ဘုရင်ကို လုပ်ကြံမယ်
Vol. 18 Ch. 241
လီယုဟန် ထိုသို့ပြောလာသည့်အတွက် ကောင်းမင် ငြင်းလို့ မကောင်းတော့ပေ။ ဘယ်လိုပဲဆိုဆို လီယုဟန်က သူ့ရဲ့ ဂိုဏ်းတူအမ ဖြစ်သည်။ ဒါပေမဲ့ သူ့ရဲ့ လူကြီးလူကောင်းဆန်တဲ့ မျက်နှာထက်မှာ တွန့်ဆုတ်ရိပ် အနည်းငယ် သန်းလာခဲ့သည်။
“ဂိုဏ်းတူအမ ပြောတာလည်း မှန်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ သွားမဲ့နေရာက နန်းတော်ဖြစ်တယ်။ အရှင်မင်းကြီး နေနေတဲ့ နေရာဖြစ်တဲ့ အတွက် သေချာပေါက် အစောင့်အကြပ် တင်းကြပ်မှာပဲ။ အဲ့ဒီ နေရာကိုသွားပြီး သတင်းစုံစမ်းချင်တယ်ဆိုရင် ကျွန်တော်တို့ အထူး ဂရုစိုက်မှရမယ်”
စကားပြောနေစဉ်အတွင်းမှာ ကောင်းမင်ရဲ့ လက်က ခါးမှာချိန်ဆွဲထားတဲ့ စိတ်ဝိညာဉ်စွမ်းအင် ကျောက်တုံးပါဝင်သော သိုလှောင်အိတ်ကို မရည်ရွယ်ပဲ ပွတ်သပ်နေခဲ့သည်။ သူ့ရဲ့ မျက်လုံးတွေက ဂနာမငြိမ် ဖြစ်နေသေး၏။ အချိန်တိုင်းမှာ ခါးမှာရှိနေတဲ့ သိုလှောင်အိတ်ကို လှုပ်ရမ်းရင်း အထဲက ထွက်ပေါ်လာတဲ့ စိတ်ဝိညာဉ်စွမ်းအင် ကျောက်တုံးတွေ အချင်းချင်း ပွတ်တိုက်သံကို နားထောင် နေလေ့ရှိသည်။
လီယုဟန်ရဲ့ လှပတဲ့ မျက်လုံးတွေက အနည်းငယ် ရှုပ်ထွေးလာ၏။
ထျန်းလင်ဂိုဏ်းရဲ့ တပည့်တွေအားလုံးက ပန်းဥယျာဉ်ထဲမှာ ပျိုးထောင်ခြင်းခံထားရတဲ့ ပန်းတစ်ပွင့်လိုမျိုးပဲ။ အပြင်ပန်းက ဘယ်လောက်ပဲ လှပနေပါစေ အထဲမှာ ပုပ်သိုးနေတဲ့ နေရာများရှိ၏။
ထိုအကြောင်းကို တွေးမိတာနဲ့ ရှကျိုးယွီရဲ့ ပုံရိပ်က သူမရဲ့ အတွေးထဲကို မဖိတ်ခေါ်ပဲ ဝင်ရောက်လာခဲ့သည်။ ရှကျိုးယွီရဲ့ ဉာဏ်နီဉာဏ်နက်များပြီး ပြည်တွင်းရေးကို ဖြေရှင်းပုံ၊ ကိုင်တွယ်ပုံက မျက်စိရှေ့က ပုဂ္ဂိုလ်အတွက် လုံးဝ နှိုင်းယှဉ်လို့မရတဲ့ စွမ်းရည်တစ်ခု ဖြစ်၏။ ရှကျိုးယွီရဲ့ လူတွေကို လွှမ်းမိုးချုပ်ကိုင် နိုင်စွမ်းက