← Chapters

အနိုင်ရခြင်း

Vol. 41 Ch. 571

အနိုင်ရခြင်း

Vol. 41 Ch. 571

လူတိုင်းမှာ အဆက်မပြတ် ပြိုကျနေသော ကျောက်တုံးကျောက်ဆောင်များအား အံ့အားသင့်စွာဖြင့် ငေးမောကြည့်ရှုနေကြသည်။

ပတ်ဝန်းကျင်တစ်ခွင်လုံးမှာ အပ်ကျသံပင် မကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေလျက် ရှိသည်။

နင်မော့အသုံးပြုခဲ့သော ဖျက်စီးခြင်းမိစ္ဆာမီးလက်ဝါးမှာ အလွန်ပင် ပြင်းထန်လွန်းလှသော တိုက်ခိုက်မှုတစ်ခုဖြစ်ကာ ကျင့်ကြံခြင်းအဆင့် တူညီသူများသည်ပင် ထိပ်တိုက်ရင်ဆိုင်ရန် မဝံ့ရဲကြချေ။

သို့သော် ဇူယွမ်မှာ ထိုတိုက်ခိုက်မှုအား ဖျက်စီးပြနိုင်ခဲ့သည်။ ၎င်း၏တိုက်ပွဲစွမ်းရည်မှာ လူတိုင်းခန့်မှန်းထားသည်ထက် အဆပေါင်းများစွာ သာလွန်နေပေ၏။

ကျောက်တုံးကျောက်ဆောင်များအကြား နစ်မြုပ်နေသော နင်မော့၏ပုံရိပ်အား လူများစွာမှ ပါးစပ်အဟောင်းသားဖြင့် ငေးမောကြည့်ရှုနေကြရသည်။ ဇူယွမ်၏ ထိုးနှက်ချက်မှာ မူလစဦး နဝမအဆင့်သို့ ရောက်ရှိနေသည့် ကျင့်ကြံသူတစ်ဦးကိုပင် အသက်ဆုံးရှုံးသွားစေနိုင်လောက်အောင် ပြင်းထန်လှ၏။

တိတ်ဆိတ်ငြိမ်သက်နေသော  ပတ်ဝန်းကျင်နှင့်အတူ လူများမှာ ဇူယွမ်အား ကြောက်လန့်တုန်လှုပ်နေသော မျက်ဝန်းများဖြင့် ကြည့်ရှုလိုက်ကြသည်။

မူလစဦး သတ္တမအဆင့်သာရှိသေးသော ဇူယွမ်သည် အဘယ်ကြောင့် ကန်ရွှမ်းကလန်မှ တပည့်ခေါင်းဆောင်တစ်ဦး ဖြစ်နေရသည်ကို ၎င်းတို့နားလည်လာကြရ၏။

တောင်ကြားအတွင်းရှိနေသော ကျင်ကျန်းနှင့် ကန်ရွှမ်းကလန်မှ တပည့်များမှာလည်း ထိုမြင်ကွင်းအား အံ့အားသင့်စွာဖြင့် ငေးမောကြည့်ရှုနေမိကြသည်။ ဇူယွမ်မှာ ကြောက်မက်ဖွယ်ရာကောင်းလောက်အောင် တိုက်ပွဲစွမ်းရည် ကောင်းမွန်သည်ကို သိရှိထားကြပါသော်လည်း မြင့်မြတ်သောနန်းတော်မှ တပည့်ခေါင်းဆောင်အား ယခုကဲ့သို့ ပြုလုပ်နိုင်သည်အထိ သန်မာလိမ့်မည်ဟု မထင်မှတ်ထားကြပေ။

