← Chapters

တယ်တော်ပါလား

Vol. 18 Ch. 248

တယ်တော်ပါလား

Vol. 18 Ch. 248

အသည်းအသန် ငြင်းဆိုနေခဲ့ပြီးမှ အခု အံ့သြတကြီး ချီးကျူးလာတဲ့ တာအိုဘုန်းကြီးရှစ်ရန်ကို မြို့နယ်အုပ်ချုပ်ရေးမှူးယန် မနေနိုင်စွာ လှည့်ကြည့်လိုက်သည်။ သူ့ရဲ့မျက်နှာက ရှုပ်ထွေးလာပြီး နှလုံးသားကလည်း သိလိုစိတ်တို့ ပြင်းထန်လာခဲ့သည်။ ချက်ချင်းပဲ ရှစ်ရန်ရဲ့လက်ထဲက စာလိပ်ကို ဆွဲယူလိုက်၏။

ဒါပေမဲ့ ရှုပ်ထွေးတဲ့ အစီအရင်ပိုင်းကို မြို့နယ်အုပ်ချုပ်ရေးမှူးယန် နားလည်စရာလား။ ရှုပ်ထွေးနေတဲ့ မျက်နှာနဲ့ပဲ အနေခက်တဲ့ အပြုံးတစ်ခုကို လျင်မြန်စွာ ဆင်မြန်းလိုက်သည်။

မြို့နယ်အုပ်ချုပ်ရေးမှူးယန် အစက ရှစ်ရန်ကို အကြံဥာဏ် တောင်းခဲ့ချင်ပေမဲ့ အလွန် စိတ်အေးသွားဟန်ရှိသော ရှစ်ရန်ရဲ့ မျက်နှာထားကြောင့် သဘောတူစွာ ပါးစပ်ပိတ်နေလိုက်တော့၏။

ထိုအချိန်မှာပဲ တာအိုဘုန်းကြီးရှစ်ရန်က ချက်ချင်းပဲ စားပွဲဝိုင်းက ထွက်သွားခဲ့သည်။ အနီးအနားက မြေပြင်ပေါ်သို့ သွားရောက်ကာ ပုံကြမ်းတစ်ချို့ကို ရေးဆွဲလေတော့၏။ တာအိုဘုန်းကြီးရှစ်ရန်ရဲ့ အလွန်အမင်း စွဲလမ်းနေသော ပုံစံကြောင့် မြို့နယ်အုပ်ချုပ်ရေးမှူးယန် အစီအရင်နဲ့ ပတ်သက်ပြီး အပြည့်အဝ ယုံကြည်လိုက်တော့သည်။ ဘယ်လိုပဲဆိုဆို အကျိုးကျေးဇူးက ပိုမို မြင့်မားသွားမည်မလား။

ဒါပေမဲ့ တာအိုဘုန်းကြီးရှစ်ရန်ကို ကြည့်နေရင်း မြို့နယ်အုပ်ချုပ်ရေးမှူးယန် နားမလည်နိုင်အောင် ဖြစ်လာရသည်။ ဘာကြောင့်များ ရှစ်ရန်က ဒီလောက်ထိ စိတ်လှုပ်ရှားစွာ ပြုမူနေရတာလဲ။

"သခင်ဖူမဲ့၊ ကျေးဇူးပြုပြီး ရှင်းပြပေးနိုင်မလား။ ဒီမှာရေးထားတဲ့ အရာတွေကို ကျုပ် နည်းနည်းမှ နားမလည်ဘူး ဖြစ်နေတယ်"

မြို့နယ်အုပ်ချုပ်ရေးမှူးယန်အတွက်တော့ ရှကျိုးယွီသည် အလွန်ဆန်းကြယ်သော ပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည်။ နှစ်ပေါင်းများစွာ အတူတကွ အလုပ်လုပ်ခဲ့သော တာအိုဘုန်းကြီးရှစ်ရန်ကို အံ့အားသင့်အောင် ဖန်တီးနိုင်တဲ့ စာလိပ်ကိုလည်း ဖူမဲ့ထံက လက်ခံရရှိထားသည်။ ထို့ကြောင့် အရှက်မဲ့စွာပဲ ဖူမဲ့ကို ရှင်းပြရန် တောင်းဆိုရတော့၏။

