← Chapters

ဖန့်ယောင်

Vol. 42 Ch. 573

ဖန့်ယောင်

Vol. 42 Ch. 573

ဝါးအိမ်ငယ်တစ်ခုအတွင်း၌

ပုံရိပ်တစ်ခုမှာ အားဆုတ်ဖြူရော်စွာဖြင့် လဲလျောင်းနေရလေသည်။ ၎င်း၏အခြေအနေမှာ အလွန်ပင် ဆိုးရွားနေလျက် ရှိသည်။ ထိုအသက်မျော့မျော့မျှသာ ကျန်ရှိတော့သည့်ပုံရိပ်မှာ မြင့်မြတ်သောနန်းတော်၏ တပည့်ခေါင်းဆောင်တစ်ဦးဖြစ်သူ နင်မော့ပင် ဖြစ်သည်။

"ကျင်ကျန်းတစ်ယောက်တည်းကို ဖမ်းဖို့အတွက်နဲ့ တပည့်ခေါင်းဆောင်နှစ်ယောက်ကိုတောင် ငါလွှတ်လိုက်တာလေ။ အခုမင်းတို့က ဒီလိုပုံစံနဲ့ ပြန်လာကြတယ်ပေါ့။" ပုံရိပ်တစ်ခုမှ အေးစက်ခက်ထန်စွာဖြင့် စကားဆိုလိုက်သည်။ ဝမ့်ယွမ်မှာ ကြောက်ရွံ့လွန်းလှသဖြင့် သတိလစ်မေ့မြောသွားမလားဟုပင် ထင်မှတ်နေမိသည်။

ဝမ့်ယွမ်မှာ ဘယ်ဖက်ခြမ်းတွင် မတ်တပ်ရပ်လျက်ရှိသော အရပ်ရှည်ရှည်နှင့် လူငယ်လေးအား ကြည့်ရှုလိုက်သည်။ ထိုလူငယ်လေး၏ အသားအရေမှာ အလွန်ပင် ဖျော့တော့နေပြီး သွေးနီရောင် မျက်တောင်များအား ပိုင်ဆိုင်ထားသည်။

ထိုလူငယ်​မှာ မြင့်မြတ်သောနန်းတော်၏ မြင့်မြတ်သောသွေးစက်ခန်းမမှ တပည့်ခေါင်းဆောင် ဖန့်ယောင်ပင် ဖြစ်သည်။

ဝမ့်ယွမ်မှ စကားဆိုလိုက်သည်။ "ကန်ရွှမ်ကလန်က တပည့်ခေါင်းဆောင်တစ်ယောက်က ကျင်ကျန်းတို့ကို ကူညီဖို့ ရောက်လာတယ်လေ။ နင်မော့က သူ့လက်ချက်နဲ့ပဲ အခုလို ဖြစ်သွားရတာ။"

"အော်...." ဖန့်ယောင်မှ ဝမ့်ယွမ်အားကြည့်ကာ မေးမြန်းလိုက်သည်။ "လာကူညီပေးတဲ့သူက ကန်ရွှမ်းတောင်ထွတ်က ထန်းမုရှင်းလား။"

ဝမ့်ယွမ်၏အမူအရာမှာ ခက်ထန်သွားကာ အချိန်အနည်းငယ်မျှ တိတ်ဆိတ်ငြိမ်သက်နေပြီးနောက် ဖြည်းညင်းစွာ ပြောလိုက်သည်။ "မဟုတ်ဘူး။ လာကူညီပေးတဲ့ကောင်က မူလသူတော်စင်တောင်ထွတ်ရဲ့  တပည့်ခေါင်းဆောင်အသစ်....နာမည်က ဇူယွမ်တဲ့။"

ဖန့်ယောင်၏ မျက်ဝန်းများမှာ မထီမဲ့မြင်ပြုသော အငွေ့အသက်များဖြင့် ပြည့်နှက်သွားရသည်။ "မူလသူတော်စင်တောင်ထွတ်ဟုတ်လား....အဟက်။ ကန်ရွှမ်းကလန်ရဲ့ အစုတ်ပြတ်ဆုံးတောင်ထွတ်ဖြစ်တဲ့ မူလသူတော်စင်တောင်ထွတ်က တပည့်ခေါင်းဆောင်တဲ့လား။ မင်းတို့က အဲ့လိုကောင်လက်ထဲမှာ ခံလာရတာပေါ့လေ။"

