ကြီးမားတဲ့စားပွဲတော်
Vol. 18 Ch. 242
စာလိပ်ရှည်တစ်ခုက ဖြည်းညှင်းစွာဖြင့် စားပွဲပေါ်မှာ ဖြည်ချခံလိုက်ရသည်။ နန်းတော်ကို ပုံကြမ်းရေးဆွဲထားတဲ့ မြေပုံက အကုန်လုံးရဲ့ မျက်လုံးထဲကို ဝင်ရောက်လာ၏။
“ဒါက….ဒါက နန်းတော်ရဲ့ မြေပုံမှတ်လား”
မြေပုံရဲ့ အလယ်တည့်တည့်မှာ ရှိနေတဲ့ ရေပူစမ်းကြီးကို မြို့နယ်အုပ်ချုပ်ရေးမှူးယန် ချက်ချင်းပဲ မှတ်မိသွားခဲ့သည်။ သူ့ရဲ့မျက်လုံးထဲမှာ သံသယများ ပြည့်နှက်လာ၏။
ဖူမဲ့ရဲ့ သတင်းကွန်ယက်ကိုလည်း အထင်ကြီးသွားခဲ့သည်။ ဒီလို ကိစ္စမျိုးက အဆင့်မြင့်အရာရှိတွေသာ ရယူနိုင်တဲ့ ကိစ္စတစ်ခုပဲ။ ဖူမဲ့က အခုလိုမျိုး ထုတ်ပြလာနိုင်တယ် ဆိုမှတော့ သေချာပေါက် သူ့မှာ အရေးပါတဲ့ အဆက်အသွယ်တွေ ရှိနေရမည်။ ဖူမဲ့နဲ့ ပတ်သက်ပြီး သူ့ရဲ့ အံ့သြမှုတွေက နှစ်ဆမြင့်မားသွားခဲ့သည်။
တာအိုဘုန်းကြီးလည်း လျှင်မြန်စွာဖြင့် ရှေ့ကို ခြေနှစ်လှမ်း တိုးလာပြီး စားပွဲပေါ်က ပုံစံကို အသေးစိပ် စစ်ဆေးလိုက်သည်။ ထို့နောက်မှာ အလောတကြီး ပြောလိုက်၏။
“မင်းရဲ့ လက်ထဲကို ဒါဘယ်လိုလုပ် ရောက်လာတာလဲ။ ဒါက တိုင်းပြည်ရဲ့ ထိပ်သီးလျှို့ဝှက်ချက် မဟုတ်ဘူးလား”
အဖြူရောင် မျက်ခုံးမွှေး နှစ်ခုက ထိလုမတတ် စုကျုံ့နေပြီး သတိမမူမိစွာဖြင့် ရေရွတ်လိုက်သည်။
ထိုအချိန်မှာပဲ လူနှစ်ယောက်က ဖူမဲ့ကို တစ်ပြိုင်နက်ထဲ လှည့်ကြည့်လာခဲ့သည်။ ဒါပေမဲ့ သူတို့ရဲ့ အကြည့်တွေက ပုံစံပြောင်းလဲသွား၏။ ထူးဆန်းစွာ ပြောင်းလဲသွားတဲ့ သူတို့ရဲ့ အကြည့်ထဲမှာ အံ့သြမှုတို့ ပြည့်နှက်နေခဲ့သည်။ ရှကျိုးယွီရဲ့ အားကောင်းလှသော သတင်းကွန်ယက်ကြောင့် အနည်းငယ် ကြောက်ရွံ့မိသွား၏။
“သခင်ဖူမဲ့ ဒါက….”
