အလိုလိုက် အကြိုက်ဆောင်ခြင်း
Vol. 18 Ch. 249
ရှကျိုးယွီရဲ့မျက်နှာပေါ်မှာ ဖျော့တော့တဲ့အပြုံးတစ်ခုဖြစ်ပေါ်လာ၏။ အခုဆိုရင် အရာအားလုံးအသင့်ဖြစ်နေပြီဖြစ်ပြီး နောက်ဆုံးဆုံးဖြတ်ချက်သာ လိုအပ်တော့သည်။
မြို့နယ်အုပ်ချုပ်ရေးမှူးယန်နဲ့ တာအိုဘုန်းကြီးရှစ်ရန်ကလည်း များစွာတဲ့လူတွေကို သွားရောက်ခေါ်ဆောင်နေကြသည်။ လုံလောက်တဲ့လူအင်အားသာ စုဆောင်းပြီးတာနဲ့ အားကုန်သုံးပြီးဖန်တီးလိုက်မယ်ဆိုရင် အစီအရင်အောင်မြင်လာခဲ့ပြီး ကံကြမ္မာအမှတ်ကို ဖျက်ဆီးနိုင်တော့မှာပဲမလား..
ရှကျိုးယွီ အလွန်စိတ်ပျော်နေခဲ့သည်။ သူ့ရဲ့အကြံအစည်က လုံးဝအောင်မြင်တော့မည်ဟု တွေးဆထား၏။
ကွမ်ရန် နန်းတော်ကိုရောက်ရှိချိန်မှာ အသင့်စောင့်ဆိုင်းနေတဲ့ ဝေ့ကျုံးရှန့်ကို မြင်လိုက်ရသဖြင့် ရှကျိုးယွီရဲ့မျက်နှာသည် အနည်းငယ်နူးညံ့သွားခဲ့သည်။ ထိုအချင်းအရာက အကြောက်တရားများနဲ့ တုန်ယင်နေခဲ့သော မိန်းမစိုးကို စိတ်သက်သာရာရစေခဲ့သည်။ ဝတုတ်တဲ့မျက်နှာပေါ်က အပြုံးတို့က ပိုမိုကြီးထွားလာဟန်ရှိ၏။
"နန်းတော်ကနေ ပြန်လည်ကြိုဆိုပါတယ် အရှင်မင်းကြီး၊ အရှင်မင်းကြီး စိတ်ကြည်နေပုံပဲ၊ အရှင်မင်းကြီး လှည့်ပတ်သွားလာခဲ့ရတာကို စိတ်ကျေနပ်ခဲ့လို့ပါလား"
ရှကျိုးယွီနဲ့အတူ ခရီးထွက်ရသည့်အတွက် ဝေ့ကျုံးရှန့် အစကအများကြီးစဉ်းစားထားခဲ့သည်။ အရှင်မင်းကြီးရဲ့တိုင်းခန်းလှည့်လည်မှုမှာ အရာရှိများစွာက တွေ့ချင်ခဲ့ကြပြီး သူတို့ရဲ့အောင်မြင်မှုများကို ပြသချင်ခဲ့၏။ အရှင်မင်းကြီးထံက ချီးကျူးခံရလျှင် မြင့်မားတဲ့အနာဂတ်ကို ပိုင်ဆိုင်နိုင်လိမ့်မည်။ ထို့ကြောင့် ဝေ့ကျုံးရှန့်ကို လူတော်တော်များများက အကူအညီတောင်းခဲ့ကြသည်။
ဒါပေမဲ့ လက်တွေ့မှာတော့ အရှင်မင်းကြီးရဲ့အရိပ်ကိုပင် ဝေ့ကျုံးရှန့် ရှာတွေ့ရန်ခက်ခဲခဲ့၏။ ရှကျိုးယွီက မနက်အစောကတည်းကထွက်သွားခဲ့ပြီး ညဉ့်နက်မှသာပြန်လာတတ်သည်။ ရှကျိုးယွီရဲ့တည်နေရာကိုလည်း မသိရှိရပေ။ ထိုအချက်ကြောင့်ပဲ အရာရှိတွေက သူတို့ရဲ့ဧည့်ဝတ်ကျေမှုကို အရှင်မင်းကြီးစိတ်မကျေနပ်လို့လားဟု ကြောက်ရွံ့နေခဲ့ကြ၏။
