← Chapters

ထူးဆန်းတဲ့ပုံကြမ်း

Vol. 18 Ch. 247

ထူးဆန်းတဲ့ပုံကြမ်း

Vol. 18 Ch. 247

“အဲဒါ ဘာကိုဆိုလိုတာလဲ။ မင်းပြောတဲ့ ခွဲခြားပြီး အနိုင်ယူမယ်ဆိုတဲ့နည်းလမ်းက ဘာကိုပြောချင်တာလဲ”

ရှကျိုးယွီ ပြောသွားတဲ့စကားလုံးကို မြို့နယ်အုပ်ချုပ်ရေးမှူးယန် နားလည်ပေမဲ့ ဆိုလိုရင်းကိုတော့ မဖော်ထုတ်နိုင်ခဲ့ပေ။ အုပ်ချုပ်ရေးမှူးယန် ဘယ်လောက်ပဲစဉ်းစားပါစေ အဖြေရှာမရနိုင်တဲ့အတွက် သူ့ရဲ့မျက်နှာက လွန်စွာရှုပ်ထွေးလာ၏။ ချက်ချင်းပဲ တာအိုဘုန်းကြီးရှစ်ရန်ရှိရာသို့ လှည့်ကြည့်လိုက်သည်။ ရှစ်ရန်က ဗဟုသုတ ပိုများသည်။ အစီအရင်နဲ့ပတ်သတ်ပြီး နားလည်ထားသည့်အတွက် ရှကျိုးယွီရဲ့ဆိုလိုရင်းကို သေချာပေါက် နာလည်လောက်မှာပဲ။

ဒါပေမဲ့ တာအိုဘုန်းကြီးရှစ်ရန်ရဲ့ ကြောင်အအပုံစံကြောင့် မြို့နယ်အုပ်ချုပ်ရေးမှူးယန်ပင် မျက်နှာပျက်သွားခဲ့သည်။

“သခင်ဖူမဲ့ ဘာကို ဆိုလိုချင်နေတာလဲ။ ဘာလို့ ကျုပ်တို့ နားမလည်နိုင်ရတာလဲ”

မြို့နယ်အုပ်ချုပ်ရေးမှူးယန် ရှကျိုးယွီကို မျှော်လင့်တကြီး ကြည့်ရှုလာခဲ့သည်။ သူ့ရဲ့ရင်ထဲက ရှုပ်ထွေးမှုတွေကို အဖြေထုတ်ပေးဖို့ မျှော်လင့်နေ၏။

ဒါပေမဲ့ ရှကျိုးယွီက တိုက်ရိုက် မဖြေကြားပေးခဲ့ပေ။ သူက ပေါ့ပါးစွာချောင်းဟန့်လိုက်၏။

အရာရှိရုံးတော်အတွင်းမှာ မြေခွေးအိုများစွာနဲ့ ပေါင်းသင်းဆက်ဆံလာတဲ့ မြေခွေးအိုတစ်ဖြစ်လဲ မြို့နယ်အုပ်ချုပ်ရေးမှူးယန် ချက်ချင်းပဲ အထာပေါက်လိုက်သည်။ အစေခံတစ်ချို့ကိုခေါ်လိုက်ပြီး တော်ဝင်လက်ဖက်ခြောက်နဲ့ အခါးရည်ကို ဆက်သခိုင်းလိုက်၏။

မကြာခင်မှာပဲ တဲအတွင်းကို နူးညံ့ပြီး မွှေးပျံ့လှတဲ့ လက်ဖက်ခြောက်အနံ့က စိုးမိုးသွားခဲ့သည်။ အနံ့နဲ့တင် အကုန်လုံးရဲ့ဦးနှောက်ကို ကြည်လင်စေပြီး သောက်ချင်စိတ်ဖြစ်ပေါ်စေ၏။

“သခင်ဖူမဲ့ စကားချည်းပဲပြောမနေနဲ့လေ။ လက်ဖက်ရည်လေးလည်း သောက်လိုက်ပါဦး”

