တာအိုဂိုဏ်းရဲ့ နာမည်ကြီးပုဂ္ဂိုလ်
Vol. 18 Ch. 252
"လီပါ့ဟန်ရဲ့တပည့်ဟုတ်လား? အင်း... သူ့မှာတပည့်ကောင်းတစ်ယောက်ရှိတာပဲ"
ကျန်းဖူရှန် လက်တစ်ဖက်ယမ်းပြပြီး တစ်ဖက်ပုဂ္ဂိုလ်ကို အရမ်းယဉ်ကျေးမနေစေရန် အချက်ပြလိုက်သည်။ စီနီယာကျတဲ့လူတစ်ယောက်လိုမျိုး ကျန်းဖူရှန်ရဲ့အပြုအမူက အေးဆေးတည်ငြိမ်နေခဲ့ပေမဲ့ သူ့ရဲ့နှလုံးသားထဲမှာတော့ လီယုဟန်ရဲ့ပထမအဆင့်ကျင့်ကြံမှုကြောင့် အနည်းငယ်ခံစားချက်များသွားခဲ့သည်။
"သခင်ကြီး ချီးကျူးလွန်းနေပါပြီ၊ ကျွန်မ လေးစားသဖြင့် သခင်ကြီးရဲ့နာမည်ကိုမေးလို့ရမလား"
ရှကျိုးယွီရဲ့လိမ်ညာမှုကြောင့် လီယုဟန် လှည့်ကွက်ထဲကျရောက်ခဲ့ပြီး ကောင်းမင်ရဲ့တည်နေရာကို ရက်အနည်းငယ်ကြာသည်အထိ ရှာဖွေနေခဲ့သည်။ ဒါပေမဲ့ သူမဘယ်လောက်ပဲကြိုးစားရှာဖွေပါစေ ဘာကိုမှရှာမတွေ့ခဲ့ပေ။ ထို့ကြောင့် သူမဂိုဏ်းကပေးအပ်ထားတဲ့တာဝန်ကိုလည်း နှောင့်နှေးစေမိ၏။
"ငါ့နာမည်က ကျန်းဖူရှန်ပါ၊ မင်းရဲ့ဆရာသခင် လီပဟန်နဲ့ အကြိမ်အနည်းငယ်တွေ့ဖူးတယ်"
ကျန်းဖူရှန်ရဲ့မျက်နှာပေါ်မှာ မောက်မာမှုတို့မရှိတော့ပေ။ သူ့ရဲ့အရင်ကအောင်မြင်မှုကို မေ့လျော့ထားပြီးတာ ကြာပြီပင်။ အခုအချိန်တွင် ကျန်းဖူရှန်သည် စိတ်ဝိညာဉ်စုဆောင်းတဲ့အစီအရင်ကိုသာ အာရုံစိုက်ချင်ပြီး တရှားတိုင်းပြည်ရဲ့အရှင်မင်းကြီးကို စိတ်မပျက်စေချင်တာတစ်ခုသာ သိသည်။
"တကယ်ကို ခင်ဗျားဖြစ်နေတာပဲ၊ တာအိုဂိုဏ်းရဲ့နာမည်ကြီးပုဂ္ဂိုလ် ကျန်းဖူရှန်"
လီယုဟန်ရဲ့မျက်နှာက ချက်ချင်းပဲ အံ့အားသင့်သွားခဲ့သည်။ ကျန်းဖူရှန်ကို တခြားသူတွေမသိကောင်းမသိနိုင်ပေမဲ့ သူမက လီပဟန်ရဲ့ မြေးဖြစ်၏။ ထို့ကြောင့် လွန်ခဲ့တဲ့နှစ် ၃၀ က ကျန်းဖူရှန်ရဲ့အောင်မြင်မှုကို သိရှိထားခဲ့သည်။ ထိုသူက ငယ်ရွယ်တဲ့အသက်အရွယ်မှာ အစီအရင်ဆရာတစ်ဆူအဖြစ် ကောင်းကင်တစ်ခွင်လုံးကို အုပ်စိုးနိုင်ခဲ့သူဖြစ်သည်။ ဆရာ့ဆရာကြီးများကိုပင် နိမ့်ကျသလိုခံစားရစေ လောက်အောင် အစီအရင်ပိုင်းမှာ တစ်ဖက်ကမ်းခတ်ထူးချွန်ပြီး ကမ္ဘာတစ်ခုလုံးကို ဂုဏ်သတင်းလွှမ်းမိုးနိုင်သူဖြစ်၏။
"ဒါနဲ့ သခင်ကြီးက ကျိကျီမြို့တော်ကို ဘယ်လိုလုပ်ရောက်လာတာလဲ"