“ကျုပ်တို့ ချီဝူကို ဘယ်လိုကယ်ရမလဲ ဆိုတာပဲ အရင်စဉ်းစားကြရအောင်လား”
ထိုအချိန်မှာ မြို့နယ်အုပ်ချုပ်ရေးမှူးယန်က စကားလမ်းကြောင်းလွှဲဖို့ ကြိုးစားလိုက်သည်။ သူကောင်းကောင်း နားလည်၏။ တစ်ချို့သော လျှို့ဝှက်ချက်တွေက မေးခွန်းထုတ်လို့မရဘူး။ အဲ့ဒါက ကိုယ့်ရဲ့ ပုံရိပ်ကိုပဲ အရူးတစ်ယောက်လို ဖြစ်သွားစေလိမ့်မည်။
သိုင်းလောကမှာလည်း ဒီလိုကိစ္စတွေက မေးခွန်းမထုတ်သင့်တဲ့ ကိစ္စတွေပဲ။ တရှားရဲ့ဘုရင်က ကျိကျီမြို့မှာ နန်းတော်ဆောက်ပြီး အနားယူနေခဲ့သည်။ ထိုအချိန်မှာပဲ နန်းတော်ရဲ့ အသေးစိတ် ပုံကြမ်းက မျက်စိရှေ့ မှာပေါ်ပေါက်လာ၏။ ဒီကိစ္စက လူအများကြီးနဲ့ ပတ်သက်နေမှာပဲ စိုးရသည်။
“ဒါကသေးငယ်တဲ့ အရာတစ်ခုပါ။ ကျွန်တော်တို့ အရေးကြီးကိစ္စကိုပဲ အာရုံစိုက်သင့်တယ်”
ထိုအချိန်မှာ ရှကျိုးယွီက စားပွဲပေါ်က အခါးရည်ခွက်ကို ယူလိုက်ရင်း တစ်ငုံသောက်လိုက်သည်။ ထို့နောက်မှာ အပြုံးတစ်ခုနဲ့ တည်ငြိမ်စွာ ပြောလိုက်၏။ သူ့ရဲ့ စကားသံက ပုံမှန်လိုမျိုး တည်ငြိမ်နေခဲ့သည်။
မြို့နယ်အုပ်ချုပ်ရေးမှူးယန်လည်း သူ့ရဲ့မျက်နှာပေါ်က အံ့သြမှုတွေကို အတတ်နိုင်ဆုံး ပြန်လည်ထိန်းချုပ်လိုက်၏။ ဒါပေမဲ့ သူ့ရဲ့ နှလုံးသားကတော့ အံ့သြနေဆဲပင်။
ဒီလူက ဘာတွေစီစဉ်နေတာလဲ.. ငါက ပိုက်ဆံပဲ ရှာချင်ခဲ့တာ။ ဒါပေမဲ့ သူက အာဏာရဖို့ ကြိုးစားနေတယ်။ သူက ငါတို့ကို သူ့ရဲ့အပေါင်းပါတွေ ဖြစ်လာအောင် ကြံစည်နေတာလား..
မြို့နယ်အုပ်ချုပ်ရေးမှူးယန် တစ်ယောက် ဆောင်းထားတဲ့ အရာရှိ ဦးထုပ်ကိုပင် ပြုတ်ကျလုမတတ် ဖြစ်သွားခဲ့သည်။ လျှင်မြန်စွာ ဦးထုပ်ကို ထိန်းညှိကာ ကိုယ်ဟန်ကို ထိန်းသိမ်းလိုက်ပေမဲ့ အံ့သြမှုကြောင့် မတတ်နိုင်စွာဖြင့် ခြေနှစ်လှမ်း အနောက်ဆုတ်သွားခဲ့သည်။ ထို့ကြောင့် မြေပြင်ပေါ်ကို လဲကျလုမတတ် ဖြစ်သွား၏။ သူ့ရဲ့ မျက်နှာပေါ်က ဂုဏ်သိက္ခာရှိ အရိပ်အယောင်တို့ ပျောက်ဆုံးသွားပြီး ချက်ချင်းပဲ ဖြူဖတ်သွားခဲ့သည်။ အဝါရောင်ချည်ထိုး အဆင့်ရှစ်အရာရှိတစ်ယောက်ရဲ့ ဝတ်ရုံအောက်က မြို့နယ်အုပ်ချုပ်ရေးမှူးယန်ရဲ့ လက်နှစ်ဖက်က အနည်းငယ် တုန်ယင်နေ၏။