“အမ် တစ်ကယ်တော့ ဒါက နားလည်ဖို့ လွယ်ကူပါတယ်"

ရှကျိုးယွီက ပုံမှန်လိုပဲ လက်ဖက်ရည်ခွက်ကို စားပွဲပေါ် ပြန်တင်ပေးလိုက်သည်။

မျက်စိလျင်တဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးယန်က လျင်မြန်စွာ ရှေ့တိုးလာကာ အခါးရည်အိုး ငှဲ့ပေးလိုက်၏။ ငှဲ့ပေးပြီးတာနဲ့ သိမ်မွေ့စွာဖြင့် ဘေးဘက်ကို ရွှေ့သွားခဲ့သည်။ သခင်ဖူမဲ့ထံမှ တင်ပြချက်ကို လေးစားစွာ နားထောင်ရန် အသင့်စောင့်နေလေ၏။

ရှကျိုးယွီရဲ့ အရှေ့မှာရပ်နေတဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးယန်ရဲ့ ပုံစံက အလွန်နာခံပြီး ရိုကျိုးတဲ့ အစေခံတစ်ယောက်လိုမျိုး ဖြစ်နေသည်။

"တစ်ကယ်တော့ ကျွန်တော်က အစီအရင်ထဲက စွမ်းအင်ကျောက်တုံး ဖန်တီးတဲ့ ကိစ္စနဲ့ မသက်ဆိုင်တဲ့ အရာတွေအားလုံးကို ရိုးရိုးရှင်းရှင်းလေး ဖယ်ထုတ်ပစ်လိုက်တာပဲ။ အခု ပြန်ဖန်တီးထားတဲ့ အစီအရင် ပုံစံအသစ်က စွမ်းအင်ကျောက်တုံး ထောက်ပံ့ဖို့ မလိုအပ်တော့သလို ကျွန်တော်တို့ရဲ့ အသုံးစရိတ် ၈၀ရာခိုင်နှုန်းကိုလည်း လျှော့ချနိုင်လိမ့်မယ်။ ဒါ့အပြင် ကျွန်တော်တို့ ပြန်ရမယ့် စွမ်းအင်ကျောက်တုံး ပမာဏကလည်း ၁၀ဆလောက် မြင့်တက်သွားလိမ့်မယ်"

ရှကျိုးယွီရဲ့ နောက်ဆုံးစာကြောင်းကြောင့် စိတ်ဝင်တစား နားထောင်နေတဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးယန်ရဲ့ မျက်လုံးတွေက ပြူးကျယ်လာပြီး မျက်ဆံအိမ်အတွင်းမှ ခုန်ထွက်တော့မတတ် အံ့အားသင့်လာခဲ့သည်။

"၈၀ရာခိုင်နှုန်း... ၁၀ဆ... ဒါက... ဒါက တကယ်ကို အရမ်းကိုကောင်းတဲ့ အစီအရင်ကြီးပဲ"

ချက်ချင်းပဲ မြို့နယ်အုပ်ချုပ်ရေးမှူးယန် စိတ်လှုပ်ရှားစွာဖြင့် လက်ချောင်းများချိုးကာ ရေတွက်လေတော့သည်။ သူ့ရဲ့မျက်လုံးက မျက်စိရှေ့က မြင်ကွင်းကို မမြင်တော့ဘဲ စိတ်ကူးယဥ်ကမ္ဘာထဲကို ဝင်ရောက်သွားဟန်ရှိ၏။ မြို့နယ်အုပ်ချုပ်ရေးမှူးယန် သတိမကပ်စွာ ရေရွတ်လိုက်သည်။

"ငါတို့ ချမ်းသာပြီ။ ငါတို့ ချမ်းသာပြီဟေ့"

အစကတော့ ဖူမဲ့က မြို့နယ်အုပ်ချုပ်ရေးမှူးယန်ကို စိတ်ဝိညာဥ်စွမ်းအင် စုဆောင်းတဲ့ အစီအရင်အား ၁၀ဆ မြင့်တက်အောင် လုပ်ပေးမည်ဟု ပြောခဲ့သည်။ ဒါပေမဲ့ သူ မယုံကြည်ခဲ့ပေ။ အခုတော့ ရက်တစ်ချို့အတွင်းမှာပဲ ဖူမဲ့က သက်သေပြနိုင်ခဲ့၏။