ကမ္ဘာမှာပေါ်ရှိတဲ့ ဘယ်သူ့ကို မဆို အံ့အားသင့် သွားစေနိုင်သည်။ ကမ္ဘာကြီး တစ်ခုလုံးကို အုပ်စိုးချင်တဲ့ သူ့ရဲ့ ရည်မှန်းချက်က မရေမတွက်နိုင်တဲ့ ရဲရင့်တဲ့ စစ်သည်တော်ကြီးများကိုသာမက သစ္စာရှိ အမတ်များကိုပါ လေးစားစွာဖြင့် လက်အောက်မှာ တာဝန်အပြည့်ဝ ထမ်းဆောင်လာစေသည်။
ဒီလိုနဲ့ပဲ လီယုဟန်လည်း ရှကျိုးယွီရဲ့ အကွက်အတွင်းမှာ ကျရောက်ခဲ့သည်။
ရှကျိုးယွီ အကြောင်းကို တွေးမိတာနဲ့ မျက်စိရှေ့က အရုပ်တစ်ခုလိုမျိုး သေးငယ်လှတဲ့ ဂိုဏ်းတူ မောင်လေးကို လီယုဟန် စိတ်မဝင်စားတော့ပေ။ သူမ ပိုပြီးကြည်မိလေ၊ အရူးတစ်ယောက်ကို တွေ့ရသလိုသာ ခံစားရ၏။
“ကောင်းပြီ သတိထားပါ”
စိတ်ဝင်စားမှုကို ပျောက်ဆုံးသွားတဲ့ အလှလေးက စားပွဲပေါ်မှာ ရှိနေတဲ့ အရက်ခွက်ကို လက်တစ်ဖက်နဲ့ မ ပြီး အကုန်မော့ချ လိုက်တော့၏။ ထို့နောက်မှာ ကောင်းမင်ကို လျစ်လျူရှုပြီး စားပွဲပေါ်က အစားအသောက်များကို စတင် စားသုံးတော့သည်။
ထိုအချိန်တွင် အပြင်ဘက် လယ်ကွင်းနားရှိ ကြီးမားသော တဲအတွင်း၌
“သခင်ဖူမဲ့ ကျေးဇူးပြုပြီး တိတ်တိတ်နေပေးပါ။ ဘာလို့ ဒီလိုမျိုး ကြမ်းတမ်းတဲ့ စကားတွေကို ကျယ်လောင်စွာ ပြောရတာလဲ”
ရှကျိုးယွီရဲ့ စကားတွေကြောင့် မြို့နယ်အုပ်ချုပ်ရေးမှူးယန်ရဲ့ မျက်လုံးတွေက မျက်ခွံထဲမှ ဖောက်ထွက်လုနီးပါး ပြူးကျယ်လာခဲ့သည်။ မျက်စိရှေ့က ဆရာဘိုဘေးရဲ့ ပါးစပ်ကို ကြိုးနဲ့တုတ်နှောင်ချင်မိ၏။
မြို့နယ်အုပ်ချုပ်ရေးမှူးယန်က လောဘကြီးတဲ့ လူတစ်ယောက်ဖြစ်ပြီး ပိုက်ဆံကိုသာ တပ်မက်သည်။ ဒါပေမဲ့ တရှားတိုင်းပြည်ရဲ့ ဘုရင်အပေါ် ကြီးမားတဲ့ အမုန်းတရားတွေ မရှိသလိုမျိုး တိုက်ခိုက်ဖို့လည်း မတွေးခဲ့ဖူးဘူး။ ရှကျိုးယွီနဲ့ ပတ်သက်ပြီး မကောင်းပြောတာ လောက်သာ လုပ်ဖူး၏။
ဒါပေမဲ့ ဒီဖူမဲ့ကတော့ ဘုရင်ကို သတ်မယ်ဟု ယုံကြည်ချက်ရှိရှိ ကြွေးကြော်လာခဲ့သည်။