“မင်းက တစ်ကယ်ပဲ ဘယ်သူလဲ။ တရှားရဲ့ ဘုရင်ကို တိုက်ခိုက်ဖို့ တစ်ကယ် ကြံစည်နေတာလား”
မြို့နယ်အုပ်ချုပ်ရေးမှူးယန် မနေနိုင်စွာ အတွေးများလာခဲ့သည်။ မျက်စိရှေ့က ရှည်လျားတဲ့ အရပ်အမောင်းကို ပိုင်ဆိုင်ထားတဲ့ ပုဂ္ဂိုလ်ရဲ့ အစောပိုင်းက ပြောစကားက မှန်ကန်ပုံ ရှိ၏။ နားထောင်ကြည့်လိုက်ရင် ချဲ့ကားပြီးမဖြစ်နိုင်တဲ့ စကားတစ်ခုနဲ့ တူညီပေမဲ့ လက်ရှိအခြေအနေကို စဉ်းစားလိုက်တာနဲ့ အဲ့ဒီအရာတွေက တစ်ဖက်လူရဲ့ အရှင်မင်းကြီးကို သတ်ချင်နေသော ရည်ရွယ်ချက်ကို မီးမောင်းထိုးပြနေခဲ့သည်။
ရှကျိုးယွီက လှောင်ရယ်မှုတစ်ချို့နဲ့ မြို့နယ် အုပ်ချုပ်ရေးမှူးယန်ကို ပြန်ကြည့်လိုက်ပါသည်။ သူ့ရဲ့ မျက်နှာက တည်ငြိမ်နေဆဲပင်။
“အကယ်လို့ မှန်တယ်ဆိုရင်ကော ဘာဖြစ်သလဲ။ မမှန်ဘူးဆိုရင်ကော ဘာဖြစ်သလဲ”
ရှကျိုးယွီရဲ့ မျက်နှာပေါ်က လှောင်ပြောင်မှုက လူတိုင်းရဲ့မျက်နှာထားကို များစွာ ပြောင်းလဲသွားစေသည်။
မြို့နယ်အုပ်ချုပ်ရေးမှူးယန် ရဲ့ လည်ပင်းတစ်ခုလုံး တင်းကြပ်လာသလို ခံစားလိုက်ရပြီး သူ့ရဲ့နဖူးပြင်က ချွေးများနဲ့ ပြည့်နှက်လာခဲ့သည်။ သူက လောဘကြီးတဲ့ သူတစ်ယောက်ဆိုပေမဲ့ အမှုထမ်းတစ်ယောက် အနေနဲ့ ရှင်ဘုရင််ပေါ်မှာ လေးစားမှု ရှိပါသေးသည်။ သစ္စာလည်း ရှိသေး၏။ အရှင်မင်းကြီးဘက်က ပေးကမ်းထားတာတွေကို ရယူထားမှတော့ လုံလောက်တဲ့ ခစားမှုကို ပြန်ပေးသင့်သည်။
မြို့နယ်အုပ်ချုပ်ရေးမှူးယန် ရဲ့ ထိန်းချုပ်မှုအောက်မှာ ကမ္ဘာကြီးက လုံးဝ ငြိမ်ဝပ်ပိပြားနေပြီး ကြည်လင်သန့်ရှင်းတဲ့ မြစ်ပြင်ဘေးက လှပငြိမ်းချမ်းတဲ့ မြို့အတွင်းမှာ တံခါးမသုံးဘဲ အိမ်ဆောက်လို့ရတဲ့အထိ မငြိမ်းချမ်းပါချေ။ သို့တိုင်အောင် ပြည်သူတွေအနေနဲ့ သာမာန်ဆန်သော ဘဝကို ရရှိပါသေး၏။
