တစ်ယောက် ကျန်သေးတယ်
Vol. 18 Ch. 245
“ပါးစပ်ပိတ်စမ်း။ အရှင်မင်းကြီးရဲ့ရှေ့မှာ ဘယ်လိုတောင် ရိုင်းစိုင်းရဲတာလဲ”
ကောင်းမင်ရဲ့ကျယ်လောင်တဲ့ အော်ဟစ်သံကြောင့် နဂိုကမြေပြင်ပေါ်မှာ ဒူးထောက်ခစားနေသော ဝေ့ကျူံးရှန့် ချက်ချင်းပဲ မတ်တပ်ရပ်လာပြီး ကောင်းမင်အရှေ့သို့လျှင်မြန်စွာသွားလိုက်ကာ ထူထဲတဲ့လက်ဖဝါးနဲ့ ပြင်းထန်စွာ ရိုက်လိုက်တော့၏။
“ဖျန်း ဖျန်း”
လျှင်မြန်တဲ့အဖြစ်အပျက်အပြီးမှာ နှုတ်ခမ်းထောင့်သို့ရောက်ရှိလာတဲ့ သွေးစတချို့ကိုသာ ကောင်းမင် ခံစားလိုက် ရသည်။ ကောင်းမင်တစ်ယောက် လုံးဝတိတ်ဆိတ်သွားပြီး အသံမထွက်ရဲတော့ပေ။ သူ့လိုမျိုး ထျန်းလင်ဂိုဏ်းရဲ့ တပည့်တစ်ယောက်ကို ဘာမဟုတ်တဲ့ မိန်းမစိုးကရိုက်ရဲတယ်……
အရှက်တကွဲအကျိုးနည်းမှု များစွာကို နှလုံးသားထဲမှာ သိမ်းဆည်းလိုက်ရင်း ကောင်းမင်စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“ကျုပ်ကို သတ်ချင်ရင် သတ်လိုက်။ ဒါပေမဲ့ ဂိုဏ်းတူအမကိုတော့လွှတ်ပေး”
ကောင်းမင်တစ်ယောက် သူ့ရဲ့အနာဂတ်ကို ဂရုမစိုက်ပါချေ။ တကယ်လို့ ဂိုဏ်းတူအမသာ ဒီမင်းဆိုးမင်းညစ်ဆီမှာ အဖမ်းခံလိုက်ရလို့ကတော့ ကြုံတွေ့လာနိုင်တဲ့အကျိုးဆက်က သေချာပေါက်ကြီးမား၏။
နဂါးပလ္လင်ထက်မှာထိုင်နေတဲ့ ရှကျိုးယွီအနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။ ထူးဆန်းတဲ့ဒီလူရဲ့ လာရင်းကို ရှကျိုးယွီခန့်မှန်းမိသွား၏။
“ဒီလူက ဘယ်ကမှန်းမသိရဘူး။ သူ့ကို အခု ချုပ်နှောင်ထားလိုက်။ ငါကိုယ်တော် နောက်မှ မေးမြန်းမယ်”
ရိုးရှင်းတဲ့အမိန့်တစ်ချို့ချပြီးတာနဲ့ ရှကျိုးယွီလက်တဖက် ခါလိုက်ပြီး နဂါးပလ္လင်ထက်က ထကာ ထွက်သွားဖို့ လုပ်လိုက်တော့သည်။
“အရှင်မင်းကြီး ဒီလူရဲ့ပြောစကားအရ နန်းတော်အတွင်းမှာ တခြားအပေါင်းအပါရှိနေပုံပဲ”
ဒါပေမဲ့ ဝေ့ကျူံးရှန့်က နာမည်ယူချင်သေးဟန်ရှိသည်။ သူက စိတ်လှုပ်ရှားစွာဖြင့် ရှကျိုးယွီကို တင်ပြလာ၏။ ဒါပေမဲ့ ရှကျိုးယွီရဲ့စူးရှတဲ့အကြည့်ကြောင့် ဝေ့ကျူံးရှန့်ချက်ချင်းပဲ ပါးစပ်ပိတ်သွားခဲ့သည်။
