← Chapters

ဂိုဏ်းတူအမရေ ဒဏ်ရာရသွားတာ..ကျွန်တော်ပါလို့)

Vol. 18 Ch. 243

ဂိုဏ်းတူအမရေ ဒဏ်ရာရသွားတာ..ကျွန်တော်ပါလို့)

Vol. 18 Ch. 243

လီယုဟန်ရဲ့ အေးစက်တဲ့ စကားလုံးတွေက ကောင်းမင်ရဲ့ ခေါင်းတည့်တည့်ကို ရေအေးနဲ့ လောင်းချလိုက်သလိုမျိုး နိုးထသွားစေခဲ့သည်။ ကောင်းမင်ရဲ့ နှလုံးသားထဲက စိတ်လှုပ်ရှားမှုတွေကို အပြီးတိုင် ရိုက်ချိုးလိုက်လေ၏။ သူ့ရဲ့ပျော်ရွှင်နေတဲ့ မျက်နှာက နေရာမှာတင် အေးခဲသွားခဲ့သည်။

"ဒါပေမဲ့ ဂိုဏ်းတူအစ်မ၊ ဒါက..."

ကောင်းမင် ဘယ်လိုရှင်းပြရမလဲ မသိတော့ပေ။ ဒါပေမဲ့ သူ့ရဲ့ ဂိုဏ်းတူအစ်မက အလွန် စိတ်ပျက်နေဟန်ရှိ၏။ ထို့ကြောင့် သူ့ရဲ့ပုံစံကလည်း အလိုအလျောက် တောင့်တင်းလာပြီး ဘယ်လိုဖြေရှင်းရမလဲ မသိတော့ပေ။

ဒါပေမဲ့ လီယုဟန်ရဲ့ စိတ်ကတော့ ကောင်းမင်ကို ဂရုမစိုက်ပါချေ။ သူမက ကြားခဲ့ရတဲ့ သတင်းနဲ့ပတ်သက်ပြီး စဥ်းစားနေ၏။ ရှကျိုးယွီက ညဘက်မှာ ပွဲတော် စီစဥ်စေတဲ့အတွက် ရှကျိုးယွီနဲ့ သူမ တွေ့ခွင့်ရတော့မည်။ သူမရဲ့နှလုံးသားက မနေနိုင်စွာ ပျော်ရွှင်သွား၏။ သူမရဲ့ ခန္ဓာကိုယ်ထဲက အကောင်ပေါက်က ချက်ချင်းပဲ အသက်ဝင် လှုပ်ရှားလာခဲ့သည်။ နှလုံးသားမှ စတင်လာတဲ့ ပူနွေးမှုက ထိန်းမရနိုင်တဲ့ ရေကြီးမှုတစ်ခုလိုမျိုး ခန္ဓာကိုယ်တစ်ခုလုံးကို လှိုက်စားသွား၏။

ခုခံမှုတစ်ချို့၊ တက်ကြွမှုတစ်ချို့နဲ့ ဒေါသတစ်ချို့ရဲ့ ထိတွေ့မှုကြောင့် တင်းကျပ်စွာ စုကြုတ်ထားသော မျက်ခုံးနှစ်ခုပင် သတိမထားမိလိုက်ခင်မှာ အလိုအလျောက် ပြေလျော့သွားခဲ့သည်။ သူမရဲ့ လှပတဲ့ မျက်လုံးတွေက အနည်းငယ် ရှုပ်ထွေးနေဟန်ပဲ။

"ဒါဆိုရင် ကျွန်တော်တို့ နန်းတော်ထဲကို ဒီည သွားဦးမှာလား"

ဂိုဏ်းတူအစ်မရဲ့ တစ်ဖြည်းဖြည်း ရှုပ်ထွေးလာတဲ့ မျက်နှာထားကြောင့် ကောင်းမင် ဘယ်လိုမှ အဖြေရှာမရနိုင်တော့ပေ။ သူ့ရဲ့ မျက်လုံးတွေက လီယုဟန်ပေါ်မှာပဲ ကပ်ငြိနေ၏။ ပါးစပ်ဖွင့်လိုက် ဟလိုက်နဲ့ အချိန်အကြာကြီးနေသည်အထိ တွန့်ဆုတ်နေပြီးမှ နောက်ဆုံး မနေနိုင်စွာ မေးလိုက်တော့တာပင်။