"ကျွန်တော်မျိုးတို့ ဒီနေရာအထိ ထိုက်အန်းမြို့တော်ကနေ အဝေးကြီးလာခဲ့ရတယ်၊ ဒါပေမဲ့ ဒီနေရာရဲ့ နာမည်ကြီးနေရာတွေကို အရှင်မင်းကြီးမသိသေးဘူးမလား။ ဒီကျိကျီမြို့မှာ ပျော်ဖို့ကောင်းတဲ့နေရာတွေ အများကြီးရှိပါတယ်၊ အရှင်မင်းကြီးက နေ့မအားညမအား အလုပ်ကြိုးစားနေခဲ့တယ်၊ ကျွန်တော်မျိုး အရှင်မင်းကြီးရဲ့ကျန်းမာရေးကို တစ်ကယ်ပဲပူပင်မိပါတယ်"
ဝေ့ကျုံးရှန့် တစ်ယောက် နားဝင်ချိုအောင်ပြောလိုက်လေ၏။
ဒါပေမဲ့ ရှကျိုးယွီအနေနဲ့ မခန့်မှန်းမိစရာလား.. ဒီနေရာကိုရောက်ကတည်းက အလုပ်မပြောနဲ့ အလုပ်နဲ့တူတာပင် လုပ်ခဲ့ဖူးတာမရှိပေ။ သူ့အတွက်တော့ ဘုရင်ဆိုးဖြစ်ရတာ ပျော်ရွှင်ဖို့ကောင်းလှ၏။
"မောင်မင်းပြောတာမှန်တယ်၊ ငါကိုယ်တော်အခုထိ ကျိကျီမြို့အတွင်းကို ကောင်းမွန်စွာမလည်ပတ်ရသေးဘူးပဲ၊ ဟုတ်တယ် အခုကအချိန်ကောင်းပဲ၊ ဒါကြောင့်မင်းသွားပြီးပြင်ဆင်ထားလိုက်၊ ဒီနေ့စိတ်ဝင်စားစရာကောင်းတဲ့ ဘယ်နေရာတွေရှိလဲဆိုတာကို ငါကိုယ်တော်ရှာဖွေမယ်"
စိတ်ဝိညာဉ်စွမ်းအင် စုဆောင်းတဲ့အစီအရင်နဲ့ ပတ်သက်ပြီး လိုအပ်သည်များအား စီစဉ်ခဲ့သည့်အတွက် ရှကျိုးယွီ စိတ်မပူတော့ပေ။ မကြာခင်မှာပဲ မြို့နယ်အုပ်ချုပ်ရေးမှူးယန်နှင့် တာအိုဘုန်းကြီးရှစ်ရန်က လူအများကြီးကိုခေါ်ပြီး ရောက်ရှိလာလိမ့်မည်။ ထို့ကြောင့် ဒီအခွင့်အရေးကိုအသုံးပြုပြီး ဘာကြောင့်အနားမယူရမှာလဲ.. မြင်ကွင်းကောင်းတွေရှုစားရမည်မလား.. ဒီတိုင်းခန်းလှည့်လည်တဲ့ခရီးစဉ်ကလည်း ကံကြမ္မာအမှတ်ကိုဖျက်ဆီးပြီး အပျော်အပါးလိုက်စားဖို့ပဲလေ။ အချိန်ပိုင်းအလုပ်အတွက်နဲ့ ငအဓိကအလုပ်ကို စွန့်လွှတ်စရာလား…
"အိုး ဟုတ်သားပဲ၊ ငါကိုယ်တော်ရဲ့ ကိုယ်လုပ်တော်ကျင်းကိုလည်းသွားခေါ်ခဲ့၊ သူမရဲ့အဖော်ပြုပေးမှုကြောင့် ငါကိုယ်တော်တို့ရဲ့ကြားကဆက်ဆံရေးလည်း တိုးတက်လာနိုင်မယ်၊ အဲဒီမိန်းကလေးက ငါကိုယ်တော်သူ့ကို ဂရုမစိုက်ဘူးဆိုပြီး အများကြီးအပြစ်တင်ပြောဆိုနေခဲ့တာ"
ရှကျိုးယွီရဲ့ချောမောတဲ့မျက်နှာမှာ အပြုံးတစ်ခုဝင်ရောက်လာခဲ့သည်။ ကိုယ်လုပ်တော်ကျင်းကို ရက်တစ်ချို့ကြာ မကစားခဲ့ရ၍ အနည်းငယ်ပျင်းရိနေ၏။ နောက်ဆုံးတော့ အခွင့်အရေးရလာခဲ့ပြီမို့ ရှကျိုးယွီ ညစ်ကျယ်ကျယ်ပြုံးလိုက်သည်။
အနောက်ဆောင်ထဲမှာ စိတ်ကြိုက်ပျော်ပါးခွင့်မရဘဲနဲ့ ဘာကြောင့်များဘုရင်ဆိုးတစ်ယောက်လုပ်နေရမှာလဲ.. ဘုရင်ဆိုးလုပ်မယ်ဆိုမှတော့ ဘာကိုဂရုစိုက်ရဦးမှာလဲ..