"မူလသူတော်စင်တောင်ထွတ်က တပည့်ခေါင်းဆောင်ဆိုတာ အမြဲတမ်း ကန်ရွှမ်းကလန်ထဲက တောင်ထွတ်ခုနစ်ခုလုံးမှာ အားအနည်းဆုံးပဲ။ အဲ့လိုကောင်လက်ထဲမှာ နင်မော့က ဒီလိုပုံစံ ဖြစ်လာရတယ်ပေါ့လေ။ ဟားဟား....မင်းတို့နှစ်ကောင်က ဘယ်လိုဖြစ်ရတာလဲ။ ဒါမှမဟုတ် ငါတို့မြင့်မြတ်သောနန်းတော်ကရထားတဲ့ သတင်းအချက်အလက်တွေက နောက်ကျနေတာလား။"

ဝမ့်ယွမ်၏ အမူအရာမှာ ခက်ထန်သွားရပြီးနောက် အံကိုကြိတ်ကာ ပြောလိုက်သည်။ "အဲ့ကောင်ရဲ့ ချီကြယ်ပွင့်တွေက တစ်သောင်းကျော်ပမာဏ ရှိတယ်။ ပြီးတော့ သူ့ရဲ့တိုက်ပွဲစွမ်းရည်ကလည်း လုံးဝသာမန်မဟုတ်ဘူး။"

ထို့နောက် ဝမ့်ယွမ်မှ နင်မော့အားကြည့်ကာ စကားဆိုလိုက်သည်။ "အခုငါတို့ နင်မော့ကို ဘာလုပ်ကြမလဲ။"

ဖန့်ယောင်မှာ အားနည်းဖြူရော်စွာဖြင့် လဲလျောင်းနေသော နင်မော့၏ပုံရိပ်အားကြည့်ကာ ပြောလိုက်သည်။ "အခုအခြေအနေနဲ့ဆိုရင် သူပြန်ကောင်းလာဖို့က မလွယ်ဘူး။ ပြီးတော့ သူ့မှာတိုက်ပွဲစွမ်းရည်တွေလည်း မရှိတော့ဘူးဆိုတော့ ငါတို့သာ သူ့ကိုသွားလေရာ ခေါ်သွားရရင် ပုံမှန်တပည့်တစ်ယောက်ကို စောင့်ရှောက်ရတာထက်တောင် ပိုဆိုးဦးမယ်။"

ဝမ့်ယွမ်မှာ အနည်းငယ် စိတ်မကောင်းဖြစ်သွားရ၏။ လက်ရှိအချိန်တွင် နင်မော့အား သယ်ဆောင်သွားရရန်မှာလည်း အမှန်တကယ်ပင် အလုပ်ပိုစေလိမ့်မည် ဖြစ်သည်။

ဖန့်ယောင်မှာ အိပ်ရာပေါ်တွင် အားနည်းစွာဖြင့် လဲလျောင်းနေသော နင်မော့အားကြည့်ကာ ညင်သာစွာ ပြောလိုက်သည်။ "နင်မော့ မင်းမှာ ဘာစွမ်းအင်မှ မရှိတော့ဘူးဆိုမှတော့ အခုချိန်မှာ မင်းကငါတို့မြင့်မြတ်သောနန်းတော်အတွက် နောက်ဆုံးအနေနဲ့ ပေးဆပ်ရမယ့်အချိန်ပဲ။"

နင်မော့မှာ မျက်ဝန်းများ ပွင့်ဟလာပြီးနောက် ဖန့်ယောင်အားကြည့်ကာ အားပြု၍စကားဆိုလိုက်သည်။ "မင်းဘာလုပ်ဖို့ တွေးနေတာလဲ။"

ဖန့်ယောင်မှာ ခပ်ဖွဖွပြုံးလိုက်ပြီးနောက် အေးစက်ခက်ထန်သော မျက်ဝန်းများဖြင့် နင်မော့အားကြည့်ကာ ပြောလိုက်သည်။ "မင်းဆီမှာရှိနေတဲ့ ရောင်စဉ်လေးသွယ်ရတနာကို ငါ့ကိုပေးလိုက်။"

