← Chapters

မင်းကိုတော့ ဘာမှဖုံးကွယ်ထားစရာ မလိုဘူး

Vol. 1 Ch. 131

မင်းကိုတော့ ဘာမှဖုံးကွယ်ထားစရာ မလိုဘူး

Vol. 1 Ch. 131

ဂူအတွင်း သူတို့နေခဲ့သော ရက်များတွင် ကျန့်ဝူရွှမ်းနှင့် ကျန့်ဂိုဏ်းမှ လူများသည် ကျန်းရီ ကြုံခဲ့ရသော အထူးအဆန်းများအား မေးခွန်း မထုတ်ကြပေ။ ဥပမာ အားဖြင့် ဘယ်လိုလုပ်ပြီး ကောင်းကင်ပေါ်မှ ပြုတ်ကျလာတာလဲ သို့မဟုတ် အုပ်ချုပ်သူ တံဆိပ်တုံးကို ဘယ်လို ဖျက်ဆီး လိုက်တာလဲ ဟူသော မေးခွန်းမျိုးများ ဖြစ်သည်။

ကျန့်ဝူရွှမ်းနှင့် ကျန်လူများသည် သူ့အား မေးခွန်း မထုတ်မှတော့ ကျန်းရီကလည်း ရူးမိုက်စွာ သွား၍ ရှင်းပြနေမည် မဟုတ်ပေ။ ဤကိစ္စတွင် အမည်မဲ့ ကျင့်စဉ်မှ အနက်ရောင် အတွင်းအားများနှင့် မီးဝိညာဉ် ကျောက်တုံးများ အကြောင်းပါ ပါဝင် ပတ်သက် နေပေသည်။ ထိုအရာများသည် သူ၏ ဝှက်ဖဲများဖြစ်၍ သိသူနည်းလေ ပိုကောင်းလေ ဖြစ်သည်။

သူနှင့် စုလောရွှယ်သည် ဂူထဲမှ အပြင်သို့ ထွက်လာခဲ့ကြသည်။ အချိန်အတော်ကြာ လျှောက်လာပြီးနောက် စုလောရွှယ်သည် ထိန်းမထား နိုင်တော့ပေ။ သူမသည် လမ်းလျှောက်ရင်းဖြင့် မေးလာခဲ့သည်။

"ကျန်းရီ ... မင်းငါ့ကို ဘာမှ မရှင်းပြတော့ဘူးလား"

"ကျွန်တော် ရှင်းပြဖို့ လိုလို့လား"

ကျန်းရီသည် စုလောရွှယ်အား တစ်ချက် ခိုးကြည့်လိုက်ကာ အပြုံးမျက်လုံးများဖြင့် မေးလိုက်သည်။ စုလောရွှယ်သည် လွန်ခဲ့သော ရက်များထဲက မေးချင်စိတ်ကို ချုပ်တည်း ထားရမှန်း သူသိပေသည်။ သူမသည် ကျန့်ဂိုဏ်းမှ လူများရှိနေရာ သူ့အား ဘာမှ မမေးနိုင်ပေ။

"ဘန်း"

စုလောရွှယ်ကလည်း ကျန်းရီ၏ မျက်လုံးများ အတွင်းမှ ရယ်မြူးရိပ်များကို မြင်ပေသည်။ သူမသည် သူ၏ နောက်ကျောအား တစ်ချက်ထုလိုက်သည်။ သို့သော် သူမ၏ အပြုအမူအား ချက်ချင်း နောင်တ ရသွားကာ ရှက်လွန်း၍ တစ်ဖက်သို့ အမြန်လှည့်လိုက်သည်။ ထိုအပြုအမူသည် ရင်းနှီးလွန်းနေရာ စုံတွဲများအကြား ကျီစယ်နေသည်ဟု အထင်လွဲခံရနိုင်ပေသည်။

ကျန်းရီသည် သူမအား စနောက်နေခြင်းကို ရပ်တန့်လိုက်သည်။ သူသည် တစ်ချက်ပြုံးလိုက်ပြီး သူမအား ခပ်တိုးတိုး ရှင်းပြလိုက်သည်။