"သွားရမယ် သေချာပေါက် သွားရမှာပေါ့"

လီယုဟန်ရဲ့ခေါင်းက ချက်ချင်းပဲ မော့လာကာ အက်ရှတဲ့အသံနဲ့ လျင်မြန်စွာ ဖြေကြားလိုက်သည်။ သူမက နန်းတော်ထဲကိုတင် သွားချင်တာ မဟုတ်ဘူး။ တရှားရဲ့ အရှင်မင်းကြီး ရှကျိုးယွီရဲ့အရှေ့မှာ ထပ်မံပေါ်ပေါက်ချင်ခဲ့သည်။ သူမကို ဘာကြောင့် လိမ်ညာခဲ့သလဲ မေးချင်မိ၏။

ညအချိန်သို့ ရောက်လာခဲ့ပေမဲ့ ကျိကျီမြို့နယ် တစ်ခုလုံးမှာ အသက်ဝင်လျက်ရှိပြီး အိမ်တိုင်းစေ့ မီးများထွန်းလင်းထား၏။ လမ်းမပေါ်မှာ ပျော်ရွှင်စွာ ဆော့ကစားနေကြတဲ့ ကလေးများ ပြည့်နေသည်။ ဘေးနှစ်ဖက်နှစ်ချပ်ရှိ စားသောက်ဆိုင်များကလည်း တစ်ညလုံး ဖွင့်မည့်ဟန်ရှိ၏။ စားပွဲပေါ်မှာ အလျှံပယ် ခင်းကျင်းထားတဲ့ အရက်ကောင်းများနှင့် အစားအသောက်ကောင်းများက အကုန်လုံးရဲ့ မျက်စိကို ဖမ်းစားနိုင်ခဲ့သည်။

လီယုဟန်ရဲ့ လှပတဲ့ မျက်လုံးများက အသက်ဝင်လှသော မြို့နယ်တစ်ခုလုံးကို လှည့်ပတ်ကြည့်ရှုနေခဲ့သည်။ သူမက အနက်ရောင် ကိုယ်ကျပ်ဝတ်စုံကို ဝတ်ဆင်ထား၏။ တိကျတဲ့ ကောက်ကြောင်းကို ဖော်ထုတ်လိုက်သဖြင့် မိန်းမတစ်ယောက်ရဲ့ ဆွဲဆောင်မှုတို့ ပေါ်ထွက်လာခဲ့သည်။

သို့ပေမဲ့ လီယုဟန်ရဲ့ အနောက်က လိုက်ပါလာတဲ့ ကောင်းမင်သည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ လီယုဟန်ရဲ့ ကိုယ့်ကိုယ်ကို ဖုံးကွယ်တဲ့အဝတ်နဲ့ နှိုင်းယှဉ်လိုက်မည်ဆိုရင် ကောင်းမင်ရဲ့ အဝတ်အစားက ထင်းနေလေရဲ့။

"နင် ရူးနေတာလား”

လီယုဟန် အနည်းငယ် အလိုမကျဟန်နဲ့ ကြည့်ကာ ပြောလိုက်သည်။

"ငါတို့က သတင်းစုံစမ်းဖို့ လျှို့ဝှက်ပြီး သွားရမှာလေ။ နင် ဒီလောက်ကြီး ထင်းနေအောင်ဝတ်တာ အဝေးကနေ မြင်နေရအောင်လား"

သို့ပေမဲ့ ကောင်းမင်က လက်နောက်ပစ်ထားပြီး ဂုဏ်သိက္ခာရှိတဲ့ သခင်လေးတစ်ယောက်ရဲ့ ပုံစံကို ထိန်းသိမ်းထားဆဲပင်။ သူ့ရဲ့မျက်နှာထက်မှာ ဂုဏ်ယူမှုတစ်ချို့ ရှိနေလေ၏။

"ဂိုဏ်းတူအစ်မ ဘာတွေ စိတ်ပူနေတာလဲ။ ဒီကိစ္စက ကိစ္စကြီးတစ်ခုမှ မဟုတ်တာဘဲ။ ကျွန်တော်တို့က သာမန်နေရာတစ်ခုကို စစ်ဆေးကြရုံတင်လေ။ ကျွန်တော်တို့ နှစ်ယောက် အတူတူ အလုပ်လုပ်နေတဲ့ဟာကို ဘာကိုစိတ်ပူနေရမှာလဲ။ ဒီနေရာက တရှားဘုရင်ရဲ့ နန်းတော် ဖြစ်နေတော့ရော ဘာဖြစ်သလဲ"