ဖန့်ယောင်ထံမှ သွေးနီရောင်အလင်းတန်းများ ထွက်ပေါ်လာပြီးနောက် နင်မော့၏ ခန္ဓာကိုယ်အတွင်းမှ ရောင်စဉ်လေးသွယ်ရတနာအား ထုတ်ယူလိုက်သည်။

နင်မော့၏ အမူအရာမှာ ခက်ထန်သွားရပြီးနောက် ကျန်ရှိနေသော အားအင်များကိုစုစည်းကာ ဖန့်ယောင်၏ လည်မြိုအား ဆုပ်ကိုင်လိုက်သည်။ သို့သော် သူသည် ချီစွမ်းအင် အနည်းငယ်မျှပင် အသုံးပြုနိုင်ခြင်း မရှိတော့သဖြင့် ဖန့်ယောင်၏လည်မြိုကိုပင် နာကျင်အောင် မညှစ်ထားနိုင်တော့ပဲ ပြန်လည်လွှတ်ချလိုက်ရ၏။

ဖန့်ယောင်မှာ လိုချင်ရမ္မက်များ တောက်လောင်နေသော မျက်ဝန်းများဖြင့် ရောင်စဉ်လေးသွယ်ရတနာအား ကြည့်ရှုလိုက်သည်။ နင်မော့မှ အလွန်ကြိုးစားကာ ရှန်းဟွချန်ယင်းအဆီအနှစ်များအား ရှာဖွေစုဆောင်းထားသောကြောင့် ထိုရောင်စဉ်လေးသွယ်ရတနာမှာ အလွန်ပင် ကျစ်လစ်လွန်းလှသည်။

ရောင်စဉ်လေးသွယ်ရတနာအား ထုတ်ယူခြင်းခံလိုက်ရပြီးနောက် နင်မော့၏ခန္ဓာကိုယ်မှာ ပို၍အားအင်ဆုတ်ယုတ်သွားရသည်။ သူသည် ဒေါသများ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် ဖန့်ယောင်အား ကြည့်ရှုလိုက်၏။ သို့သော မကြာမီမှာပင် အလွန်အားအင်ချိနဲ့နေသော နင်မော့၏ အသက်ဓာတ်များမှာ ကုန်ခမ်းသွားရလေတော့သည်။

အပြင်းအထန် ထိခိုက်ဒဏ်ရာ ရရှိထားသော နင်မော့မှာ ဖန့်ယောင်၏ လက်ချက်ကြောင့် မရဏလမ်းသို့ မြန်းသွားရပြီပင် ဖြစ်သည်။

"ဖန့်ယောင်....မင်း....." ဝမ့်ယွမ်မှာ အလွန်ပင် အံ့အားသင့်နေရသည်။ ဖန့်ယောင်သည် အညှာအတာကင်းမဲ့စွာဖြင့် ပြင်းထန်စွာ နာကျင်ခံစားနေရသော နင်မော့ထံမှ ရောင်စဉ်လေးသွယ်ရတနာအား အတင်းအကြပ် ရယူလိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။

ဖန့်ယောင်မှာ ဝမ့်ယွမ်အား တစ်ချက်မျှကြည့်ရှုလိုက်ပြီးနောက် ရောင်စဉ်လေးသွယ်ရတနာအား ထက်ခြမ်းခြမ်းလိုက်၏။ ထို့နောက် လေးဆယ်ရာခိုင်နှုန်းခန့် ခြမ်းထားသောအပိုင်းအား ဝမ့်ယွမ်လက်ထဲသို့ ထိုးထည့်ပေးလိုက်သည်။

ဖန့်ယောင်မှ တည်ငြိမ်စွာ စကားဆိုလိုက်သည်။ " သူက ငါတို့ရဲ့ မြင့်မြတ်သောနန်းတော်ကို သိက္ခာကျစေတယ်။ အဲ့ဒါကြောင့် သူ့ကိုအပြစ်ပေးသင့်တယ်လေ။ ပြီးတော့ သူ့အခြေအနေက အဲ့လောက်ဆိုးနေတာ ငါတို့သူ့ကိုသယ်သွားရရင်လည်း အလုပ်ရှုပ်ရုံအပြင် ဘာသုံးလို့ရမှာမို့လို့လဲ။"

ဝမ့်ယွမ်မှာ မည်သည့်စကားမှ မဆိုတော့ပဲ လက်ထဲတွင်ရှိနေသော ရောင်စဉ်လေးသွယ်ရတနာအား လိုချင်ရမ္မက်များ တောက်လောင်နေသော မျက်ဝန်းများဖြင့် ကြည့်ရှုလိုက်သည်။