မြို့နယ်အုပ်ချုပ်ရေးမှူးယန် ချက်ချင်းပဲ အခါးရည်ခွက်ကို ရှကျိုးယွီရဲ့အရှေ့တည့်တည့်သို့ ချပေးလိုက်၏။ ထို့နောက်မှာ အခါးရည်အိုးကို ကိုင်ထားရင်း အသင့်ဖြည့်ပေးဖို့ ဘေးမှာရပ်စောင့်နေခဲ့သည်။

ခုံမှာထိုင်နေတဲ့ ရှကျိုးယွီ တည်ငြိမ်စွာပဲ လက်ဖက်ရည်ခွက်ကို မော့ကာတစ်ငုံသောက်လိုက်သည်။ မွှေးပျံ့တဲ့ရနံ့က လည်ချောင်းတစ်လျှောက်ကို စီးဝင်သွားခဲ့သည်။

ဒါပေမဲ့ ထို့နောက်မှာ ရှကျိုးယွီက အခါးရည်ခွက်ကိုသာ စားပွဲပေါ်ပြန်တင်ခဲ့ပြီး အဖုံးမအုပ်ခဲ့ပေ။ ထိုအစား အဖုံးကို လက်ဖက်ရည်ခွက်ရဲ့ ဘေးမှာ ချထားလိုက်၏။ စားပွဲပေါ်မှာ ပိုင်းခြားခံထားရတဲ့လက်ဖက်ရည်ခွက်ရဲ့ ခွက်နဲ့အဖုံးကို လက်ညိုးထိုးပြရင်း ရှကျိုးယွီ နူးညံ့စွာပြောလိုက်သည်။

“ကျွန်တော်ပြောချင်တဲ့နည်းလမ်းက ဒီအဖုံးနဲ့ခွက်လိုမျိုးပဲ။ မြို့နယ်အုပ်ချုပ်ရေးမှူးယန်ကို ကျွန်တော်မေးပါရစေ။ အခါးရည်ခွက်တစ်ဆင်စာကို ဖန်တီးဖို့ အချိန်ဘယ်လောက်လိုအပ်မလဲ”

အခါးရည်အိုးကို ကိုင်ထားရင်း ဘေးမှာအသင့်စောင့်နေတဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးယန် သူ့ရဲ့အရာရှိဦးထုပ်ကို ရှုပ်ထွေးတဲ့မျက်နှာနဲ့ပဲ ပြုပြင်လိုက်သည်။ တစ်ဖက်လူရဲ့ စကားလုံးနောက်က အဓိပ္ပာယ်ကို နားမလည်သေးပေမဲ့ မဆန့်ကျင်ရဲသည်မို့ လျှင်မြန်စွာဖြေကြားလိုက်၏။

“ပြောရရင် ကျွမ်းကျင်ပုဂ္ဂိုလ်တစ်ယောက်သာဆိုရင် အနည်းဆုံး သုံးရက်လောက်တော့ကြာမယ်ထင်တယ်”

ရှကျိုးယွီရဲ့နှုတ်ခမ်းက အနည်းငယ် အပေါ်တက်သွား၏။ နောက်ဆုံးတော့ ဒီနှစ်ယောက် ငါးစာဟပ်မိပြီပဲ။

သူငါးစာချထားတာကို ထိုနှစ်ယောက် မဖမ်းမိဘူးလို့ ရှကျိုးယွီ မယုံကြည်ခဲ့ဘူး။

မကြာခင်မှာပဲ ရှကျိုးယွီက တည်ငြိမ်စွာ ဆက်ပြောလိုက်သည်။

‘’ဒါဆိုရင် အစုံလိုက်မဟုတ်ဘဲ ခွက်တစ်ခုရဲ့အဖုံးကိုပဲ ဖန်တီးမယ်ဆိုရင် ဘယ်လောက်ကြာမလဲ’’

မြို့နယ်အုပ်ချုပ်ရေးမှူးယန် အသည်းအသန် တွက်ချက်လေတော့၏။ ရှကျိုးယွီရဲ့ မေးခွန်းတွေက သူ့အတွက် မေးခွန်းသတ်နေသလိုမျိုး ခံစားရသည်။ ဒါပေမဲ့ သတ္တိတွေကိုစုဆောင်းရင်း မရေမရာ အဖြေပေးလိုက်သည်။

