ကလန်သုံးခုဆုံစည်းမိကြခြင်း
Vol. 42 Ch. 575
"လုလျို...."
ဇူယွမ်မှာ အလှပန်းတစ်ရာနန်းတော်မှ ထိုမိန်းမငယ်လေးအား ကြည့်ရှုလိုက်ပြီးနောက် အလွန်ပင် အံ့သြပျော်ရွှင်သွားရသည်။ ထိုမိန်းမငယ်လေးသည် ရှန်ဇူတိုက်ကြီးသို့ မရောက်ရှိစဉ်က ခင်မင်ခဲ့သော အသွင်အပြင်လေးအတိုင်းသာ ချစ်စဖွယ်ကောင်းနေဆဲ ဖြစ်၏။
ရှန်ဇူတိုက်ကြီးသို့ ရောက်ရှိလာပြီးသည့်နောက် ၎င်းတို့၏ သူငယ်ချင်းအဖွဲ့ငယ်လေးမှာ ကလန်အသီးသီးသို့ သွားရောက်ခဲ့ကြရပြီး အုပ်စုများ ကွဲကွာသွားခဲ့ရသည်။ ဇူယွမ်မှာ ကျိုးချူးချင်ယုနှင့် ပြန်လည်တွေ့ဆုံခဲ့ရပြီးသည့်နောက်တွင် ယခုကဲ့သို့ လုလျိုနှင့်ပါ တွေ့ရှိရလိမ့်မည်ဟု လုံးဝမထင်မှတ်ထားခ့ဲချေ။
"ဇူယွမ်.....တကယ်နင်က ဇူယွမ်ပဲ။" လုလျိုမှာ အလွန်ပင် အံ့သြပျော်ရွှင်နေရသည်။ အစောပိုင်း၌ ဇူယွမ်၏ အမည်အား ကြားလိုက်ရစဉ်တွင် သူမ မယုံကြည်နိုင် ဖြစ်နေခဲ့ရသည်။ ကန်ရွှမ်းကလန်သို့ ဇူယွမ်ရောက်ရှိသွားသည်မှာ အချိန်တစ်နှစ်ကျော်ခန့်သာ ရှိသေးပါသော်လည်း ယခုဆိုလျှင် တပည့်ခေါင်းဆောင်တစ်ဦးပင် ဖြစ်နေပြီဖြစ်သည်။
အလှပန်းတစ်ရာနန်းတော်မှ မိန်းမငယ်လေးများအား ဦးဆောင်ထားလျက်ရှိသော ထန်းရှောင်ယန့်မှ လုလျိုအားကြည့်ကာ မေးမြန်းလိုက်သည်။ "နင်သူ့ကို သိလို့လား လုလျို..."
လုလျိုမှ ပျော်ရွှင်နေဟန်ဖြင့် စကားဆိုလိုက်သည်။ "ဟုတ်တယ် ဟုတ်တယ် စီနီယာအမတော်ရှောင်ယန့် သူကကျွန်မနဲ့အတူ ရှန်ဇူတိုက်ကြီးကိုလာခဲ့တဲ့ ကျွန်မရဲ့ သူငယ်ချင်းကောင်းပဲ ဟီးဟီး။ အမတော်ကို သူ့အကြောင်းတွေ ပြောပြဖူးပါတယ်။ သူက ကျွန်မတို့အဖွဲ့ထဲမှာ အတော်ဆုံးပဲလေ။"
လုလျို၏စကားကြောင့် အလှပန်းတစ်ရာနန်းတော်မှ မိန်းမငယ်လေးများမှာ ဇူယွမ်အား အပြိုင်အဆိုင် ကြည့်ရှုလိုက်ကြသည်။ လုလျိုသည် အလှပန်းတစ်ရာနန်းတော်သို့ ရောက်ရှိလာသည်မှာ တစ်နှစ်ကျော်ခန့်သာ ရှိသေးပါသော်လည်း ကလန်အတွင်းရှိ သူမ၏ အဆင့်အတန်းမှာ အတော်ပင် မြင့်မားလှသည်။ အဘယ့်ကြောင့်ဆိုသော် သူမနှင့် ကျိုးချူးချင်ယု နှစ်ဦးစလုံးသည် အလှပန်းတစ်ရာနန်းတော်သို့ ရောက်ရှိပြီး