မြို့အလွတ်ကြီး
Vol. 18 Ch. 250
ကောင်းမွန်လှသော နဂါးမြင်းလှည်းပေါ်၌ ရှကျိုးယွီ လိုက်ပါလာပြီး အပြင်ဘက်က ရှုခင်းများကို ရှုစားနေခဲ့သည်။
နွေဦး ကာလဖြစ်၍ အရာအားလုံးက တောက်ပစွာ ပွင့်လန်းနေကြ၏။ ပန်းပင်စိမ်းများသည် နေရာတိုင်းတွင် ရှိနေပြီး အနီ၊ အဖြူ၊ အဝါ စသဖြင့် လောကကြီးကို လှပစွာ ဆေးခြယ်နေလေရဲ့။
ဆောင်းတွင်းရဲ့ အရိုးထဲထိ အေးစိမ့် စေနိုင်သော အအေးဓာတ်များ ပျောက်ကွယ် သွားသော်ငြား နွေလယ်ခေါင်၏ ပူပြင်းမှုကို မရောက်ရှိ သေးသဖြင့် ရာသီဥတုက အနေတော်လေးနှင့် ချွေးလည်းမထွက်ပဲ နေထိုင်လို့ ကောင်းလှသည်။ ကောင်းကင်ကြီးက ကြည်ရှင်းတောက်ပနေပြီး အရာ အားလုံးက စိမ်းလန်းစိုပြေ နေလေရဲ့။
မျက်နှာသေကြီးနှင့် နေတတ်သော ကိုယ်လုပ်တော်ကျင်းပင် လှပတဲ့ ရှုခင်းများကြောင့် အနည်းငယ် စိတ်ကြည်နေဟန် ရှိသည်။
“အရှင်မင်းကြီး ကျွန်တော်မျိုးတို့ ရှုခင်းအရင် ကြည့်ပြီး ဒီနေရာရဲ့ ဓလေ့ထုံးတမ်းတွေနဲ့ ရင်းနှီးအောင် အရင်လုပ်ကြမလား”
ဝေ့ကျုံးရှန့်ရဲ့ မြင်းက တော်ဝင်မြင်းလှည်း အနားကို ချဉ်းကပ်လာရင်း ရှကျိုးယွီကို တည်ငြိမ်စွာ မေးလိုက်သည်။ သူ့ရဲ့ ဝတုတ်လှတဲ့ ခန္ဓာကိုယ်က မြင်းပေါ်မှာ တအိအိ လိုက်ပါနေ၏။
ထိုမြင်ကွင်းက ရှကျိုးယွီကို အနည်းငယ် ပြုံးသွားစေခဲ့သည်။
“ဒီနေရာရဲ့ နာမည်ကြီး ရေကန်ကို ငါကိုယ်တော် ကြားထားတာ ကြာပြီး သွားကြည့်ကြမလား”
ရှကျိုးယွီ ပျင်းရိစွာ ပြောလိုက်သည်။
သူ့ရဲ့ မျက်နှာပေါ်ကို ဖြတ်တိုက်လာတဲ့ လေပြေနုက အနည်းငယ် ပင်ပန်းစေ၏။
“အရှင်မင်းကြီး အဲ့ဒါဘာလဲ”
ကွမ်ရန် နန်းတော်အတွင်းက ထွက်လာပြီးကတည်းက ကိုယ်လုပ်တော်ကျင်းရဲ့ ပုံစံက သိသိသာသာ ပျော်ရွှင်နေပုံ ပေါက်၏။ သူမက သတိမထားမိစွာပဲ ရှကျိုးယွီရဲ့ ဘေးသို့တိုးကပ်ကာ မေးလိုက်သည်။
ထိုအချင်းအရာက ရှကျိုးယွီကို အိပ်ချင်စိတ်မှ ဆွဲထုတ်ပေးသွား၏။
ရှကျိုးယွီ အသိဝင်လာချိန်မှာ မြင်လိုက်ရတာက ကိုယ်လုပ်တော်ကျင်းရဲ့ လှပတဲ့ မျက်နှာပေါ်က အပြုံးနုနုပင်။
သူမက သူ့ရဲ့ အိပ်ချင်မှုကို နှောင့်ယှက်ခဲ့တဲ့ လက်သည် တရားခံပဲ။
“အဲ့ဒါဘယ်မှာလဲ ငါကိုယ်တော်ကြည့်မယ်”
ရှကျိုးယွီ မသိချင် ယောင်ဆောင်ပြီး ကိုယ်လုပ်တော်ကျင်းကို လက်မောင်းထဲ ဆွဲသွင်းလိုက်ရင်း ထိုအပြုံးနုတို့ စတင်ရာ ပါးမို့မို့လေးအား အနမ်းချွေလိုက်၏။
အနီးအနားမှာ ရှိနေတဲ့ နန်းတွင်း အစေခံတွေနဲ့ တော်ဝင် အစောင့်တွေ အားလုံး ချက်ချင်းပဲ အကြည့်လွှဲသွားကြသည်။ အရှင်မင်းကြီး အမျက်တော်ရှမှာ စိုးရွံ့ကြသည်လေ။
“အရှင်မင်းကြီး… အရှင်မင်းကြီး ကျွန်တော်မျိုးမကို ထပ်ပြီး အနိုင်ကျင့်နေရင် ကျွန်တော်မျိုးမ....”
