အလှပန်းတစ်ရာနန်းတော်နှင့်တွေ့ဆုံခြင်း
Vol. 42 Ch. 574
"နင်ပြောတဲ့ ရောင်စဉ်ခြောက်သွယ်ရတနာရှိတဲ့နေရာဆိုတာ ဒီနေရာလား။"
တောင်ထိပ်တစ်ခုပေါ်တွင်ရှိနေသော ဂူဟွမ်ချီမှ ပတ်ဝန်းကျင်အား စူးစမ်းလေ့လာလိုသော မျက်ဝန်းများဖြင့်ကြည့်ကာ ပြောလိုက်သည်။ တောင်တန်းတလျှောက်မှာ မြူခိုးများဖြင့် ဖုံးအုပ်နေလျက်ရှိကာ ထူးခြားသော ရောင်စဉ်တန်းများ ထွက်ပေါ်နေ၏။
ဂူဟွမ်ချီမှာ လင်းလက်တောက်ပနေသော မျက်ဝန်းများဖြင့် ဇူယွမ်အား ကြည့်ရှုနေလျက် ရှိသည်။ ကျင်ကျန်းတို့၏အဖွဲ့အား အကူအညီပေးပြီးသွားပြီးသည့်နောက် ဇူယွမ်၏ ဦးဆောင်မှုဖြင့် ၎င်းတို့အားလုံး အရှေ့အရပ်သို့ ရောက်ရှိလာခဲ့ခြင်းပင် ဖြစ်သည်။
ဇူယွမ်၏ ပြောကြားချက်အရ ဤနေရာတွင် ရောင်စဉ်ခြောက်သွယ်ရတနာ တည်ရှိနေလိမ့်မည်ပင် ဖြစ်သည်။
"ဒီနေရာက အန္တရာယ်များမယ့်ပုံပဲ။" ကျင်ကျန်းမှာ တောက်တန်းတလျှောက် ကြည့်ရှုနေရင်းဖြင့် လေးနက်စွာ စကားဆိုလိုက်သည်။ သူသည် မူလမှော်စာလုံးပညာရပ်အား အထူးပြုကျင့်ကြံသူဖြစ်သောကြောင့် စိတ်ဝိဉာဉ်စွမ်းအင်မှာ အလွန်အားကောင်းလှပေသည်။ ထို့ကြောင့် အာရုံခံနိုင်စွမ်းမှာလည်း အခြားသူများထက်ပို၍ မြင့်မား၏။ လက်ရှိအချိန်တွင် တောင်တန်းများထံမှ ထွက်ပေါ်နေသော စွမ်းအင်ဖိအားများမှာ အလွန်ပင် ပြင်းထန်လွန်းလှသည်ကို ခံစားနေမိသည်။
"ရောင်စဉ်ခြောက်သွယ်ရတနာရှိတဲ့နေရာက ပုံမှန်တော့ ဘယ်ဟုတ်ပါ့မလဲ။" ဇူယွမ်မှ မြူခိုးများ ရစ်ဝဲနေသော တောင်တန်းများအား ကြည့်ရှုလိုက်ပြီးနောက် တည်ငြိမ်စွာ ပြောလိုက်၏။ "ဒီနေရာမှာရှိနေတဲ့ မြူခိုးတွေက တော်တော်ထူးခြားတယ်။ စိတ်ဝိဉာဉ်စွမ်းအင်ကိုတောင် အနှောင့်အယှက် ဖြစ်စေနိုင်သလိုပဲ။"
ကျင်ကျန်းမှာလည်း ရောင်စဉ်များရောယှက်နေသေ မြူခိုးများအား အချိန်ကြာမြင့်စွာ ငေးမောကြည့်ရှုလိုက်ပြီးနောက် ရုတ်တရက် စကားဆိုလာသည်။ "မြူခိုးလွှာသာ ပါးသွားမယ်ဆိုရင်ရော...."