လီယုဟန် ချက်ချင်းပဲတွေးမိသွားသည်။ မျက်စိရှေ့ကပုဂ္ဂိုလ်က အစီအရင်မှာလွန်စွာကျွမ်းကျင်ထူးချွန်တဲ့ ကျန်းဖူရှန်ဖြစ်၏။ အကယ်လို့ ကျန်းဖူရှန်ရဲ့အကူအညီသာရမယ်ဆိုရင် သူမရဲ့တာဝန်လည်း အောင်မြင်စွာ ပြီးမြောက်နိုင်လိမ့်မည်မလား.. သူမအနေနဲ့ အစီအရင်ရဲ့ အတိအကျနေရာကို မသိသေးသော်ငြား ကျန်းဖူရှန်ရဲ့အကူအညီနဲ့ဆို ဖြစ်နိုင်သည်။
"ငါဒီကိုရောက်လာခဲ့တာက စိတ်ဝိညာဉ်စွမ်းအင် စုဆောင်းတဲ့အစီအရင်နဲ့ပတ်သက်ပြီးတော့ပဲ"
ကျန်းဖူရှန်လည်း သံသယများနောက်ကိုလိုက်ရင်း ကျိကျီမြို့တော်ကိုရောက်လာခဲ့သည်။ လီယုဟန်ကိုတွေ့တာနဲ့ သတင်းဖလှယ်ဖို့ကြိုးစားလိုက်၏။
လီယုဟန်ရဲ့မျက်လုံးများက ချက်ချင်းပဲပျော်ရွှင်သွားခဲ့သည်။ သူမရဲ့မျက်နှာက အပြုံးတို့နှင့်ပြည့်နှက်သွား၏။
"ဒါဆိုရင် သခင်ကြီးကလည်း ဒီနေရာကို စိတ်ဝိညာဉ်စွမ်းအင် အစီအရင်အတုနဲ့ ပတ်သက်ပြီး စုံစမ်းဖို့ရောက်လာခဲ့တာလား”
တစ်ကယ်တော့ လီယုဟန်သည် ကျိကျီမြို့မှာ လမ်းပျောက်နေခဲ့သည်။ ကျန်းဖူရှန်ရဲ့ရောက်ရှိလာမှုက သူမကို ရေငတ်နေတုန်း ရေတွင်းထဲပြုတ်ကျလိုက်သလိုမျိုးပဲ ကြီးမားစွာအကူအညီရစေခဲ့သည်။
"စိတ်ဝိညာဉ်စွမ်းအင်စုဆောင်းတဲ့ အစီအရင်တုဟုတ်လား။ ဒါကြောင့် ဒီလိုဖြစ်နေတာကိုး"
ကျန်းဖူရှန် တွေးဆစွာဖြင့် ခေါင်းတစ်ဆတ်ဆတ်ညိတ်လိုက်သည်။ သူရှာဖွေနေခဲ့ရတဲ့ပြဿနာက နောက်ဆုံးတော့အဖြေရရှိသွားခဲ့ပြီ။ သူ့အနေနဲ့ ကျန်းနန်မြို့မှာ စိတ်ဝိညာဉ်စွမ်းအင်စုဆောင်းတဲ့အစီအရင်ကို ဖန်တီးခဲ့ပေမဲ့ ဘယ်လိုမှမအောင်မြင်ဘဲ အနှောင့်အယှက်ခံနေရ၏။ တစ်ကယ့်ပြဿနာက တစ်စုံတစ်ယောက်က ဒီနေရာမှာ သူ့ထက်အရင်ဦးအောင် စိတ်ဝိညာဉ်စွမ်းအင်စုဆောင်းတဲ့ အစီအရင်ကိုဖန်တီးထားတာပဲ။ ဒါကြောင့် စွမ်းအင်လှိုင်းနှောင့်ယှက်ခံနေရတာ။
"ငါဒီနေရာကို အရှင်မင်းကြီးရဲ့အမိန့်အတိုင်း ရောက်လာခဲ့တာလို့ပြောလို့ရတယ်၊ အရှင်မင်းကြီးက စိတ်ဝိညာဉ်စွမ်းအင်များပြားနေတဲ့ကိစ္စကို ထိန်းချုပ်နိုင်အောင်လို့ တရှားတိုင်းပြည်တစ်ခွင်လုံးမှာ နေရာကြီးသုံးခုရွေးချယ်ပြီးတော့ စိတ်ဝိညာဉ်စွမ်းအင်စုဆောင်းတဲ့အစီအရင်ကို တည်ဆောက်စေခဲ့တယ်၊ အဲဒီနေရာက ထိုက်အန်းမြို့တော်၊ ကျန်းနန်မြို့နဲ့ မြောက်ပိုင်းဒေသမှာပဲ၊ ဒါပေမဲ့ ကျန်းနန်မြို့ကိုရောက်လာပြီး အစီအရင်တည်ဆောက်နေချိန်မှာ စွမ်းအင်လှိုင်းက မတည်ငြိမ်နေဘူး၊ အနှောင့်အယှက်ခံနေရသလိုမျိုးပဲ၊ အဲ့ဒါနဲ့ ငါရှာဖွေကြည့်လိုက်တော့ အရှေ့မြောက်အရပ်ကို ညွှန်ပြနေခဲ့တယ်၊ ငါလည်းလိုက်လာခဲ့တယ်၊ အဲလိုနဲ့ပဲ ဒီကျိကျီမြို့အထိရောက်လာခဲ့တာ"
ကျန်းဖူရှန် အသေးစိတ်ရှင်းပြပေးလိုက်သည်။
လီယုဟန် ပိုလို့ပျော်ရွှင်သွား၏။ သူမအနေနဲ့ ကျန်းဖူရှန်ကို အခုလောက်အထိ သူမနဲ့ပန်းတိုင် တူညီနေလိမ့်မယ်လို့ မခန့်မှန်းမိခဲ့ပေ။
တစ်ချိန်တည်းမှာပဲ ရှကျိုးယွီကို အထင်ကြီးသွားခဲ့သည်။ ထိုသူက ကျန်းဖူရှန်လိုမျိုး ချောက်နက်ထဲမှာ နှစ်သုံးဆယ်ကြာ ပိတ်လှောင်နေတဲ့လူတစ်ယောက်ကိုပါ ထွက်လာပြီးတော့ အမှုထမ်းလာအောင် လုပ်နိုင်ခဲ့၏။
"ဒါဆိုရင် သခင်ကြီးရဲ့ကိစ္စက ကျွန်မကိုခိုင်းစေထားတဲ့ ဂိုဏ်းရဲ့တာဝန်နဲ့ အတူတူပါပဲလား။ ဒီအစီအရင်အတုက တိုင်းပြည်ရဲ့ကံကြမ္မာကိုဖျက်ဆီးနိုင်ရုံတင်သာမကဘူး၊ စိတ်ဝိညာဉ်စွမ်းအင်စီးဆင်းမှုကိုပါ ကြီးမားစွာအနှောင့်အယှက်ပေးနိုင်တယ်၊ ဒါကြောင့် ကျွန်မတို့ဂရုစိုက်မှရမယ်"
လီယုဟန် တည်ငြိမ်စွာပြောလိုက်သည်။ သူမရဲ့လှပတဲ့မျက်လုံးအတွင်းမှာ စိုးရိမ်မှုတို့ဝင်ရောက်လာ၏။ အစကတော့ သူမအနေနဲ့ တရှားတိုင်းပြည်အပေါ် အမုန်းတရားတစ်ချို့ရှိခဲ့သည်။ ဒါပေမဲ့ ရှကျိုးယွီနဲ့တွေ့ပြီးနောက်မှာ သူမရဲ့နှလုံးသားထဲကို ရှကျိုးယွီက ဝင်ရောက်လာခဲ့သည်။ ထို့ကြောင့် ရှကျိုးယွီအတွက်စဉ်းစားပြီး တရှားတိုင်းပြည်အတွက်ပါ ပူပင်လာတော့၏။
"သခင်ကြီးမှာ ဖြေရှင်းချက်ရှိလား”
လီယုဟန် တက်ကြွစွာမေးလိုက်သည်။
တစ်ကယ်တော့ လီယုဟန် မကြိုးစားခဲ့တာ မဟုတ်ပေ။ သူမမြို့ကိုရောက်ချိန်မှာပဲ အရှင်မင်းကြီးကိုလုပ်ကြံမှုနဲ့ ကြုံတွေ့လိုက်ရ၏။ ထိုလုပ်ကြံမှုကြောင့် နေရာတိုင်းတွင် တင်းကြပ်စွာစစ်ဆေးခံရပြီး သူမအနေနဲ့ ပုန်းကွယ်ရင်း ကောင်းမင်ကိုရှာဖွေခဲ့ရသည်။ ထိုအချိန်မှာ ဂိုဏ်းရဲ့တာဝန်ဖြစ်တဲ့ အစီအရင်နဲ့ပတ်သက်ပြီး ရှာဖွေဖို့ဆိုတာ သူမအတွက်မလွယ်ကူတော့ပေ။