ကောင်းမင်ရဲ့ မောက်မာသော ပြောစကားကြောင့် လီယုဟန် အနည်းငယ် ရွံရှာသွား၏။ သူမရဲ့ ဂိုဏ်းတူမောင်လေးသည် သာမန် အဆင့်၅ ကျင့်ကြံသူတစ်ယောက် ဖြစ်ရုံတင်သာမကဘူး။ ပါလာခဲ့တဲ့ စိတ်ဝိညာဉ်စွမ်းအင် ကျောက်တုံးကလည်း နည်းပါးသေး၏။ ဒါပေမဲ့ မောက်မာပြီး ထိန်းမရတဲ့ အမူအကျင့်ကို ပိုင်ဆိုင်ထားသေးသည်။ တော်တော်လေး စိတ်ပျက်ဖို့ကောင်းတာပဲ။

"ဂိုဏ်းတူအစ်မ စိတ်မပူပါနဲ့။ အကယ်လို့ ဂိုဏ်းတူအစ်မ ပြဿနာတက်မယ်ဆိုရင် ကျွန်တော်ကောင်းမင် သေချာပေါက် ကယ်တင်ပေးမယ်"

ကောင်းမင်က ရိုးသားလှတဲ့ မျက်လုံးများနဲ့ ပြောဆိုခဲ့ပြီး တစ်ဆက်တည်းမှာ စိတ်ပိုင်းဖြတ်လိုက်၏။ ဂိုဏ်းတူအစ်မသာ ဒုက္ခရောက်နေပြီဆိုရင် သူ့ရဲ့အသက်နဲ့ ရင်းပြီးပါ ကယ်တင်ပေးမည်။

ကောင်းမင် ချက်ချင်းပဲ ခါးမှာချိတ်ဆွဲထားတဲ့ စိတ်ဝိညာဉ်စွမ်းအင် ကျောက်တုံးထည့်ထားသော အိတ်ကို ထိကိုင်လိုက်သည်။ အိတ်အတွင်းက များပြားလှတဲ့ စွမ်းအင်ကျောက်တုံးတွေက သူ့ကို နှိုင်းယှဉ်မရတဲ့ ယုံကြည်မှုများ ပေးစွမ်းနိုင်၏။

လီယုဟန် အလွန်ကူကယ်ရာမဲ့စွာ ခံစားလိုက်ရသည်။ သူမရဲ့မျက်လုံးများက ထိုမောက်မာတဲ့ မျက်နှာထားကို ထပ်မံပြီး မကြည့်ရှုနိုင်တော့ပေ။ ထို့ကြောင့် ရိုးရှင်းစွာပဲ အကြည့်လွဲလိုက်တော့သည်။ ထို့နောက်မှာ ပုံမှန်လိုမျိုး ပြန်ဖြေပေးလိုက်၏။

"ဒါဆိုရင်လည်း ကျေးဇူးတင်ပါတယ်။ နင့်ရဲ့ ကျင့်ကြံဆင့်ကိုသာ အမြန်တက်အောင်လုပ်နိုင်ဖို့ ငါ မျှော်လင့်တယ်"

တကယ်တော့ သူမရဲ့စိတ်ထဲမှာ နောက်ထပ် ပြောချင်နေခဲ့သည်။ သူမတို့ရဲ့ စုံစမ်းမှုက အလျင်လိုနေသည့်အတွက် ထိုသူရဲ့ အသုံးမကျမှုကြောင့် နောက်ကျကျန်ခဲ့မည်ကို စိုးရိမ်နေရ၏။

ဒီလိုနဲ့ပဲ လီယုဟန်သည် တောက်ပစွာ အလင်းပေးထားတဲ့ ကွမ်ယန်နန်းတော်အနီးသို့ တစ်ဖြည်းဖြည်း တိုးကပ်သွားလိုက်သည်။ နန်းတော်တစ်ခုလုံးက မနက်ခင်းအချိန်လိုမျိုး တောက်ပလင်းလက်နေခဲ့သည်။