"ဒါတင်မကသေးဘူး။ မြို့နယ်အုပ်ချုပ်ရေးမှူးယန်၊ ဒါတင် မကသေးဘူး"

အလင်းပွင့်နေဟန်ရှိတဲ့ တာအိုဘုန်းကြီးရှစ်ရန် ချက်ချင်းပဲ ခုန်ပေါက်ပြီး ဝင်ရောက်လာခဲ့သည်။ သူ့ရဲ့ မျက်လုံးနှစ်ဖက်က အလွန်ပျော်ရွှင်နေပြီး မျက်နှာတစ်ခုလုံး စိတ်လှုပ်ရှားမှုကြောင့် လွှမ်းမိုးခံနေရသည်။ ထို့နောက်မှာ ရှစ်ရန်တစ်ယောက် မထိန်းနိုင်စွာဖြင့် မြိုနယ်အုပ်ချုပ်ရေးမှူးယန်အား အသည်းအသန် ရှင်းပြလေတော့၏။

“ဒါတင်မကသေးဘူး။ အကယ်လို့ ငါတို့သာ ဖူမဲ့ရဲ့ အကြံအစည်အတိုင်း လိုက်လုပ်မယ်ဆိုရင် ဒီအစီအရင်ကို ကျင့်ကြံသူတွေ အသုံးမပြုဘဲ ပြီးမြောက်အောင် လုပ်လို့ရနိုင်ဦးမယ်။ ဖူမဲ့ရဲ့ ပုံကြမ်းထဲမှာ စိတ်ဝိညာဥ်စွမ်းအင် စုဆောင်းတဲ့ အစီအရင်ကြီးတစ်ခုလုံးကို ညီတူညီမျှ အပိုင်း၃၀၀ ခွဲထားတယ်။ ဒါပေမဲ့ အဲဒီအပိုင်းတွေအားလုံးက အရမ်းကို ရိုးရှင်းတယ်။ ဒါကြောင့် သာမန်သူ တစ်ယောက်တောင်မှ ပြုလုပ်နိုင်တယ်"

တာအိုဘုန်းကြီး ရှစ်ရန်က သူ့ရဲ့ဘဝတစ်ခုလုံးကို အစီအရင်မှာပဲ နစ်မြုပ်ခဲ့၏။ သူ့ရဲ့ ဖြူဖွေးနေတဲ့ မျက်ခုံးတန်းနှစ်ခုဟာ စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေခဲ့သည်။ နဂိုက တည်ငြိမ်တဲ့ သူ့ရဲ့ ပုံရိပ်လည်း အခုအချိန်မှာ လုံးဝကို ပျောက်ကွယ်သွားလေ၏။ မြေပြင်ပေါ်မှာ အသည်းအသန် ပုံကြမ်း ရေးဆွဲခဲ့တဲ့အတွက် ဖြူဖွေးသော သူ့ရဲ့ တာအိုဝတ်ရုံမှာပင် ရွှံ့စက်တစ်ချို့ ပေကျံနေခဲ့သည်။ ဒါပေမဲ့ ထိုအရာတွေကို ရှစ်ရန်တစ်ယောက် ဂရုမစိုက်နိုင်ပါချေ။

"ဒါရဲ့ဆိုလိုရင်းက ငါတို့သာ လူအင်အား လုံလောက်အောင် ခေါ်နိုင်ခဲ့မယ်ဆိုရင် အင်အားကြီးမားတဲ့ စိတ်ဝိညာဥ်စွမ်းအင် စုဆောင်းတဲ့ အစီအရင်ကို ဖန်တီးနိုင်ပြီပဲ။ အဲဒီနောက်ကျရင် ငါတို့ ဘာအလုပ်မှ လုပ်စရာမလိုတော့ဘူး။ အချိန်နဲ့အမျှ စွမ်းအင်ကျောက်တုံးတွေ ထွက်လာလိမ့်မယ်"