“ငါ ကိုယ်တော် ပင်ပန်းနေပြီ။ မင်းအဆင်ပြေသလို စီစဉ်လိုက်။ ဒါနဲ့ ဒီလိုမျိုးပွဲတော်ကျင်းပခဲ့တဲ့နေ့မှာ ငါကိုယ်တော် သွေးမမြင်ချင်ဘူး”
ပြောပြီးတာနဲ့ ရှကျိုးယွီတစ်ယောက် အစေခံတွေခြံရံရင်း ပင်မဆောင်ကနေထွက်သွားခဲ့သည်။
ပင်မဆောင်အတွင်းမှာ အတွေးလွန်နေတဲ့ ဝေ့ကျူံးရှန့်နဲ့ဒေါသတွေကို အတင်းအကြပ်ထိန်းချုပ်ထားရတဲ့ ကောင်းမင်သာ ကျန်ရှိနေ၏။ သူတို့နှစ်ယောက်က အချင်းချင်းစိုက်ကြည့်နေကြသည်။
“သွေးမမြင်ချင်ဘူး ဟုတ်လား။ ဒါဆိုရင် မင်းကို နှစ်ရက်လောက်တော့ အငတ်ထားရမှာပေါ့”
အရှင်မင်းကြီးထွက်သွားတာနဲ့ ဝေ့ကျူံးရှန့်ရဲ့ရက်စက်တဲ့မျက်နှာက အပြည့်အဝထွက်ပေါ်လာ၏။ သူက ကောင်းမင်ကို မုန်းတီးစွာကြည့်ရှုလိုက်သည်။ ခပ်တုတ်တုတ်လက်ချောင်းတွေကို မေးစေ့မှာပွတ်သပ်နေရင်း အရှင်မင်းကြီးဆီက အမိန့်ကောင်းရစေရန် သွေးမထွက်စေဘဲ အပေါင်းအပါကိုဘယ်လိုဖော်ထုတ်ရမလဲ စဉ်းစားနေ၏။
တစ်ကယ်လို့ ရှကျိုးယွီသာအမိန့်မပေးခဲ့ရင် ကောင်းမင်တစ်ယောက် တစ်ညလုံး အရိုက်ခံနေရလောက်သည်။ မရေမတွက်နိုင်အောင် ရက်စက်လှတဲ့အပြစ်ပေးမှုတွေက သူ့ကိုအသင့်စောင့်ဆိုင်းနေမှာပင်။
“ဒီကောင့်ကို ပိတ်ထားပြီး တစ်ညလုံးကြိုးနဲ့ချိတ်ထားလိုက်။ ဒါမှ အသိစိတ်ပြန်ကပ်လာမှာ”
မျက်နှာနှစ်မျိုးနဲ့မိန်းမစိုးက ညွှန်ကြားချက်ထုတ်ပြီးတာနဲ့ ပျက်ဆီးနေသော အဆောက်အဦးတွေကို ပြုပြင်ဖို့ရန် ချက်ချင်းထွက်သွားလေသည်။ အရှင်မင်းကြီးနောက်တစ်နေ့ နိုးမလာခင်မှာ အရာအားလုံးပုံမှန်အတိုင်း ဖြစ်နေဖို့ လိုအပ်သည်။
ထိုအချိန်မှာ ရှကျိုးယွီ အိပ်ဆောင်ကိုသွားနေခဲ့သည်။ အိပ်ယာပေါ်မှာထိုင်လိုက်ရင်း သူ့ရဲ့မျက်နှာက ထူးဆန်းတဲ့အပြုံးတစ်ခုဖြစ်ပေါ်လာ၏။ မှောင်မဲနေတဲ့အခန်းထောင့်ကို ကြည့်ရှုလိုက်ရင်း ရှကျိုးယွီနူးညံ့စွာ ပြုံးလိုက် သည်။
“ငါကိုယ်တော်ရဲ့စစ်သူကြီးက ဘာလို့ အနားမယူဘဲနဲ့ ညကြီး ငါကိုယ်တော်ရဲ့အခန်းထဲကို ရောက်လာခဲ့တာလဲ”