သူက သေးငယ်တဲ့ မြို့နယ် အုပ်ချုပ်ရေးမှူးတစ်ယောက်သာ ဖြစ်သည်။ သူ့ကိုအခုလို ကြီးမားတဲ့ ပုန်ကန်တဲ့ တာဝန်ကြီး ပေးအပ်လိုက်တာက မဖြစ်နိုင်တဲ့ အရာတစ်ခုပဲ။
“ဟမ်း ဘယ်လိုတောင် ကြွားဝါပြောဆို နေရတာလဲ။ တရှားတိုင်းပြည်ရဲ့ အရှင်မင်းကြီးက ဘယ်လောက်တောင် အစောင့်အကြပ်တွေ ထားထားလဲဆိုဝာာ မင်းမသိဘူးလား။ အရှင်မင်းကြီးရဲ့ အနားမှာ ပုန်းကွယ်နေတဲ့ ကိုယ်ရံတော် တပ်ဖွဲ့ ကတောင်မှ ထိပ်သီးအဆင့် ကျင့်ကြံသူတွေနဲ့ ပေါင်းစပ် ဖွဲ့စည်းထားဝာာပဲ။ မင်းကဘယ်လို ယုံကြည်ချက်နဲ့များ အရှင်မင်းကြီးကို သတ်နိုင်မယ်လို့ ကြွေးကြော်ရဲတာလဲ။ မင်းရဲ့ ကျင့်ကြံဆင့်က ဘယ်လောက်တောင် မြင့်နေလို့လဲ”
တာအိုဘုန်းကြီးရဲ့ မျက်နှာက ရွံရှာမှုတို့ ပြည့်နေခဲ့သည်။ ထိုသူက အလွန် ဒေါသထွက်နေဟန်ပဲ။ သူ့ရဲ့ တန်ဖိုးထားလှတဲ့ တပည့်ဖြစ်သူလည်း အဖမ်းအဆီး ခံထားရသည်။ သူတို့ ပြုလုပ်နေတဲ့ တရားမဝင် အစီအရင် ဖန်တီးမှုကလည်း အချိန်မရွေး ဖော်ထုတ်ခံရ နိုင်ချေရှိ၏။ အဲ့ဒီအချိန်ကြရင် အကုန်လုံး ကျဆုံးရလိမ့်မည်။
ဒီလိုအရေးကြီးနေတဲ့ အချိန်မှာမှ ဒီအသုံးမကျတဲ့သူက မဖြစ်နိုင်တဲ့ အကြံအစည်ကို ပြောဆိုရဲသည်။ ရှစ်ရန်ရဲ့ နှလုံးသား တစ်ခုလုံး စိတ်ပျက်လွန်းလို့ လွန်စွာ ပေါက်ကွဲ ချင်လာ၏။
“ကျေးဇူးပြုပြီး စိတ်ငြိမ်ငြိမ်ထားကြပါ နှစ်ယောက်လုံး။ လုပ်ကြံမှုဆိုတာ သေးငယ်တဲ့ ကိစ္စတစ်ခု မဟုတ်ဘူး။ ကျွန်တော်တို့ အများကြီး စဉ်းစားဖို့ လိုသေးတယ်။ ဒါကြောင့် ပုံမှန်လိုမျိုး ပြောဆိုလိုက်လို့ မရဘူး”
ရှကျိုးယွီရဲ့ မျက်နှာပေါ်က ဒေါသအရိပ်အယောင်များ ချက်ချင်းပဲ ပျောက်ကွယ်သွားခဲ့သည်။ သူ့ရဲ့ မျက်နှာက တနည်းတဖုံ ဆန်းကြယ် လာတော့၏။