တာအိုဘုန်းကြီးရှစ်ရန်ရဲ့ စိတ်အားထက်သန်ပြီး ဆွဲဆောင်နိုင်တဲ့ မျက်လုံးများကြောင့် မြို့နယ်အုပ်ချုပ်ရေးမှူးယန် လှပတဲ့ စိတ်ကူးယဥ်ကမ္ဘာထဲသို့ အပြီးတိုင် ရောက်ရှိသွားခဲ့သည်။ များပြားလှတဲ့ စိတ်ဝိညာဉ် ကျောက်တုံး အပုံလိုက်ကြီးပေါ်မှာ ပျော်ရွှင်စွာ လဲလျောင်း ခုန်ပေါက်နေတဲ့ သူ့ရဲ့ပုံစံကိုပင် မြင်ယောင်မိသွား၏။ ဒီလိုနဲ့ပဲ နှစ်ယောက်သားသည် လှပလှတဲ့ အနာဂတ်ကို ပုံဖော်နေကြတော့သည်။

"သခင်ဖူမဲ့က တကယ်ကို နတ်တစ်ပိုင်း ပုဂ္ဂိုလ်ဖြစ်ရမယ်။ အကြံအစည်တွေက မိုက်လိုက်တာ"

ချက်ချင်းပဲ နှစ်ယောက်လုံးက စားပွဲခုံမှာ ထိုင်နေတဲ့ ဖူမဲ့ကို စိတ်အားထက်သန်စွာ လှည့်ကြည့်လာခဲ့သည်။

ထိုအချိန်မှာ ရှကျိုးယွီကတော့ တည်ငြိမ်စွာဖြင့် လက်ဖက်ရည်သောက်မြဲ သောက်နေလေရဲ့။ ရှကျိုးယွီရဲ့ ထိုပုံရိပ်ကပဲ ထိုနှစ်ယောက်ကို ပိုမို လေးစားသွားစေခဲ့သည်။ ထိုနှစ်ယောက်ရဲ့ တလက်လက် တောက်ပနေသော အကြည့်များကို ရင်ဆိုင်ရင်း ရှကျိုးယွီ လက်ဖက်ရည်ခွက်ကို ဖြည်းညှင်းစွာ ပြန်ချလိုက်သည်။

"အခု ကျွန်တော် ပြောတာကို ယုံပြီမလား"

နောက်ဆုံးတော့ မြို့နယ်အုပ်ချုပ်ရေးမှူးယန်အတွက် ဖိနပ်လျက်ဖို့ အခွင့်အရေး ရောက်လာခဲ့ပြီပင်။

"ကျုပ် မပြောဘူးလား။ သခင်ဖူမဲ့က တကယ်ကို လွှမ်းမိုးနိုင်စွမ်းရှိပြီး ဥာဏ်ကောင်းတဲ့ လူတစ်ယောက်ပါ ဆိုတာကို ဘာလို့များ တာအိုဘုန်းကြီးရှစ်ရန် ခင်ဗျား မယုံကြည်ခဲ့ရတာလဲ"

"ဟုတ်ပါပြီ ဟုတ်ပါပြီ။ ငါ မှားသွားတာပါ။ ဒါကြောင့် သခင်ဖူမဲ့လည်း ငါ့ရဲ့အပြုအမူကို ခွင့်ပြုပေးမယ်လို့ မျှော်လင့်ပါတယ်။ အစောပိုင်းက ငါ အမြင်ကျဥ်းပြီး စိတ်လိုလက်ရ ပြုမူခဲ့မိတယ်။ သခင်ဖူမဲ့လိုမျိုး ထူးချွန်ထက်မြက်လှတဲ့ ပုဂ္ဂိုလ်တစ်ယောက် ကမ္ဘာပေါ်မှာ တည်ရှိနေမယ်လို့ ငါ ဘယ်လိုမှ မမျှော်လင့်ခဲ့မိလို့ပါ"

စာလိပ်ကို မြင်ပြီးတာနဲ့ တာအိုဘုန်းကြီးရှစ်ရန်ရဲ့ မာနတရားတို့သည် လေထဲမှာ လွှင့်ပါသွားခဲ့ရပြီ ဖြစ်သည်။ ထိုအချိန်မှာ မြို့နယ်အုပ်ချုပ်ရေးမှူးယန် နည်းတူ ရှကျိုးယွီရဲ့ ဖိနပ်ကိုသာ လျက်ချင်မိတော့၏။

"အခု အကုန်လုံး နားလည်ပြီဆိုမှတော့ ကျုပ်တို့ အချိန်ဆွဲနေဖို့ မလိုအပ်တော့ဘူး။ ဒီအစီအရင်ကို အတတ်နိုင်ဆုံး အမြန်ဖန်တီးမှရမယ်"

အခုဆိုရင် ထျန်းလင်ဂိုဏ်းက သတိထားမိပြီး လူတွေပင် စေလွှတ်ထားတာသည်မလား..