“မြို့နယ်အုပ်ချုပ်ရေးမှူးယန်က ဘာတွေသတိထားနေတာလဲ။ ကျွန်တော် ဒီမြေပုံကို ထုတ်ပြလာနိုင်တာက နန်းတော်ကို တည်ဆောက်တဲ့ အချိန်မှာ ကျွန်တော့်ရဲ့ ဆွေမျိုးတစ်ယောက် ပါဝင်တည်ဆောက်ခဲ့လို့ပဲ”
ရှကျိုးယွီရဲ့ နှုတ်ခမ်းက အပေါ်ကို အနည်းငယ် ပင့်တက်နေခဲ့သည်။ မြို့နယ်အုပ်ချုပ်ရေးမှူးယန် ရှိရာသို့ ခပ်ဖြည်းဖြည်း တိုးကပ်သွားလိုက်ပြီး ပုခုံးကို အသာပုတ်ပေးလိုက်သည်။ ထို့နောက်မှာမှ ဆက်လက်ပြောဆိုလိုက်၏။
“ကျွန်တော်တို့ရဲ့ ပင်မပန်းတိုင်က စိတ်ဝိညာဉ်စွမ်းအင် စုဆောင်းတဲ့ အစီအစဉ်ကနေ အကျိုးမြတ်ရယူဖို့ပဲ။ အရှင်မင်းကြီးကိုသာ ကျွန်တော်တစ်ကယ် သတ်ချင်နေရင် ခင်များတို့ နှစ်ယောက်ကို လာရှာဖို့ လိုအပ်ပါ့မလား”
မြို့နယ်အုပ်ချုပ်ရေးမှူးယန် ရဲ့ နှလုံးသားထဲက ကြောက်ရွံ့မှုတွေက တစ်ဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။
ဖူမဲ့ရဲ့ စကားကို အကြွင်းမဲ့ မယုံကြည်သေးပေမဲ့ ကျိုးကြောင်းသင့်သည်ဟု ထင်မြင်မိ၏။ ဖူမဲ့ နောက်ဆက်တွဲ ပြောဆိုခဲ့တဲ့စကားက ယုံကြည်နိုင်သည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူးယန် ယူဆခဲ့သည်။ အကယ်လို့ တစ်ဖက်လူကသာ ယုတ်မာပြီး အရှင်မင်းကြီးကို သတ်ချင်တဲ့ သူတစ်ယောက် ဖြစ်နေမယ်ဆိုရင် သူ့ရဲ့ သရုပ်မှန်ကို အခုလို ဖော်ပြပြီး လူလုံးထွက်မပြရဲဘူး။ ဒါ့အပြင် သူတို့ရဲ့ ဘေးမှာ ဖူမဲ့ထက် ကျင့်ကြံဆင့် မနိမ့်တဲ့ တာအိုဘုန်းကြီးလည်း ရှိနေသေးသည်။
“အဟဲ ခေါင်းဆောင်ဖူမဲ့။ ကျုပ်အတွေးများသွားတာပါ။ ခေါင်းဆောင်ဖူမဲ့ ပြောတာအဓိပ္ပါယ်ရှိတယ်”
ထိုအချိန်မှသာ တာအိုဘုန်းကြီးရှစ်ရန်က နဖူးပြင်က ချွေးတွေကို သုတ်လိုက်ရင်း စိတ်လျှော့လိုက်တော့သည်။