"နဂါးကိုးကောင်ကောင်းချီးကိုရပြီး ဇူယွမ်ဒီလောက်ထိ သန်မာသွားလိမ့်မယ်လို့ ငါလုံးဝမထင်ထားခဲ့မိဘူး။" ကျင်ကျန်းမှ အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်သည်။ ဇူယွမ်သည် မူလရေကန်ဖွင့်လှစ်ခြင်း အခမ်းအနားတွင် တွေ့ရှိခဲ့ရသည်ထက် အဆပေါင်းများစွာ သန်မာနေပြီပင် ဖြစ်သည်။

ကန်ရွှမ်းကလန်မှ တပည့်များမှာလည်း ဇူယွမ်အား လေးစားအားကျသော မျက်ဝန်းများဖြင့် ငေးမောကြည့်ရှုနေကြသည်။

တစ်ဖက်တွင်မူ မြင့်မြတ်သောနန်းတော်မှ တပည့်များ၏ အမူအရာမှာ အလွန်ပင် ပျက်ယွင်းနေရ၏။ ၎င်းတို့၏ ထိပ်သီးတပည့်ခေါင်းဆောင်တစ်ဦးဖြစ်သူ နင်မော့မှာ မူလစဦး သတ္တမအဆင့်သာရှိသေးသော ကန်ရွှမ်းကလန်မှ တပည့်ခေါင်းဆောင်အား ရှုံးနိမ့်သွားရလိမ့်မည်ဟု ထင်မှတ်မထားခဲ့ကြချေ။

ဝမ့်ယွမ်မှာလည်း ထိုမြင်ကွင်းအား ကြည့်ရှုနေရင်းဖြင့် မည်သည့်အရာကိုမျှပင် မတွေးတောနိုင်လောက်အောင် အံ့အားသင့်နေရသည်။

ဇူယွမ်မှာ ထိုအကြည့်များအား လျစ်လျူရှုထားလျက် အဝေးမှ ပြိုကျနေသော ​ကျောက်တုံးကျောက်ဆောင်များအား ကြည့်ရှုလိုက်သည်။ နင်မော့ထံမှ ထွက်ပေါ်နေသော စွမ်းအင်ဖိအားများမှာ အလွန်ပင် အားနည်းနေပြီဖြစ်သော်လည်း အသက်ရှိနေသေးကြာင်း ပြသနေသည်။

ထို့ကြောင့် ဇူယွမ်မှာ နင်မော့၏အသက်အား နှုတ်ယူရတ် ရည်ရွယ်ချက်ဖြင့် လှုပ်ရှားလိုက်၏။

ဝုန်း....

သို့သော် ထိုအချိန်မှာပင် ပြင်းထန်လှသော စွမ်းအင်ဖိအားတစ်ခုမှာ ကောင်းကင်ထက်မှ ဆင်းသက်လာသည်။ ဇူယွမ်မှာ မျက်ဝန်းများကျဉ်းမြောင်းသွားပြီးနောက် ကောင်းကင်ဘုံယွမ်စုတ်တံအား ဆင့်ခေါ်လိုက်သည်။

ချလန်း.....

သတ္ထုနှစ်ခု ရိုက်ခတ်သံကြီးမှာ ကျယ်လောင်စွာပင် ထွက်ပေါ်လာလေသည်။ ပြင်းထန်လှသော စွမ်းအင်ဖိအားများမှာ ပတ်ဝန်းကျင်တစ်ခွင်လုံးအား ပျံ့နှံ့လွှမ်းခြုံသွားတော့၏။

ဇူယွမ်မှာ ကောင်းကင်ဘုံယွမ်စုတ်တံနှင့် ထိတွေ့ခဲ့သောအရာအား ကြည့်ရှုလိုက်သောအခါတွင် မူလမှော်စာလုံးများ ရေးထွင်းထားသော အနက်ရောင်တင်းပုတ်ကြီးတစ်ခု ဖြစ်နေသည်ကို တွေ့ရှိလိုက်ရသည်။