မကြာခင်မှာပဲ ထူးဆန်းတဲ့အရှိန်အဝါတစ်ချို့နဲ့အတူ အမှောင်ထဲကနေ အနက်ရောင်ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုသူကတော့ အစောပိုင်းကမှ ရေပူစမ်းအတွင်းကလွတ်မြောက်သွားတဲ့ လီယုဟန်အပြင်တစ်ခြားမရှိနိုင်ပါချေ။ စိုစွတ်နေတဲ့ သူမရဲ့အဝတ်တွေကို စိတ်ဝိဉာဏ်စွမ်းအင်အသုံးပြုပြီး အခြောက်ခံထား၏။
“အဟမ်း အရှင်မင်းကြီးက ခရီးလှည့်လည်သွားနေတုန်းမှာကို တော်တော်လေးအပျော်လိုက်စားတာပဲနော်။ ပြီးတော့ ကျွန်မလိုမျိုး သေးငယ်တဲ့စစ်သူကြီးကို အမှတ်ရနေသေးတာပဲ”
လီယုဟန်တစ်ယောက် ရှကျိုးယွီနဲ့ဒီလိုမျိုး ပြန်တွေ့ရမယ်လို့ မထင်ထားမိပေ။ သူမ ရေပူစမ်းအတွင်းသို့ ပြုတ်ကျလိမ့်မည်လို့ ပိုလို့တောင်မထင်ထားမိဘူး။ ထို့အပြင် ရေပူစမ်းအတွင်းမှာ အရှက်ရဖွယ်ကိစ္စတစ်ချို့လည်း ဖြစ်ပေါ်သွားသေးသည် မှတ်လား။
လီယုဟန်ရဲ့လက်နှစ်ဖက်က ခါးထောက်လိုက် လက်သီးဆုပ်လိုက်ဖြင့် ဂနာမငြိမ်ဖြစ်နေခဲ့သည်။ သူ့မရဲ့မျက်လုံးတွေက အခန်းပတ်ပတ်လည်ကို လှည့်ပတ်ကြည့်ရှုနေ၏။
“စစ်သူကြီးရဲ့မျက်နှာက နီနေတာလား”
ရှကျိုးယွီပုံမှန်လိုပဲ မေးလိုက်သည်။ သူ့ရဲ့စကားသံမှာ စိုးရိမ်မှုများပင်ပါဝင်နေ၏။
ဒါပေမဲ့ ထိုစကားက လီယုဟန်ရဲ့တည်ငြိမ်တဲ့ပုံစံကို ချက်ချင်းရိုက်ခတ်သွားလေရဲ့။ သူမရဲ့နဂိုက အနည်းငယ်နီရဲနေ သော မျက်နှာသည် သွေးထွက်လုနီးပါးရဲတောက်သွားခဲ့သည်။ တဖြည်းဖြည်း ပန်းရောင်သန်းလာမှုက လည်းပင်းမှ တဆင့် ဗွီပုံစံလည်ပင်းကြားရှိ မြင်နိုင်တဲ့နေရာအထိပါ ရောက်ရှိသွား၏။
“မင်းက ငါကိုယ်တော်ရဲ့ရေချိုးဆောင်ကို နှောင့်ယှက်ယုံတင်သာမကဘူး အိပ်ဆောင်အထိပါ လာနှောင့်ယှက်ခဲ့တယ်။ ငါကိုယ်တော် ဘယ်လိုပြစ်ဒဏ်ပေးသင့်သလဲ”
အင်အားကြီးလှတဲ့ အမျိုးသမီး စစ်သူကြီးကို ရှကျိုးယွီ ခနဲ့တဲ့တဲ့စနောက်လိုက်သည်။
“ရှင်…… ရှင် စကားပြောနေတာရပ်လိုက်တော့ အရှက်မရှိတဲ့သူ။ အရှင်မင်းကြီးက ကျွန်မကိုအနိုင်ကျင့်နေတာပဲ”
ရေပူစမ်းအတွင်းကကိစ္စကို စဉ်းစားမိတာနဲ့ လီယုဟန်တစ်ယောက် ခြေမခိုင်တော့သလို ခံစားလိုက်ရသည်။ သူမရဲ့ မျက်နှာကလွန်စွာနီရဲနေပြီး ပါးနှစ်ဖက်ကနေ ပန်းရောင်ဘောလုံးများထွက်ပေါ်နေသလို ရှက်ရွံ့နေခဲ့သည်။