‘’ဒါဆိုရင်တော့ နေ့တစ်ဝက်လောက်ပဲ ကြာမယ်ထင်တယ်”

စိတ်ရှည်ရှည်ရှင်းပြနေခဲ့သော ရှကျိုးယွီ နောက်ဆုံးတော့ ငါးက ပိုက်ကွန်ထဲထိ ရောက်လာပြီဆိုတာကို သဘောပေါက်သွားသည်။ နောက်ဆုံးတော့ သူ့ရဲ့ ပဟေဋိဆန်တဲ့ရှင်းပြချက်ကို အဆုံးသတ်ရတော့မည်။

“ဒါဆိုရင် လူသုံးယောက်ကို အသုံးပြုပြီးတော့ ခွက်၊ အဖုံးနဲ့‌ အောက်ခံပန်းကန်ပြားအသေးကို ခွဲပြီးတော့ဖန်တီးမယ်။ ဒီလိုဆိုရင် တူညီတဲ့လက်ဖက်ရည်ခွက်အစုံလိုက်ကို တစ်ရက်အတွင်းမှာ ဖန်တီးဖို့ ဖြစ်နိုင်သွားပြီမလား။ အဲဒီလိုမျိုးပဲ ကျွန်တော်တို့လည်း စိတ်ဝီဉာဉ်စွမ်းအင်စုဆောင်းတဲ့ အစီအရင်ရဲ့ မတူညီတဲ့အပိုင်းပိုင်းတွေကို ခွဲဝေလိုက်ပြီး လူတွေအများကြီးကို သက်ဆိုင်ရာတာဝန်ပေးလိုက်ပြီး လုပ်ခိုင်းမယ်ဆိုရင် ဘယ်လိုဖြစ်သွားလောက်မလဲ”

မြို့နယ်အုပ်ချုပ်ရေးမှူးယန်ရဲ့ဦးနှောက်က ချက်ချင်းအလုပ်လုပ်သွားခဲ့သည်။ ဒီလိုမျိုးနည်းလမ်းနဲ့ ဖန်တီးလိုက်ရင် အစီအရင်ရဲ့အကျိုးကျေးဇူးက ဆယ်ဆ… မဟုတ်ဘူး အဆတစ်ရာမက မြင့်မားသွားနိုင်၏။ တစ်ကယ်တော့ ရှကျိုးယွီတစ်ယောက် ထိုနည်းလမ်းကို အရင်ဘဝက သင်ခဲ့ရဖူးတဲ့သင်ရိုးစာအုပ်မှ အတုယူပြီး စဉ်းစားခဲ့တာပင်။

“သခင်ဖူမဲ့ရဲ့အကြံက တစ်ကယ်ကို အံ့ဩဖွယ်ရာကောင်းလိုက်တာ။ တော်တော်လေးကောင်းမွန်တယ်”

“ဟက်.. လုံးဝကို ဖြစ်နိုင်ချေမရှိတဲ့အရာပဲ”

မြို့နယ်အုပ်ချုပ်ရေးမှူးယန်ရဲ့ အလွန့်အလွန်မြင့်မားသော မြှောက်ပင့်စကားများအဆုံးမသတ်ခင်မှာပဲ ဘေးမှာရှိနေတဲ့ တာအိုဘုန်းကြီးရှစ်ရန်က သဘောမတူစွာ တားမြစ်လိုက်သည်။ ရှကျိုးယွီရဲ့စကားကြောင့် ရှစ်ရန်ရဲ့မျက်နှာက ဒေါသထွက်နေဟန်ပဲ။ သူ့ရဲ့ အိုမင်းနေတဲ့ မျက်နှာတစ်ခုလုံးက တည်တင်းနေခဲ့ပြီး ရှကျိုးယွီရဲ့စကားလုံးတွေကို လုံးဝ လက်မခံလိုဟန်ရှိသည်။