ဇူယွမ်မှ ခေါင်းညိတ်ထောက်ခံကာ ပြောလိုက်သည်။ "ကျွန်တော်တို့ အရင်ဆုံး ပတ်ဝန်းကျင်ကို သေသေချာချာ လေ့လာပြီးရင် ဘာလုပ်ကြမလဲဆိုတာ အစီအစဉ် ဆွဲကြတာပေါ့။"
ဇူယွမ်မှာ မည်သည့်အရာကိုမှ အလောတကြီး လုပ်ဆောင်လိုခြင်း မရှိပေ။ အဘယ့်ကြောင့်ဆိုသော် ဤနေရာသို့ တပည့်အုပ်စုနှစ်ခုအား ဦးဆောင်ကာ ခေါ်ဆောင်လာခဲ့သူမှာ ၎င်းပင် ဖြစ်သည်။ ထို့ကြောင့် ထိုတပည့်များ၏ လုံခြုံရေးအား တာဝန်ယူပေးနိုင်ရမည်ပင် ဖြစ်သည်။
ထို့အပြင် ဤတောင်တန်းမှာ အလွန်ပင် အန္တရာယ်များလွန်းလှသည်ဟု သူ၏စိတ်ဝိဉာဉ်စွမ်းအင် ခံစားချက်အရ သိရှိနေမိသည်။ ထို့ကြောင့် အရာရာအား ဂရုတစိုက်ဖြင့်သာ လုပ်ဆောင်သင့်၏။
ဂူဟွမ်ချီမှာ ဇူယွမ်၏စကားအား ခေါင်းညိတ်ထောက်ခံလိုက်ပြီးနောက် တပည့်များအား ဦးဆောင်ကာ ပတ်ဝန်းကျင်အား စူးစမ်းလေ့လာမှုပြုရန် ထွက်ခွာသွားကြသည်။
လက်ရှိအချိန်တွင် ကန်ရွှမ်းကလန်မှ အုပ်စုနှစ်ခု အတူတကွ ရှိနေကြခြင်းဖြစ်သဖြင့် တပည့်ဦးရေမှာ တစ်ရာကျော်ပမာဏ ရှိနေပေသည်။ ထို့ကြောင့် တောင်တန်းတလျှောက်မှာ ပုံရိပ်များစွာဖြင့် ပြည့်နှက်စည်ကားနေသကဲ့သို့ ဖြစ်နေရသည်။
ဇူယွမ်နှင့် ကျင်ကျန်းမှာ အမြင့်ဆုံးတောင်ထိပ်ပေါ်သို့ သွားရောက်လျက် မြူခိုးများ၏ ပြောင်းလဲပုံများအား လေ့လာကြည့်ရှုနေလျက် ရှိသည်။
ဤသို့ဖြင့် တစ်ရက်မျှသောအချိန်မှာ လျင်မြန်စွာပင် ကုန်ဆုံးသွားတော့၏။
တစ်ရက်မျှ သေချာစွာ စောင့်ဆိုင်းကြည့်ရှုလိုက်ပြီးနောက် ဇူယွမ်နှင့် ကျင်ကျန်းတို့မှာ မြူခိုးများသည် အချိန်အလိုက် အထူအပါးပြောင်းလဲနေသည်ကို သိရှိလိုက်ရသည်။ ပါးလွှာသော အချိန်သို့ ရောက်ရှိလာပါက စိတ်ဝိဉာဉ်စွမ်းအင်မှာ အပြည့်အဝ အာရုံခံနိုင်ပေသည်။
ဇူယွမ်မှာ စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းချကာ ပြောလိုက်သည်။ "ကြည့်ရတာ နောက်ရက်နည်းနည်းလောက် သေချာစောင့်ကြည့်လိုက်ရင် ကျွန်တော်တို့ ရောင်စဉ်ခြောက်သွယ်ရတနာရှိတဲ့ နေရာကိုဝင်ဖို့ အကောင်းဆုံးအချိန်ကို ရောက်လာတော့မှာပဲ။"
ကျင်ကျန်းမှာ ခေါင်းညိတ်ပြလိုက်ပြီးနောက် အနည်းငယ် တွေဝေနေဟန်ဖြင့် စကားဆိုလိုက်သည်။ "ဒါပေမယ့်.....ငါတို့အဲ့လိုစောင့်နေရရင် တခြားအဖွဲ့တွေလည်း ဒီနေရာကို ရောက်လာနိုင်တယ်နော်။ ငါတို့ ဒီနေရာမှာ နှစ်ဖွဲ့တောင် ရှိနေတော့ တခြားသူတွေလည်း စိတ်ဝင်စားကြမှာပဲ။"