လီယုဟန်လိုမျိုး ရိုးရှင်းပြီး အဖြူထည်ပန်းပွင့်လေးက ရှကျိုးယွီလိုမျိုး သိုင်းကျမ်းကျေနေသူကို ယှဉ်နိုင်စရာလား။ ရှကျိုးယွီရဲ့စနောက်မှုကြောင့် သူမ အရှက်လွန်ပြီးနေရာမှာတင် သေတော့မလိုခံစားနေရသည်။
“ကောင်းပြီ ကောင်းပြီ။ ငါ မစနောက်တော့ဘူး။ ကဲ ပြောပါ မင်းဘာလို့ ရောက်လာခဲ့တာလဲ”
ရှကျိုးယွီပုံမှန်လိုပဲ စကားလမ်းကြောင်းလွှဲလိုက်၏။ လီယုဟန် အစကတော့ ရှကျိုးယွီကို မုန်းတီးမှုများနဲ့ တောင်အောက် ဆင်းလာခဲ့တာဖြစ်သည်။ ဒါပေမဲ့ ရှကျိုးယွီရဲ့မျက်နှာကိုမြင်လိုက်တာနဲ့ သူမရဲ့မုန်းတီးမှုတွေက လေထဲကို လွင့်ပျောက် သွားခဲ့သည်။ သူမဆက်တိုက်ပြုလုပ်မိတဲ့ အပြုအမူတွေက နှင်းနဂါးတောင်ခြေတပ်စခန်းအတွင်းက ခေါင်းဆောင်ဖူမဲ့ရဲ့ လက်အောက်ခံအတိုင်းပင် နာခံစွာဖြစ်သည်။
လီယုဟန်နောက်ဆုံးတော့ ကိုယ့်ကိုကိုယ်တည်ငြိမ်စွာ ထိန်းချုပ်လိုက်ရင်း ရှကျိုးယွီကို သူမရဲ့တာဝန်အကြောင်း ရှင်းပြလိုက်၏။
သူမစဉ်းစားမိတာက ရှကျိုးးယွီကိုသာတင်ပြလိုက်ရင် သူမတစ်ယောက်ထဲရှာဖွေတာထက် ပိုမိုအသုံးဝင်လိမ့်မည် ဟူ၍ပင်။ ဒါပေမဲ့ ဒီကိစ္စတွေအားလုံးရဲ့နောက်ကွယ်က လက်သည်တရားခံက ရှကျိုးးယွီဆိုတာကို သူမ တွေးခဲ့ပါလေစ။
“အဟမ်း တစ်ကယ်ပဲ ကျိကျီမြို့နယ်မှာ ဒီလိုကိစ္စမျိုးဖြစ်နေခဲ့တာလား”
လီယုဟန်ရဲ့စကားကြောင့် ရှကျိုးယွီရဲ့မျက်နှာမှာ အံ့ဩမှုတစ်ချို့ဖြတ်ပြေးသွားခဲ့သည်။
“အဲ့ဒီ စိတ်ဝိဉာဏ်စွမ်းအင်စုဆောင်းတဲ့အစီအရင်က သေချာပေါက်အန္တရာယ်များတယ်။ သူတို့က တရှားတိုင်းပြည်ရဲ့ အမိန့်ကိုဆန့်ကျင်ပြီး ဆောက်လုပ်နေရုံတင်သာမကဘူး အခန့်မသင့်ရင် အဲ့ဒါက တိုင်းပြည်ရဲ့ကံကြမ္မာကိုပါ ထိခိုက်စေ လိမ့်မယ်။ ဒါကြောင့် သေချာပေါက် ဒီကိစ္စက သတိထားပြီးကိုင်တွယ်ရမဲ့အရာပဲ”
လီယုဟန်ရဲ့မျက်နှာက လွန်စွာတည်ငြိမ်နေခဲ့သည်။ သူမက ရှကျိုးယွီရဲ့ဒေါသထွက်မဲ့ ပုံစံကိုပါ မှန်းဆထား၏။
“ဒါဆိုရင် ဒီကိစ္စကိုသေချာပေါက် စစ်ဆေးရတော့မှာပေါ့။ ဘယ်လိုအမှားမျိုးကိုမှ ငါတို့ခွင့်ပြုပေးလို့မရဘူး”
