← Chapters

အကူအညီပေးသူများ

Vol. 41 Ch. 572

အကူအညီပေးသူများ

Vol. 41 Ch. 572

မြင့်မြတ်သောနန်းတော်မှ ထွက်ခွာသွားသည်ကို တွေ့ရှိလိုက်ရသောအခါ၌ အဝေးမှ စောင့်ကြည့်နေကြသူများမှာ အလွန်ပင် စိတ်ပျက်သွားကြရသည်။ ၎င်းတို့သည် အင်အားကြီးကလန်နှစ်ခု အသေအကြေတိုက်ခိုက်ကာ နှစ်ဖက်လုံး ပျက်စီးဆုံးရှုံးသွားစေကြခြင်းပင် ဖြစ်သည်။ ထိုမှသာ ၎င်းတို့အတွက် အကျိုးအမြတ်များစွာ ရရှိနိုင်မည် ဖြစ်သည်။

နှစ်ဖက်လုံးတွင်ရှိနေသော ရှန်းဟွချန်ယင်းအဆီအနှစ်များမှာ မက်မောတပ်မက်ချင်စရာကောင်းလောက်အောင် များပြားလိမ့်မည်မှာ ပြောစရာပင် လိုအပ်လိမ့်မည် မဟုတ်ပေ။

သို့သော် မြင့်မြတ်သောနန်းတော်မှ ဆုတ်ခွာသွားသဖြင့် ယခုဆိုလျှင် အဝေးမှ စောင့်ကြည့်နေကြသူများအတွက် အကျိုးအမြတ် ရနိုင်စရာအကြောင်း အနည်းငယ်မျှပင် မကျန်ရှိတော့ချေ။

ထို့ကြောင့် ၎င်းတို့အားလုံးမှာ စိတ်ပျက်လက်ပျက်ဖြင့်ပင် ထိုနေရာမှ တစ်သုတ်ပြီးတစ်သုတ် ပြန်လည်ထွက်ခွာသွားကြသည်။

အသက်ရှူချိန် အနည်းငယ်မျှသော အချိန်အတွင်းမှာပင် ပတ်ဝန်းကျင်တစ်ခွင်လုံးမှာ ငြိမ်းချမ်းတိတ်ဆိတ်သွားရ၏။

ကလန်အသီးသီးမှ လာရောက်စောင့်ကြည့်နေသူများ ပြန်လည်ထွက်ခွာသွားပြီးနောက် မကြာမီမှာပင် ပတ်ဝန်းကျင်၌ လေတိုးသံများအား ကြားလိုက်ရသည်။ ထို့နောက် ကောင်းကင်ထက်မှ ပုံရိပ်များစွာ ဆင်းသက်လာကြ၏။

ထိုပုံရိပ်များမှာ ဂူဟွမ်ချီ၊ ဇူထိုက်၊ လုယန်းနှင့် အခြားတပည့်များပင် ဖြစ်ကြသည်။ ၎င်းတို့မှာ အကူအညီပေးရန် လာရောက်ခဲ့ခြင်းဖြစ်ပါသော်လည်း တိုက်ပွဲမှာ ပြီးဆုံးသွားပြီပင် ဖြစ်၏

"တပည့်ခေါင်းဆောင်ကျင်ကျန်းတို့ အဆင်ပြေ​ကြရဲ့လား။" ၎င်းတို့မှာ ကျင်ကျန်းတို့အားကြည့်၍ အလျင်အမြန်ပင် မေးမြန်းလိုက်ကြသည်။

ဂူဟွမ်ချီမှာ ပတ်ဝန်းကျင်အား ကြည့်ရှုစစ်ဆေးလိုက်ပြီးနောက် ဇူယွမ်အားကြည့်ကာ မေးလိုက်၏။ "ဇူယွမ် မြင့်မြတ်သောနန်းတော်ကလူတွေရော ဘယ်ရောက်ကုန်ကြပြီလဲ။"

ကျင်ကျန်းမှ ကူကယ်ရာမဲ့စွာဖြင့် ရယ်မောကာ စကားဆိုလိုက်သည်။ "မင်းတို့တွေက နောက်ကျနေတာကိုး။ မြင့်မြတ်သောနန်းတော်အဖွဲ့က ဇူယွမ်လက်ချက်ကြောင့် ထွက်ပြေးကုန်ကြပြီ။ တပည့်ခေါင်းဆောင်တစ်ယောက်ဆိုရင် အသက်ရှင်ပါ့မလားတောင် မသေချာတော့ဘူး။"

ဂူဟွမ်ချီနှင့် အခြားတပည့်များမှာ ကြောင်စီစီဖြင့် တစ်ဦးကိုတစ်ဦး ကြည့်ရှုလိုက်မိကြသည်။ တိုက်ပွဲမှာ ပြီးဆုံးသွားပြီတဲ့လား....