"အကြောင်းအရင်း အတိအကျကိုတော့ ကျွန်တော် မသိဘူး ... ကျွန်တော် ထောင်ချောက်ထဲကို ရောက်သွားတဲ့ အချိန်မှာ သေမသွားရုံတင် မကဘူး ... အပေါ်က စေတီကြီးထဲကို အပို့ ခံလိုက်ရတယ် ... အဲဒါက ကောင်းကင် ဧကရာဇ်ရဲ့ အုတ်ဂူအစစ် ဖြစ်ပြီးတော့ ကောင်းကင် ဧကရာဇ်ရဲ့ ခန္ဓာကိုယ်ကလည်း အထဲမှာ ရှိနေတယ် ... နောက်ဆုံးတော့ ကျွန်တော် အုတ်ဂူထဲကနေ ရတနာတစ်ခု ရခဲ့တယ် ... နောက်တော့ စေတီကြီးရဲ့ ကြမ်းပြင်ကို အပေါက်ဖောက်ပြီး လွတ်မြောက် လာခဲ့တာပဲ ... "

"ရတနာ ... မင်း အုပ်ချုပ်သူ တံဆိပ်တုံးကို ဖျက်ဆီးဖို့ သုံးလိုက်တဲ့ တစ်ခုလား"

စုလောရွှယ်၏ မျက်နှာ လှလှလေးတွင် သိချင်စိတ်များ ပြည့်နှက် နေခဲ့သည်။ သူမသည် စပ်စုလွန်းရာ ရောက်သွားပြီမှန်း သတိ ထားမိလိုက်သော အခါ ဆက်မမေး တော့ပေ။ သူမသည် ရှက်ရွံစွာ ပြောလာခဲ့သည်။

"အာ ... မင်း မပြောချင်ရင် ငါ့မေးခွန်းကို မဖြေလို့လည်း ရပါတယ်"

"ဟားဟား ... မင်းကိုတော့ ဘာမှ ဖုံးကွယ်ထားစရာ မလိုပါဘူး"

ကျန်းရီသည် လမ်းလျှောက်နေရာမှ ချက်ချင်း ရပ်တန့်လိုက်ကာ ဝတ်ရုံ ရင်ဘတ်ထဲမှ အနီရောင် ပုလဲကို ထုတ်ယူလိုက်သည်။ သူသည် သူမကို ကမ်းပေးလိုက်ရင်း ပြောလိုက်သည်။

"ဒီရတနာပဲ"

"အမ် ... "

ကျန်းရီ ပြောလိုက်သည်ကို နားထောင်ပြီးနောက် စုလောရွှယ်သည် ဆတ်ခနဲ ဖြစ်သွားခဲ့သည်။ သူမ၏ ပါးပြင်များသည် နီမြန်း လာလေသည်။ သူမ၏ အမြင်တွင် ကျန်းရီ၏ စကားလုံးများသည် တစ်ခုခုအား ရည်ညွှန်း နေသည်ဟု ထင်ရလေသည်။ ယောက်ျား တစ်ယောက်နှင့် မိန်းမ တစ်ယောက် အကြားတွင် လျှို့ဝှက်ချက် မထားပါလျှင် ထိုနှစ်ယောက်အား စုံတွဲဟု မှတ်ယူနိုင်သည် မဟုတ်ပါလား။

သို့သော် သူမသည် ကျန်းရီအား တစ်ချက် ခိုးကြည့်လိုက်သော အချိန်တွင် သူ့မျက်လုံးများတွင် ဖြူစင် ရိုးသားမှုများသာ ရှိနေခဲ့ပြီး မည်သည့် အရိပ်အယောင်မှ ရှိမနေသည်ကို တွေ့လိုက်ရသည်။ သူမ အတွေး လွန်နေပြီဟု ခံစားလိုက်ရသည်။ သူမသည် ရှက်လာ၍ နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