ထိုတင်းပုတ်အား ကိုင်ဆောင်ထားသူမှာ ဤနေရာတွင် ကျန်ရှိနေသေးသော မြင့်မြတ်သောနန်းတော်မှ တပည့်ခေါင်းဆောင်ဖြစ်သူ ဝမ့်ယွမ်ပင် ဖြစ်၏။

ဝမ့်ယွမ်မှာ အေးစက်ခက်ထန်နေသော မျက်ဝန်းများဖြင့် ဇူယွမ်အားကြည့်ကာ စကားဆိုလိုက်သည်။ "မင်းကသူ့ကို သတ်ဖို့တောင် စဉ်းစားရဲတယ်ပေါ့လေ။"

အစောပိုင်း၌ ဇူယွမ်၏ တိုက်ခိုက်မှုမှာ လျင်မြန်လွန်းလှသဖြင့် ဝမ့်ယွမ်သည်ပင် နင်မော့အား သွားရောက်ကူညီရန် အချိန်မရလိုက်ချေ။ ထို့ကြောင့် ယခုအချိန်တွင် နင်မော့မှာ ကျောက်တုံးကျောက်ဆောင်များကြား နစ်မြုပ်နေရကာ အသက်မျော့မျော့မျှသာ ကျန်ရှိတော့၏။

ဇူယွမ်မှ မထီမဲ့မြင်ပြုစွာပြုံးရင်းဖြင့် ပြောလိုက်သည်။ "မင်းတို့တွေတောင်မှ ငါတို့ကန်ရွှမ်းကလန်က တပည့်တွေကို သတ်ရဲသေးတာပဲလေ။ အဲ့ဒါကို ငါကဘာလို့ မင်းတို့မြင့်မြတ်သောနန်းတော်ကကောင်တွေကို ညှာတာပေးနေရမှာလဲ။"

ဝမ့်ယွမ်မှ ခက်ထန်စွာ ပြောလိုက်သည်။ "မင်းကိုမင်း ဘာကောင်ထင်နေတာလဲ။"

ဝုန်း.....

ဝမ့်ယွမ်ထံမှ ပြင်းထန်လှသော အနက်ရောင်ချီစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာသည်။ ထို့နောက် တောင်များကိုပင် ဖြိုခွင်းနိုင်သောစွမ်းအင်ဖြင့် တင်းပုတ်ကြီးအား ဇူယွမ်ထံသို့ ပစ်လွှတ်လိုက်၏။

ဇူယွမ်မှာ အနည်းငယ်မျှပင် ကြောက်လန့်ခြင်းမရှိပဲ ကောင်းကင်ဘုံယွမ်စုတ်တံအားဆွဲကိုင်ကာ တင်းပုတ်ကြီးအား ခုခံလိုက်သည်။ လက်နက်နှစ်ခုမှာ နောက်ထပ်တစ်ကြိမ် လေထုအတွင်း တွေ့ဆုံသွားကြရ၏။ ဤသို့ဖြင့် အသက်ရှူချိန် အနည်းငယ်မျှသော အချိန်အတွင်းမှာပင် ဇူယွမ်နှင့် ဝမ့်ယွမ်တို့မှာ အကြိမ်ရေရာချီအောင် တိုက်ခိုက်ပြီးကြပြီပင် ဖြစ်သည်။

၎င်းတို့နှစ်ဦးအနီးရှိ ပတ်ဝန်းကျင်မှာလည်း စွမ်းအင်လှိုင်းဂယက်များကြောင့် ပျက်စီးကြေမွနေရသည်။

ချလန်း....