ထို့ကြောင့် မြို့နယ် အုပ်ချုပ်ရေးမှူးယန်နဲ့ ရှစ်ရန်ပင် အံ့ဩသွားခဲ့သည်။ သူတို့က ဖူမဲ့ကို ရိုးရှင်းပြီး မနာလိုတတ်တဲ့ လူတစ်ယောက်ဟုသာ ထင်ခဲ့၏။ ဒါပေမဲ့ အခုလိုမျိုး ခံစားချက်ကို လျင်မြန်စွာ ပြောင်းလဲလိုက်ပုံက သူတို့ရဲ့ နှလုံးသား တစ်ခုလုံးကို တုန်ယင်သွားစေခဲ့သည်။ ကျောရိုးတစ်လျှောက်လုံး ချမ်းစိမ့်လာတော့၏။
တစ်ဖက်သူရဲ့ ကျင့်ကြံမှုကို ဝေခွဲမရနိုင်ဘူး။ ထိုသူသာ တိုက်ခိုက်လာမည်ဆိုရင် သူတို့နှစ်ယောက်လုံး အစွမ်းကုန် ကာကွယ်ရ လိမ့်မည်။
ရှကျိုးယွီရဲ့ ဆန်းကြယ်တဲ့ မျက်နှာထားကြောင့် မြို့နယ်အုပ်ချုပ်ရေးမှူးယန် မနေနိုင်စွာ မေးလိုက်တော့သည်။
“သခင်ဖူမဲ့က ဉာဏ်ပညာမြင့်မားတဲ့ သူတစ်ယောက်ဆိုတာ ကျုပ်နားလည်ပါတယ်။ သခင်ဖူမဲ့က အရည်အချင်း ရှိရုံသာမကဘူး ဗဟုသုတလည်း ကြွယ်ဝသေးတယ်။ ဒါပေမဲ့ ကျုပ်ကတော့ ဒီအခြေအနေကို အောင်မြင်နိုင်မယ်လို့ မထင်ဘူး။ ဒါကြောင့် သခင်ဖူမဲ့ ကျေးဇူးပြုပြီး အသေးစိတ် ရှင်းပြပေးပါ”
အရာရှိလောကရဲ့ အထက်ဖားအောက်ဖိ အခြေအနေကို ရင်းနှီးကျွမ်းဝင်ပြီးသား ဖြစ်တဲ့ မြို့နယ် အုပ်ချုပ်ရေးမှူးယန်က အလိုအလျောက်ပဲ မြှောက်ပင့် စကားများနဲ့ လိုရင်းကို ဆွဲခေါ်လိုက်သည်။ သူ့ရဲ့ မာနကိုချနင်းပြီး ရှကျိုးယွီကိုပါ အနည်းငယ် ချီးမြှောက်လိုက်၏။
ဒါပေမဲ့ ဘေးမှာရပ်နေတဲ့ တာအိုပညာရှင် ရှစ်ရန်ကတော့ အခြေအနေ မကောင်းပေ။ အစောပိုင်းကမှ ဖူမဲ့ကို မကျေမနပ်ဖြင့် အော်ဟစ်ချက်များ ထုတ်ခဲ့သေးသည်။ ဆဲတောင်ဆဲရေး လိုက်သေးသည်။ ဒါပေမဲ့ အခုတော့ မြို့နယ် အုပ်ချုပ်ရေးမှူးယန်က ချီးကျူးစကား ပြောဆိုလာ၏။ သူ့အတွက် ပတ်ဝန်းကျင်လေထုက အနေခက်ဖွယ် ဖြစ်လာတော့သည်။
ဒါပေမဲ့ ရှစ်ရန်လည်း ရှကျိုးယွီရဲ့ လုပ်ကြံရေး အစီအစဥ်ကို အသေးစိတ် သိချင်မိ၏။