အနီရောင်ဂိတ်ပေါက်၏ ထိပ်ဆုံးတွင် အနက်ရောင် အောက်ခံပြားပေါ်၌ ရွှေရောင်စာလုံးများဖြင့် စကားလုံးလေးလုံးကို ရှင်းလင်းစွာ ရေးသားထားသည်။

"ကျိကျီမြို့ရဲ့ တော်ဝင်နန်းတော်"

"ကြည့်ရတာ ဒီနေရာဖြစ်မယ့်ပုံပဲ။ ကဲ ဝင်ကြစို့"

လီယုဟန် ချက်ချင်းပဲ သူမရဲ့ အဝတ်အစားကို ပြုပြင်လိုက်သည်။ ထို့နောက်မှာ အနောက်မှာ စိတ်လှုပ်ရှားစွာ ရပ်နေတဲ့ ကောင်းမင်ကို လျစ်လျူရှုပြီး ပေါ့ပါးစွာဖြင့် နန်းတော်အတွင်းသို့ ခုန်ဝင်သွားလေ၏။

သူတော်စင်တစ်ယောက်လို ဖြူစင်စွာ ဝတ်ဆင်ထားတဲ့ ကောင်းမင်တစ်ယောက် မြန်ဆန်တဲ့ အဖြစ်အပျက်ကြောင့် အံ့သြသွားခဲ့သည်။ ဂိုဏ်းတူအစ်မ ရှိရာသို့ အလျင်အမြန်လိုက်ဖို့ ကြိုးစားလေ၏။ ဒါပေမဲ့ ကံဆိုးစွာနဲ့ ကိုယ့်အဝတ်နှင့်ကိုယ် တက်နင်းမိကာ ပြုတ်ကျမလို ဖြစ်ခဲ့သည်။

ဂိုဏ်းတူအစ်မများ ငါ့ကို မြင်သွားပြီလား...

ကောင်းမင်ရဲ့ ပထမဦးဆုံး တုံ့ပြန်ချက်က လီယုဟန်ကို ခိုးကြည့်လိုက်ခြင်းပဲ။ ထိုအချိန်မှာပဲ သူ့ကို တောက်ပပြီး ပြူးကျယ်လှတဲ့ မျက်ဝန်းများနဲ့ ကြည့်ရှုနေတဲ့ လီယုဟန်ကို သတိထားမိသွားခဲ့သည်။

အချိန်တစ်ခဏ ကြာသည်အထိ ပတ်ဝန်းကျင် တစ်ခုလုံးက အေးစက်သွားလေရဲ့။

အတွင်းပိုင်း အရှက်ရမှု…

အချိန်တစ်ခဏ ကြာပြီးနောက်မှာ သူတို့နှစ်ယောက်လုံး နန်းတော်ရှိရာသို့ ပြန်လည် ကြည့်ရှုလိုက်ကြသည်။ နန်းတော်တစ်ခုလုံးက လွန်စွာ အသက်ဝင် လှုပ်ရှားနေလေရဲ့။ လေထုထဲမှာ အစားအသောက် မျိုးစုံရဲ့ ရနံ့များ မွှေးပျံ့နေခဲ့ပြီး ရယ်သံတို့နဲ့ တန်ဆာဆင်ထားခဲ့သည်။ မကြာခဏဆိုသလို နားဝင်ချိုလှတဲ့ အရက်ခွက်ချင်း တိုက်ခတ်သံကို ကြားရလိမ့်မည်။ စားပွဲရှည်ကြီးပေါ်တွင် အမျိုးအစား စုံလင်လှတဲ့ အရက်ကောင်းများကို ခင်းကျင်းပေးထား၏။ ထို့အတူ မတူညီတဲ့ စားကောင်းသောက်ဖွယ် အမျိုးမျိုးကိုလည်း စိတ်ကြိုက် သုံးဆောင်နိုင်စေရန် ထားပေးထားသည်။