အချိန်အတော်ကြာသည် အထိ ကိုယ်လုပ်တော်ကျင်း တစ်ယောက် ရှကျိုးယွီကို ဘယ်လို ခြိမ်းခြောက်ရမလဲ မစဉ်းစား နိုင်ခဲ့ပေ။ ထို့ကြောင့် သူမ စိတ်တိုစွာဖြင့် ခေါင်းကိုသာ ဆတ်ခနဲလွှဲလိုက်၏။
“ကျွန်တော်မျိုးမ အရှင်မင်းကြီးကို စကားမပြောတော့ဘူး”
ထို့နောက်မှာ ကိုယ်လုပ်တော်ကျင်းက နူးညံ့သေးငယ်တဲ့ လက်သီးဆုပ်နဲ့ ရှကျိုးယွီကို ထိုးလိုက်လေ၏။သူမရဲ့ ရှက်ရွံ့နေမှုကို လည်ပင်းနားအထိ ရောက်ရှိလာသော ပန်းရောင်သမ်းလာမှုကို ကြည့်တာနဲ့ သိနိုင်သည်။
ဒီလိုနဲ့ပဲ ရှကျိုးယွီနဲ့ ကိုယ်လုပ်တော်ကျင်းတို့ စနောက် လိုက်ပါလာရင်း ကျိကျီမြို့ရဲ့ ဗဟိုချက်ကို ရောက်ရှိလာခဲ့သည်။ လူသွားလူလာတွေ ပြည့်နှက်နေတဲ့ လမ်းမ တစ်လျှောက်က အခုအချိန်မှာ လူသူကင်းမဲ့ နေလေ၏။
ထိုမြင်ကွင်းကြောင့် ဝေ့ကျုံးရှန့် လွန်စွာဒေါသ ထွက်သွားခဲ့သည်။ ကျိကျီမြို့ရဲ့ အရာရှိအားလုံးကို ဆွဲခေါ်ပြီး ပိတ်ရိုက်ချင်စိတ်ပါ ပေါက်လာ၏။ ခရီးစဉ်မတိုင်ခင်မှာ ထိုအရာရှိများကို ဝေ့ကျုံးရှန့် သတိပေးထားခဲ့သည်။ အရှင်မင်းကြီးနဲ့ ကိုယ်လုပ်တော် ရောက်ရှိလာရင် အခမ်းနားဆုံးနဲ့ အကောင်းမွန်ဆုံး မြင်ကွင်းကို ပြသပေးဖို့ မှာကြားထားခဲ့၏။
ဒါပေမဲ့ အခုတော့ အရှင်မင်းကြီး ရောက်ရှိ လာတာတောင်မှ တစ်ဦးတစ်ယောက်ကမှ အရှင်မင်းကြီး သက်တော်ရာရှည် နေနိုင်ပါစေဟု အော်ဟစ်ပေးမဲ့သူ မရှိခဲ့ပေ။
ကျိကျီမြို့ရဲ့ အရာရှိစုတ်တွေ အားလုံး အနားယူပြီး သေချင်နေကြတာလား။
“အရှင်မင်းကြီး ကျွန်တော်မျိုးရဲ့ နောက်ကျမှုကို ခွင့်လွှတ်ပေးတော်မူပါ”
ဒီလိုနဲ့ပဲ မကြာခင်မှာ တိမ်ပုံစံ ချည်ထိုးထားသော အရာရှိဝတ်စုံကို ဝတ်ဆင်ထားတဲ့ အရာရှိ တစ်ယောက် ရောက်ရှိလာ၏။ ထိုသူက မြေပြင်ပေါ်က ရွှံ့တွေကို ဂရုမစိုက်စွာ ချက်ချင်းပဲ ဒူးထောက်ချလိုက်ပြီး ရှကျိုးယွီကို အရိုအသေပေး နှုတ်ဆက်လိုက်သည်။
“ဒါက ကျိကျီမြို့ရဲ့ တရားသူကြီး လီချွမ် မလား”
