← Chapters

ဂိုဏ်းတူအမ ပြောင်းလဲသွားပြီ

Vol. 18 Ch. 240

ဂိုဏ်းတူအမ ပြောင်းလဲသွားပြီ

Vol. 18 Ch. 240

“သခင်ဖူမဲ့ ကျေးဇူးပြုပြီးပြောပါ။ ဒီလိုမျိုးအရေးကြီးနေတဲ့အချိန်မှာ ကျုပ်တို့ အကောင်းဆုံးကြိုးစားရမယ်”

မြို့နယ်အုပ်ချုပ်ရေးမှူးယန်ရဲ့ မျက်နှာပေါ်မှာ ခါးသက်တဲ့ အရိပ်အရောင်များရှိနေသည်။ သူက မိန်းမငယ်လေးတစ်ယောက်လို စိတ်ပျက်အားငယ်နေလေ၏။

ရှကျိုးယွီ ချက်ချင်းပဲ ဒေါသသံပါပါဖြင့် စိတ်အားထက်သန်စွာ ပြောလိုက်တော့သည်။

“ကျွန်တော် အဲ့ဒီတရှားဘုရင်ကို မကြိုက်တာတော်တော်ကြာပြီ။ ဘာလို့ ဒီအခွင့်အရေးကို အသုံးချပြီး အဲ့ဒီအရည်အချင်းမပြည့်ဝတဲ့ ဘုရင်ကို မသတ်ပစ်ရမှာလဲ”

ထိုစကားလုံးတွေပြောပြီးတာနဲ့ တဲအတွင်းမှာရှိတဲ့ သူတွေအားလုံး အံ့ဩစွာပင့်သက်ရှိုက်လိုက်ကြသည်။

……….

ကျိကျွီမြို့သည် လှပတဲ့ရှုခင်းနဲ့ ထူးချွန်သောပြည်သူများရှိတဲ့ အပြင် ရေပူစမ်းမြို့ဟု နာမည်ကြီးသည်။ လီယုဟန် ကျိကျွီမြို့ နဲ့ပတ်သက်ပြီး ကြားဖူးထား၏။ ဒါ့အပြင် ရှကျိုးယွီကလည်း ထိုနေရာမှာရှိနေခဲ့သည်။ ထို့ကြောင့် သူမရဲ့နှလုံးသားက မလွယ်ကူစွာခံစားနေရ၏။

သူမက ပထမဆုံး တောင်အောက်ဆင်းလာချိန်မှာပဲ ရှကျိုးယွီနဲ့ဆုံခဲ့ရပြီိး ရှကျိုးယွီအတွက် အလုပ်လုပ်ပေးခဲ့ရသည်။ ထို့နောက်မှာ အရှက်ရစရာ မှတ်ဉာဏ်များလည်းရှိခဲ့သည်။ လူကြားထဲအရှက်ကွဲခြင်းရဲ့ နက်ရှိုင်းတဲ့အဓိပ္ပာယ်ကို လီယုဟန်ကောင်းမွန်စွာ နားလည်သွားပြီပင်။

မြို့ထဲဝင်လာပြီး စားသောက်ဆိုင်တစ်ခုကိုတွေ့တာနဲ့ လီယုဟန် သူမရဲ့မြင်းကို စားပွဲထိုးလေးဆီအပ်ထားလိုက်သည်။ စားသောက်ဆိုင်အတွင်းကို ဝင်ရောက်လာပြီး စားပွဲပေါ်သို့ ဒင်္ဂါးပြားတစ်ချို့ အရင်ချလိုက်၏။

“ပန်းကိတ်တစ်ပန်းကန်နဲ့ ဝက်ဗိုက်သားတစ်ပန်းကန်ချပေး။ အော် ပြီးတော့ ဆန်အရက်တစ်ခွက်လည်းချပေး။ ငါ အခု စားမယ်”