"တပည့်ခေါင်းဆောင်ဇူယွမ်က အရမ်းတော်တာကွ။" ကျင်ကျန်း၏နောက်တွင်ရှိနေသော တပည့်တစ်ဦးမှ လေးစားအားကျနေသော မျက်ဝန်းများဖြင့် ဇူယွမ်အား ငေးမောကြည့်ရှုကာ ပြောလိုက်သည်။

ကျင်ကျန်းဦးဆောင်ထားသော ကန်ရွှမ်းကလန်၏အဖွဲ့မှာ အစောပိုင်းတိုက်ပွဲအား အစအဆုံး မြင်တွေ့ခဲ့ရသောကြောင့် ဇူယွမ်အား အလွန်ပင် လေးစားနေကြပြီပင် ဖြစ်သည်။

စင်စစ်အားဖြင့်ဆိုရလျှင် ၎င်းတို့မှာ ဂူဟွမ်ချီတို့အဖွဲ့အား အားကျမနာလိုပင် ဖြစ်နေကြရ၏။ ဇူယွမ်ကဲ့သို့သော တပည့်ခေါင်းဆောင်၏လက်အောက်တွင် ဂူဟွမ်ချီတို့အဖွဲ့မှာ များပြားလှသော ရှန်းဟွချန်ယင်းအဆီအနှစ်များအား ရရှိနိုင်လိမ့်မည်ပင် ဖြစ်သည်။

ဂူဟွမ်ချီတို့အဖွဲ့မှာ ကျင်ကျန်းဦးဆောင်ထားသော တပည့်များ၏ အားကျမနာလိုဖြစ်နေသော အကြည့်များကြောင့် ဇူယွမ်၏လက်အောက်တွင် ရှိနေရခြင်းအား ပိုမိုဂုဏ်ယူလိုက်မိကြ၏။

ကျင်ကျန်းမှာ ဇူယွမ်အားကြည့်ရှုလိုက်ပြီးနောက် အရိုအသေပြုကာ စကားဆိုလိုက်သည်။ "ဒီတစ်ခါ ကူညီမှုအတွက် တပည့်ခေါင်းဆောင်ဇူယွမ်ကို အများကြီး ကျေးဇူးတင်ပါတယ်။"

ဇူယွမ်မှာ လက်အားခါယမ်းရင်းဖြင့် ပြောလိုက်သည်။ "ဘာမှမဖြစ်ပါဘူး။ ကလန်ရဲ့အပြင်ဖက်မှာ ကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက် ကူညီကြရမှာပဲလေ။ ကျွန်တော်တို့အားလုံးက ကန်ရွှမ်းကလန်ရဲ့ တပည့်တွေပဲမလား။"

ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအတွင်း ကန်ရွှမ်းကလန်မှ တပည့်များအားလုံးမှာ တစ်သွေးတစ်သားတည်းသာ စည်းလုံးနေသင့်ပေသည်။ ထိုသို့မဟုတ်ပါက မြင့်မြတ်သောနန်းတော်နှင့်ရင်ဆိုင်ရန် ပိုမိုခက်ခဲသွားရပေလိမ့်မည်။ ထို့ကြောင့် ဇူယွမ်မှာ တပည့်ခေါင်းဆောင် အကူအညီတောင်းခံရေး တံဆိပ်ပြားအား ရရှိသည်နှင့်တစ်ပြိုင်နက် အနည်းငယ်မျှပင် တွေဝေတုန့်ဆိုင်းခြင်းမရှိပဲ ကျင်ကျန်းတို့အား လာရောက်ကူညီပေးခဲ့ခြင်းပင် ဖြစ်၏။