"ဘယ်လိုပဲဖြစ်ဖြစ် ဒီကိစ္စက တချို့လူတွေလည်း သိနေကြပြီပဲဟာ.." ဇူယွမ်မှ ပွင့်လင်းစွာပင် ပြောလိုက်သည်။ "ပြီးတော့ တခြားသူတွေပါ ဒီနေရာကိုလာပြီး ရောင်စဉ်ခြောက်သွယ်ရတနာရှိတဲ့နေရာကို ဝင်ဖို့ကြိုးစားကြမယ်ဆိုရင် ကျွန်တော်တို့ ပိုတောင်သက်သာဦးမယ်။"
တောင်တန်းတလျှောက် အလွန်အန္တရာယ်ရှိသော အငွေ့အသက်များအား ဇူယွမ်မှ အာရုံခံမိနေလေသည်။ ထို့ကြောင့် အခြားသူများကပါ ဤနေရာသို့ ရောက်ရှိလာပါက ၎င်းတို့အတွက် ပိုမိုအန္တရာယ်ကင်းစေနိုင်ပေလိမ့်မည်။
ကျင်ကျန်းမှာ ဇူယွမ်၏ရည်ရွယ်ချက်အား သဘောကျစွာဖြင့် ပြုံးကာခေါင်းညိတ်ပြလိုက်သည်။
ထို့နောက် ၎င်းတို့နှစ်ဦး စကားစမြည် ပြောဆိုနေစဉ်မှာပင် ဇူယွမ်မှာ တစ်စုံတစ်ခုအား အာရုံမိလိုက်၏။ "ဒီနေရာကို လာနေတဲ့သူ ရှိတယ်။ လူအင်အားလည်း မနည်းဘူး။"
ကျင်ကျန်း၏ အမူအရာမှာ ပြောင်းလဲသွားရပြီးနောက် စိတ်ဝိဉာဉ်စွမ်းအင်ဖြင့် တပည့်များထံ အသိပေးလိုက်သည်။
ကန်ရွှမ်းကလန်၏ တပည့်များမှာ စုဝေးလိုက်ကြပြီးနောက် လျင်မြန်စွာပင် ဇူယွမ်တို့အနီးသို့ ရောက်ရှိလာသည်။ ဂူဟွမ်ချီမှ အလောတကြီးဖြင့် မေးမြန်းလိုက်သည်။ "အခုဒီကိုလာနေတာ မြင့်မြတ်သောနန်းတော်က လူတွေလား။"
ဇူယွမ်မှာ အေးစက်သော အမူအရာဖြင့် စကားဆိုလိုက်သည်။ "ဖြစ်တော့ဖြစ်နိုင်ပါတယ်။ အခုလာနေတဲ့ အဖွဲ့က လူအင်အားမနည်းတဲ့အပြင် ချီစွမ်းအင်တွေလည်း တော်တော်အားကောင်းနေတယ်။ လုံးဝသာမန်တော့ မဟုတ်ဘူး။"
ဂူဟွချီနှင့် အခြားတပည့်များ၏ အမူအရာမှာ ပြောင်းလဲသွားရ၏။ ရောက်ရှိလာသောအဖွဲ့မှာ မြင့်မြတ်သောနန်းတော်ဆိုပါက ပြဿနာများစွာအား ရင်ဆိုင်ရဦးမည်ပင် ဖြစ်သည်။
အင်အားတစ်ရာကျော်မျှရှိသော ကန်ရွှမ်းကလန်၏ တပည့်များမှာ အလျင်အမြန်ပင် ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေလျက် တိုက်ခိုက်ရန် အသင့်ပြင်ထားကြ၏။
ထို့နောက် မကြာမီမှာပင် ဖြူခိုးများအကြားမှ ပုံရိပ်အချို့ ဆင်းသက်လာကြလေသည်။ ၎င်းတို့သည်လည်း တောင်ထိပ်ပေါ်သို့ ဆင်းသက်လာသည်နှင့်တကွ ပြင်းထန်လှသော စွမ်းအင်ဖိအားများကို ခံစားမိလိုက်သဖြင့် အလျင်အမြန်ပင် အော်ဟစ်လာ၏။ "ဘယ်သူတွေလဲ..."