ရှကျိုးယွီ ရှိနေတယ် ဆိုတဲ့သတင်းကြောင့် သူမအနည်းငယ် စိတ်မသက်မသာဖြစ်နေခဲ့သည်။ ထိုကြောင့် အစားအသောက် စားရင်း ပျော်ရွှင်မှုကိုရှာဖွေချင်ခဲ့၏။ ဘာကြောင့်ရယ်မသိဘူး တောင်အောက်ဆင်းလာကတည်းက သူမရဲ့ စားသောက်ချင် စိတ်သည် အတိုင်းအတာတစ်ခုထိမြင့်တက်သွားခဲ့သည်။ လီယုဟန် သတိမထားမိခင်မှာပဲ သူမရဲ့နှလုံးသားက အနည်းငယ် တက်ကြွနေ၏။ ရှကျိုးယွီနဲ့တွေ့ဆုံဖို့အတွက်ပင် မသိစိတ်မှ မျှော်လင့်နေခဲ့သည်။

“ကောင်းပြီ။ အစားအသောက်တွေ အဆင်သင့်ဖြစ်ပါပြီ။ ဒီက မိန်းကလေး ညဘက်ကိုစားသောက်ဆိုင်မှာပဲ အနားယူချင် ပါသလား။ ညဘက် အနားယူဦးမှာလား.. ဒါမှမဟုတ် စားပြီးတာနဲ့ပြန်မှာပါလား”

လီယုဟန် ခဏတာစဉ်းစားလိုက်သည်။ ဒါပေမဲ့ သူမအနေနဲ့တည်းခိုခန်း မယူရသေးပေ။

“ကောင်းပြီ။ ဒီမှာပဲနေမယ်။ ဒါနဲ့ ငါ မကြာခင်ကကြားထားတယ်။ တရှားတိုင်းပြည်ရဲ့ဘုရင်က လှည့်လည်ခရီးထွက်နေပြီး ဒီမြို့မှာရောက်နေတယ်ဆို။ အခုသူက ကွမ်ယန် နန်းတော်မှာနေနေတယ်လို့ကြားတယ်။ အဲ့ဒီသတင်းက အမှန်ပဲလား”

စားသောက်ဆိုင်ထဲကလူတွေအားလုံး လီယုဟန်ရှိရာသို့ လှည့်ကြည့်လာကြသည်။ စားပွဲထိုးလေးလည်း စိတ်လှုပ်ရှားစွာဖြင့် လီယုဟန်ရဲ့ နားနားသို့ကပ်ကာ ခပ်တိုးတိုးပြောလိုက်၏။

“မိန်းကလေး ဒီလိုမျိုးပြောလို့မရပါဘူး။ ကျွန်တော်တို့ရဲ့အရှင်မင်းကြီးက အရေးပါတဲ့ပုဂ္ဂိုလ်တစ်ယောက်ပါ။ တကယ်လို့ မိန်းကလေးရဲ့ မယဉ်မကျေးပြောဆိုသံကိုသာ ကြားသွားမယ်ဆိုရင် ကျွန်တော်တို့ရဲ့ဒီစားသောက်ဆိုင်လေးပါ ဖျက်ဆီးခံ ရမှာ စိုးရပါတယ်။ ကျွန်တော့်ရဲ့စီးပွားရေးကို မဖျက်ဆီးပါနဲ့”

လီယုဟန် ချက်ချင်းပဲ စားသောက်ဆိုင်တစ်ခုလုံးကို အထင်သေးစွာ ဝေ့ကြည့်လိုက်သည်။

“ကောင်းပြီ။ ငါ မပြောတော့ဘူး။ ဒါဆိုရင် ငါမေးတာ မှန်လား၊ မှားလားပဲဖြေ”

ထိုစားပွဲထိုးက စိတ်လှုပ်ရှားစွာဖြင့် ခေါင်းငြိမ့် ပြလိုက်၏။

“အဲ့ဒီနန်းတော်က ဘယ်မှာလဲ။ ဒီနေရာနဲ့ဝေးလား”