ကျင်ကျန်း၏ မျက်ဝန်းများမှာ စိတ်ရှုပ်ထွေးသော အရိပ်ယောင်များဖြင့် ပြည့်နှက်နေရသည်။ ကန်ရွှမ်းကလန်အတွင်း ရှိစဉ်အချိန်၌ ၎င်းတို့သူတော်စင်မှော်စာလုံးတောင်ထွတ်မှာ မူလမှော်စာလုံးနယ်နိမိတ်အစီအရင်တစ်ခုအား ရေးဆွဲလျက် ဇူယွမ်နှင့်ယောင်ယောင်တို့အား အခက်တွေ့စေခဲ့ဖူး၏။

သို့သော် ဇူယွမ်မှာ ထိုကိစ္စအား အငြိုးမထားပဲ တပည့်ခေါင်းဆောင် အကူအညီတောင်းခံရေး တံဆိပ်ပြားအား ရရှိသည်နှင့်တစ်ပြိုင်နက် ၎င်းတို့အား လာရောက်ကူညီပေးခဲ့ခြင်းကို အမှန်တကယ်ပင် ကျေးဇူးတင်နေမိသည်။ အတိတ်ကာလ၌ ဇူယွမ်တို့အပေါ် အခက်တွေ့အောင် ပြုလုပ်မိခဲ့ခြင်းကိုလည်း အရှက်ရနေမိ၏။

ကျင်ကျန်းမှာ အတွေးများအား ဖြတ်တောက်လိုက်ပြီးနောက် ဇူယွမ်အားကြည့်ကာ စကားဆိုလိုက်သည်။ "တပည့်ခေါင်းဆောင်ဇူယွမ် ကျွန်တော်တို့ ဒီနေရာကနေ အရင်ထွက်သွားကြရအောင်။ မြင့်မြတ်သောနန်းတော်က တပည့်ခေါင်းဆောင်တွေ တော်တော်များများက ဒီနေရာတဝိုက်မှာ အခြေချနေကြတယ်။"

ဇူယွမ်၏ အမူအရာမှာ လေးနက်သွားရသည်။ ဝမ့်ယွမ်၏စကားသာ မှန်ကန်ပါက ဤပတ်ဝန်းကျင်တဝိုက်တွင် မြင့်မြတ်သောနန်းတော်မှ သုံးယောက်မြောက် အထူးချွန်ဆုံး တပည့်ခေါင်းဆောင်ဖြစ်သည့် ဖန့်ယောင်ရှိနေလိမ့်မည်ပင် ဖြစ်သည်။

ဇူယွမ် အလွန်အမင်း သိချင်နေသောအချက်မှာ ဤပတ်ဝန်းကျင်တဝိုက်၌ အဘယ့်ကြောင့် မြင့်မြတ်သောနန်းတော်မှ တပည့်ခေါင်းဆောင်များစွာ စုဝေးနေရပါသနည်းဟူသော မေးခွန်းပင် ဖြစ်၏။

ဇူယွမ်မှ ကျင်ကျန်းအားကြည့်ကာ စကားဆိုလိုက်သည်။ "ကျွန်တော်ကတော့ ဒီနေရာကနေ မထွက်သွားချင်ဘူး။"

ဇူယွမ်မှာ ကျင်ကျန်းတို့အဖွဲ့အား အကူအညီပေးရန်အတွက်သာမဟုတ်ပဲ ရောင်စဉ်ခြောက်သွယ်ရတနာအား ရရှိနိုင်ရန်အတွက်ပါ ဤနေရာသို့ ရောက်ရှိလာရခြင်း ဖြစ်သည်။

ဤရက်ပိုင်းများအတွင်း ရှန်းဟွချန်ယင်းအဆီအနှစ်များအား လိုက်လံရှာဖွေခဲ့ရပြီးနောက် ရောင်စဉ်ခြောက်သွယ်ရတနာအား ရရှိနိုင်ရန်မှာ အတော်ပင် ခက်ခဲလှကြောင်း ဇူယွမ်မှ ကောင်းစွာသဘောပေါက်ခဲ့ရသည်။ ထို့ကြောင့် သတင်းအချက်အလက်ပင် ရရှိထားသော ရောင်စဉ်ခြောက်သွယ်ရတနာအား လက်လျှော့လိုက်ရန် ဆန္ဒမရှိပေ။