ဒါပေမဲ့ လုပ်ကြံမှု အစီအစဥ်အတုအတွင်းမှာ ကံဆိုးစွာဖြင့် ထျန်းလင်ဂိုဏ်းရဲ့ လူတစ်ယောက်က ဖမ်းမိသွား၏။ ကျန်တစ်ယောက်ကလည်း ဂိုဏ်းတူမောင်လေး ဖြစ်သူကို အသည်းအသန် ရှာဖွေနေခဲ့သည်။ ထို့ကြောင့် လတ်တလော ပြဿနာများကို ရှင်းလင်းထားပြီဟု ဆိုနိုင်သည်။ ဒါပေမဲ့ အစီအရင် အသက်ဝင်လာတာနဲ့ ထွက်ပေါ်လာမယ့် စွမ်းအင်လှိုင်း တုံ့ပြန်မှုကို ဘယ်လိုမှ ဖုံးကွယ်လို့ ရနိုင်မှာ မဟုတ်ဘူး။ အနှေးနဲ့အမြန် ဒီကိစ္စက ဖော်ထုတ်ခံရမှာပဲ။ ဒါကြောင့် ဒီလိုကိစ္စမျိုးကို အတတ်နိုင်ဆုံး အမြန်ဆုံး ဆောင်ရွက်သင့်သည်။

အခြေခံ အစီအရင် ပုံစံအား အမြန်ဆုံး ဖန်တီးနိုင်ဖို့ လိုအပ်၏။ ဒီလိုဆိုရင် အကယ်လို့ တစ်ယောက်ယောက်က ပြဿနာ ရှာခဲ့ရင်တောင်မှ သူ့ရဲ့ ကံကြမ္မာအမှတ်ကို ယုတ်လျော့စေမယ့် အကြံအစည်ကို ဖျက်ဆီးနိုင်မှာ မဟုတ်တော့ပေ။

"အခုက အောင်ပွဲခံဖို့အတွက် စောလွန်းနေသေးတယ်။ ခင်ဗျားတို့နှစ်ယောက် အရင်သွားပြီး လူအင်အား စုဆောင်းချည်။ အခုက လယ်စိုက်ချိန် မဟုတ်သေးတဲ့အတွက် ပြည်သူတွေ အလုပ်မရှိသေးဘူး။ ဒါကြောင့် ကျွန်တော်တို့ကို ကူညီဖို့ လူတွေရှာဖို့ လွယ်ကူလိမ့်မယ်"

ရှကျိုးယွီရဲ့ စကားလုံးတွေက မြို့နယ်အုပ်ချုပ်ရေးမှူးယန်ကို အလင်းဖွင့်ပေးလိုက်ဟန် ရှိသည်။

"စိတ်မပူပါနဲ့ သခင်ဖူမဲ့။ သခင်ဖူမဲ့က ဒီလိုမျိုး ဆန်းကြယ်လှတဲ့ အကြံအစည်ကို ယူလာပေးမှတော့ ကျုပ်တို့ကလည်း အကောင်းဆုံး ပြင်ဆင်ပေးရမှာပေါ့"

ဒီလိုနဲ့ပဲ ထိုနှစ်ယောက်သည် အလွန် စိတ်လှုပ်ရှားစွာဖြင့် ကြီးမားတဲ့ တဲအတွင်းမှ ထွက်ခွာသွားကြ၏။ သူတို့ရဲ့ မဟာအကြံအစည်ကြီးကို အောင်မြင်အောင် ဆောင်ရွက်ဖို့အတွက် မစောင့်ဆိုင်းနိုင်ကြတော့ပေ။

All Chapters