"ပြန်သိမ်းလိုက် ... ပြန်သိမ်းလိုက် ... ငါအဲဒါကို ကြည့်ဖို့ စိတ်မဝင်စားဘူး"

"ဟမ်"

ကျန်းရီသည် မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။ သူနားမလည်ပေ။ သူ့တွင် အမှန်တကယ်လည်း အခြားသော ရည်ရွယ်ချက်များ ရှိမနေပါပေ။ သူသည် စုလောရွှယ် အကြွေး တင်နေသလို အမြဲ ခံစားခဲ့ရသည်။ သူမသည် ဒီတစ်ကြိမ်တွင် သူ့အား ကယ်တင်လိုက်၍ သူမအသက်ပါ ဆုံးရှုံးလု နီးပါး ဖြစ်သွားခဲ့သည်။ သူ့အတွက် စုလောရွှယ်သည် လုံးဝ ယုံကြည်ရသူ ဖြစ်လေသည်။ သူမက ဖြစ်ခဲ့သည့် အရာများကို မေးလာသော အခါ သူအနေနှင့် အားလုံးအား မထိမ်ချန်ဘဲ ရှင်းပြ ချင်မိသည်မှာ သဘာဝပင် ...

သို့သော် သူရတနာအား ပြသောအခါ သူမသည် အဘယ့်ကြောင့် ကြည့်ရန် ငြင်းဆိုရုံသာမကာ စိတ်ပါဆိုးသွားရပါသနည်း သူသည် ပဟေဠိ ဖြစ်သွားခဲ့သည်။ ဘာပြောရမည်မှန်းလဲ မသိတော့ပေ။ သူသည် သူ့ဟာသူ တွေးတောလိုက်ရင်း စာအုပ်များတွင် ရေးသား ထားတတ်ကြသည့် 'မိန်းမ တစ်ယောက်၏ စိတ်ကို နားလည်အောင် လုပ်ခြင်းသည် သမုဒ္ဒရာထဲမှ အပ်တစ်ချောင်းကို ရှာသလိုပင် ... ၎င်းသည် လေနှယ်၊ မိုးနှယ်၊ ဆီးနှင်းနှယ် ဖမ်းဆုပ်ရန် ခက်ခဲသည်' ဟူသော စာကြောင်းအား ထောက်ခံ လိုက်သည်။

"သွားသင့်ပြီ ... ငတုံး"

စုလောရွှယ်သည် ခဏလောက် ရပ်တန့်လိုက်ပြီး လိပ်ပြာလေး တစ်ကောင်အလား ပြေးထွက် သွားတော့လေသည်။ သူမ၏ မျက်ဝန်းများတွင် သတ်ဖြတ်ခြင်း အငွေ့အသက်တို့ ထွက်ပေါ်လာခဲ့ပြီး ခက်ထန်စွာ ပြောလိုက်သည်။

"ကျန်းရီ ... မင်းဒါကို ပြောဖူးတယ် ... ငါ့ကို အနိုင့်ကျင့်တဲ့ သူတိုင်းကို ကူပြီး သတ်ပေးမယ် ဆိုတာ ... ဒါဆို အခု ငါလက်စားချေဖို့ ကူညီပေး ... ငါကျန်းရိလျှိုနဲ့ သူ့နောက်လိုက်တွေကို သတ်ဖို့ ကူညီပါ"

ထိုနေ့က ဗိုလ်ချုပ်လျှိုသည် သူမ၏ ကျောရိုးအား ချိုးပစ်လု နီးပါးပင် ... သူမသည် အတွင်းအား ပိတ်ဆို့ ဆေးမှုန့်ကို အတင်းအကြပ် အတိုက်ခံရပြီး သေရန်၊ ရှင်ရန်ပင် မရွေးချယ် နိုင်လောက်အောင် နှိပ်စက်ခံခဲ့ရသည်။ ကျန်းရီသာ ပေါ်လာ၍ သူမအား မကယ်တင်ခဲ့ပါလျှင် သူမသည် ကျန်းရိလျှို၏ လက်ချက်ဖြင့် ညစ်နွမ်း သွားလောက်ပေပြီ။