“ဒါဆိုရင် အစီအစဉ်ကို ဆွေးနွေး ကြရအောင်။ ကျွန်တော်တို့ လုပ်ရမဲ့ အရာက တစ်ကယ်တော့ ရိုးရှင်းပါတယ်”
ရှကျိုးယွီ ဖြည်းညင်းစွာ ပြောလိုက်သည်။
ဒီလိုနဲ့ လူသုံးဦးသည် ကြီးမားတဲ့ တဲအတွင်းမှာ အစီစဉ်ရဲ့ တာဝန်အသီးသီးကို ခွဲဝေယူလိုက်ကြ၏။
“အန္တရာယ်အများဆုံးအပိုင်းက တရှားရဲ့ ဘုရင်ကို လုပ်ကြံတဲ့နေရာပဲ။ ကျန်တာတွေက အာရုံထဲ ထည့်စရာမလိုဘူး”
တာအိုဘုန်းကြီးရဲ့ မျက်နှာထားက ချက်ချင်းပဲ တည်ငြိမ်သွားခဲ့သည်။ ဒီကိစ္စက တစ်ချိန်ထဲမှာ သေးငယ်တဲ့ ကိစ္စတစ်ခု ဖြစ်နိုင်သလို အလွန်ကြီးမားတဲ့ ကိစ္စတစ်ခုလည်း ဖြစ်လာနိုင်၏။ သူတို့က ဘယ်လိုပဲ အတုအယောင် လုပ်ကြံမှုကို ဖန်တီးနေပါစေ အမှန်တရားကို ဖော်ထုတ်ခံလိုက်ရတာနဲ့ ဘယ်သူကများ အတုအယောင်လား အစစ်အမှန်လားဆိုတာကို ခွဲခြားနေမှာလဲ။
“ခင်များတို့ နှစ်ယောက် အရမ်းစိတ်ပူဖို့ မလိုပါဘူး။ တရှားရဲ့ ဘုရင်ကို ကျွန်တော် နဲ့အပ်ထားလိုက်။ ခင်များတို့လုပ်ရမှာက ချီဝူကို ကယ်ထုတ်သွားဖို့ပဲ”
ထိုသူနှစ်ယောက်ရဲ့ ဇောချွေးပြန်နေပုံကို ကြည့်လိုက်တာနဲ့ မစွန့်စားရဲကြမှန်း ရှကျိုးယွီ အတပ်သိနေ၏။ ဒါပေမဲ့ အခုလိုမျိုး သေရေးရှင်ရေးကိစ္စကို ဖော်ထုတ်ပြီးမှတော့ နောက်ပြန်လှည့်ရိုး ထုံးစံမရှိဘူး။ ထို့ကြောင့် ကြီးမားတဲ့တာဝန်ကို သူကိုယ်တိုင်ပဲ ယူဆောင်လိုက်၏။ သူ့အနေနဲ့ ကိုယ့်ကိုကိုယ် သတ်ဖို့ကြိုးစားတာ ဒါပထမဦးဆုံး အကြိမ်မှ မဟုတ်တာပဲ။ ဒါက သူ့အတွက် အလေ့ကျင့် တစ်ခုတောင် ဖြစ်နေခဲ့ပြီ။
“စိတ်မပူနဲ့ အဲ့ဒါက အရမ်းမခက်ပါဘူး”
ရှကျိုးယွီက ယုံကြည်ချက်ရှိစွာ ပြောလိုက်သည်။