လီယုဟန် ဆန်အရက်တစ်ငုံသောက်လိုက်သည်။ အချဉ်ဓါတ်အနည်းငယ်ပါဝင်တဲ့ အရသာက သူမရဲ့လည်ချောင်း တစ်လျှောက်လုံးကို စီးဆင်းသွား၏။ အပူဓါတ်က သူမရဲ့အစာအိမ်ကို အနွေးဓါတ်ပေးသွားခဲ့သည်။ ခရီးတစ်လျှောက်လုံးရဲ့ ပင်ပန်းမှုကိုဖြေဖျောက်လိုက်သလိုပဲ။

“မိန်းကလေး မေးခွန်းတွေမေးနေတာ တော်လိုက်ပါတော့။ ကျွန်တော်တို့ရဲ့ စားသောက်ဆိုင်သေးသေးလေးက မုန်တိုင်းဒဏ် မခံနိုင်ပါဘူး။ တစ်ကယ်လို့ မိန်းကလေးမှာ မေးခွန်းတွေရှိနေသေးတယ်ဆိုရင် တစ်ခြားနေရာကိုသွားမေးပေးပါ”

ထိုစားပွဲထိုးက ပုခုံးမှာတင်ထားတဲ့ လက်ကိုင်ပဝါကိုတစ်ချက်ခါလိုက်ပြီး လီယုဟန်ရဲ့စားပွဲကနေ အမြန်ထွက်သွားခဲ့သည်။ ထိုသူရဲ့မျက်နှာကလည်း သတိထားနေဟန်ဖြင့် အတင်းအကျပ်ပြုံးထား၏။

လီယုဟန် အနည်းငယ်မသက်မသာဖြစ်သွားခဲ့သည်။ သူမ စိတ်ပျက်စွာ မျက်စိမှိတ်လိုက်ပြီး ငကြောက်တစ်သိုက်ကို စိတ်ထဲမှဆဲရေးလိုက်တော့သည်။

ဒါပေမဲ့ စားသောက်ဆိုင်ထဲမှာရှိနေတဲ့ လူတွေအားလုံးက လီယုဟန်ရဲ့စကားတွေကို ရှင်းလင်းစွာကြားခဲ့သည်။ ထိုအချိန်မှာပဲ ဆန်အရက်တစ်ခွက်ကို ကိုင်ဆောင်ထားတဲ့လူငယ်တစ်ယောက်က လီယုဟန်ရှိရာသို့ ချဉ်းကပ်လာ၏။

“မိန်းကလေး ကျွန်တော့်ရဲ့ ဝိုင်ကိုမြည်းစမ်းကြည့်ချင်ပါသလား? ဒါကို ကျွန်တော့်ရဲ့ မွေးရပ်မြေဒေသက ယူလာခဲ့တာပါ”

လီယုဟန် ခေါင်းမော့ကြည့်လိုက်သည်။ သူမ တစ်ချက်သာကြည့်လိုက်ပေမယ့် ထိုသူရဲ့မျက်နှာက ဘာကြောင့်ရယ်မသိဘူး သူမရဲ့နှလုံးသားကို ထူးဆန်းတဲ့ခံစားချက်များ ပေးစွမ်းနေ၏။

ထိုသူရဲ့မျက်နှာက ထူးဆန်းနေလို့မဟုတ်ပေ။ ထိုအမူအရာနဲ့ ဆန့်ကျင်ဘက်ဖြစ်၏။ ထိုသူမှာ နူးညံသိမ်မွေ့တဲ့မျက်နှာကို ပိုင်ဆိုင်ထားသည်။ အဖြူရောင်ကိုဝတ်ဆင်ထားတဲ့ ထိုပုဂ္ဂိုလ်က လူကြီးလူကောင်းတစ်ယောက်နဲ့ဆင်တူ၏။ ဒီလို သိမ်မွေ့ တဲ့ယောင်္ကျားမျိုးအတွက် လီယုဟန်အမြင်ကောင်းရှိခဲ့ဖူးသည်။