မကြာမီမှာပင် နန်းဆောင်သခင်မကိုယ်တိုင် သင်ကြားပြသပေးသော တပည့်များအဖြစ်သို့ ရောက်ရှိခဲ့ကြသောကြောင့်ပင် ဖြစ်သည်။ လက်ရှိအချိန်၌ လုလျို၏ တိုက်ပွဲစွမ်းရည်မှာ ပြောပရလောက်အောင် ကောင်းမွန်ခြင်း မရှိပါသော်လည်း အနာဂတ်တစ်ချိန်တွင် သူမသည် အလှပန်းတစ်ရာနန်းတော်၏ ရွေးချယ်ခံတစ်ဦးအဖြစ် သေချာပေါက် ရွေးချယ်ချီးမြှောက်ခံရလိမ့်မည်ပင် ဖြစ်သည်။
အလှပန်းတစ်ရာနန်းတော်မှ မိန်းမငယ်လေးများမှာ လုလျိုနှင့် ကျိုးချူးချင်ယုတို့၏ အရည်အချင်းအပေါ် အမှန်တကယ်ပင် အံ့အားသင့်ခဲ့ကြရပြီး မထင်မရှားတိုက်ငယ်လေးတစ်ခုမှ လာရောက်ခဲ့ကြသည်ကိုပင် မယုံကြည်နိုင် ဖြစ်ခဲ့ကြရသည်။
သို့သော် ထိုမိန်းမငယ်လေးများအတွက် အံ့အားသင့်စရာအကောင်းဆုံးကိစ္စမှာ လုလျိုနှင့် ကျိုးချူးချင်ယုသည် ထိုတိုက်ငယ်မှ အထူးချွန်ဆုံးသူများမဟုတ်ကြဟူသော အချက်ပင်ဖြစ်သည်။ လုလျိုနှင့် ကျိုးချူးချင်ယု နှစ်ဦးစလုံးသည် သူမတို့လာရောက်ခဲ့သော တိုက်ငယ်လေး၌ အထူးချွန်ဆုံးသူတစ်ဦးရှိသည်ဟု မကြာခဏ ပြောပြတတ်ကြသည်။
ထိုအထူးချွန်ဆုံးဟူသော ကောင်လေးမှာ ယခုတောင်ထိပ်ပေါ်တွင်ရှိနေသော ဇူယွမ်ပင် ဖြစ်၏။
လုလျိုမှာ လက်သီးလက်မောင်းတန်းကာဖြင့် ဂုဏ်ယူစွာ စကားဆိုလိုက်သည်။ "တွေ့လား သူကအရမ်းတော်တာပါလို့ ကျွန်မပြောခဲ့တာပဲ။ ကန်ရွှမ်းကလန်ကိုရောက်တာ တစ်နှစ်ကျော်လောက်ပဲ ရှိသေးတယ်ဆိုပေမယ့် တပည့်ခေါင်းဆောင်တစ်ယောက်တောင် ဖြစ်နေပြီ။"
လုလျို၏ ဦးခေါင်းထက်တွင်ရှိနေသော ရေခဲငှက်ပြာလေးမှာလည်း ပကျိပကျိအော်မြည်ကာ သဘောတူကြောင်း ပြောနေလေသည်။
သို့သော် ထိုအချိန်မှာပင် ကျောက်ရူမှ စကားဖြတ်ပြောလိုက်၏။ "အဟက်....မူလစဦး သတ္တမအဆင့်ပဲရှိသေးတဲ့သူက တပည့်ခေါင်းဆောင်ဖြစ်နေတာလေ။ ဘာအထင်ကြီးစရာ ရှိလို့လဲ။"
"အဲ့အဆင့်လောက်နဲ့ ရှန်ဇူတိုက်ကြီးက ကလန်အသေးလေးမှာတောင် တပည့်ခေါင်းဆောင်ဖြစ်ဖို့မတန်ဘူး။ အဲ့ဒါကို ဘယ်လိုလုပ်များ ကန်ရွှမ်းကလန်လို နေရာမျိုးမှာ တပည့်ခေါင်းဆောင် ဖြစ်လာလဲမသိပါဘူး။"
ကျောက်ရူသည် လုလျိုအား အမြင်မကြည်သောကြောင့် ယခုကဲ့သို့စကားများ ပြောဆိုနေခြင်း ဖြစ်သည်။ အလှပန်းတစ်ရာနန်းတော်အတွင်း၌ ကျောက်ရူမှာ ကျိုးချူးချင်ယုနှင့် လုလျိုတို့အား အလွန်ပင် မုန်းတီးသူ ဖြစ်သည်။