ဝေ့ကျုံးရှန့် ချက်ချင်းပဲ လီချွမ်ကို အရိုအသေ ပေးလိုက်သည်။ သူ့ရဲ့ အပြုံးတုကြားမှာ စိတ်လှုပ်ရှားမှုတို့ ဝင်ရောက်နေ၏။ အရိုအသေ ပေးတာကို အခွင့်အရေးယူရင်း လီချွမ်ရဲ့ အနားကို တိုးကပ်ကာ ဝေ့ကျုံးရှန့် မေးခွန်း ထုတ်လိုက်တော့သည်။
"အရှင်မင်းကြီး လာတဲ့အချိန် ပြင်ဆင်ဖို့ ပြောထားဘူးလား။ ဘာလို့ လမ်းတစ်ခုလုံးက ဒီလောက်အထိ ခြောက်ကပ်နေရတာလဲ။ မင်းက အရှင်မင်းကြီးကို အရှက်ခွဲချင်နေတာလား ဒါမှမဟုတ် အရာရှိ ဝတ်စုံ ဝတ်ဆင်ရတာ မုန်းနေလို့လား"
ဒီခရီးစဉ်တွင် အဓိက တာဝန်ရှိတဲ့ မိန်းမစိုးတစ်ယောက် အနေနဲ့ ဝေ့ကျုံးရှန့်သည် အရာရှိအားလုံးနဲ့ တွေ့ဆုံခဲ့ပြီး ကြိုတင်ပြင်ဆင် ထားဖို့ရန် မှာကြားထားခဲ့သည်။ ကျိကျီမြို့ရဲ့ တရားသူကြီး လီချွမ်ကိုလည်း အကြိမ်ကြိမ် ဆက်သွယ်ပြောဆိုထားခဲ့သည်။ ဒါပေမဲ့ တစ်ကယ် ရောက်လာချိန်မှာတော့ ဒီလီချွမ်က အသုံးမကျစွာ ပြင်ဆင်ထားလေ၏။
ဝေ့ကျုံးရှန့် ဒေါသမထွက်ပဲ နေပါ့မလား….
“မိန်းမစိုးဝေ့ ကျုပ်အဲ့လိုမျိုး လုပ်ချင်တာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီကျိကျီမြို့ တစ်ခုလုံးမှာရှိတဲ့ ပြည်သူတွေ အားလုံးက တစ်ကယ်ကို မအားလပ်ကြတာပါ။ လုပ်ပါ.. အရှင်မင်းကြီးကို ကျုပ်အတွက် စကားကောင်း တစ်ချို့ပြောပေးပါ့လား။ အရှင်မင်းကြီး စိတ်ဆိုးသွားမှာ မလိုချင်ဘူး”
အန္တရာယ်များလှတဲ့ အရာရှိရုံးတော်မှာ နှစ်များစွာ ရှင်သန်လာတဲ့ သူတစ်ယောက်အနေနဲ့ တရားသူကြီး လီချွမ် ချက်ချင်းပဲ ငွေတစ်ထုပ်ကို ဝေ့ကျုံးရှန့်ရဲ့ လက်ထဲသို့ ထိုးထည့်ပေးလိုက်သည်။
ဝေ့ကျုံးရှန့်သည် အင်္ကျီလက်ကို အကာကွယ်ယူရင်း ထိုငွေထုပ်ကို အလေးချိန် ချိန်ဆကြည့်လိုက်၏။ ချက်ချင်းပဲ သူ့ရဲ့ ဝတုတ်တဲ့ မျက်နှာက တောက်ပစွာ ပြုံးသွားခဲ့သည်။ သူရဲ့ မျက်နှာက ပန်းများ ပွင့်လန်းလာသလိုမျိုး တောက်ပလာ၏။
“ကံကောင်းစွာနဲ့ အရှင်မင်းကြီးက ဒီနေ့ စိတ်ကောင်းဝင်နေတယ်။ မင်းတို့ ကျိကျီမြို့ရဲ့ လှပတဲ့ မြင်ကွင်းတွေက အရှင်မင်းကြီးရဲ့ စိတ်ကို ကြည်လင်စေပုံရတယ်။ ဒီလိုမှ မဟုတ်ဘူးဆိုရင် ငါလည်း မင်းအတွက် စကားပြောပေးလို့ ရမှာမဟုတ်ဘူး”