နောက်ဆုံးအကြိမ် ထိပ်တိုက်ရင်ဆိုင်လိုက်ကြပြီးနောက် ဇူယွမ်နှင့် ဝမ့်ယွမ်တို့နှစ်ဦးစလုံးမှာ ဆန့်ကျင်ဖက်အရပ်သို့ လွင့်စင်သွားကြသည်။

မြင့်မြတ်သောနန်းတော်မှ တပည့်များမှာ ထိုမြင်ကွင်းအား ကြည့်ရှုနေရင်းဖြင့် အလွန်ပင် တုန်လှုပ်နေကြပြီ ဖြစ်သည်။ ပထမ၌ ၎င်းတို့အားလုံးမှာ ဝမ့်ယွမ် သည် ကန်ရွှမ်းကလန်မှ တပည့်ခေါင်းဆောင်အား တစ်ချက်တည်းဖြင့် အနိုင်ရယူကာ မြင့်မြတ်သောနန်းတော်၏ ဂုဏ်သိက္ခာအား ပြန်လည်ထိန်းသိမ်းပေးနိုင်လိမ့်မည်ဟု ထင်မှတ်ထားခဲ့ကြသည်။ သို့သော် ယခုမြင်တွေ့နေရသော တိုက်ပွဲအခြေအနေအရ ဝမ့်ယွမ်မှာ ကန်ရွှမ်းကလန်၏ တပည့်ခေါင်းဆောင်ဖြစ်သူအပေါ် အနည်းငယ်မျှပင် အသာစီးမရနေကြောင်း သိရှိနိုင်၏။

မြင့်မြတ်သောနန်းတော်မှ တပည့်ခေါင်းဆောင်များအကြားတွင် ဝမ့်ယွမ်သည့် အသန်မာဆုံး အဆင့်လေးဖြစ်ကာ အဆင့်ငါးဖြစ်သူ နင်မော့ထက် ပို၍သာလွန်သူ ဖြစ်သည်။

ဝမ့်ယွမ်၏တင်းပုတ်မှာ ဇူယွမ်၏ဖိနှိပ်မှုကြောင့် မြေပြင်ပေါ်သို့ ကျသွားရသည်။ ဝမ့်ယွမ်မှာ အေးစက်ခက်ထန်နေသော မျက်ဝန်းများဖြင့် ဇူယွမ်အား ကြည့်ရှုနေလျက် ရှိသည်။

"ငါ့ရဲ့ချီပင်လယ်ထဲမှာ ချီကြယ်ပွင့် သောင်းနှစ်ထောင်ရှိတယ်။ ဒီကောင်လေးက မူလစဦး သတ္တမအဆင့်ပဲ ရှိသေးတယ်ဆိုပေမယ့် ဘာလို့သူ့ရဲ့ ချီစွမ်းအင်အခြေခံအုတ်မြစ်ကဘအရမ်းခိုင်မာနေရတာလဲ။" ဝမ့်ယွမ်မှာ နားမလည်နိုင် ဖြစ်နေရသည်။ မြင့်မြတ်သောနန်းတော်မှ ရွေးချယ်ခံများသည်ပင် မူလစဦး သတ္တမအဆင့်တွင် ရှိစဉ်အချိန်၌ ထိုမျှလောက် သန်မာနေလိမ့်မည် မဟုတ်ပေ။

ဝမ့်ယွမ်နှင့် ဇူယွမ်တို့ တိုက်ခိုက်နေကြစဉ်အတွင်း ကျင်ကျန်းမှာလည်း တောင်ကြားအတွင်းမှ ပျံသန်းထွက်ခွာလာပြီပင် ဖြစ်သည်။ သူသည် မူလမှော်စာလုံးစုတ်တံအား ဆွဲကိုင်ထားလျက် ဝမ့်ယွမ်အား အေးစက်ခက်ထန်စွာ ကြည့်ရှုနေသည်။

ယခုဆိုလျှင် ကန်ရွှမ်းကလန်မှ တပည့်ခေါင်းဆောင်နှစ်ဦး ရှိနေပြီဖြစ်သောကြောင့် အခြေအနေများမှာ မြင့်မြတ်သောနန်းတော်မှ အသာစီးမရနိုင်တော့ပေ။ ဝမ့်ယွမ်မှာ လျင်မြန်စွာပင် ဆုံးဖြတ်ချက်ချလိုက်ပြီးနောက် မြင့်မြတ်သောနန်းတော်မှ တပည့်များအား အချက်ပြလိုက်သည်။