သူမ ပြန်တွေးမိလိုက်တိုင်း နာကျည်းမှုတို့က တရိပ်ရိပ် တိုးနေခဲ့သည်။ သူမသည် အနိုင်ကျင့် ခံရသည့် အခါ ဝမ်းနည်းအားငယ်၍ ထိုင်ငိုနေမည့် မိန်းမ မဟုတ်ပေ။ သူမ၏ သတ်ဖြတ်ခြင်း အရှိန်အဝါများ ထွက်ပေါ် လာသည်နှင့် သူမသည် မိစ္ဆာမအလား ထင်မှတ် သွားရသည်။

စုလောရွှယ် ပြောမလာလျှင်တောင် ကျန်းရီသည် လက်စား ချေရန် ပြင်ဆင်ထားပြီး ဖြစ်သည်။ သူ့အမူအကျင့် များသည် ကျန်းယွင်ဟိုင်ထံမှ ဆင်းသက် လာသည်။ သူလှုပ်ရှား လိုက်လျှင် သနားမညှာတာ တတ်တော့ပေ။ သူ့ကိုယ်သူ လူကောင်း တစ်ယောက်ဟု ဘယ်တုန်းကမှ မှတ်ယူ မထားခဲ့ ... ရန်သူများကို သနား ကြင်နာနေသော လူကို သူတော်ကောင်းဟု သူမတွေးပေ ... ထိုလူသည် အရူးသာ ဖြစ်လေသည်။

***

မကြာလိုက်သော အချိန်အတွင်း ကောင်းကင် ဧကရာဇ်၏ ဂူသင်္ချိုင်းအတွင်း သွေးမုန်တိုင်းများ တိုက်ခတ် လာတော့သည်။

ကျန်းရီနှင့် ထိပ်တိုက်တွေ့သော လူတိုင်းသည် အဆုံးသတ် မလှခဲ့ပေ။ ဉာဏ်ကောင်းသော လူများသည် အရှုံးပေးကာ အသက် ချမ်းသာပေးပါရန် တောင်းဆိုကြသည်။ သူတို့ သယ်ဆောင် လာသော ရတနာများ ရှိလျှင်လည်း အသာတကြည် ပေးအပ်ကြသည်။ အခြေအနေကို နားမလည်ဘဲ ပြန်တိုက်ခိုက်ရန် ကြိုးစားသူတိုင်းသည် အသက်မဲ့ အလောင်းများ ဖြစ်သွားကြလေသည်။

ကျန်းဂိုဏ်းနှင့် ကျန်းစွန်းဂိုဏ်းမှ လူများ ဖြစ်လျှင် သို့မဟုတ် ထိုနေ့က ရှိနေခဲ့သော လူများ ဖြစ်နေလျှင် စုလောရွှယ်က မှတ်မိနေခဲ့ပြီး သူတို့ အဆုံးသတ်များသည် မလှမပ ဖြစ်သွားကြရသည်။

ရက်အနည်းငယ် အတွင်း စုလောရွှယ်နှင့် ကျန်းရီတို့သည် မိုင်ပေါင်းများစွာ ခြေဆန့်ခဲ့ကြသည်။ ကျန်းရီ၏ လက်ချက်ဖြင့် အသက်တစ်ရာခန့် သေဆုံးခဲ့ပြီ ဖြစ်ကာ ရတနာ ဆယ်ခုကျော်လည်း ရရှိထားခဲ့ပြီ ဖြစ်သည်။ ထို့ပြင် သူသည် အဆင့်မြင့် လက်နက် တစ်ခုကိုလည်း ရရှိထားခဲ့သည်။ ထိုအရာသည် ငွေရောင် ဓားရှည် တစ်ချောင်း ဖြစ်သည်။ စုလောရွှယ်သည် ထိုဓားအား အတော်လေး သဘောကျနေမှန်း သူသိလျှင် ဓားအား တွန့်ဆုတ်ခြင်း မရှိ ပေးလိုက်သည်။