ကျင်ကျန်းမှာ ဇူယွမ်၏စကားကြောင့် အနည်းငယ် အံ့အားသင့်သွားရကာ လျင်မြန်စွာပင် စကားဆိုလိုက်သည်။ "ခုနက ဝမ့်ယွမ်ပြောတာကို မင်းလည်းကြားတာပဲမလား။ မြင့်မြတ်သောနန်းတော်က တပည့်ခေါင်းဆောင် ဖန့်ယောင်လည်း ဒီအနီးအနားတဝိုက်မှာ ရှိနေတယ်တဲ့။ ငါ့တို့သာ မြန်မြန်မထွက်သွားရင် တကယ်ဒုက္ခရောက်ကြရလိမ့်မယ်။"

"ဖန့်ယောင်က အရမ်းစွမ်းအားကြီးတယ်။"

"ရှန်ဇူတိုက်ကြီးထဲက တပည့်ခေါင်းဆောင်တွေအားလုံးကိုသာ ယှဉ်ကြည့်မယ်ဆိုရင် ဖန့်ယောင်က လုံးဝထိပ်ဆုံးဆယ်ယောက်ထဲမှာ ပါလိမ့်မယ်။"

"ဖန့်ယောင်ဟုတ်လား....အဟက်။"

ဇူယွမ်၏မျက်ဝန်းများမှာ ကျဉ်းမြောင်းသွားရပြီးနောက် ဖြည်းညင်းစွာ ပြောလိုက်သည်။ "ကျွန်တော်ရထားတဲ့ သတင်းအချက်အလက်အရဆိုရင် ဒီနေရာတဝိုက်မှာ နတ်ဘုံခန်းဝါရတနာ ရှိနေတယ်။ အဲ့ဒါကြောင့် မြင့်မြတ်သောနန်းတော်က တပည့်ခေါင်းဆောင်တွေက ဒီနေရာမှာ စုဝေးနေကြရတာပဲ။"

"နတ်ဘုံခန်းဝါရတနာ..." ကျင်ကျန်းမှာ အလွန်ပင် အံ့အားသင့်သွားရသည်။ ဤနေရာမှ မထွက်ခွာလိုသော ဇူယွမ်၏ ရည်ရွယ်ချက်ကိုလည်း နားလည်သွားရ၏။ သဘာဝအလျှောက် ဖြစ်တည်လာသေ  နတ်ဘုံခန်းဝါရတနာမှာ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအတွင်း၌ အလွန်ပင် ရှားပါးလှသော အရာတစ်ခု ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ဤပတ်ဝန်းကျင်အား မြင့်မြတ်သောနန်းတော်မှ ကြီးစိုးထားပြီဖြစ်သောကြောင့် ၎င်းတို့အတွက် လွန်စွာအန္တရာယ်များလှသည်။

"တပည့်ခေါင်းဆောင်ကျင်ကျန်း တပည့်တွေကိုခေါ်ပြီးတော့ ဒီနေရာကနေ အရင်ထွက်သွားလိုက်ပါလား။ ကျွန်တော် ဒီနေရာတဝိုက်ကို အရင်စစ်ဆေးကြည့်လိုက်ဦးမယ်။" ဇူယွမ်မှ အကြံပေးလိုက်သည်။ ကျင်ကျန်းသည် မြင့်မြတ်သောနန်းတော်မှ ဖန့်ယောင်အား အလွန်အမင်း ကြောက်ရွံ့ထိတ်လန့်နေသည်ကို တွေ့ရှိနေရသောကြောင့် ယခုကဲ့သို့ အကြံပေးစကားဆိုလိုက်ခြင်းပင် ဖြစ်သည်။