ခန်းမအတွင်းက နဂါးပလ္လင်ထက်တွင် တိုင်းပြည်ဘုရင် ထိုင်နေပြီး ထိုသူက စီးမိုးစွာဖြင့် အောက်က မြင်ကွင်းကို ကြည့်ရှုနေခဲ့သည်။ ခန်းမအတွင်းတွင် ကပြဖျော်ဖြေသံများနှင့် ပြည့်နှက်နေ၏။ နန်းတော်တစ်ခုလုံးရဲ့ မြင်ကွင်းတိုင်းသည် အပျော်အပါး လိုက်စားတဲ့ နေရာတစ်ခုလိုမျိုး အသက်ဝင် လှုပ်ရှားနေခဲ့သည်။

"ဒီတရှားတိုင်းပြည်ရဲ့ ဘုရင်က ဘယ်လို ပျော်ပါးရမလဲဆိုတာ ကောင်းကောင်းသိတာပဲ။ သူက သေချာပေါက် ဘုရင်ဆိုးတစ်ယောက် ဖြစ်ရမယ်"

မျက်စိရှေ့က ခမ်းနားလှတဲ့ မြင်ကွင်းကို ကြည့်နေရင်း ကောင်းမင် မနာလိုစွာ ပြောဆိုလိုက်သည်။

ဒါပေမဲ့ ဘေးမှာရပ်နေတဲ့ လီယုဟန်ကတော့ လုံးဝ လျစ်လျူရှုထားလေရဲ့။ သူမရဲ့ လှပတဲ့ မျက်လုံးတွေက ပလ္လင်ပေါ်က ရှကျိုးယွီကိုသာ စူးစိုက်ကြည့်နေခဲ့သည်။ ထိုသူက ဘေးမှာ ခစားပေးနေတဲ့ နန်းတွင်းအစေခံများနှင့် သာယာနေပုံပဲ။

"အချိန်ကျပြီဆိုတော့ အကုန်လုံး ရောက်လောက် ပြီမလား"

မြို့နယ်အုပ်ချုပ်ရေးမှူးယန်နဲ့ တော်ဝင်ဆရာကြီး ရှစ်ရန်တို့နဲ့အတူ ရှကျိုးယွီ ပူးပေါင်းစီစဉ်ထားခဲ့သည်။ ညအချိန် ၉နာရီကျော်တာနဲ့ အတွင်းနန်းတော်ထဲသို့ လုပ်ကြံသူများ ဝင်ရောက်လာပြီး ပရမ်းပတာ ဖြစ်စေလိမ့်မည်။ ထိုအချိန်တွင် ကွမ်ယန်နန်းတော်ရှိ တော်ဝင်အစောင့်တွေ အားလုံးက ပင်မဆောင်မှာပဲ စုဝေးလာလိမ့်မည်။

ဒါဆိုရင် အဖမ်းခံထားတဲ့ ချီဝူကို တော်ဝင်ဆရာကြီး ရှစ်ရန် ကယ်တင်ပေးလို့ ရသွားပြီ။ ထို့နောက်မှာ မြို့နယ်အုပ်ချုပ်ရေးယန်က နန်းတော်အပြင်မှာ အသင့်စောင့်နေပြီး ရှစ်ရန်နဲ့ ချီဝူကို ခေါ်ဆောင်ပေးလိမ့်မည်။

"ဒါဆိုရင် စကြတာပေါ့"

ရှကျိုးယွီ နူးညံ့စွာဖြင့် ဘယ်ဘက်လက်ဖဝါးကို ယမ်းလိုက်သည်။ သူ့ရဲ့ခန္ဓာကိုယ်ကနေ လွှမ်းမိုးနိုင်စွမ်းရှိတဲ့ အရှိန်အဝါတစ်ခု ထွက်ပေါ်လာ၏။

"ဒုန်း ဒုန်း ဒုန်း"

နန်းတော်တစ်ခုလုံးကို ပေါက်ကွဲသံများ ဖုံးလွှမ်းသွားခဲ့သည်။ တစ်ချိန်တည်းမှာပဲ အဖြူရောင် ပုံရိပ်တစ်ခုလည်း အဝေးကို လွှင့်ပျံသွားလေ၏။

"လုပ်ကြံသူ လုပ်ကြံသူပဲ။ အရှင်မင်းကြီးကို ကာကွယ်ကြ"

မရေမတွက်နိုင်တဲ့ လူများစွာက ချက်ချင်းပဲ အမှောင်ထဲကနေ ထွက်ပေါ်လာကာ ရှကျိုးယွီကို ကာကွယ်ပေးလိုက်ကြသည်။