အစီစဉ်နဲ့ပတ်သက်ပြီး အသေးစိတ် တာဝန်ခွဲဝေပြီးတာနဲ့ ရှကျိုးယွီ တဲအတွင်းက ထွက်ခွာသွားခဲ့သည်။ နှေးကွေးစွာနဲ့ ပြန်လာခဲ့ပြီး နန်းတော်ထဲ ရောက်တာနဲ့ ပုံမှန် မိုးပြာရောင် ချည်ထိုးဝတ်စုံကို ပြောင်းလဲ ဝတ်ဆင်လိုက်သည်။ တော်ဝင်အိပ်ဆောင်မှာ အနားယူဖို့ သွားလိုက်ချိန်မှာပဲ အလွန်စိတ်ပူတဲ့ အမူအရာနဲ့ တံခါးရှေ့မှာ ရပ်စောင့်နေတဲ့ ဝေ့ကျုံးရှန့်ကို မြင်တွေ့လိုက်ရ၏။
ထိုသူက ချက်ချင်းပဲ အားတက်သရော ကြိုဆိုလာခဲ့သည်။ သူ့ရဲ့ ဝဖောင်းတဲ့ မျက်နှာထက်မှာ ရှကျိုးယွီကို မြင်တာနဲ့ ကြီးမားလှတဲ့ အပြုံးကြီးတစ်ခု ဖြစ်ပေါ်လာလေရဲ့။
ဝေ့ကျုံးရှန့် ချက်ချင်းပဲ သူ့ရဲ့ စည်ပိုင်းလိုခန္ဓာကိုယ်ကို လှုပ်ရှားကာ ရှကျိုးယွီ ရှိရာသို့ အပြေးတလွှား ရောက်ရှိလာ၏။
“အရှင်မင်းကြီးက ထပ်ပြီး အပြင်ထွက်သွားတာပဲ။ ကျွန်တော်မျိုး အရှင်မင်းကြီးကို စောင့်နေခဲ့တာ”
ထိုအချိန်မှာ ရှကျိုးယွီက လက်တစ်ဖက် မြှောက်လိုက်သည်။ အဆင်သင့်ရောက်လာတဲ့ နန်းတွင်းအစေခံတွေက ရှကျိုးယွီကို ကူညီပေးလိုက်ကြ၏။
“မင်းဘာလို့ ငါ့ကို စောင့်နေရတာလဲ။ ငါကိုယ်တော် အခုလိုမျိုး တိုင်းပြည်အတွင်း လှည့်လည် ခရီးထွက်လာတာက အနားယူဖို့အတွက်ပဲ။ အရေးကြီးကိစ္စတွေ ရှိနေရင်လည်း အကုန်ပယ်ဖျက်လိုက်။ အကယ်လို့ မင်းကသာ ငါကိုယ်တော်ရဲ့ အနားယူမှုကို နှောက်ယှက်ရဲရင်…”
ရှကျိုးယွီ ထိုမျှသာ ပြောခဲ့သည်။ ဝေ့ကျုံးရှန့် အလျိုလျောက်ပဲ စကားလုံးနောက်ကွယ်က အဓိပ္ပါယ်ကို နားလည်လိုက်၏။ ချက်ချင်းပဲ ဒူးထောက်ကာ အကြိမ်ကြိမ် အရိုအသေပေးလိုက်သည်။ သူ့ရဲ့ မျက်နှာထက်က ပြုံးပျော်နေတဲ့ အမူအရာက ကြောက်ရွံ့မှုသို့ ရုပ်ချည်းပြောင်းလဲသွား၏။
“ဒီအစေခံက သေသင့်ပါတယ်။ အရှင်မင်းကြီးရဲ့ အနားယူမှုကို ကျွန်တော်မျိုး နှောက်ယှက်ခဲ့မိတယ်။ ဒီအစေခံ အကြိမ်ပေါင်းများစွာ သေသင့်ပါတယ်”
ထို့ကြောင့် ရှေးလူကြီးများက မင်းခစား ကမ်းနားသစ်ပင်ဟု ပြောဆိုခဲ့ကြသည်။ အရှင်မင်းကြီး တစ်ယောက်ရဲ့ အာဏာက ခန့်မှန်းလို့ မရနိုင်ပေ။ အထူးသဖြင့် ရှကျိုးယွီလိုမျိုး လုပ်ချင်ရာလုပ်တတ်တဲ့ ရှင်ဘုရင်တစ်ယောက်ပဲ။ သူ့ရဲ့စကားလုံးတစ်လုံးစီနဲ့ လုပ်ဆောင်မှု တစ်ခုချင်းစီက မတူညီတဲ့ အရှိန်အဝါနဲ့ ပြောင်းလဲမှုကို ဖြစ်ပေါ်စေနိုင်သည်။