“စိတ်ဝိဉာဉ်စုဆောင်းတဲ့ အစီအရင်ဆိုတာ လူတိုင်းပါဝင်ဖန်တီးနိုင်တဲ့ အရာတစ်ခု မဟုတ်ဘူး။ မင်းနဲ့ငါ့လိုမျိုး အဆင့်လေးကျင့်ကြံသူတွေကမှသာ ဖန်တီးဖို့အရည်အချင်းပြည့်မှီကြတယ်။ အဲဒီလိုများပြားတဲ့ ကျင့်ကြံသူတွေကို မင်းဘယ်လိုရှာမှာလဲ။ ဒါ့အပြင် ငါတို့က အခုထိ အသုံးစရိတ် မကာမိသေးဘူး။ အဲဒါကို လူတွေရှာပြီးတော့ အစီအရင်ရဲ့အခြေအနေကို တိုးမြှင့်ချင်နေတာလား”

ရှစ်ရန်က အလွန်စိတ်အားထက်သန်စွာ ပြောနေခဲ့သဖြင့် သူ့ရဲ့ပါးစပ်ကနေ အကြိမ်တိုင်းလိုလို တံတွေးများ လွင့်စင်ထွက်လာ၏။ ထိုသူရဲ့ မုတ်ဆိတ်မွှေးဖြူများသည် အကြိမ်တိုင်းမှာ တဆက်ဆက် တုန်ယင်နေခဲ့သည်။ ဒါပေမဲ့ ရှကျိုးယွီကတော့ တည်ငြိမ်ပြီး ဘာစကားမှ မပြောခဲ့ပေ။

ဘယ်ဘက်ကိုမှ ရန်မလိုရဲတဲ့ အုပ်ချုပ်ရေးမှူးယန်ခမျာ ဟိုဘက်ကြည့်လိုက် သည်ဘက်ကြည့်လိုက်ဖြင့် ချွေးများစိုရွှဲလာ၏။ ထို့နောက်မှာ လျင်မြန်စွာလှုပ်ရှားလိုက်ပြီး တာအိုဘုန်းကြီးရှစ်ရန်ကို အရင်ဖြေသိမ့်ဖို့ ကြိုးစားလိုက်သည်။

“သခင်ကြီး အရင်စိတ်လျှော့ပါဦး။ ဘာလို့ ဒီလောက်ထိ ရန်လိုနေရမှာလဲ။ ကျုပ်တို့သခင်ဖူမဲ့ရဲ့ဒေါသကိုလည်း ခင်ဗျားသိတယ်မလား။ သူက လုပ်နိုင်စွမ်းရှိတဲ့သူတစ်ယောက်ပါ။ အခုလိုမျိုးသေချာပေါက် ပြောလာခဲ့တယ်ဆိုမှတော့ သူ့မှာ အစီအစဉ်ရှိမှာပဲ”

ထိုအချိန်မှ ရှစ်ရန်လည်း အသိဝင်လာဟန်ရှိသည်။

မျက်စိရှေ့က ဖူမဲ့က သာမာန်ထက်ဆန်းကြယ်တဲ့ သူတစ်ယောက်ဖြစ်၏။ ထိုသူက အဆက်အသွယ်ကောင်းတွေရှိသလို အကြံအစည်လည်း ချတတ်သည်။ သူထောက်ပြတဲ့အချက်တွေကို မစဉ်းစားမိစရာ အကြောင်းမရှိဘူး။

ထိုအချိန်တွင် ရှကျိုးယွီက တည်ငြိမ်စွာဖြင့် စားပွဲပေါ်က လက်ဖက်ရည်ခွက်ကို ကောက်ယူလိုက်၏။ ထို့နောက်မှာ လက်ဖက်ရည်တစ်ငုံသောက်လိုက်သည်။

တာအိုဘုန်းကြီးရှစ်ရန်ရဲ့ ခံစားချက်ကို ရှကျုးယွီ နားလည်ပါသည်။ ခေတ်သစ်အတွေးအမြင်တွေက ရှေးအဖိုးကြီးတွေအတွက်တော့ လွယ်ကူစွာ လက်ခံနိုင်တဲ့အရာတစ်ခုမဟုတ်ဘူးလေ။

“တစ်ကယ်တော့ ကျွန်တော်တို့ရဲ့ တာအိုဘုန်းကြီးရှစ်ရန်ပြောတာလည်း မမှားပါဘူး။ ဒါပေမဲ့ ဒါကိုကြည့်ကြည့်လိုက်ပါ”