ထွက်ပေါ်လာသောအသံမှာ အလွန်ပင် ကြည်လင်လွန်းလှပြီး သံစဉ်တစ်ခုသဖွယ် နားဆင်၍ကောင်းလွန်းလှသော မိန်းမငယ်လေးတစ်ဦး၏အသံ ဖြစ်နေသည်။
ဇူယွမ်မှာ အနည်းငယ်မျှ အံ့အားသင့်သွားပြီးနောက် တိုက်ခိုက်ရန် အသင့်ရှိနေကြသော တပည့်များအား လက်ကာပြကာ တားဆီးလိုက်သည်။
ထို့နောက် မြူခိုးများအကြားမှ အလှပန်းတစ်ရာနန်းတော်၏ မိန်းမငယ်လေးများကို တွေ့ရှိလိုက်ရလေသည်။ ကန်ရွှမ်းကလန်မှ တပည့်များမှာ နတ်မိမယ်လေးများအလား ရွှန်းစိုလှပနေသော မိန်းမငယ်လေးများကို မြင်တွေ့လိုက်ရပြီးနောက် နှာခေါင်းသွေးများလျှံမတက်ပင် ဖြစ်သွားကြရ၏။
ယခုကန်ရွှမ်းကလန်၏အဖွဲ့တွင် ရှိနေကြသော တပည့်အများစုမှာ ယောက်ျားလေးများပင် ဖြစ်သည်။ ထို့ကြောင့် နူးညံ့လှပသော မိန်းမငယ်လေးများအား တွေ့မြင်လိုက်ရသောအခါ၌ မျက်နှာပိုးပင်မသတ်နိုင်ပဲ တဟီးဟီး ဖြစ်ကုန်ကြတော့၏။
"အလှပန်းတစ်ရာနန်းတော်ကပဲ..." ကျင်ကျန်းမှာ မိန်းမငယ်လေးများအား ကြည့်ရှုနေရင်းဖြင့် အံ့အားသင့်စွာ ရေရွတ်လိုက်သည်။
"ကြည့်ရတာ ရောင်စဉ်ခြောက်သွယ်ရတနာ ရှိတဲ့နေရာကို လူတိုင်းသိနေကြတာနဲ့ တူပါတယ်..." ဇူယွမ်မှ သက်ပြင်းချကာ စကားဆိုလိုက်သည်။
အလှပန်းတစ်ရာနန်းတော်မှ မိန်းမငယ်လေးများမှာလည်း ကန်ရွှမ်းကလန်၏ တပည့်များအား စူးစမ်းလေ့လာလိုသော မျက်ဝန်းများဖြင့် ကြည့်ရှုနေလျက် ရှိသည်။
အလှပန်းတစ်ရာနန်းတော်မှ မိန်းမငယ်လေးများအား ဦးဆောင်ထားလျက်ရှိသော အရပ်မြင့်ကာ ပိန်သွယ်လှပသည့် မိန်းမငယ်လေးတစ်ဦးမှ ဇူယွမ်တို့အားကြည့်၍ အေးစက်စွာ ပြောလိုက်သည်။ "ငါက ဘယ်သူတွေများလဲလို့....ကန်ရွှမ်းကလန်ကလူတွေပဲ။ ခုနက ဘာဖြစ်လို့ ငါတို့ကို တိုက်ခိုက်ဖို့ လုပ်ရတာလဲ။"
ထိုမိန်းမငယ်လေးမှာ အရပ်မြင့်၍ ပိန်သွယ်လှပသော ကိုယ်ဟန်ရှိကာ အလွန်ဆွဲမက်ဖွယ်ကောင်းသော မျက်ဝန်းမျက်ဆံများကို ပိုင်ဆိုင်ထားလေသည်။ သူမ၏ အသွင်အပြင်အရ မောက်မာတက်မည့်ပုံစံမျိုးပင် ဖြစ်သည်။
"ခုနက အထင်လွဲမိတာပါ။" ဇူယွမ်မှ ကောင်းမွန်စွာ စကားဆိုလိုက်သည်။ ထိုမိန်းမငယ်လေးမှာ အလွန်လှပပါသော်လည်း ဇူယွမ်မှာ အနည်းငယ်မျှပင် စိတ်ဝင်စားဟန် မရှိပေ။ သူမ၏ မောက်မာစွာ ပြောဆိုဆက်ဆံတက်သည့်သွင်ပြင်အား အနည်းငယ်မျှပင် သဘောမကျသောကြောင့် ဖြစ်သည်။
ထိုမိန်းမငယ်လေးသည် ဇူယွမ်မှ သူမအား အနည်းငယ်မျှပင် စိတ်ဝင်စားဟန်မပြသောကြောင့် နှုတ်ခမ်းအစုံအားရှုံ့မဲ့ကာ ပြောလိုက်သည်။ "ငါက အလှပန်းတစ်ရာနန်းတော်ရဲ့ တပည့်ခေါင်းဆောင် ကျောက်ရူပဲ။ ဒီနေရာမှာ နင်တို့ကန်ရွှမ်းကလန်က တပည့်ခေါင်းဆောင် တစ်ယောက်တောင် မရှိဘူးလား။ ဘာလို့ နင့်လိုမျိုး မူလစဦး သတ္တမအဆင့်ပဲရှိသေးတဲ့တပည့်က ငါနဲ့လာစကားပြောရတာလဲ။"