အရှင်မင်းကြီးရဲ့အတွေးကို ဝေ့ကျုံးရှန့် ချက်ချင်းပဲခန့်မှန်းမိလိုက်သည်။ ထို့ကြောင့် လူလွှတ်ပြီး ကိုယ်လုပ်တော်ကျင်းကို ဆင့်ခေါ်ခိုင်းလိုက်လေ၏။
"ကျွန်တော်မျိုး အရှင်မင်းကြီးရဲ့အမိန့်ကို နာခံပါတယ်၊ အခုပဲလူတွေစီစဉ်ပြီး အရှင်မင်းကြီးကို လမ်းတစ်လျှောက်ဂရုစိုက်ခိုင်းလိုက်ပါမယ်၊ အရှင်မင်းကြီး သေချာပေါက် သက်တောင့်သက်သာခရီးစဉ်တစ်ခုကို ကြုံတွေ့ရမှာပါ"
မနေ့ညကလုပ်ကြံမှုကြောင့် မြို့နယ်တစ်ခုလုံး လွန်စွာထိတ်လန့်ခဲ့ရသည်။ အကြီးအကျယ်ကျင်းပခဲ့တဲ့ပွဲတော်လည်း ချက်ချင်းပဲရပ်တန့်ခဲ့ရ၏။ ဒီခရီးစဉ်က ပြည်သူတွေကို ပြန်လည်တည်ငြိမ်စေဖို့အတွက် အထောက်အကူဖြစ်စေနိုင်သည်။ တရှားရဲ့အရှင်မင်းကြီး လုံခြုံစွာတည်ရှိနေတာကို အရာရှိတွေနဲ့ပြည်သူတွေ တွေ့မြင်ကြပါစေ။
ရှကျိုးယွီရဲ့အမိန့်ကို လက်ခံရရှိပြီးတာနဲ့ ဝေ့ကျုံးရှန့် အင်တိုက်အားတိုက်စီစဉ်စရာရှိတာများကို စီစဉ်လေတော့သည်။ ဒီခရီးစဉ်အတွင်းမှာ အထူးဂရုစိုက်ဖို့လိုအပ်သည်။ အကယ်လို့နောက်ထပ် လုပ်ကြံမှုသာပေါ်ပေါက်လာခဲ့မယ်ဆိုရင် သူ့မှာခေါင်းကိုးလုံးရှိနေမယ်ဆိုရင်တောင်မှ အပြစ်ဒဏ်ကနေလွတ်မြောက်မည်မဟုတ်ပေ။ ဒီလိုနဲ့ပဲ မိန်းမစိုးခေါင်းဆောင်သည် ဝတုတ်တုတ်ခန္ဓာကိုယ်ကိုလှုပ်ရှားရင်း ပြင်ဆင်စရာရှိတာများကိုပြင်ဆင်ဖို့ရန် အရှင်မင်းကြီးနားက ရိုကျိုးစွာဖြင့်ထွက်ခွာသွားလေ၏။
"ကိုယ်လုပ်တော်ကျင်းရောက်ရှိပါပြီ"
မကြာမီမှာပဲ အစေခံတစ်ချို့ဝန်းရံထားရင်း ကိုယ်လုပ်တော်ကျင်းသည် လှပစွာပေါ်ထွက်လာခဲ့သည်။ အရင်တစ်ခေါက်ကထက် သူမရဲ့ဝတ်စုံက ပိုမိုလှပခဲ့သည်။ အရင်တစ်ခေါက်က သူမရဲ့အဖြူရောင်ဝတ်စုံသည် ရှကျိုးယွီကိုတမင်ဒေါသထွက်စေရန် ဝတ်ဆင်ခဲ့တာဖြစ်သည်။ အခုသူမက ဝတ်နေကျဆွဲဆောင်မှုရှိသောဝတ်စုံကို ပြန်လည်ဝတ်ဆင်ထား၏။ ခါးနားကို တင်းကြပ်စွာစည်းနှောင်ထားသဖြင့် လှပတဲ့ကောက်ကြောင်းကို အထင်းသားထွက်ပေါ်စေသည်။ ပါးလွှာတဲ့အဝတ်စက ရှည်လျားကာ ကျောက်စိမ်းလိုမျိုးနူးညံ့လှသော ခြေချောင်းဖြူဖြူများက ပုရိသများကို လွန်စွာဆွဲဆောင်နိုင်၏။