ဒါပေမဲ့ နှင်းနဂါးမြို့ကအဖြစ်အပျက် ပြီးသည့်နောက်မှာ ထိုသို့ လူကြီးလူကောင်းအမျိုးသားများကို မြင်လိုက်တာနဲ့ ရှကျိုးယွီရဲ့မောက်မာတဲ့ ပုံစံကိုသာ ပြန်လည်မြင်ယောင်မိသည်။ ရှကျိုးယွီ ရဲ့မောက်မာပြီး ဘာကိုမှအဖက်မလုပ်တတ်တဲ့ပုံစံက အများနဲ့မတူညီဘူး။ ဒါကြောင့်ပဲ မျက်စိရှေ့က ပုဂ္ဂိုလ်ကို လီယုဟန် အကြောင်းအရင်းမရှိ အမြင်ကပ်လာတော့သည်။ ဒါပေမယ့် သူမက ယဉ်ကျေးစွာပဲ တုံ့ပြန်လိုက်ပါ၏။

လီယုဟန် ငြင်းဆိုခဲ့ပေမဲ့ ထိုပုဂ္ဂိုလ်ကမထင်ထားစွာပဲ ဆက်လက်ပြောဆိုလာခဲ့သည်။

“မင်းရှာနေတဲ့အရာကို ကျွန်တော် သိတယ်။ ကျွန်တော် မင်းကို နန်းတော်ဆီခေါ်သွားပေးလို့ရတယ်။ လမ်းတစ်လျှောက်မှာလည်း အစီအရင်ရဲ့လက်ကျန်ကို ရှာဖွေလို့ရတာပေါ့”

လီယုဟန် ချက်ချင်းပဲ အံ့ဩစွာမော့ကြည့်လာခဲ့သည်။ ထို့နောက်မှာ မျက်စိရှေ့က ပုဂ္ဂိုလ်ကိုစစ်ဆေးလိုက်၏။

“ဘယ်လိုလုပ် သိတာလဲ”

သူမက ပြောပြီးတာနဲ့ ချက်ချင်းပဲ လက်တစ်ဖက်မြှောက်လိုက်ပြီး ပတ်ဝန်းကျင်ကလူတွေကို သူမတို့ရဲ့စကားသံမကြားနိုင်အောင် တားဆီးလိုက်သည်။

အဖြူရောင်ပုဂ္ဂိုလ်က ခပ်ဖွဖွ ပြုံးသွား၏။

“ကျွန်တော့် နာမည်က ကောင်းမင်ပါ။ ကျွန်တော်က ထျန်းလင်ဂိုဏ်းရဲ့ မီလန် ဂိုဏ်းခွဲကတပည့်တစ်ယောက်ပဲ။ ကျွန်တော် ဂိုဏ်းတူအမကြီးကို လေးစားလာတာကြာပါပြီ။ ဒါကြောင့်ပဲ ဆရာ့ဆီမှာခွင့်ပြုချက်တောင်းပြီး ဂိုဏ်းတူအမကိုကူညီဖို့အတွက် ထွက်လာခဲ့ တာပါ”

လီယုဟန်ရဲ့လှပတဲ့မျက်လုံးအတွင်းမှာ တွန့်ဆုတ်မှုတစ်ချို့ ပေါ်ပေါက်လာပေမဲ့ ချက်ချင်းပဲပျောက်ကွယ်သွားခဲ့သည်။ ထို ပုဂ္ဂိုလ်ရဲ့ခါးမှာ ချိတ်ဆွဲထားသော အမွှေးအိတ်မှထွက်ပေါ်လာတဲ့ စိတ်ဝိဉာဏ်စွမ်းအင်လှိုင်းတစ်ချို့ကို သူမ အာရုံခံမိလိုက်၏။ ထျန်းလင်ဂိုဏ်းလိုမျိုး ကြီးမားတဲ့ဂိုဏ်းကြီးတစ်ခုရဲ့ အထောက်အပံ့မရှိဘူးဆိုရင် ဘယ်သူကများ စိတ်ဝိဉာဏ်စွမ်းအင် ကျောက်တုံးတွေ အများကြီးကို ထိန်းသိမ်းထားနိုင်မှာလဲ။