"ကျိကျီမြို့မှာ ဒီရက်ပိုင်းအတွင်း ထူးဆန်းတာများဖြစ်ခဲ့သေးလား။ ဒီလိုမျိုးစွမ်းအင်လှိုင်းမတည်ငြိမ်တဲ့အချိန်မှာ ထူးဆန်းတဲ့ဖြစ်ရပ်ဆိုတာ သေချာပေါက်ဖြစ်ရလိမ့်မယ်"
ကျန်းဖူရှန် သူ့ရဲ့မုတ်ဆိတ်မွေးကို အတွေးများစွာဖြင့် ပွတ်သပ်နေလိုက်သည်။ ထို့နောက်မှာ လယ်သမားအိုကြီး ပြောသွားတဲ့စကားလုံးများကို ပြန်လည်စဉ်းစားလိုက်၏။
"ဒီမြို့ကြီးတစ်ခုလုံးကလည်း ထူးဆန်းနေတယ်၊ ကြည့်လိုက်ဦး ဒီလောက်မြို့အကြီးကြီးမှာ လူတစ်ယောက်မှရှိမနေဘူး၊ ပြီးတော့ ငါကြားထားတာ ဒီနေရာနဲ့သိပ်မဝေးတဲ့နေရာက လူတွေအားလုံးကို အလုပ်လုပ်ဖို့ခေါ်ထားတယ်ဆိုပဲ"
ထို့နောက်မှာ ကျန်းဖူရှန် နားမလည်နိုင်စွာခေါင်းယမ်းလိုက်သည်။ သူ့ရဲ့မျက်နှာက အလွန်ရှုပ်ထွေးနေဟန်ပဲ။
"ဒါပေမဲ့ လူတွေပျောက်သွားတဲ့ကိစ္စက ငါ့ရဲ့လမ်းကြောင်းနဲ့တော့ ဘာမှမသက်ဆိုင်နေဘူး၊ စိတ်ဝိညာဉ်စွမ်းအင်စုဆောင်းတဲ့အစီအရင်ကိုဖန်တီးချင်ရင် အနည်းဆုံးအဆင့်ငါးကျင့်ကြံသူတစ်ယောက်ဖြစ်မှရလိမ့်မယ်၊ ဒီလယ်သမားတွေက ဘာမှလုပ်နိုင်မှာမဟုတ်ဘူး၊ သူတို့ပျောက်သွားတာက အစီအရင်နဲ့မသက်ဆိုင်လောက်ဘူး"
ထိုသို့ပြောနေပေမဲ့ ကျန်းဖူရှန် တစ်ကယ်တော့ သွားရောက်စစ်ဆေးချင်ခဲ့သည်။ ဒီလောက်များပြားတဲ့လူတွေကို ခေါ်ထားတယ်ဆိုမှတော့ ထိုနေရာမှာလည်း ထူးဆန်းတဲ့ကိစ္စတစ်ခုရှိနေရမည်မဟုတ်လား..
ထိုအချိန်မှာပဲ လီယုဟန်ရဲ့ပြောစကားက သူ့ရဲ့အာရုံကိုဆွဲဆောင်နိုင်ခဲ့သည်။
"လွန်ခဲ့တဲ့ရက်ပိုင်းက အရှင်မင်းကြီးကို လုပ်ကြံမှုဖြစ်ပွားခဲ့သေးတယ်၊ အဲဒါကရော စိတ်ဝိညာဉ်စွမ်းအင်စုဆောင်းတဲ့ အစီအရင်အတုနဲ့ သက်ဆိုင်နေနိုင်မလား"
လှပတဲ့မိန်းကလေးက နန်းတော်အပြင်ရောက်နေပေမယ့် ရှကျိုးယွီကို အဆက်မပြတ်စိတ်ပူနေဆဲပင်။ သူမရဲ့နှလုံးသားထဲမှာ ဒေါသနဲ့စိတ်ပူမှုတို့ ရောနှောနေခဲ့၏။
"ဟမ့်၊ ငါဘာလို့သူ့ကိုစိတ်ပူရမှာလဲ။ သူသေသွားရင် ပိုတောင်ကောင်းသေးတယ်"
လီယုဟန် မနေနိုင်စွာ ခပ်ဖွဖွခြေဆောင့်လိုက်၏။ ထိုမြင်ကွင်းကြောင့် ကျန်းဖူရှန် အနည်းငယ်ပြုံးသွားခဲ့သည်။
နောက်ထပ်မိန်းမလှလေးတစ်ယောက်တော့ ချောက်နက်ထဲပြုတ်ကျသွားပါပြီလား...