ကောင်းကင်ဧကရာဇ်၏ ဂူသင်္ချိုင်း အတွင်း သူတို့ ရောက်ရှိ နေသည်မှာ ဆယ့်လေးရက် မြောက်နေ့ ရောက်သွားပြီ ဖြစ်သည်။ သူတို့နှစ်ယောက်သည် တောအုပ်ငယ် တစ်ခု အတွင်းတွင် လူတစ်အုပ်အား ပြေးလိုက်နေကြသည်။ ပြေးနေကြသော လူများတွင် အနောက်ဘက် မြို့စောင့်တပ်မှ ဗိုလ်ချုပ် လျှိုလည်း ပါဝင်သည်။

သူတို့ ပြေးလိုက်နေခဲ့သည်မှာ နှစ်နာရီ ကျော်သွားခဲ့ပြီ ဖြစ်သည်။ သူတို့သည် ပြေးရင်း လွှားရင်းဖြင့် လူဆယ်ယောက်ကျော်အား သတ်ခဲ့သည်။ သို့သော် ဗိုလ်ချုပ်လျှိုနှင့် တပ်မှူးအချို့သည် အားကောင်းလွန်း၍ သူတို့ နှစ်ဦးထက် မြန်ဆန်နေသည်။ ထို့ကြောင့် သူတို့နှစ်ယောက် အလွယ်တကူ မမီနိုင် ဖြစ်နေရသည်။

ကျန်းရီ၏ ကျင့်ကြံဆင့်သည် နိမ့်လွန်းသည်။ အနက်ရောင် အတွင်းအားကို ခြေထောက်များတွင် အသုံး ပြုထားသော်လည်း အမြန်နှုန်းသည် ခရမ်းရောင် နန်းတော်ရှင် ပဉ္စမအဆင့်လောက်သာ ရှိသေးသည်။ သူ၏ သတ်ဖြတ်ခြင်း အရှိန်အဝါကို သုံး၍ ရန်သူများ၏ အမြန်နှုန်းအား လျှော့ချ မထားမိလျှင် သူတို့သည် တစ်သက်လုံး အမီလိုက်နိုင်မည် မဟုတ်ချေ။

"ဒါကို မေ့ထား လိုက်ကြရအောင်လား ... အနာဂတ်မှာ ငါတို့ သူတို့ကို သတ်ဖို့ အခွင့်အရေးတွေ အများကြီး ရှိပါတယ် ... "

ကျန်းရီသည် သူတို့နှင့် လူအုပ်၏ အကွာအဝေးသည် ပို၍သာ ဝေးကွာ လာသည်အား ကြည့်၍ စိတ်ပျက်စွာ သက်ပြင်း ချလိုက်သည်။ သို့သော် စုလောရွှယ်သည် ဗိုလ်ချုပ်လျှိုအား အကြည့်မလွှဲဘဲ ပြေးလိုက် နေဆဲပင် ... ထိုလူသည် ထိုနေ့က သူမ၏ အရိုးများအား ကျိုးသွားစေသော တရားခံ ဖြစ်ကြောင်း သူမ အသေအချာ မှတ်မိလို့နေသည်။

"ဝီ"

သူမ၏ မျက်လုံးများမှ ခရမ်းရောင် အလင်းတန်း နှစ်ခု တောက်ပလာပြီး ရှေ့ဘက်သို့ ဦးတည် သွားခဲ့သည်။ စိတ်မကောင်းစရာ သည်ကား ဗိုလ်ချုပ်လျှိုသည် အဖွဲ့၏ ရှေ့ဆုံးတွင် ရှိနေခဲ့ပြ တပ်မှူး တစ်ယောက်သာ အဖွဲ့၏ နောက်ဆုံးတွင် ရှိနေခဲ့သည်။ ခရမ်းရောင် အလင်းသည် တပ်မှူး၏ ကိုယ်ပေါ် ကျရောက် သွားခဲ့ပြီး သူသည် မြေပေါ်သို့ ချက်ချင်း လဲကျ သေဆုံးသွားခဲ့သည်။