ထို့ကြောင့် သူမရဲ့မျက်နှာက ချက်ချင်းပဲတောက်ပသွားပြီး ပြုံးပြလိုက်သည်။

“ဒါဆိုရင် ငါ ဂိုဏ်းတူမောင်လေးကို ဒုက္ခပေးရတော့မှာပဲ။ ဒါဆိုရင် ငါတို့ ဒီညပဲခရီးစဉ်စကြရအောင်။ ဒီကိစ္စက နှောင့်နှေးလို့ မဖြစ်တော့ဘူး”

ကောင်းမင် မတ်တပ်ထရပ်ကာ လက်နှစ်ဖက်အနောက်ပစ်လိုက်သည်။ သူ့ရဲ့ခေါင်းကိုလည်း အနည်းငယ်မော့လိုက်သည်။

“ဒါက ကိစ္စသေးတစ်ခုပါ။ ဖော်ပြဖို့ မတန်ဘူး။ ဒီည စုံစမ်းဖို့အတွက် ကျွန်တော် တစ်ယောက်တည်းသွားနိုင်တယ်။ ဒါကြောင့် ဂိုဏ်းတူအမ ဒုက္ခများခံဖို့မလိုပါဘူး။ ကျွန်တော် စုံစမ်းလို့ရလာသမျှ အချက်အလက်တိုင်းကို ဂိုဏ်းတူအမကိုပြောပြပေးမယ်။ နောက်ဆုံးအောင်မြင်သွားတဲ့အချိန်ကျရင် နာမည်ကို ဂိုဏ်းတူအမကပဲယူလိုက်ပါ။ ဒီလိုဆိုရင်ကော”

ကောင်းမင်က သူ့ရဲ့မျက်လုံးထဲက ကြင်နာမှုတွေကို ဖော်ပြဖို့ အသည်းအသန်ကြိုးစားခဲ့သည်။ သူ့ရဲ့မျက်လုံးတွေက ကြင်နာမှုတို့ယိုဖိတ်နေ၏။

လီယုဟန် ခန္ဓာကိုယ်တစ်လျှောက်လုံး ကြက်သီးမွှေးညှင်းများထသွားခဲ့သည်။ လွန်ခဲ့တဲ့နှစ်တစ်ချို့ကဆိုရင် မျက်စိရှေ့က နှစ်သက်ဖွယ် လူကြီးလူကောင်းကို သူမ သဘောကျမိမှာဖြစ်၏။ ဒါပေမယ့် သူမရဲ့ခံယူချက်တွေအားလုံးက လူတစ်ယောက်ကြောင့် ပြောင်းလဲသွားခဲ့သည်။ သူမရဲ့နှလုံးသားမှာ အခြားတစ်ယောက်အတွက် နေရာနည်းနည်းလေးမှ မရှိတော့ဘူး။

“ဂိုဏ်းတူမောင်လေး ဒီလောက်ကြီးထိ လုပ်ဖို့မလိုအပ်ပါဘူး။ ဘယ်လိုပဲပြောပြော ငါက မင်းရဲ့ဂိုဏ်းတူအမပဲ။ သတင်းစုဆောင်းဖို့ဆိုတာ ငါ့ရဲ့တာဝန်တစ်ခုလည်းဖြစ်တယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုလည်းလေးစားပါ”

လီယုဟန်ရဲ့မျက်နှာထားက အနည်းငယ်အေးစက်လာခဲ့သည်။ သူမက ဂိုဏ်းတူအမနဲ့ဂိုဏ်းတူမောင်လေးကြားက စည်းကို ရှင်းရှင်းလင်းလင်းခြားထားလိုက်၏။ သူတို့နှစ်ယောက်ကြားက မမြင်နိုင်တဲ့အကွာအဝေးတစ်ခုကြောင့် ကောင်းမင်ပင် အနည်းငယ်ထူးဆန်းသလိုမျိုး ခံစားလာရသည်။