မြင့်မြတ်သောနန်းတော်မှ တပည့်များမှာ အမူအရာများ ပျက်ယွင်းသွားရပြီးနောက် ကူကယ်ရာမဲ့စွာဖြင့် တောင်ကြားအတွင်းမှ ဆုတ်ခွာသွားကြ၏။ တပည့်အချို့မှာ ပြိုကျနေသော ​​ကျောက်တုံးကျောက်ဆောင်များထံသို့ ပျံဝဲသွားကာ နစ်မြုပ်နေသော နင်မော့၏ခန္ဓာကိုယ်အား သွားရောက်ထုတ်ယူလိုက်ကြသည်။

နင်မော့၏ခန္ဓာကိုယ်မှာ သွေးများဖြင့်ရွှဲစိုနေကာ အသက်မျော့မျော့မျှသာ ကျန်ရှိတော့၏။ ဤအခြေအနေအတိုင်းသာဆိုပါက မကြာမီအချိန်အတွင်းမှာပင် သေဆုံးရတော့မည်ပင် ဖြစ်သည်။

ဝမ့်ယွမ်မှာ အခြေအနေဆိုးရွားနေသော နင်မော့အား ကြည့်ရှုလိုက်ပြီးနောက် အေးစက်ခက်ထန်နေသော မျက်ဝန်းများဖြင့် ဇူယွမ်အားကြည့်ကာ ပြောလိုက်သည်။

"မင်းတော့ဒုက္ခရောက်ပြီပဲ။"

"ဟုတ်လား...ဘာလို့လဲ။" ဇူယွမ်မှ မထီမဲ့မြင်ပြုစွာ ပြောလိုက်၏။

"မင်းလက်ချက်နဲ့သာ နင်မော့သေသွားခဲ့ရရင် မြင့်မြတ်သောနန်းတော်က မင်းကိုပြန်ပြီး ကလဲ့စားချေလိမ့်မယ်။"

"မင်းကရောငါ့ကို လက်စားမချေတော့ဘူးလား။" ဇူယွမ်မှ ဝမ့်ယွမ်အားကြည့်ကာ တည်ငြိမ်စွာပင် စကားဆိုလိုက်သည်။

ဝမ့်ယွမ်မှ အေးစက်စွာ ရယ်မောရင်းဖြင့် ပြောလိုက်သည်။ "အဟက်....မင်းကတကယ်ကို တော်တော်လေး သန်မာပါတယ်။ ဒါပေမယ့် သိပ်လည်းသွေးနားထင်ရောက်မနေနဲ့ဦး။ ဒီနေရာတဝိုက်မှာ မြင့်မြတ်သောနန်းတော်ကလူတွေ အများကြီးရှိတယ်။ မင်းအတွက် ကံဆိုးတာကတော့ မြင့်မြတ်သောသွေးစက်ခန်းမက တပည့်ခေါင်းဆောင်လည်း ဒီနေရာမှာ ရှိနေတာပဲ။"

"မြင့်မြတ်သောသွေးစက်ခန်းမရဲ့ တပည့်ခေါင်းဆောင်....ဖန့်ယောင်လား။"

ကျင်ကျန်းမှ ရေရွတ်လိုက်ခြင်း ဖြစ်သည်။ ထို့နောက် လျင်မြန်စွာပင် ဇူယွမ်အနားသို့ကပ်ကာ တိုးညင်းစွာ စကားဆိုလိုက်၏။ "ဖန့်ယောင်က မြင့်မြတ်သောနန်းတော်ရဲ့ သုံးယောက်မြောက် အထူးချွန်ဆုံး တပည့်ခေါင်းဆောင်ပဲ။ သူက ဝမ့်ယွမ်နဲ့နင်မော့တို့ထက် အများကြီးသာတယ်။"