"အခုငါတို့ရဲ့ အဓိကရည်ရွယ်ချက်ကိုပဲ ပိုအာရုံစိုက်ထားသင့်တယ်။ မိုးကြိုးတံခါးဝကလန်က တပည့်ခေါင်းဆောင်ရဲ့ စကားအရဆိုရင် ဒီနေရာတဝိုက်မှာ ရောင်စဉ်ခြောက်သွယ်ရတနာ ရှိနေလိမ့်မယ်။ ငါတို့နှစ်ယောက်သာ ဆက်ပြီးပူးပေါင်းသွားရင် ဘယ်သူ့ကိုမှ ဂရုစိုက်စရာ လိုမှာမဟုတ်ဘူး။"

"ပြီးတော့ အခုနင်မော့မရှိတော့ဘူးဆိုတော့ ရလာမယ့်ဝေစုက မင်းနဲ့ငါအတွက်ပဲ ဖြစ်သွားပြီ။" ဖန့်ယောင်မှ ဖြည်းညင်းစွာ ပြောလိုက်သည်။

ဝမ့်ယောင်၏ အမူအရာမှာ ပြောင်းလဲသွားရပြီးနောက် အေးစက်ခက်ထန်စွာ စကားဆိုလိုက်သည်။

"အဓိကက မူလသူတော်စင်တောင်ထွတ်ရဲ့ တပည့်ခေါင်းဆောင်ပဲ။ ဒီအနီးအနားတဝိုက်မှာ အဲ့ကောင်ကိုသာ တွေ့ခဲ့ရရင် ငါသေချာပေါက် နင်မော့အတွက် ကလဲ့စားပြန်ချေမယ်။"

ဖန့်ယောင်မှာ ဝမ့်ယွမ်အား တစ်ချက်မျှ ကြည့်လိုက်ပြီးနောက် မျက်မှောင်ကျုံ့ကာ မေးမြန်းလိုက်သည်။ "ဝမ့်ယွမ် မင်းသေသွားတဲ့ လူတစ်ယောက်အတွက်နဲ့တော့ ငါ့ကိုသစ္စာမဖောက်ဘူးမလား။"

ဝမ့်ယွမ်မှာ လက်ထဲတွင်ရှိနေသော ရောင်စဉ်လေးသွယ်ရတနာအား လိုချင်ရမ္မက်များ တောက်လောင်နေသော မျက်ဝန်းများဖြင့် ကြည့်ရှုလိုက်ပြီးနောက် တွေဝေတုန့်ဆိုင်းခြင်းမရှိပဲ ဖန့်ယောင်အား ခေါင်းညိတ်ပြလိုက်သည်။

"ကောင်းတယ်။" ဖန့်ယောင်မှ ပြုံးကာပြောလိုက်၏။

ဝမ့်ယွမ်မှာ အသက်မဲ့နေသော နင်မော့၏ရုပ်အလောင်းအား ကြည့်ရှုလိုက်ပြီးနောက် ဖန့်ယောင်အားကြည့်ကာ စကားဆိုလိုက်သည်။ "တပည့်တွေကိုတော့ နင်မော့သေသွားရတာ ဇူယွမ်ကြောင့်လို့ပဲ ပြောကြတာပေါ့။ ငါတို့ အစွမ်းကုန် ကယ်တင်ခဲ့ပေမယ့် မတက်နိုင်ပဲ လက်လွှတ်ရလိုက်တယ်ဆိုပြီး..."

ဖန့်ယောင်မှ ခေါင်းညိတ်ထောက်ခံလိုက်သည်။

"သူ့အလောင်းကို ဒီမှာပဲ ထားထားဦးနော်။ ငါလုပ်စရာရှိသေးလို့။" ဖန့်ယောင်မှာ ခပ်ဖွဖွပြုံးကာ ပြောလိုက်ပြီးနောက် ဝါးအိမ်ငယ်လေးအတွင်းမှ ထွက်ခွာသွားတော့၏။

များပြားလှသော မြင့်မြတ်သောနန်းတော်၏ တပည့်များမှာ ဝါးအိမ်ငယ်အပြင်ဖက်တွင် စောင့်ဆိုင်းနေလျက် ရှိကြသည်။ ဖန့်ယောင်မှာ လက်ထဲတွင်ရှိနေသော ထောင်ဇယ်ကျောက်စိမ်းအတွင်းမှ မြေပုံအား ကြည့်ရှုစစ်ဆေးလိုက်ပြီးနောက် လောဘတက်စွာဖြင့် ရယ်မောလိုက်သည်။

ရောင်စဉ်​ခြောက်သွယ်ရတနာ ရှိရာနေရာ....

