှိုးဆွကာ လက်ကွက်များကို လျင်မြန်စွာ ဖော်ထုတ်လိုက်သည်။

"နက်နဲခြင်း အဆင့် အဆင့်မြင့် သိုင်းပညာ။ မိုးကြိုး တစ်သောင်း လှုပ်ရှားမှု။"

"နက်နဲခြင်း အဆင့် အဆင့်မြင့် သိုင်းပညာ။ လေပြင်း ဒေါသ လှိုင်းလုံးများ။"

ပိုင်ရှန်းက ဟိန်းဟောက်လိုက်ရာ မိုးကြိုး သဘာဝ စွမ်းအားများ ပေါက်ကွဲထွက်လာပြီး သူ၏ ခန္ဓာကိုယ်ကို တဖျစ်ဖျစ် မြည်နေသော လျှပ်စီးများက ရစ်ပတ်သွားသည်။

ကြောက်မက်ဖွယ် မိုးကြိုး သဘာဝယွမ် စွမ်းအားများ စုစည်းသွားပြီး မကြာမီမှာပင် လေ သဘာဝယွမ် စွမ်းအားများပါ ဆက်တိုက် ပေါက်ကွဲထွက်လာသည်။ သူသည် သိုင်းပညာ နှစ်ခုကို တစ်ဆက်တည်း ထုတ်ဖော် ပြသလိုက်ခြင်း ဖြစ်သည်။

ဤသည်ကား ပိုင်ရှန်း၏ နောက်ဆုံး ခုခံ တွန်းလှန်မှုတည်း။

သူ၏ သဘာဝယွမ် စွမ်းအားများ အားလုံးကို အသုံးပြုကာ သူ သင်ယူတတ်မြောက်ထားသမျှ အစွမ်းထက် သိုင်းပညာ အားလုံးကို ထုတ်လွှတ်လိုက်ခြင်း ဖြစ်လေ၏။

ဖုန်းဝူချန်ကိုသာ ပြင်းထန်စွာ ဒဏ်ရာရအောင် လုပ်နိုင်မည်ဆိုလျှင် ပိုင်ရှန်းတွင် သူ့အား သတ်ဖြတ်ရန် အခွင့်အရေး ရှိနေဦးမည် ဖြစ်သည်။

All Chapters