ဇူယွမ်၏ မျက်ဝန်းများမှာ ကျဉ်းမြောင်းသွားရသည်။ သူသည် ဖန့်ယောင်ကိုပင် အာရုံမစိုက်နိုင်ပဲ ဤပတ်ဝန်းကျင်တဝိုက်၌ အဘယ့်ကြောင့် မြင့်မြတ်သောနန်းတော်မှ တပည့်ခေါင်းဆောင်များစွာ စုဝေးနေရသည်ကို တွေးတောနေမိသည်။

"ဒီကောင်တွေကရော ရောင်စဉ်ခြောက်သွယ်ရတနာကို လာရှာကြတာများလား...." ဇူယွမ်မှာ အတွေးထဲ၌ မေးခွန်းပေါင်းများစွာ ပြည့်နှက်နေရသည်။

ဝမ့်ယွမ်မှ အေးစက်စွာ စကားဆိုလိုက်သည်။ "အဟက်....မင်းတို့ပြေးနိုင်တုန်း ဒီနေရာကနေသာ မြန်မြန်ထွက်ပြေးသွားတော့။ ဖန့်ယောင်သာရောက်လာခဲ့ရင် ဒီနေရာက မင်းတို့ရဲ့ သင်္ချိုင်းဖြစ်သွားလိမ့်မယ်။"

"ဇူယွမ် မင်းပြေးနိုင်တုန်းပြေးထားလိုက်။ ငါတို့သာ နောက်တစ်ခါ ပြန်တွေ့ခဲ့ရင် မြင့်မြတ်သောနန်းတော်ကို စော်ကားတဲ့သူက ဘယ်လိုကံကြမ္မာမျိုးနဲ့ အဆုံးသတ်ရမလဲဆိုတာကို ငါကိုယ်တိုင် ပြပေးရလိမ့်မယ်။"

ဝမ့်ယွမ်မှာ ထိုစကားများအား ပြောဆိုပြီးသည့်နောက် မြင့်မြင်သောနန်းတော်မှ တပည့်များနှင့်အတူ ထိုနေရာမှ ဆုတ်ခွာသွားကြ၏။ လက်ရှိအခြေအနေအရ မြင့်မြတ်သောနန်းတော်မှ အသာစီးမရနိုင်တော့ကြောင်း ဝမ့်ယွမ်မှ ကောင်းစွာသိရှိနေလေသည်။

ဇူယွမ်မှာ ဝမ့်ယွမ်တို့အား တားဆီးခြင်းမပြုပေ။ မြင့်မြတ်သောနန်းတော်၏ တပည့်များမှာ အင်အားတောင့်တင်းလွန်းလှသောကြောင့် ဆက်လက်၍သာ တိုက်ခိုက်နေခဲ့ပါက ကန်ရွှမ်းကလန်မှ တပည့်များကိုပါ ထိခိုက်လာနိုင်ပေသည်။

ကန်ရွှမ်းကလန်မှ တပည့်များမှာ ပျော်ရွှင်ဝမ်းမြောက်စွာဖြင့် အော်ဟစ်အောင်ပွဲခံကြတော့သည်။

အဝေးမှ စောင့်ကြည့်နေကြသူများမှာ ဆုတ်ခွာသွားရသော မြင့်မြတ်သောနန်းတော်အဖွဲ့အား ကြည့်ရှုလိုက်ပြီးနောက် ဇူယွမ်အားကြည့်ကာ အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်ကြသည်။

"ကန်ရွှမ်းကလန်ရဲ့ အားအနည်းဆုံးတောင်ထွတ်ဖြစ်တဲ့ မူလသူတော်စင်တောင်ထွတ်ကနေ ဒီလိုမျိုး တပည့်ခေါင်းဆောင်တစ်ယောက် ထွက်ပေါ်လာတာ ယုံတောင်မယုံနိုင်ဘူး။"

All Chapters