သူမသည် ကျိုးချူးချင်ယုအား လုလျိုထက်ပင်ပို၍ မုန်းတီးလေသည်။ အဘယ့်ကြောင့်ဆိုသော် ကျိုးချူးချင်ယုသည် မိန်းကလေးအချင်းချင်း မျက်မုန်းကျိုးရလောက်အောင်ပင် လှပလွန်းလှသည်သာမက အရည်အချင်းနှင့်လည်း ပြည့်စုံသူ ဖြစ်သည်။ ထို့ကြောင့် သူမသည် ကျိုးချူးချင်ယု၏မျက်နှာအား ဖျက်စီးပစ်ချင်လောက်အောင် မုန်းတီးမိ၏။
အလှပန်းတစ်ရာနန်းတော်အတွင်း ကျိုးချူးချင်ယုမှ အမှားအယွင်း အနည်းငယ် ပြုလုပ်မိသည်နှင့်တစ်ပြိုင်နက် သူမသည် ထိုပြဿနာများအား ပိုမိုကြီးမားသွားစေရန် ပြုလုပ်လေ့ရှိသည်။ စင်စစ်အားဖြင့် လုလျိုသည် ကလေးဆန်ကာ ပွင့်ပွင့်လင်းလင်းပင် နေတက်သူဖြစ်သဖြင့် သူမ အနည်းငယ် သဘောကျမိပါသော်လည်း ကျိုးချူးချင်ယုနှင့် အလွန်ပင် ခင်မင်ရင်းနှီးနေမှုကြောင့် မုန်းတီးသွားခဲ့ရခြင်း ဖြစ်သည်။
ထို့ကြောင့် ယခုကဲ့သို့ လုလျိုမှ ဇူယွမ်အား ဂုဏ်ယူနေသောအချိန်တွင် လှောင်ပြောင်သရော်သောစကားများ ဝင်ရောက်ပြောဆိုလိုက်ခြင်းပင် ဖြစ်၏။
လုလျို၏ မျက်နှာလေးမှာ ရှုံ့မဲ့သွားရပြီးနောက် မကျေမနပ်ဖြစ်စွာ စကားဆိုလိုက်သည်။ "ဇူယွမ်က တော်လို့ တပည့်ခေါင်းဆောင် ဖြစ်လာတာပေါ့။ ဘာလို့ ပေါက်ကရတွေ ပြောနေရတာလဲ။"
ကျောက်ရူမှ မထီမဲ့မြင်ပြုစွာဖြင့် ပြောလိုက်သည်။ "အင်အားကြီးကလန်ကြီးခြောက်ခုထဲမှာ မူလစဦး သတ္တမအဆင့်လောက်နဲ့ တပည့်ခေါင်းဆောင်ဖြစ်လတာ နင်မြင်ဖူးလို့လား။"
လုလျိုမှာ မကျေမနပ်ဖြစ်စွာဖြင့် ကျောက်ရူအား စူးရဲစွာ ကြည့်ရှုလိုက်သည်။ ကျောက်ရူသည် အလှပန်းတစ်ရာနန်းတော်၏ တပည့်ခေါင်းဆောင်တစ်ဦး ဖြစ်ပါသော်လည်း နန်းဆောင်သခင်မကိုယ်တိုင် သင်ကြားပြသပေးခြင်းကို ခံယူနေရသော တပည့်တစ်ဦးအနေဖြင့် လုလျိုမှာ ကျောက်ရူအား အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်းမရှိချေ။
အခြေအနေများ တင်းမာလာလျက်ရှိသည်ကို ခံစားမိလိုက်သော ထန်းရှောင်ယန့်မှာ ၎င်းတို့နှစ်ဦးအား အလျင်အမြန်ပင် ဝင်ရောက်ဖြန်ဖြေပေးလိုက်ရသည်။
ဝုန်း.....