“အရှင်မင်းကြီး စိတ်လျော့တော်မူပါ။ ဒီအစေခံက အရှင်မင်းကြီးရဲ့ လုံခြုံမှုကို စိတ်ပူမိပြီး မသိလိုက်ပဲ အရှင်မင်းကြီးရဲ့ အနားယူမှုကို နှောက်ယှက်ခဲ့မိပါတယ်”
ရှကျိုးယွီရဲ့ ဖိနှိပ်မိကြောင့် ကမ္ဘာပေါ်က ထိပ်သီးပုဂ္ဂိုလ် တစ်ယောက်လိုမျိုး ပြုမူနေတဲ့ မိန်းမစိုးခမျာ အသည်းအသန် ငိုယိုလေတော့၏။ သူ့ရဲ့ပုံစံက လွန်စွာ ကြောက်ရွံ့ တုန်လှုပ်နေဟန်ရှိသည်။
ရှကျိုးယွီ ကတော့သူထိုရဲ့ အရည်ချင်းရှိလှတဲ့ သရုပ်ဆောင် စွမ်းရည်ကိုသာ လေးစားမိသည်။
“ဟုတ်ပြီ မတ်တပ်ထတော့”
နန်းတွင်းအစေခံမလေး ခွံ့ကျွေးလာတဲ့ သစ်သီးကို ရှကျိုးယွီ ပါးစပ်အသာဟရင်း စားလိုက်သည်။ ထို့နောက်မှာ ဝေ့ကျုံးရှန့်ကို ပုံမှန်လို ပြောလိုက်၏။
“ဒီမြို့က တော်တော်လေး ပျင်းရိဖို့ ကောင်းတာပဲ။ ဒါကြောင့် ဒီနေ့ညမှာ ငါကိုယ်တော်က မြို့တော်တစ်ခုလုံး ပူးပေါင်းပါဝင်နိုင်မဲ့ ပွဲတော်တစ်ခု ကျင်းပမယ်။ နန်းတော်ထဲမှာ စားသောက်ပွဲတစ်ခု တည်ခင်းလိုက်။ အဲ့ဒီအရာရှိတွေက ငါကိုယ်တော်ကို တွေ့ချင်နေကြတာမလား။ သူတို့အားလုံး လာရောက်ပါစေ”
ရှကျိုးယွီရဲ့ အမိန့်တစ်ခွန်းက ကျိကျီမြို့ တစ်ခုလုံးကို အံ့သြမှုတို့ ပြည့်နှက်သွားစေခဲ့သည်။ ရှကျိုးယွီ ကပြည်သူတွေအားလုံးကို အနားယူဖို့ မိန့်ဆိုခဲ့မှတော့ အားလပ်ရက်မဟုတ်ရင်တောင် အကုန်လုံး အနားယူလိမ့်မည်။
မြေပြင်ပေါ်မှာ ဒူးထောက်နေတဲ့ ဝေ့ကျုံးရှန့်ရဲ့ မျက်နှာက ချက်ချင်းပဲ ပျော်ရွှင်မှုတို့ ပြည့်နှက်သွား၏။ နောက်ဆုံးတော့ သူ့ရဲ့အခွင့်အရေးက ရောက်ရှိလာခဲ့ပြီ။ အခုလို ကြီးမားတဲ့ စားသောက်ပွဲကနေ အကျိုးမြတ်အများကြီး ယူဆောင်ပေးနိုင်သည်မလား..