ထိုအချိန်မှာပဲ ရှကျိုးယွီရဲ့တည်ငြိမ်ပြီး အာဏာသက်ရောက်တဲ့အသံ ထွက်ပေါ်လာခဲ့သည်။ အခုဆိုရင် ကောင်းမင်လည်း အဖမ်းခံထားရပြီး လီယုဟန်တစ်ယောက်သာ အစီအရင်နဲ့ပတ်သက်ပြီး သိရှိထားသူဖြစ်သည်။ သူမကို ဘယ်သူမှ မသိတဲ့နေရာမှာသာ ဖွက်ထားလိုက်မယ်ဆိုရင် အစီအရင်နဲ့ပတ်သက်ပြီး ဖော်ထုတ်နိုင်မဲ့သူမရှိတော့ပေ။ အစီအရင်သာ လုံးဝ ပြီးမြောက်သွားခဲ့ရင် ထျန်းလင်ဂိုဏ်းတစ်ခုလုံး ရောက်လာရင်တောင်မှ ဘာပြဿနာမှ မရှိနိုင်တော့ဘူး။
ထိုအချိန်မှာ ရှကျိုးယွီရဲ့တည်ငြိမ်တဲ့ဟန်ပန်ကြောင့် လီယုဟန်အံ့ဩသွားခဲ့သည်။ ထိုသူက အရှင်မင်းကြီးဆိုတဲ့ ဂုဏ်ပုဒ်အတိုင်း ဘယ်လိုအခြေအနေမျိုးမှာမဆို တည်ငြိမ်အောင်နေနိုင်တာပါလား။ ရှကျိုးယွီ ဘာတွေစဉ်းစားနေလဲ လီယုဟန် မသိတော့ပေ။
“မင်းနဲ့အတူ ပါလာတဲ့သူရဲ့နာမည်က ကောင်းမင်လား”
ထိုအချိန်မှာသာ သူမနဲ့အတူဂိုဏ်းတူ မောင်လေးတစ်ယောက်ပါလာမှန်း လီယုဟန်အမှတ်ရသွား၏။ ရှကျိုးယွီရဲ့ သတိပေးမှုကြောင့်သာ သူမဘက်ကသူကို ပြန်လည်မှတ်မိသွားခဲ့သည်။
“အိုး ဟုတ်သားပဲ။ အရှင်မင်းကြီး ဘယ်လိုလုပ်သိတာလဲ”
လီယုဟန်မျက်ခုံးတစ်ဖက်ပင့်ကာ မေးလာခဲ့သည်။
သူမထွက်သွားချင်သလို ထွက်သွားခဲ့သည့်အတွက် ကောင်းမင်တစ်ယောက် ဝေ့ကျုံးရှန့် ထံမှာ အသေအလဲ အရိုက်ခံထားရတာကို လီယုဟန်မသိခဲ့ပေ။ ရှကျိုးယွီ ကောင်းမင်အတွက်ခါးသီးစွာ ပြုံးပေးလိုက်၏။
လီယုဟန်ရဲ့ဆွဲဆောင်နိုင်စွမ်းက နှင်းနဂါးတောင်ရဲ့ တောင်ခြေတပ်စခန်းက အတိုင်းပင် ပြောင်းလဲမှုမရှိသေးချေ။
ထိုအချိန်မှာပဲ ရှကျိုးယွီအကြံကောင်းတစ်ခုကို စဉ်းစားမိသွား၏။ အနည်းငယ်အံ့အားသင့်နေဟန်ရှိသော လီယုဟန်ကို ရုတ်တရက် မော့ကြည့်လိုက်ပြီး ရှကျိုးယွီစိတ်ပျက်စွာပြောလိုက်သည်။
“အခုတင် တော်ဝင်အစောင့်တွေက သူ့ကို လုပ်ကြံသူအဖြစ်အထင်မှားသွားပြီး ဖမ်းဆီးလာခဲ့တယ်။ သူက အပြင်းအထန် ဒဏ်ရာရခဲ့တယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ ရုန်းကန်ပြီးထွက်ပြေးနိုင်သွားတယ်။ မင်းသူ့ကို အရင်သွားရှာသင့်တယ် ထင်တယ်နော်။ မဟုတ်ဘူးဆိုရင် အခြေအနေတွေဆိုးကုန်လိမ့်မယ်”
…………