ထိုအချိန်မှာပဲ ရှကျိုးယွီက သူယူလာတဲ့အိတ်အတွင်းကနေ စာရွက်တစ်ခုကို ထုတ်ပြလိုက်သည်။ စာရွက်အပေါ်မှာ အစီအရင်ရဲ့ပုံကြမ်းကို ဆွဲပြထား၏။

တကယ်‌တော့ ကျန်းဖူရှန်ဖန်တီးခဲ့တဲ့ စိတ်ဝိဉာဉ်စွမ်းအင်းစုဆောင်းတဲ့ အစီအရင်က ကြီးမားတဲ့ အစီအရင်တစ်ခုဖြစ်သည်။ ကျန်းဖူရှန်ရဲ့အစီအရင်ပုံကြမ်းကို အသုံးပြုပြီး ရှစ်ရန်က တည်ဆောက်ထား၏။ ဒါပေမဲ့ ဘာလို့ သူတို့က အဆင့်တိုင်း တူညီအောင်လုပ်နေဖို့ လိုအပ်မှာလဲ…

သူ့အနေနဲ့ လိုချင်တာက တိုင်းပြည်ရဲ့ ကံကြမ္မာအမှတ် ယုတ်လျော့သွားဖို့ပဲ။ မြို့နယ်အုပ်ချုပ်ရေးမှူးယန်နဲ့ ရှစ်ရန်တို့ လိုချင်တာကလည်း ပိုက်ဆံရဖို့ပဲ။ ဒါဆိုရင် သူတို့ရဲ့ပန်းတိုင်ကို ရောက်ရှိတာနဲ့ အစီအရင်က အထောက်အပံ့ပစ္စည်းတစ်ခုပဲ ဖြစ်မှာမဟုတ်ဘူးလား….

“ဒီမှာကြည့်လိုက်။ ကျုပ်ပြောတယ်မလား။ ခေါင်းဆောင်ဖူမဲ့က အကြံအစည်ရှိမှာပါလို့လေ”

မြို့နယ်အုပ်ချုပ်ရေးမှူးယန်က ချက်ချင်းပဲ အားတက်သရော ပြန်ပြောလိုက်သည်။

ဒါပေမဲ့ ရှစ်ရန်ကတော့ လျစ်လျူရှုထားလေရဲ့။ မျက်စိရှေ့က မြို့နယ်အုပ်ချုပ်ရေးမှူးယန်က အရမ်းကို မြှောက်ပင့်ဖားယားလွန်းနေသည်ဟုသာ ယူဆခဲ့သည်။

ထိုနောက်မှာ ရှစ်ရန်က အရေးမစိုက်ဟန်နဲ့ ရှကျိုးယွီရဲ့လက်ထဲက စာလိပ်ကို အသေးစိတ်လေ့လာလိုက်၏။ သူ့ရဲ့မျက်နှာပေါ်က မျက်နှာထားက အချိန်နဲ့အမျှပြောင်းလဲလာတော့သည်။ ပထမတော့ သူ့ရဲ့မျက်နှာက ရှုပ်ထွေးမှုနဲ့ သံသယတို့ဖြင့် ပြည့်နှက်နေခဲ့သည်။ ဒါပေမဲ့ အချိန်တစ်ချို့ကြာပြီးနောက်မှာ သူ့ရဲ့မျက်နှာက တွေးဆနေဟန်ဖြစ်ပေါ်လာ၏။ အသေးစိတ်စစ်ဆေးပြီးနောက်ဆုံးမှာတော့ တာအိုဘုန်းကြီးရှစ်ရန် ပင့်သက်အရှည်ကြီး ချလိုက်တော့သည်။ နောက်ဆုံးတော့ သူ့ရဲ့မျက်နှာပေါ်က မျက်ခုံးတန်းတို့လည်း စိတ်သက်သာစွာ ဖြေလျော့သွားလေ၏။

“အဟား.. အဟားဟား.. ဒါက တကယ်ကို အံ့ဩဆန်းကြယ်လွန်းတဲ့ အစီအရင်ပဲ။ ငါတို့ရဲ့သခင်ဖူမဲ့က နတ်အသိဉာဏ်များ ပိုင်ဆိုင်ထားတာလား”

………

All Chapters