"အရှင်မင်းကြီးကို လုပ်ကြံမှုဟုတ်လား။ အရှင်မင်းကြီး အဆင်ပြေရဲ့လား"
ကျန်းဖူရှန် အပြုံးတစ်ခုနဲ့ ပုံမှန်လိုပဲမေးလိုက်၏။ သူ့ရဲ့အတွေးထဲမှာ တရှားရဲ့ဘုရင်က အမြင့်ဆုံးပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည်။ ဘယ်လိုပဲလုပ်ကြံခံရပါစေ ရှကျိုးယွီကို ထိခိုက်အောင်လုပ်နိုင်မည်တဲ့လား.. ဒါက ဘယ်လိုမှမဖြစ်နိုင်တဲ့ကိစ္စတစ်ခုပဲ။
ကျန်းဖူရှန်ရဲ့အတွေးထဲမှာ ရှကျိုးယွီရဲ့သန်မာမှုသည် မထင်ထားလောက်အောင် ကြီးမားသည်ဟူသောစကားလုံးတစ်လုံးနဲ့သာ ဖော်ပြလို့ရနိုင်တော့၏။
"အခု အရှင်မင်းကြီးကလည်း ဒီကျိကျီမြို့တော်ကိုရောက်နေတယ်၊ ဒါဆိုရင် ကိစ္စတွေပိုပြီးအဆင်ပြေသွားတော့မှာပဲ၊ မင်းငါနဲ့အတူ နန်းတော်ထဲလိုက်ပြီး အရှင်မင်းကြီးနဲ့ တွေ့ပါ့လား”
ကျန်းဖူရှန်က တရှားတိုင်းပြည်အတွက် အလုပ်လုပ်ပေးနေသူတစ်ယောက်ဖြစ်သည်။ သူ့အနေနဲ့ တရှားရဲ့ဘုရင်ကို သွားရောက်တွေ့ဆုံနှုတ်ဆက်သင့်၏။
ဒါပေမဲ့ မထင်ထားစွာပဲ ကျန်းဖူရှန်ရဲ့ ဖိတ်ခေါ်မှုကြောင့် လီယုဟန်ရဲ့မျက်နှာက အနည်းငယ်အရှက်ရသွားခဲ့သည်။
"သခင်ကြီး... ကျွန်မက လုပ်ကြံသူအဖြစ် မှားယွင်းအစွပ်စွဲခံထားရတယ်၊ ဒါကြောင့် နန်းတော်ထဲလိုက်လာပြီး ဝင်လို့မရမှာပဲ စိုးရိမ်တယ်"
လီယုဟန် ချက်ချင်းပဲတွေးမိသွား၏။
ဒါတွေအားလုံးက ကောင်းမင်ရဲ့အမှားပဲ။ အဲဒီကောင်က အဖမ်းခံရတာတောင်မှ သူ့ရဲ့ဂိုဏ်းတူအစ်မကို လွှတ်ပေးဖို့အော်ဟစ်ခဲ့သေးသည်။ ထို့ကြောင့်ပဲ သူမတို့ရဲ့ပတ်သက်မှုက ဖော်ထုတ်ခံလိုက်ရ၏။ ကျိကျီမြို့တော်တစ်ခုလုံးမှာ အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားတဲ့ မိန်းမငယ်တစ်ယောက်ကို အသည်းအသန်ရှာဖွေနေကြသည်။
ကျန်းဖူရှန် လီယုဟန်ကို တစ်ချက်လှမ်းကြည့်လိုက်၏။ လီယုဟန်ရဲ့ပုံစံကိုကြည့်လိုက်တာနဲ့ ထျန်းလင်ဂိုဏ်းရဲ့ အဆင့်မြင့်တပည့်မလေးက ရှကျိုးယွီအပေါ် ကြွေဆင်းနေပြီဆိုတာကို သိလိုက်ရသည်။ ထို့ကြောင့် သူမက အရှင်မင်းကြီးကို လုပ်ကြံဖို့လုံးဝမဖြစ်နိုင်ပေ။ သေချာပေါက် နားလည်မှုလွဲနေတာပဲဖြစ်ရမည်။
"ရပါတယ်၊ ငါ့ကိုတော့ အရှင်မင်းကြီးက အရမ်းယုံကြည်တာ၊ မင်းငါနဲ့အတူ နန်းတော်ထဲကိုလိုက်ခဲ့ပါ၊ ငါမင်းကိုကူညီပြီးရှင်းပြပေးမယ်၊ ဒါဆိုရင် အားလုံးအဆင်ပြေမှာပါ"
ကျန်းဖူရှန် တည်ငြိမ်စွာပြောလိုက်တော့သည်။