ကျင်ကျန်းမှာ အချိန်အနည်းငယ်မျှ တိတ်ဆိတ်ငြိမ်သက်နေပြီးနောက် အံကိုကြိတ်ကာ စကားဆိုလိုက်၏။ "မင်းက ငါတို့ကိုကယ်ဖို့အတွက်နဲ့ အဝေးကြီးကနေတောင် ချက်ချင်းရောက်အောင် လာပေးခဲ့တာလေ။ ငါတို့က မင်းကို ဘယ်လိုလုပ် ချန်ထားခဲ့ရမှာလဲ။ မင်းက နတ်ဘုံခန်းဝါရတနာကို ရှာချင်တယ်ဆိုမှတော့ ငါတို့ကလည်း မင်းနဲ့အတူ လိုက်ပြီးကူညီပေးရမှာပေါ့။"

ဇူယွမ်မှာ ကျင်ကျန်း၏စကားကြောင့် အနည်းငယ် အံ့အားသင့်သွားရသည်။

ကျင်ကျန်းမှ ဖြည်းညင်းစွာ ပြောလိုက်သည်။ " နင်မော့က မင်းလက်ချက်နဲ့ သေမလား ရှင်မလားတောင် မသိရဘူး။ တကယ်လို့ အသက်ရှင်ခဲ့တယ်ဆိုရင်တောင် ဘယ်လိုမှ တိုက်ခိုက်နိုင်တော့မှာမဟုတ်ဘူး။ အဲ့ဒါကြောင့် ဖန့်ယောင်နဲ့တွေ့ခဲ့ရရင်တောင် မြင့်မြတ်သောနန်းတော်ဖက်က ဝမ့်ယွမ်နဲ့ ဖန့်ယောင်။ ငါတို့ကန်ရွှမ်းကလန်ဖက်က မင်းနဲ့ငါဖြစ်နေမှာဆိုတော့ အင်အားချင်း သိပ်ကွာမှာမဟုတ်ပါဘူး။"

ကျင်ကျန်းမှ တပည့်များအားကြည့်ကာ မေးမြန်းလိုက်သည်။ "မင်းတို့သဘောကရော ဘယ်လိုလဲ။"

တပည့်များမှာ တစ်ဦးကိုတစ်ဦး ကြည့်ရှုလိုက်ကြပြီးနောက် အံကိုကြိတ်ကာ ဖြေကြားလိုက်ကြသည်။ "တပည့်ခေါင်းဆောင်ဇူယွမ်အတွက်ဆိုရင် ကျွန်တော်တို့ စွန့်စားဖို့ ဆန္ဒရှိပါတယ်။"

ကျင်ကျန်းမှာ တပည့်များ၏အဖြေစကားအား ကျေနပ်အားရသွားရသည်။ ထို့နောက် ၎င်းမှ ဇူယွမ်အားကြည့်ကာ ပြောလိုက်သည်။ "တပည့်ခေါင်းဆောင်ဇူယွမ်သာ စိတ်အနှောင့်အယှက် မဖြစ်ဘူးဆိုရင် ငါတို့အားလုံး မင်းနောက်ကိုလိုက်ပြီး နတ်ဘုံခန်းဝါရတနာ ရှာဖွေဖို့အတွက် ကူညီပေးပါ့မယ်။"

"အမှန်တိုင်းပြောရရင် ငါတို့လည်း နတ်ဘုံခန်းဝါရတနာကိုရှာဖို့ တကယ်စိတ်ဝင်စားမိတယ်။"

ဇူယွမ်မှာ ခပ်ဖွဖွပြုံးလိုက်မိသည်။ မိသားစုကဲ့သို့ တစ်ဦးကိုတစ်ဦး ကူညီရန် အသင့်ရှိနေကြသည့် ကလန်၏ တပည့်များအားကြည့်ကာ အလွန်ပင် ပျော်ရွှင်ကျေနပ်နေမိ၏။

"အဲ့ဒါဆိုလည်း ကျွန်တော်တို့အတူတူ ရှာကြတာပေါ့။" ဇူယွမ်မှာ လက်တစ်ဖက်အား ကျင်ကျန်းထံ ထုတ်ပေးလိုက်သည်။

ကျင်ကျန်းမှာလည်း ခပ်ဖွဖွပြုံးလိုက်ပြီးနောက် ဇူယွမ်၏လက်အား ဆွဲကိုင်လိုက်လေသည်။

"ငါတို့ကန်ရွှမ်းကလန်ရဲ့ ဂုဏ်သိက္ခာကို တူတူထိန်းသိမ်းကြတာပေါ့။"

All Chapters