ရောင်စဉ်ခြောက်သွယ်ရတနာသည် မြင့်မြတ်သောနန်းတော်မှ ရွေးချယ်ခံများအတွက်ပင် ရရှိရန်ခက်ခဲလှသော အရာတစ်ခု ဖြစ်သည်။ ထိုသို့ ရှားပါးလှသော ရတနာအား ရှန်းဟွပုံရိပ်ယောင်ကမ္ဘာ၏ အပြင်ဖက်ကျသော နယ်မြေတဝိုက်တွင် တွေ့ရှိရလိမ့်မည်ဟု ဖန့်ယောင်မှ အနည်းငယ်မျှပင် ထင်မှတ်မထားခဲ့ပေ။

ထိုအချိန်မှာပင် မြင့်မြတ်သောနန်းတော်မှ တပည့်တစ်ဦးမှ အလျင်လိုနေသော အမူအရာဖြင့် ဖန့်ယောင်ရှေ့သို့ ရောက်ရှိလာသည်။ "တပည့်ခေါင်းဆောင်ဖန့်ယောင် ဒီဧရိယာတဝိုက်ကို အလှပန်းတစ်ရာနန်းတော်ကလူတွေ ရောက်လာကြတယ်လို့ ကျွန်တော်သတင်းရခဲ့တယ်။"

"အလှပန်းတစ်ရာနန်းတော်ကလား...." ဖန့်ယောင်၏ မျက်ဝန်းများမှာ ကျဉ်းမြောင်းသွားရသည်။ "သူတို့ကရော ရောင်စဉ်ခြောက်သွယ်ရတနာအကြောင်း သိနေကြတာလား...."

"ပြီးတော့ ရှိပါသေးတယ်။" ထိုတပည့်မှ ဆက်လက်စကားဆိုလိုက်သည်။ "တပည့်ခေါင်းဆောင်ဝမ့်ယွမ်တို့နဲ့ တိုက်ခိုက်ခဲ့တဲ့ ကန်ရွှမ်းကလန်က တပည့်အုပ်စုကလည်း ဒီနေရာကနေ မထွက်သွားသေးပါဘူး။ အခုသူတို့ အရှေ့အရပ်ကို ဆက်သွားနေကြတယ်လို့ သိခဲ့ရပါတယ်။"

ဖန့်ယောင်မှာ အလွန်ပင် အံ့အားသင့်သွားရ၏။ အဘယ့်ကြောင့်ဆိုသော် ကန်ရွှမ်းကလန်၏ တပည့်အုပ်စု ဦးတည်ထွက်ခွာနေသောအရပ်မှာ ရောင်စဉ်ခြောက်သွယ်ရတနာရှိသောအရပ် ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။

ဖန့်ယောင်မှာ အနည်းငယ်မျှ တွေးတောလိုက်ပြီးနောက် အေးစက်ခက်ထန်စွာ ရယ်မောလိုက်၏။

"ဟားဟား....မိုးကြိုးတံခါးဝကလန်ကကောင်တွေက တော်တော်ပါးစပ်မလုံတဲ့ဟာတွေပဲ။ ဒီလျှို့ဝှက်ချက်နဲ့ သူတို့အသက်ကို အဆင်ပြေသလို လဲလှယ်ရေးလုပ်နေတာပဲ။ ကြည့်ရတာ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာထဲ ရောက်နေတဲ့ လူတွေအကုန်လုံးတောင် ဒီလျှို့ဝှက်ချက်ကို သိနေကြပြီနဲ့တူတယ်။"

"အရူးကောင်တွေပဲ....အဟက်...."

"ဒါပေမယ့် ကောင်းပါတယ်။ ငါရဲ့ ဂျူနီယာညီတော် နင်မော့အတွက် သွေးကြွေးကလဲ့စား ပြန်ချေလို့ရပြီပေါ့။"

All Chapters