ထန်းရှောင်ယန့်မှ ဝင်ရောက်ဖြန်ဖြေနေစဉ်မှာပင် ပြန်းထန်လှသော စွမ်းအင်ဖိအားများအား ခံစားမိလိုက်လေသည်။ သူမ၏အမူအရာမှာ ပြောင်းလဲသွားရပြီးနောက် ကောင်းကင်ထက်သို့ကြည့်ကာ စကားဆိုလိုက်သည်။ "သတိထားကြ။ အင်အားကြီးအဖွဲ့တစ်ခုခု ဒီနေရာကိုလာနေပြီ။"
အလှပန်းတစ်ရာနန်းတော်မှ မိန်းမငယ်လေးများမှာ အလျင်အမြန်ပင် ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေလျက် တိုက်ခိုက်ရန် အသင့်ပြင်ထားလိုက်ကြသည်။
ဇူယွမ်နှင့်ကျင်ကျန်းတို့မှာလည်း ကန်ရွှမ်းကလန်မှ တပည့်များအား သတိပေးစကားဆိုလိုက်ကြ၏။
ထို့နောက် ကောင်းကင်ထက်မှ ပုံရိပ်အချို့ တောင်ထိပ်ပေါ်သို့ ဆင်းသက်လာကြသည်။ ဇူယွမ်မှာ ရောက်ရှိလာသော ပုံရိပ်များအား တစ်ချက်မျှ ကြည့်ရှုလိုက်ပြီးနောက် ဖြည်းညင်းစွာ စကားဆိုလိုက်သည်။
"မြင့်မြတ်သောနန်းတော်ကပဲ....."
ဇူယွမ်မှာ ဝမ့်ယွမ်၏ဘေးမှ သူ့အား အေးစက်ခက်ထန်စွာ ကြည့်ရှုနေသော ပုံရိပ်တစ်ခုအား သတိထားလိုက်မိသည်။ ထိုပုံရိပ်ထံမှ အလွန်ပင် ပြင်းထန်လွန်းလှသော စွမ်းအင်ဖိအားများ ထွက်ပေါ်နေ၏။
ကျင်ကျန်းမှာ အမူအရာများ ခက်ထန်သွားရပြီးနောက် ဇူယွမ်အနီးသို့ကပ်၍ တိုးညင်းစွာ ပြောလိုက်သည်။ "သတိထားနော် ဇူယွမ်။ ဖန့်ယောင်ဆိုတာ သူပဲ။"
ဇူယွမ်မှ ခေါင်းညိတ်ပြလိုက်၏။
"ဟားဟား.....ဒီနေရာမှာ လူတွေအများကြီးနဲ့ တွေ့ရလိမ့်မယ်လို့ မထင်ထားမိဘူး။" ဖန့်ယောင်ဟူသော လူငယ်မှ ရယ်မောကာ စကားဆိုလိုက်သည်။ "အားလုံးက ဒီနေရာကို ရောင်စဉ်ခြောက်သွယ်ရတနာကြောင့် ရောက်နေကြတာမလား။"
"မြင့်မြတ်သောနန်းတော်က စီနီယာအကိုတော်ဖန့်ယောင်ပဲ။" အလှပန်းတစ်ရာနန်းတော်မှ မိန်းမငယ်လေးများမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ ကျောက်ရူမှာလည်း အလွန်ပင် အံ့သြပျော်ရွှင်နေဟန် ရှိ၏။ သူမသည် ဖန့်ယောင်နှင့် ကောင်းကင်အဆင့်တာဝန်တစ်ခုတွင် အတူတကွ ပူးပေါင်းဆောင်ရွက်ခဲ့ဖူးသူ ဖြစ်သည်။
"ဂျူနီယာညီမတော် ကျောက်ရူ..."