ရှကျိုးယွီထံက အနိုင်ကျင့်ခံရပြီးနောက်မှာ ကိုယ်လုပ်တော်ကျင်းရဲ့ပုံစံက ပိုမိုနာခံလာဟန်ရှိသည်။ ဒါပေမဲ့သူမက ထုံးစံအတိုင်းပဲ ရှကျိုးယွီရဲ့စိတ်ကို အကဲစမ်းလေ၏။
အခုချိန်သည် အရှင်မင်းကြီးအတွက် ထည်ဝါမှုကိုပြသရမည့်အချိန်ဖြစ်သည်။ ဒါပေမဲ့သူမကတော့ ရိုးရှင်းစွာဝတ်ဆင်ထားလေ၏။ ရှကျိုးယွီရှေ့မှာ ဘာမှ မဖြစ်ပေမဲ့ အရာရှိတွေအရှေ့ကိုရောက်သွားရင် အရှင်မင်းကြီးရဲ့မျက်နှာ အရှက်မရလောက်ဘူးလား…
"ကိုယ်လုပ်တော်ကျင်းက ငါကိုယ်တော်စိတ်ကျေနပ်စေဖို့ ဒီလောက်လှပအောင် ဝတ်ဆင်ထားတာလား"
ရှကျိုးယွီ စိတ်မပူစွာပင် ကိုယ်လုပ်တော်ကျင်းကို လက်မောင်းကြားထဲဆွဲသွင်းလိုက်သည်။
"ကျွန်တော်မျိုးမ အရှင်မင်းကြီးကို လွမ်းနေခဲ့တာ"
ကိုယ်လုပ်တော်ကျင်းကလည်း ရှကျိုးယွီရဲ့မျက်လုံးများကို အားကျမခံစိုက်ကြည့်လာလေ၏။ သူမက ကလေးငယ်တစ်ယောက်လိုမျိုး ရှကျိုးယွီရဲ့မျက်လုံးထဲက အလိုမကျမှုကိုရှာဖွေနေခဲ့သည်။
ထိုအချိန်မှာပဲ ရှကျိုးယွီသည် နူးညံ့တဲ့. သူမနားရွက်အနားကိုကပ်ရင်း ခပ်တိုးတိုးပြောလိုက်သည်။
"အကယ်လို့ ကိုယ်လုပ်တော်ကျင်း ဘာမှမဝတ်ချင်ဘူးဆိုရင် ငါကိုယ်တော်ရဲ့အိပ်ရာထဲ သွားလို့ရတယ်နော်၊ ဒါပေမယ့် မင်းကအခုလိုမျိုး အပြင်ထွက်ချင်နေတာဆိုတော့ ဘာမှမဝတ်ဘဲထွက်မလား"
ရှကျိုးယွီရဲ့အသက်ရှူသံက ကိုယ်လုပ်တော်ကျင်းရဲ့နားရွက်များကို ယားယံစေခဲ့သည်။ သူမ မခုခံရဲပေ။
ရှကျိုးယွီရဲ့စကားလုံးများကြောင့် သူမရဲ့ကျောရိုးတစ်လျှောက်လုံး ချမ်းစိမ့်သွား၏။
ရှင်ဘုရင်ဆိုတာ အကြင်နာတရားကင်းမဲ့တဲ့ပုဂ္ဂိုလ်များဖြစ်၏။ အပြင်ဘက်မှာဘယ်လိုပဲစနောက်နေပါစေ သူတို့ရဲ့နှလုံးသားထဲက အေးစက်မှုကိုဖုံးကွယ်လို့မရနိုင်ဘူး။
ကိုယ်လုပ်တော်ကျင်းရဲ့ နူးညံ့တဲ့ခန္ဓာကိုယ်က မထိန်းနိုင်အောင် တုန်ယင်သွားခဲ့သည်။ သူမစကားတစ်ခွန်းမှမပြောဘဲ ရှကျိုးယွီရဲ့လက်မောင်းထဲကို ဝင်ရောက်ခိုလှုံလိုက်၏။ လှပတဲ့မျက်လုံးနှစ်စုံက ချက်ချင်းပဲနီရဲလာကာ သနားစဖွယ်ပုံရိပ်ကို ဖြစ်ပေါ်စေလိုက်သည်။