သိပ်မဝေးတဲ့ နေရာမှာ ရပ်နေတဲ့ ဝေ့ကျုံးရှန့် တွားသွားရင်း တုန်ယင်စွာဖြင့် ရှကျိုးယွီ ရှိရာသို့ ရောက်လာ၏။ သူ့ရဲ့ ဖောင်းတက်နေတဲ့ မျက်နှာက တုန်ယင်နေကာ အကြောက်တရားတို့ ပြည့်နှက်နေဟန်ရှိသည်။ ရုတ်တရက် ဖြစ်ပေါ်လာတဲ့ လုပ်ကြံမှုကြောင့် အရှင်မင်းကြီး စိတ်အနှောင့်အယှက် ဖြစ်မှာကို လွန်စွာ စိုးရိမ်နေခဲ့၏။ ထို့ကြောင့် ဝေ့ကျုံးရှန့်ရဲ့ မပေါ့မပါး ခန္ဓာကိုယ်တစ်ခုလုံးသည် ကြောက်ရွံ့စွာ တုန်ယင်နေခဲ့သည်။ ထိုအချိန်မှာပဲ ဝေ့ကျုံးရှန့်က အလွန် မသက်မသာဖြစ်စွာဖြင့် ပြောလိုက်သည်။

"အရှင်မင်းကြီး အဆင်ပြေရဲ့လား။ ဒီအစေခံက အကြိမ်တစ်သောင်းမက သေဖို့ထိုက်တန်ပါတယ်။ နန်းတော်ထဲကို လုပ်ကြံသူတွေ ဝင်လာဖို့ ခွင့်ပြုခဲ့မိတယ်။ အရှင်မင်းကြီးရဲ့ အနားယူနေမှုကို နှောင့်ယှက်ခဲ့မိပါတယ်"

နဂါးပလ္လင်ထက်က ရှကျိုးယွီသည် လက်တစ်ဖက်သာ ယမ်းပြလိုက်သည်။ တည်ငြိမ်လှတဲ့ ရှကျိုးယွီရဲ့ ပုံစံကြောင့် ကောင်းကင်ဘုံရဲ့ နတ်ဘုရားတစ်ပါး ဆင်းသက်လာသည့်နှယ် ဝေ့ကျုံးရှန့် သာမက ဝန်းရံထားတဲ့ တော်ဝင်အမတ်တွေ အားလုံး စိတ်သက်သာမှု အနည်းငယ်ကို ခံစားလိုက်ရသည်။

"အဆင်ပြေပါတယ်။ တော်ဝင်အစောင့်တွေ၊ ငါကိုယ်တော်ကို ကာကွယ်မနေဘဲနဲ့ နန်းတော်ထဲ ရှာဖွေပြီး လုပ်ကြံသူကို ဖမ်းလိုက်ကြ။ ငါကိုယ်တော် ရှိနေတဲ့အချိန်မှာ ပွဲတော်ကို ဖျက်ဆီးရဲတယ်ဆိုမှတော့ ..."

ရှကျိုးယွီရဲ့ မျက်လုံးတွေက ချက်ချင်းပဲ အေးစက်သွား၏။ ရှကျိုးယွီရဲ့ စကားလုံးတွေထဲက လူသတ်လိုစိတ်ကြောင့် ဝေ့ကျုံးရှန့်ရဲ့ ကျောရိုးတစ်လျှောက်လုံး ချမ်းစိမ့်သွားခဲ့သည်။ ထို့ကြောင့် အရှင်မင်းကြီးကို ချက်ချင်းပဲ ပြန်လည် တင်ပြလိုက်တော့သည်။

"ကျွန်တော်မျိုး အမိန့်အတိုင်း ဆောင်ရွက်လိုက်ပါ့မယ်”

“လာကြစမ်း ငါ့နောက်လိုက်ခဲ့ကြ။ ငါတို့ အခုပဲ လုပ်ကြံသူကို သွားဖမ်းရမယ်"