"အာ"

ဗိုလ်ချုပ်လျှိုနှင့် ကျန်လူများသည် နောက်လှည့် ကြည့်လိုက်သော် ထိတ်လန့် တုန်လှုပ် သွားကြသည်။ သို့သော် သူတို့ မရပ်တန့်ရဲပေ။ အရှိန်ကို ပိုမြှင့်၍သာ အားကုန် ပြေးကြလေသည်။

စုလောရွှယ်၏ ကိုယ်သည် ယိမ်းယိုင်သွားခဲ့သည်။ ကျန်းရီသာ သူမအား ထိန်းမထားပေလျှင် မြေပေါ်သို့ လဲကျ သွားပေလိမ့်မည်။ သူမ၏ ဖြူဖျော့နေသော မျက်နှာအား ကြည့်ကာ ကျန်းရီသည် ဝမ်းနည်း လာခဲ့ပြီး နှစ်သိမ့် လိုက်သည်။

"မလောနဲ့ ... ငါတို့ ဒီထဲက ထွက်ဖို့ တစ်ရက်တောင် မလိုတော့ဘူးလေ ... ငါတို့ ဒီဂူသင်္ချိုင်းထဲကနေ အပြင်ကို အပို့ ခံလိုက်ရတာနဲ့ ငါသူ့ကို ချက်ချင်း သတ်လိုက်မယ်"

"ကောင်းပြီလေ"

စုလောရွှယ်သည် ကျောက်ပြား တစ်ခုထက်တွင် အားတင်း၍ ထိုင်ချကာ အတွင်းအားများ ပြန်လည် ကျင့်ကြံ နေလိုက်သည်။ ကျန်းရီကမူ ရှေ့သို့ အပြေးသွား၍ တပ်မှူး အမှန်တကယ် သေမသေ စစ်ဆေးပြီးမှ ပြန်လာခဲ့သည်။ သူပြန်လာပြီးနောက် ခပ်တိုးတိုး ပြောလိုက်သည်။

"ကျန်းရိလျှိုနဲ့ သူ့လူတွေ ဘယ်မှာ ပုန်းနေကြတာလဲ ... ငါတို့ ဒီရက်တွေမှာ နေရာတိုင်း နှံ့အောင် လိုက်ရှာ ပြီးပြီလေ ... ဒါပေမဲ့ အရိပ် တစ်စတောင် မတွေ့ရဘူး ... "

ကျန်းရီသည် ကူကယ်ရာမဲ့စွာ သက်ပြင်း ချလိုက်သည်။ ကျန်းရိလျှိုတွင် ရှေးဟောင်း စစ်တပ်သုံး ရထားလုံးရှိပြီး ကျန်းစွန်းဝူကျိတွင် နဂါးပြာကြီး ရှိသည်။ ထိုနှစ်ယောက်အား ရှာတွေ့လျှင်တောင် သတ်ရန် ခက်ခဲပေလိမ့်မည်။

"အရင် ကျင့်ကြံကြတာပေါ့ ... ငါတို့ မနက်ဖြန် အထိ စောင့်နိုင်ပါသေးတယ်"

ဂူသင်္ချိုင်း အတွင်းတွင် ရတနာ ရှာဖွေရန် ဆယ့်ငါးရက် အချိန်ရပြီး အချိန် စေ့သည်နှင့် အပြင်ဘက်သို့ လူတိုင်းပို့ဆောင် ခံရလိမ့်မည်။ တစ်ရက်တောင် မကျန်တော့ရာ ကျန်းရီသည် ရတနာ ရှာဖွေခြင်းကို စွန့်လွှတ်လိုက်ပြီ ဖြစ်သည်။ သူသည် တင်ပျဉ်ချိတ် ထိုင်ကာ ကျင့်ကြံလိုက်ရင်း စုလောရွှယ် နှင့်အတူ နောက်တစ်နေ့အား စောင့်ဆိုင်း နေလိုက်သည်။

***

All Chapters