ဒီလိုမျိုး လူသူနည်းပါးလှတဲ့ အရပ်ဒေသကို လာရောက်ပြီး အချိန်အများကြီး ပေးဆပ်ရုံတင်သာ မကပဲ စွမ်းအားနဲ့ အရင်းအမြစ်ကိုပါ ပေးဆပ်ထားရ၏။ ထို့ကြောင့် မလိုအပ်ဘဲ သူ့ရဲ့ ကြီးမားလှတဲ့ စိတ်ဝိညာဉ်စွမ်းအင် ကျောက်တုံး ထုတ်လုပ်မဲ့ အစီအစဉ်ကို လက်မလျော့နိုင်ပေ။ သူဖန်တီးထားတဲ့ ကြီးမြတ်မှုက အောင်မြင်တော့မည်။ ဒီလိုဆိုရင် အနာဂတ်မှာ များပြားလှတဲ့ စိတ်ဝိညာဉ်စွမ်းအင် ကျောက်တုံးတွေကို ပိုင်ဆိုင်လာမည်။
ဒါပေမဲ့ မထင်ထားစွာပဲ တရှားရဲ့ အရှင်မင်းကြီးက သူ့ရဲ့တပည့် ဖြစ်သူကို ဖမ်းခေါ်သွားခဲ့သည်။ ချီဝူသာ အမှန်တရားကို ထုတ်ပြလိုက်တာနဲ့ သူတို့ရဲ့ ကြိုးစားထားသမျှ အားလုံး သဲထဲရေသွန် ဖြစ်ရလိမ့်မည်။ ဒါကကောင်းမွန်တဲ့ အခြေအနေ တစ်ရပ်မဟုတ်ဘူး။ အခြေအနေမကောင်းရင် ခေါင်းပါ အဖြတ်ခံရနိုင်သည်။
“ကောင်းပြီ ကောင်းပြီ ဒါဆိုရင် သခင်ဖူမဲ့ ရှင်းပြပေးပါအုံး။ ငါ အစောပိုင်းက စိတ်လောသွားလို့ပါ။ ဒါကြောင့် ဒေါသ ထွက်စေခဲ့မိရင် တောင်းပန်ပါတယ်”
တာအိုဘုန်းကြီးရဲ့ မျက်နှာထက်မှာ ရှက်ရွံ့မှု အနည်းငယ် ဝင်ရောက်လာခဲ့သည်။ သူ့ရဲ့ ခန္ဓာကိုယ် တစ်ခုလုံးက မြောက်မြားစွာတဲ့ အပ်တွေ ထိုးစိုက်နေသလိုမျိုး နေရခက်လှပေမဲ့ သူ့ရဲ့နှလုံးသားကတော့ ရှကျိုးယွီရဲ့ အစီအစဉ်ကို မနေနိုင်စွာ တောင်းတနေ၏။ ဖူမဲ့ပြောလာမည့် စကားကို သေမတတ် ကြားချင်နေခဲ့သည်။
“ကျွန်တော် ပြောချင်တဲ့ လုပ်ကြံရေး အစီအစဉ်ဆိုတာ အဲ့ဒီအရည်အချင်း မပြည့်မှီတဲ့ အရှင်မင်းကြီးကို သတ်ဖို့အထိ မလိုအပ်ဘူး”
ရှကျိုးယွီ တည်ငြိမ်စွာ ပြောလိုက်သည်။
“သခင်ဖူမဲ့က စိတ်အမျိုးမျိုး ပြောင်းနေတာပဲ။ ခုနကကျ သတ်မယ်လို့ ပြောတယ်။ ခုကျတော့ သတ်မှာ မဟုတ်ဘူးလို့ ပြောပြန်တယ်။ ကျုပ်တို့ စိတ်ရှုပ်လာပြီ.. ဒါကြောင့် ဝေဝါးနေအောင် မလုပ်ပဲနဲ့ လိုရင်းကိုပြောပါတော့”