ဝေ့ကျုံးရှန့်က အမိန့်နာခံတဲ့ ခွေးတစ်ကောင် အသွင်ကနေ မောက်မာတဲ့ ဝံပုလွေတစ်ကောင်အဖြစ် လျင်မြန်စွာ ပြောင်းလဲလိုက်ပြီး အစောင့်များစွာကို အမိန့် ညွှန်ကြားလိုက်လေ၏။ တော်ဝင်အမိန့်တော်ကို လက်ခံရပြီးတာနဲ့ တော်ဝင်အစောင့်တွေ အားလုံး နန်းတော်ရဲ့ ပင်မဆောင်ကနေ လျင်မြန်စွာ ထွက်ခွာသွားကြသည်။

ဒီလိုနဲ့ပဲ များပြားတဲ့ တော်ဝင်အစောင့်တွေ အားလုံးသည် နန်းတော်ရဲ့ ထောင့်တိုင်း ထောင့်တိုင်းတွင် လုပ်ကြံသူကို ရှာဖွေကြလေ၏။ နဂိုက ဖြူဖွေးသန့်စင်သော အဝတ်ကို ဝတ်ဆင်ထားတဲ့ ကောင်းမင်ရဲ့ မျက်နှာတစ်ခုလုံးသည် အခုချိန်မှာ မဲပေနေခဲ့ပြီး သူ့ရဲ့ဝတ်စုံကလည်း အကျည်းတန်အောင် စုတ်ပြဲနေလေရဲ့။ သူ့ရဲ့ မျက်နှာတစ်ခုလုံးက မယုံကြည်နိုင်မှုတို့ ပြည့်နှက်နေခဲ့သည်။ အေးစက်တဲ့ ကြမ်းပြင်ပေါ်မှာ လှုပ်ရှားမှုမရှိ လှဲလျောင်းနေတဲ့ ကောင်းမင်ရဲ့ နှလုံးသားတစ်ခုလုံးက လွန်စွာ ခါးသီးနေလေ၏။

ဒီအခြေအနေကို ကောင်းမင် လုံးဝ မမျှော်လင့်ထားမိခဲ့ပေ။ သူရပ်နေတဲ့ နေရာကမှ ဘာကိစ္စ ထောင်ချောက်ရှိတဲ့နေရာ ဖြစ်နေရတာလဲ။

ဒါပေမဲ့ ကောင်းမင်ရဲ့ ဘေးမှာရှိနေတဲ့ လီယုဟန်ကတော့ လုံးဝ ထိခိုက်ဒဏ်ရာ မရှိခဲ့ပေ။ ကံဆိုးစွာဖြင့် ကောင်းမင်တစ်ယောက်သာ ပေါက်ကွဲမှုရဲ့ ဗဟိုချက်တည့်တည့်မှာ ရပ်မိသလို ဖြစ်ခဲ့ပြီး စွမ်းအင်အားလုံးကို စုပ်ယူပေးခဲ့၏။

"ဒီလိုမျိုး လူတွေအများကြီး ရှိနေတဲ့အချိန်မှာ အဲဒီအရှင်မင်းကြီးကို သတ်ရဲတဲ့ လုပ်ကြံသူရှိမယ်လို့ လုံးဝ မထင်ထားမိဘူး။ သူတို့တွေက တကယ်ကို လုပ်ရဲကြတာပဲ"

လီယုဟန်ရဲ့ မျက်နှာတစ်ခုလုံးက စိတ်လှုပ်ရှားနေခဲ့သည်။ သူမရဲ့ သေးငယ်ဖြူဖွေးတဲ့ လက်နှစ်ဖက်လုံးကို တင်းကျပ်နေအောင် လက်သီးဆုပ်ထားပြီး မီးခိုးငွေ့ကြားက ရှကျိုးယွီရဲ့ ပုံရိပ်ကို အသည်းအသန် ရှာဖွေနေလေ၏။

မြန်ဆန်လွန်းတဲ့ အဖြစ်အပျက်ကြောင့် ပေါက်ကွဲမှုကနေ ဒဏ်ရာမရစေရန် သူမ အလျင်အမြန် စွန့်ခွာခဲ့ရသည်။ ထို့ကြောင့် ရှကျိုးယွီ အန္တရာယ်ကင်းရဲ့လားကို မစစ်ဆေးနိုင်ခဲ့ပေ။

"ဂိုဏ်းတူအစ်မ ကျွန်တော့်ကို အရင်ကယ်ပေးလို့ မရဘူးလား"