ဖန့်ယောင်မှာ ကျောက်ရူအားကြည့်ကာ ပြုံးပြနှုတ်ဆက်လိုက်ပြီးနောက် ထန်းရှောင်ယန့်အား အရိုအသေပြုကာ စကားဆိုလိုက်သည်။ "ဂျူနီယာညီမတော် ထန်းရှောင်ယန့်...."
ထန်းရှောင်ယန့်မှ အလျင်အမြန်ပင် ပြန်လည်ပြုံးပြလိုက်သည်။
"ရောင်စဉ်ခြောက်သွယ်ရတနာဆိုတာ အရမ်းရှားပါးတဲ့ အရာတစ်ခုပဲ။ စီနီယာအကိုတော် ဖန့်ယောင်က တစ်ယောက်ထဲ အပိုင်သိမ်းဖို့တော့ မတွေးနေလောက်ပါဘူးနော်။" ထန်းရှောင်ယန့်မှ ညင်သာစွာ ပြောလိုက်သည်။
ဖန့်ယောင်မှာ ခပ်ဖွဖွပြုံးလိုက်၏။ "ဂျူနီယာညီမတော် ထန့်ရှောင်ယန်ကလည်း ကျွန်တော်က အဲ့လိုစဉ်းစားပါ့မလား။ ရောင်စဉ်ခြောက်သွယ်ရတနာကိုရဖို့က ကံတရားနဲ့လည်း ဆိုင်သေးတယ်လေ။ ကံတရားနဲ့ အရည်အချင်းရှိတဲ့သူကပဲ ရတနာကိုရပါလိမ့်မယ်။ ဘယ်သူပဲရသည်ဖြစ်စေ ကျွန်တော်က အတင်းအကြပ်ကြီး လုယူမှာ မဟုတ်ပါဘူး။"
"ပြီးတော့ ကျွန်တော်က ဂျူနီယာညီမတော် ကျောက်ရူနဲ့လည်း တော်တော်လေး ခင်မင်ရင်းနှီးတဲ့သူပါ။ အဲ့ဒါကြောင့် အလှပန်းတစ်ရာနန်းတော်အပေါ် ဘာမှလုပ်မှာ မဟုတ်ပါဘူး။"
ဖန့်ယောင်သည် အလှပန်းတစ်ရာနန်းတော်မှ မိန်းမငယ်လေးများ၏ရှေ့၌ အလွန်ပင် ကြင်နာနွေးထွေးတက်သော ယောက်ျားကောင်းတစ်ယောက်ကဲ့သို့ ပြုမူနေလေသည်။
ထို့နောက် ဖန့်ယောင်မှာ အေးစက်ခက်ထန်နေသော မျက်ဝန်းများဖြင့် ကန်ရွှမ်းကလန်၏ တပည့်များအားကြည့်ကာ စကားဆိုလိုက်သည်။
"အလှပန်းတစ်ရာနန်းတော်က ဂျူနီယာညီမတော်တွေ ဒီနေရာမှာရှိနေတာကို ငါလက်ခံတယ်။ ဒါပေမယ့် ကန်ရွှမ်းကလန်က သုံးစားမရတဲ့ကောင်တွေတော့ မပါဘူး။"
"ငါမင်းတို့ကို အချိန်နည်းနည်းပေးမယ်။ ဒီနေရာနေက ပြေးနိုင်သမျှသာ ပြေးကြတော့။"
"အဲ့လိုမှမဟုတ်ရင်တော့....."
"ဒီနေရာက မင်းတို့ရဲ့ သင်္ချိုင်းဖြစ်သွားလိမ့်မယ်။"