မြို့နယ်အုပ်ချုပ်ရေးမှူးယန်က ချွေးများ ပြည့်နေတဲ့ မျက်နှာနဲ့ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ ဒီကိစ္စက သူ့ရဲ့ ဂုဏ်သတင်းနဲ့သာမက.. သူ့ရဲ့ ဘဝနဲ့ပါ သက်ဆိုင်နေ၏။ သူ့ရဲ့ အခြေအနေက မြို့နယ် အုပ်ချုပ်ရေးမှူး တစ်ယောက်အနေနဲ့ တာအိုဘုန်းကြီးရှစ်ရန်လို ထွက်သွားချင်တိုင်း ထွက်သွားလို့ မရဘူး။
“ကျေးဇူးပြုပြီး မြို့နယ် အုပ်ချုပ်ရေးမှူးယန် စိတ်ရှည်ပါအုံး။ ကျွန်တော် ပြောဝာာကို သေချာ နားထောင်၊ ကျွန်တော် တို့ရဲ့ အရေးကြီး ကိစ္စက ချီဝူကို အရင်ဆုံးကယ်ရမှာ မဟုတ်ဘူးလား။ ဒီတော့ ကျွန်တော် တို့အနေနဲ့ အရင်ဆုံး ဖယ်ထုတ်ရမှာက နန်းတော်အနှံ့ကို ကာကွယ်ထားတဲ့ တပ်သားတွေကိုပဲ။ ပုန်ကန်တယ်ဆိုတဲ့ ခေါင်းစဉ်ကို အသုံးပြုပြီး တပ်သားတွေကို ထိတ်လန့်စေမယ်။ အဲ့လိုမျိုး ပဠိပက္ခ ဖြစ်နေချိန်မှာ ချီဝူကိုကယ်တင်ဖိုက အလွယ်လေး ဖြစ်သွားပြီ”
ရှကျိုးယွီရဲ့ စကားလုံးတွေက မိုးကြိုးသွား တစ်ခုလိုမျိုး အရှေ့က လူနှစ်ယောက်ရဲ့ နှလုံးသားကို ပြင်းထန်စွာ ရိုက်ခတ်သွားပြီး ချက်ချင်းပဲ ချွေးများ ပြည့်နှက်သွားစေ ခဲ့သည်။ သူတို့ရဲ့ နှလုံးသားထဲမှာ ရှကျိုးယွီရဲ့ ပုံရိပ်က ချက်ချင်းပဲ မြင့်မားလာ၏။
ဒါဆိုရင် ဒါတွေ အားလုံးက သူတို့ရဲ့ မဟာအစီအစဉ်ကို ဖုံးကွယ်ဖို့ အတွက်ပဲပေါ့။ ချီဝူထံကနေ သတင်းပေါက်ကြားပြီး သူတို့ရဲ့ မဟာအစီအစဉ်ကြီး ဖော်ထုတ်မခံရ စေရန် အခုလိုမျိုး လုပ်ကြံမှုအနေနဲ့ ထိုသူက စွန့်စားပေးခဲ့သည်။
“ဒါက အရမ်းစွန့်စားရာကျနေတယ်”
မြို့နယ် အုပ်ချုပ်ရေးမှူးယန်ရဲ့ စိတ်လှုပ်ရှားနေသော အခြေအနေက ရှကျိုးယွီရဲ့ စကားလုံးတွေကို သက်ရောက်စေခဲ့သည်။
စိတ်ဝိညာဉ်စွမ်းအင် စုဆောာင်းတဲ့ အစီအရင် ဖော်ထုတ်ခံရမည် ဆိုရင်တောင်မှ သူ့ရဲ့အသက်ကိုပဲ ဆုံးရှုံးရနိုင်သည်။ ဒါပေမဲ့ အရှင်မင်းကြီးကို လုပ်ကြံတဲ့ ကိစ္စရပ်သာ ဖော်ထုတ်ခံ ရရင်တော့လား..