ကောင်းမင်ရဲ့အသံသည် အလွန် ဝမ်းနည်းနေဟန် ရှိသည်။ အခုလိုမျိုး ဖောက်ခွဲခံလိုက်ရတာတောင်မှ အရှင်မင်းကြီးကိုပဲ စိတ်ပူနေတဲ့ ဂိုဏ်းတူအစ်မနဲ့ အတူရပ်နေရတာကို ဘယ်သူကများ ပျော်ရွှင်နိုင်မှာလဲ။

"ကောင်းပြီ။ နင်က အဆင့်၄ ကျင့်ကြံသူတစ်ယောက် ဖြစ်တဲ့အတွက် ဒီလိုမျိုး သေးငယ်တဲ့ ထောင်ချောက်တစ်ခုက ဒဏ်ရာရစေမှာ မဟုတ်ဘူး။ အခုပဲ အရှင်မင်းကြီးကို လုပ်ကြံသူတွေ ရောက်လာတာ နင် မတွေ့ဘူးလား။ ဒါကြောင့် အရှင်မင်းကြီးကို ငါ စိတ်ပူနေတာ ဘာမှားလို့လဲ။ ဘာကိစ္စ နင့်ကိုယ်နင်ပဲ စိတ်ပူနေရတာလဲ"

လီယုဟန်ရဲ့ မျက်နှာက ထိန်းမရနိုင်အောင် စိတ်ပူနေခဲ့သည်။ သူမက ပုံမှန်လိုပဲ အင်္ကျီအတွင်းထဲက ဆေးပင်တစ်ချို့ကို ထုတ်ယူကာ ကောင်းမင်ရှိရာသို့ ပစ်ပေးလိုက်၏။

“နင့်ဟာနင် ကုသလိုက်တော့”

ကောင်းမင် ခါးသီးတဲ့ အတွေးတစ်ခုနဲ့သာ လီယုဟန်ဆီက ဆေးပုလင်းကို လက်ခံလိုက်ပြီး မျက်ရည်များနဲ့ ကိုယ့်ကိုယ်ကို ကုသဖို့ ကြိုးစားလိုက်သည်။ သူ့ရဲ့နှလုံးသားက လွန်စွာ တုန်ယင်နေ၏။ သူက အဆင့်ငါး ကျင့်ကြံသူတစ်ယောက်ပဲ။ ဂိုဏ်းတူအစ်မ ဒါလေးတောင် မမှတ်မိဘူးလား။

ထိုအချိန်မှာ ကွမ်ယန်နန်းတော်အတွင်း၌ ဆံပင်သာမက မျက်ခုံးမွှေးပါ ဖြူဖွေးနေတဲ့ တာအိုဘုန်းကြီး တစ်ယောက်သည် အမှောင်ထုကို အခွင့်ကောင်းယူရင်း ရှုပ်ထွေးနေတဲ့ နန်းတော်ကြားမှာ အရှေ့နဲ့အနောက် သွားလာနေခဲ့သည်။ သူ့ရဲ့မျက်နှာက လွန်စွာ တည်ငြိမ်နေ၏။

"ဒီနေရာဖြစ်မယ့်ပုံပဲ။ သခင်ဖူမဲ့ ပြောထားတာ မှန်လောက်မှာပါ"

ထိုသူကတော့ ချီဝူကို လာကယ်တဲ့ ရှစ်ရန်မှလွဲ၍ တစ်ခြားမဖြစ်နိုင်ပါချေ။ အထဲမှ အခြေအနေတွေက ဖူမဲ့ပြောခဲ့သည့်အတိုင်း တစ်ပုံစံတည်း ဖြစ်နေတဲ့အတွက် ရှစ်ရန် မနေနိုင်စွာ ဖူမဲ့ကို လေးစားသွားခဲ့သည်။

တာအိုဘုန်းကြီးရှစ်ရန် အနည်းငယ် တုန်ယင်နေတဲ့ လက်ဖဝါးထဲသို့ စွမ်းအင်တစ်ချို့ ထည့်သွင်းလိုက်ကာ တံခါးဖွင့်လိုက်သည်။ ကြီးမားတဲ့ သံကလောက်က မြေပြင်ပေါ်သို့ အသံတစ်ခုနဲ့အတူ ပြုတ်ကျသွားလေ၏။

"တပည့်လေး တပည့်လေးရေ"

All Chapters