ဂိုဏ်းတူအမက အရင်က ဒီလိုမျိုးမဟုတ်ပါဘူး။ သူမက ဂိုဏ်းတူမောင်လေးတွေကို အမိန့်ပေးရတာကြိုက်တဲ့သူ မဟုတ်ဘူးလား.. ဘာလို့ သူမရဲ့ပုံစံက အခုကျမှအရမ်းပြောင်းလဲသွားရတာလဲ..

ကောင်းမင်က ပတ်ဝန်းကျင်ကို လှည့်ပတ်စစ်ဆေးပြီး တွန့်ဆုတ်စွာပြောလိုက်သည်။

“တစ်ကယ်လို့ ဂိုဏ်းတူအမ မလုပ်ချင်ဘူးဆိုရင် ကျွန်တော် ဒီည အတူအဖော်လိုက်ခဲ့ပါ့မယ်။ အန္တရာယ်ရှိလာရင် ကျွန်တော် ရှေ့တန်းက ကာကွယ်ပေးလို့ရတာပေါ့”

ကောင်းမင်က ပဉ္စမအဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ သူ့ရဲ့ခါးမှာချိတ်ဆွဲထားတဲ့ သိုလှောင်အိတ်အတွင်းမှာရှိတဲ့ စိတ် ဝိဉာဏ်စွမ်းအင်ကျောက်တုံးတွေကို အာရုံခံလိုက်၏။ ချက်ချင်းပဲ သူ့ရဲ့ယုံကြည်ချက်တို့ မြင့်မားလာရသည်။

လီယုဟန်ကတော့ အကြည့်တစ်ချက်သာပေးလာခဲ့သည်။

“အန္တရာယ်တစ်ခုခုကြုံလာရင် မင်းဘာမင်းသာ ကာကွယ်ပါ။ တစ်ယောက်ထဲမသွားနဲ့။ ငါပဲ တစ်ယောက်ထဲသွားမယ်”

အခုတစ်ခေါက် တောင်အောက်မဆင်းခင်မှာ လီယုဟန်ရဲ့အဆင့်တက်သွားမှုကို အဖိုးဖြစ်သူ လီပဟန်လည်းသတိထားမိ၏။ သူမရဲ့အဆင့်က ပထမအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်လာခဲ့သည်။ အခုလိုမျိုး အဆင့်တက်လာမှုက နောက်ကွယ်မှာ လျှို့ဝှက်ချက်များစွာရှိနိုင်၏။ ဒါပေမယ့် မြေးဖြစ်သူက ထုတ်ပြောမလာခဲ့ပေ။ ထို့ကြောင့် ဂိုဏ်းခွဲခေါင်းဆောင်ကလည်း ဖိအားပေးပြီး မမေးခဲ့ဘူး။

ဒါပေမယ့် ရိုးရှင်းစွာပဲ လီပဟန်က သူမရဲ့ကျင့်ကြံမှုကို ပိတ်သိမ်းခဲ့သည်။ သူမကိုလည်း သတိပေးထား၏။ ကျင့်ကြံဆင့် နိမ့်သွားသည့်အတွက် အထူးဂရုစိုက်ရန်မှာကြားထားခဲ့သည်။

လီယုဟန် ဘာမှမပြောခဲ့ပေ။ ဒါပေမယ့် သူမရဲ့နှလုံးသားထဲမှာတော့ အပြစ်ရှိစိတ်ကို ခံစားနေရ၏။

ဒီလိုနဲ့ပဲ သူမက ကျင့်ကြံဆင့်ကိုအနည်းငယ်ပိတ်သိမ်းပြီး တောင်အောက်ကိုတာဝန်ထမ်းဆောင်ဖို့ ဆင်းလာခဲ့သည်။

All Chapters