သူမပြောနဲ့ သူ့ရဲ့ မိသားစုတစ်ခုလုံးပါ မျိုးဆက် ခုနှစ်ဆက်အထိ အသတ်ခံရလိမ့်မည်။
ဘေးမှာရပ်နေတဲ့ တာအိုဘုန်းကြီးရဲ့ မျက်လုံး ထဲမှာလည်း နက်ရှိုင်းမှုတစ်ချို့ ဝင်ရောက်လာခဲ့သည်။
မျက်စိရှေ့က ပုဂ္ဂိုလ်က ဉာဏ်နီဉာဏ်နက် များပြီး သာမန်သူ တစ်ယောက်နဲ့ ဆင်တူရုံတင်သာမကဘူး။ တစ်ချိန်ထဲမှာပဲ သတိကြီးပြီး ခန့်မှန်းရ မလွယ်ကူတာကို နားလည်လိုက်သည်။
ဒါပေမဲ့ သူတို့နှစ်ယောက်လုံးကလည်း အသီးသီး ဉာဏ်များပြီး လှည့်ဖြား တတ်သူများ ဖြစ်ကြသည်။ စိတ်ဝိညာဉ်စွမ်းအင် စုဆောင်းတဲ့ အစီအရင်ကနေ အကျိုးအမြတ် ရယူဖို့အတွက် ပူးပေါင်းခဲ့ကြတဲ့ သူတွေပဲ။ ဒါကြောင့် တူညီတဲ့ လူတွေကြားမှာ ယုံကြည်မှုက အလိုလိုဝင်ရောက်လာခဲ့သည်။ လူတစ်ယောက်က လုံလောက်အောင် လောဘကြီးနေမယ်ဆိုရင် ထိုသူက အကျိုးအမြတ် ရနေသ၍ ကိုယ့်အဖွဲ့ဝင်တွေကို သစ္စာဖောက်မှာ မဟုတ်ဘူး။
“ကောင်းပြီ သခင်ဖူမဲ့ရဲ့ စကားတွေက ငါ့ကို အလင်းပွင့်သွားစေတာပဲ။ ဒါဆိုရင် ငါတို့က ပရမ်းပတာဖြစ်နေတဲ့ အချိန်ကို အခွင့်ကောင်းယူပြီး ချီဝူကို ကယ်တင်ကြမှာပေါ့။ ဒါက အကောင်းဆုံး ရွေးချယ်စရာပဲ”
ရှစ်ရန်ကတော့ အတွေးများတဲ့ မြို့နယ် အုပ်ချုပ်ရေးမှူးယန် လိုမျိုး မတွန့်ဆုတ်ပေ။ သူ့အနေနဲ့ အချိန်မရွေး ထွက်သွားလို့ရ၏။ ကိစ္စတွေ အားလုံး ဖော်ထုတ်ခံရပြီဆိုရင် လုံခြုံတဲ့ နေရာတစ်ခုမှာ ပုန်းကွယ်လို့ ရနိုင်သည်။ သူ့ရဲ့ ဘဝက ဘယ်လိုပဲဆိုဆို လုံခြုံသာယာနေမှာပဲ။
ဒုတိယအချက် အနေနဲ့ ချီဝူက သူ့ရဲ့ တပည့် တစ်ယောက် ဖြစ်သည်။ ထို့အပြင် သူတန်ဖိုးထားရတဲ့ သူလည်းဖြစ်သေး၏။ ဆရာတပည့် ဆက်ဆံရေးကို ထည့်သွင်းစဉ်းစားခြင်းက ကျင့်ဝတ်နဲ့လည်း ကိုက်ညီသည်။
“ဒါပေမဲ့ ချီဝူဘယ်နေရာမှာလဲဆိုတာ ငါတို့ မသိဘူး”
တာအိုဘုန်းကြီးက အနည်းငယ် ဒုက္ခရောက်နေတဲ့ မျက်နှာနဲ့ ပြောလိုက်သည်။
တစ်ကယ်တော့ ဒီကိစ္စက စဉ်းစားရင်သာ လွယ်ကူသည်။ ဒါပေမဲ့ လက်တွေ့ အစီအစဉ်ချလိုက်ချိန်မှာ အခက်အခဲများစွာ ရှိနေဆဲပဲ။
“ဒါကရိုးရှင်းပါတယ် ခင်ဗျားတို့နှစ်ယောက် တစ်ချက်ကြည့်လိုက်”
ရှကျိုးယွီက သူ့ရဲ့ အင်္ကျီ နောက်ကျောမှာ ထိုးထည့်ထားတဲ့ အထုပ် တစ်ခုကို ယူလိုက်ပြီး စားပွဲပေါ်ကို တင်ပေးလိုက်သည်။