ထိုနှစ်ယောက်ရဲ့ ပြောစကားများကို ရှကျိုးယွီ မကြားစရာလား။ သူက ပထမအဆင့်ကို ကျော်လွန်ပြီးသော ကျင့်ကြံသူ တစ်ယောက်ဖြစ်သည်။ မီတာ တစ်ရာ အကွာအဝေး အတွင်းမှာရှိတဲ့ ဘယ်အသံကမှ သူ့ရဲ့ အာရုံခံမှုကနေ မလွှတ်မြောက်နိုင်ဘူး။
ဒါပေမဲ့ ထိုလိမ်ညာမှုများကို ရှကျိုးယွီ စိတ်မဆိုးပါချေ။ သူ့ရဲ့ နှလုံးသားထဲမှာ မျှော်လင့်ချက်တို့ ပြည့်နှက်လာခဲ့သည်။ အကယ်လို့ တိုင်းပြည်ရဲ့ အရာရှိတိုင်းကသာ မဖြောင့်မတ်ဘဲ ငွေမက်သူများ ဖြစ်နေလျှင် အချိန်ကျလာတာနဲ့အမျှ တိုင်းပြည်က တစ်ဖြည်းဖြည်း ယိုယွင်းပျက်ဆီး လာမှာပဲမလား…
“အဲ့ဒီမှာ ဒူးထောက်နေတဲ့သူက ဘယ်သူလဲ”
ရှကျိုးယွီရဲ့ တော်ဝင်ဆန်ပြီး တည်ငြိမ်နေသော အသံ ထွက်ပေါ်လာခဲ့သည်။ လီချွမ် ချက်ချင်းပဲ ခေါင်းငုံ့လိုက်ပြီး အသံတိုးမြှင့်ကာ ဖြေကြားလိုက်၏။
“ဒီနိမ့်ကျတဲ့ အစေခံက လီချွမ်ပါ။ ကျိကျီမြို့တော်ရဲ့ တရားသူကြီး အဖြစ် အရှင်မင်းကြီးဆီမှာ အမှုထမ်းနေပါတယ်။ အရှင်မင်းကြီးကို လာရောက်ကြိုဆိုဖို့ နောက်ကျ သွားတဲ့အတွက် ကျွန်တော်မျိုးကို ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်”
တစ်ဖက်လူဆီက ငွေလက်ခံပြီး ဖြစ်၍ ဝေ့ကျုံးရှန့်လည်း အလျင်အမြန် ပြောဆိုပေးဖို့ ကြိုးစားလိုက်သည်။
“အရှင်မင်းကြီး ဒီသူက ကွမ်းရန် နန်းတော်ကို အရင်ရက်တွေတည်းက အရှင်မင်းကြီးဆီကို လာရောက် နှုတ်ဆက်ပြီး အခစားဝင်ဖို့ အကြိမ်ကြိမ် တောင်းဆိုခဲ့ဖူးပါတယ်။ အရှင်မင်းကြီးက တိုင်းပြည်ရေးတွေနဲ့ အလုပ်များနေလို့ သူတွေ့ခွင့် မရခဲ့တာပါ”
မြေပြင်ပေါ်မှာ ဒူးထောက်နေတဲ့ လီချွမ် ချက်ချင်းပဲ ဝေ့ကျုံးရှန့်ကို ကျေးဇူးတင်တဲ့ အကြည့်နဲ့ လှမ်းကြည့်လိုက်သည်။
ရှကျိုးယွီ ချက်ချင်းပဲ တွေးမိသွား၏။
“လမ်းပေါ်မှာ ရှိတဲ့လူတွေက အရမ်းကို နည်းပါးနေတာဆိုတော့ မနေ့က ပွဲတော်ကြောင့် အမူးလွန်ပြီး မလာနိုင်တာများလား”