ဒီကျိကျီမြို့မှာ အရှင်မင်းကြီးရဲ့ မျက်နှာကို တွေ့ခွင့်ရဖို့ လူဘယ်နှစ်ယောက်တောင် အသည်းအသန် ဖြစ်နေခဲ့တာမလို့လဲ။ ကျိကျီမြို့ မှာရှိတဲ့ အရာရှိတွေသာမက ချမ်းသာတဲ့ စံအိမ်အသီးသီးကပင် အရှင်မင်းကြီးနဲ့ တွေ့ခွင့်ရဖို့ စိတ်ဝင်တစား စောင့်ဆိုင်းနေခဲ့ကြသည်မလား။
“အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး။ ကျွန်တော်မျိုး အခုပဲ ဆောင်ရွက်လိုက်ပါ့မယ်”
ဝေ့ကျုံးရှန့် ဖြည်းညင်းစွာ မတ်တပ်ပြန်ရပ်လိုက်ပြီး ခပ်ဖြည်းဖြည်း ဆုတ်ခွာသွားလိုက်သည်။ ရှကျိုးယွီရဲ့ မြင်ကွင်းတစ်ဆုံးကနေ ပျောက်ကွယ်သွားချိန်မှသာ ပုံမှန်လိုမျိုး မတ်တပ်ပြန်ရပ်ရဲ၏။ ထိုအချိန်မှ စားသောက်ပွဲအတွက် စတင်ပြင်ဆင်တော့သည်။
ဒါပေမဲ့ ရှကျိုးယွီကတော့ အနားယူလို့ မရနိုင်သေးပေ။ သူ့မှာကိစ္စတွေ ရှိနေသေး၏။ ကိုယ့်ကိုကိုယ်လုပ်ကြံမဲ့ အစီအစဉ်အတွက် ပြင်ဆင်စရာရှိသည်များကို ပြင်ဆင်ရအုံးမည်။ ဒီကိစ္စတွေက သူများတွေကို ခိုင်းစေလို့မှမရတာပဲ။
ထို့ကြောင့် ထိုအရေးကြီးကိစ္စတွေကို ရှကျိုးယွီ ရွေးချယ်စရာမရှိပဲကိုယ်တိုင် လုပ်ဆောင်ရတော့သည်။
“ငါ့အနေနဲ့ ကိုလုပ်တော်ကျင်းကို စောင့်နေခိုင်းရတော့မယ်”
ရှကျိုးယွီသည် အနောက်ဆောင်မှာပဲ အနားယူချင်ခဲ့သည်။ ဒါပေမဲ့ တိုင်းပြည်ကို ဖျက်ဆီးဖို့အတွက် ကြိုးစားရအုံးမည်မလား။
ရှကျိုးယွီက ချီဝူကို ကယ်တင်ဖို့ အစီအစဉ် ဆွဲနေချိန်မှာပဲ တစ်ဖက်က လီယုဟန်လည်း သတင်းကောင်းကို ကြားခဲ့သည်။
“ဂိုဏ်းတူအမ ကျွန်တော် သတင်းကောင်းတစ်ချို့ ရထားတယ်”
ကောင်းမင် စိတ်လှုပ်ရှားစွာဖြင့် လီယုဟန် ရှိရာသို့ ရောက်လာခဲ့သည်။ သူ့ရဲ့မျက်နှာတစ်ခုလုံးက ပျော်ရွှင်မှုတို့ ပြည့်နှက်နေ၏။
“အရှင်မင်းကြီးက ဒီနေ့ညမှာ ပွဲတော်တစ်ခုတည်မယ်လို့ ကြားထားတယ်။ လူတွေအများကြီး ရှိနေတာကို အခွင့်ကောင်းယူပြီး နန်းတော်ထဲ ခိုးဝင်ကြရအောင်။ အချိန်ကျလာပြီဆိုရင် အစောင့်တွေ သတိလွတ်နေတဲ့အချိန်မှာ အဲ့ဒီအသုံးမကျတဲ့ လူရဲ့ခေါင်းကို တစ်ချက်ထဲနဲ့ ရှင်းပစ်လို့ရပြီမို့လား။ အဲ့ဒီအစီစဉ်မကောင်းဘူးလား”
လီယုဟန် ချက်ချင်းပဲ မျက်ခုံးတစ်ဖက်ပင့်ကာ ကြည့်လိုက်သည်။ သူမရဲ့ကြည်ရှင်းတဲ့အသံက အက်ရှနေပြီး မုန်းတီးမှုတို့ ပါဝင်နေ၏။
“သူကိုသတ်မယ်လို့ ဘယ်သူပြောလို့လဲ။ နင်လား၊ နင်သူ့ကိုသတ်ချင်လို့လား”