ရှကျိုးယွီ ကြင်နာစွာဖြင့် ကိုယ်လုပ်တော်ကျင်းရဲ့ဆံပင်များကို ပွတ်သပ်ပေးလိုက်၏။
သူမရဲ့ပြီးပြည့်စုံစွာဖန်တီးထားတဲ့ ဆံပင်ပုံစံသည် ပျက်ယွင်းရလေပြီ။
"ဘာလို့ငိုနေတာလဲ။ ငါကိုယ်တော်က ဒီတိုင်းပဲစလိုက်တာပါ၊ ငါကိုယ်တော်ရဲ့တန်ဖိုးထားရတဲ့ ကိုယ်လုပ်တော်ကျင်းကို ဘယ်လိုလုပ်ဒီလိုအရှက်ရမှုမျိုး ကြုံတွေ့စေရမှာလဲ"
ရှကျိုးယွီကတော့ မျက်နှာပေါ်မှာ ခပ်ဖွဖွအပြုံးကိုတပ်ဆင်ထားဆဲပင်။ စောစောပိုင်းကပြသထားတဲ့ တော်ဝင်ဆန်တဲ့ ခြိမ်းခြောက်မှုမျိုးလုံးဝမရှိတော့ပေ။
ဒီလိုနဲ့မကြာခင်မှာပဲ ကိုယ်လုပ်တော်ကျင်းသည် အစေခံများရဲ့အကူအညီနဲ့ အဝတ်အစားလဲဖို့ရန်ထွက်သွားခဲ့သည်။ မကြာခင်မှာပဲ လှပတဲ့အနီရောင် ပိုးဝတ်ရုံအရှည်ကြီးနဲ့ ကိုယ်လုပ်တော်ကျင်း ပြန်လည်ရောက်ရှိလာ၏။ သူမဆင်ယင်ထားတဲ့ ကျောက်စိမ်းသရဖူသည် တော်ဝင်ဆန်တဲ့သူမရဲ့ပုံရိပ်ကို ပိုမိုမြင့်တက်စေခဲ့သည်။
"အရမ်းကောင်းတယ်၊ ဒီနေ့ငါကိုယ်တော်နဲ့အတူ လှည့်ပတ်ကြည့်ရှုကြတာပေါ့၊ ဒါဆိုရင်ငါကိုယ်တော်မင်းကို အဖော်ပြုမပေးဘူးလို့ ပြောလို့မရတော့ဘူးနော်"
ကိုယ်လုပ်တော်ကျင်းရဲ့ နူးညံ့တဲ့နှာခေါင်းထိပ်ကို ရှကျိုးယွီ ခပ်ဖွဖွတို့လိုက်သည်။
သူမရဲ့မျက်နှာက ချက်ချင်းပဲနီရဲသွား၏။ သေးငယ်တဲ့လက်ဖဝါးနှစ်ဖက်က အင်္ကျီစကိုတင်းကြပ်စွာ ဆုပ်ကိုင်လိုက်မိသည်။
"ဟက်ချိုး"
ကိုယ်လုပ်တော်ကျင်း အနေခက်စွာဖြင့် ချက်ချင်းပဲအနောက်လှည့်လိုက်လေ၏။
ရှကျိုးယွီ သူမကိုမစနောက်တော့ပေ။ အကယ်လို့သူမကြောက်သွားရင် အရင်လိုမကစားနိုင်ဘဲဖြစ်သွားလိမ့်မည်။
"နန်းတော်ကထွက်ခွာကြမယ်"
ရှကျိုးယွီထံမှ အမျက်တော်ရှခံရမှာစိုးသည့်အတွက် ဝေ့ကျုံးရှန့် လျင်မြန်စွာဖြင့် စီစဉ်စရာရှိတာများကို ပြီးပြည့်စုံစွာစီစဉ်ထားခဲ့သည်။ ဒီလိုနဲ့မကြာခင်မှာပဲ ကွမ်ရန် နန်းတော်အတွင်းကနေ များပြားတဲ့လူအုပ်တစ်ခု ထွက်လာလေ၏။