“အရှင်မင်းကြီး အဲ့လိုမျိုး မဟုတ်ပါဘူး။ ပြည်သူတွေက အရက်သောက်ရတာ ကြိုက်ပေမဲ့ သူတို့ရဲ့ တာဝန်တွေကို လျစ်လျူရှုတဲ့သူတွေ မဟုတ်ပါဘူး။ သူတို့အများစုက လယ်စိုက်စားတဲ့ လယ်သမားတွေ ဖြစ်ကြပြီး ညဖက်မှာ အလုပ်ကြိုးစားပြီး မနက်ကျရင် နေ့လည်အထိ အိပ်တတ်ကြတယ်။ ဒါကြောင့် တော်တော်များများက အိပ်နေဆဲပါ”
လီချွမ်ဘယ်လောက်ပဲ ဉာဏ်များပါစေ အရှင်မင်းကြီးကိုတော့ မလှည့်စားရဲပေ။ အရှင်မင်းကြီးက ထုတ်မေး လာမှာတော့ သေချာပေါက် ဖြစ်ကြောင်းကုန်စဉ်ကို ပြောပြရတော့၏။
“ဒါပေမဲ့ ကျန်တဲ့သူတွေ အားလုံးက ဒီနေရာရဲ့ အဝေးမှာ ရှိနေတဲ့ ကျောက်တုံးမြို့ကို သွားကြပါတယ်။ အဲ့ဒီနေရာက လူတစ်ချို့က သာမန်အလုပ် လုပ်ဖို့အတွက် ငွေတွေ အများကြီးပေးပြီး ငှားထားတယ်လို့ပြောတယ်။ ဒါ့ကြောင့် မြို့ထဲမှာ ဟိုယောင်ယောင် ဒီယောင်ယောင် လှည့်ပတ် သွားနေကြတဲ့ သူတွေအားလုံး အဲ့ဒီနေရာကို ရောက်သွားကြတဲ့အပြင် မြို့ထဲက အပျင်းဆုံး သူတောင်းစားတွေတောင်မှ အလုပ် တောင်းဖို့အတွက် အဲ့ဒီနေရာကို ရောက်သွားကြတယ်”
ကျိကျီမြို့ရဲ့ တရားသူကြီး လီချွမ်က အသည်းအသန် ရှင်းပြလေတော့သည်။ တစ်ကယ်တော့ သူလည်းပဲ ကျိကျီမြို့နယ်ရဲ့ အုပ်ချုပ်ရေးမှူးယန်ထံမှ ငွေတုံးသုံးရာကို လက်ခံရရှိထားသည်။ ထို့ကြောင့် တိတ်တဆိတ်ဖြင့် ပြည်သူတွေကို စေလွှတ်ခဲ့ပေမဲ့ အရှင်မင်းကြီး အခုလိုမျိုး ခရီးထွက်လာပြီး ရောက်ရှိလာမယ်လို့ မသိရှိထားခဲ့ပေ။
ရှကျိုးယွီ အခြေအနေကို အကြမ်းဖျင်း နားလည်သွားခဲ့သည်။ မြို့နယ် အုပ်ချုပ်ရေးမှူးယန်နဲ့ တာအိုဘုန်းကြီး ရှစ်ရန်က အသည်းအသန် ကြိုးစားနေကြတာပဲ။ တစ်ရက်ထဲနဲ့ ကျိကျီမြို့ရဲ့ မြို့သားတွေ အားလုံးကို အလုပ်လုပ်ဖို့ ခေါ်ဆောင်နိုင်ခဲ့သည်။
“ကောင်းပြီ ပြည်သူတွေ ပိုက်ဆံပိုရတော့ သူတို့ရဲ့ ဘဝတွေ ငြိမ်းချမ်းကြတာပေါ့။ ဒါက ကိစ္စကောင်းတစ်ခုပဲ မဟုတ်ဘူးလား”
ရှကျိုးယွီရဲ့ မျက်နှာက ချက်ချင်းပဲ တက်ကြွလာခဲ့သည်။ တိုင်းပြည်ရဲ့ ကံကြမ္မာကို ဖျက်ဆီးချိန်မှာ ဒီတစ်ခေါက် ဘယ်သူတားရဲမလဲ…
တားမြစ်ရဲတဲ့ သူက ကျိကျီမြို့ရဲ့ ပြည်သူတွေကို စားဝတ်နေရေး ဖျက်ဆီးတဲ့သူ ဖြစ်သွားလိမ့်မည်။