သူမ၏စကားကြောင့် ဂူဟွမ်ချီမှာ အလွန်ပင် ဒေါသထွက်သွားရ၏။ ဇူယွမ်၏အနီးတွင်ရှိနေသော ကျင်ကျန်းမှာလည်း အလျင်အမြန်ပင် စကားဆိုလိုက်သည်။ "ဂျူနီယာညီမတော် ကျောက်ရူ....ကျွန်တော်က သူတော်စင်မှော်စာလုံးတောင်ထွတ်ရဲ့ တပည့်ခေါင်းဆောင် ကျင်ကျန်းပါ။ သူကတော့ ဇူယွမ်လို့ ခေါ်ပါတယ်။ ဇူယွမ်ကလည်း သာမန်တပည့် မဟုတ်ပါဘူး။ မူလသူတော်စင်တောင်ထွတ်ရဲ့ တပည့်ခေါင်းဆောင်ပါ။"
"အားအနည်းဆုံး မူလသူတော်စင်တောင်ထွတ်ကလား။ နင်တို့ ကန်ရွှမ်းကလန်က မူလစဦး သတ္တမအဆင့်လောက်ကို တပည့်ခေါင်းဆောင် ခန့်ရလောက်အောင်ပဲ နိမ့်ကျနေပြီလား။"
ကျောက်ရူ၏စကားကြောင့် ကျင်ကျန်း၏ အမူအရာသည်ပင် ခက်ထန်သွားရသည်။
ထိုအချိန်မှာပင် မိုးပြာရောင် အဝတ်အစားများ ဆင်မြန်းထားသော မိန်းမငယ်လေးတစ်ဦးမှ ကျောက်ရူ၏လက်အားဆွဲကာ တားဆီးလိုက်၏။ ထိုမိန်းမငယ်လေးသည် ရှည်သွယ်သောမျက်နှာ၊ ချွန်မြသော မေးဖျားတို့ဖြင့် နူးညံ့လှပသည့်အသွင်ရှိပေသည်။ ထိုမိန်းမငယ်လေးမှ ဇူယွမ်အားကြည့်ကာ အားတုံ့အားနာဖြစ်နေဟန်ဖြင့် ပြုံးကာစကားဆိုလိုက်သည်။ "ကျွန်မက အလှပန်းတစ်ရာနန်းတော်က တပည့်ခေါင်းဆောင် ထန်းရှောင်ယန့်ပါ။ ကန်ရွှမ်းကလန်က စီနီယာအကိုတော်တွေက ခုနက ကျောက်ရူပြောသွားတဲ့ စကားတွေကို စိတ်ထဲမထားဖို့ ကျွန်မကပဲ တောင်းပန်ပါတယ်နော်။"
ဇူယွမ်နှင့် ကျင်ကျန်းမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် ထိုမိန်းမငယ်လေးအား အရိုအသေပြုကာ တောင်းပန်စကားကို လက်ခံလိုက်ကြသည်။
သို့သော် ထိုအချိန်မှစ၍ အလှပန်းတစ်ရာနန်းတော်နှင့် ကန်ရွှမ်းကလန်တို့မှာ စကားစမြည် ပြောဆိုခြင်းများ မရှိကြတော့ပေ။
ဇူယွမ်မှာ ကျင်ကျန်းနှင့်အတူ ရှေ့ဆက်ရမည့် အစီအစဉ်များအား ဆွေးနွေးတိုင်ပင်နေစဉ်မှာပင် အလှပန်းတစ်ရာနန်းတော်မှ လှပသော မိန်းမငယ်လေးတစ်ဦး ရောက်ရှိလာလေသည်။ ထိုမိန်းမငယ်လေးမှာ သက်ဝင်လှပသော အစိမ်းရောင်ဝတ်စုံလေးအား ဆင်မြန်းထားလျက်ရှိကာ မျက်လုံးဝိုင်းလေးများဖြင့် ဇူယွမ်အား သေချာစွာ ငေးမောကြည့်ရှုနေလျက် ရှိသည်။ ထို့နောက် အလွန်ပင် အံ့သြပျော်ရွှင်သွားဟန်ဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်တော့၏။
"ဇူယွမ်....နင်က ဇူယွမ်မလား..."
ထိုမိန်းမငယ်လေး၏ ဦးခေါင်းထက်တွင် ရေခဲငှက်ပြာလေးတစ်ကောင် ရှိနေ၏။
ဇူယွမ်မှာ ထိုမိန်းမငယ်လေးအား ကြည့်ရှုလိုက်ပြီးနောက် မျက်ဝန်းများတွင် ပျော်ရွှင်ဝမ်းမြောက်သော အငွေ့အသက်များဖြင့် ပြည့်နှက်သွားရသည်။
"လုလျို..."