ယုံကြည်မှုမရှိခြင်း
Vol. 42 Ch. 576
ဖန့်ယောင်၏စကားကြောင့် ပတ်ဝန်းကျင်တစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက်သွားရသည်။
ထန်းရှောင်ယန့်နှင့် အလှပန်းတစ်ရာနန်းတော်မှ မိန်းမငယ်လေးများမှာလည်း အလွန်ပင် အံ့အားသင့်သွားရ၏။ အစောပိုင်း၌ သူမတို့ အလှပန်းတစ်ရာနန်းတော်နှင့် စကားစမြည် ပြောဆိုနေစဉ်တွင် ဖန့်ယောင်မှာ အမှန်တကယ်ပင် ကြင်နာနွေးထွေးသူတစ်ဦး ဖြစ်ခဲ့သည်။ သို့သော် ယခုအခါတွင် ကန်ရွှမ်းကလန်အား ပြောဆိုဆက်ဆံနေသည့် အမူအရာမှာ အလွန်ပင် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။
မြင့်မြတ်သောနန်းတော်နှင့် ကန်ရွှမ်းကလန်တို့သည် အမြဲလိုလိုပင် အဆင်မပြေဖြစ်ခဲ့ကြသည်ကို သိရှိနေပါသော်လည်း ဖန့်ယောင်မှာ ဇူယွမ်တို့အား တွေ့လျှင်တွေ့ခြင်း ယခုကဲ့သို့ ကြမ်းတမ်းခက်ထန်စွာ ပြောဆိုဆက်ဆံလိမ့်မည်ဟု ထင်မှတ်မထားကြချေ။
အလှပန်းတစ်ရာနန်းတော်မှ မိန်းမငယ်လေးများ၏ စောင့်ကြည့်နေကြသော အကြည့်များစွာ၏အောက်၌ပင် ဇူယွမ်နှင့် ဖန့်ယောင်တို့မှာ အကြည့်ချင်းဆုံသွားကြ၏။ ဇူယွမ်မှာ ဖန့်ယောင်အား အနည်းငယ်မျှပင် ကြောက်ရွံ့ထိတ်လန့်ခြင်းမရှိပဲ တည်ငြိမ်နေလျက်သာ ရှိသည်။
ဇူယွမ်မှ ဖြည်းညင်းစွာ စကားဆိုလိုက်သည်။ "အဟက်....လျှာစောင်းတော့ တော်တော်ထက်တာပဲ။ မင်းပြောတဲ့စကားနဲ့တန်တဲ့ အရည်အချင်းရော မင်းမှာရှိရဲ့လား။"
ဇူယွမ်၏တုံ့ပြန်မှုကြောင့် အလှပန်းတစ်ရာနန်းတော်မှ မိန်းမငယ်လေးများမှာ အလွန်ပင် အံ့အားသင့်သွားကြရသည်။ ဖန့်ယောင်ကဲ့သို့သောသူအား မူလစဦး သတ္တမအဆင့်သာရှိသေးသော ဇူယွမ်မှ ထိုကဲ့သို့ ရဲတင်းစွာ ပြောဆိုဆက်ဆံရဲလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားကြချေ။
"ဇူယွမ်....." လုလျို၏ မျက်ဝန်းများမှာ စိုးရိမ်ပူပန်မှု အရိပ်အယောင်များဖြင့် ပြည့်နှက်နေ၏။
"အဟက်.....ဒီကောင်လေးက ကိုယ့်ကိုယ်ကို အရမ်းအထင်ကြီးနေပုံရတယ်။" ကျောက်ရူမှ အေးစက်စွာ စကားဆိုလိုက်သည်။ "အခုမြင့်မြတ်သောနန်းတော်အဖွဲ့ကို ဦးဆောင်ထားတဲ့သူက မြင့်မြတ်သောသွေးစက်ခန်းမရဲ့ တပည့်ခေါင်းဆောင် ဖန့်ယောင်ပဲ။ အကိုတော်ဖန့်ယောင်က မြင့်မြတ်သောနန်းတော်လို နေရာမျိုးမှာတောင် သုံးယောက်မြောက် အထူးချွန်ဆုံး တပည့်ခေါင်းဆောင်ဆိုတဲ့ ဂုဏ်ပုဒ်ကိုရထားတာ။ အဲ့လိုလူမျိုးကို သူ့အဆင်လောက်နဲ့ မထီမဲ့မြင် ပြောရဲတယ်ပေါ့။"
ကျောက်ရူ၏ အမြင်တွင်မူ ဇူယွမ်မှာ အလှပန်းတစ်ရာနန်းတော်မှ မိန်းမငယ်လေးများ အထင်ကြီးစေရန်အတွက် မဖြစ်နိုင်သောစကားများကို လေလုံးထွားကာ ပြောဆိုနေသော သူတစ်ယောက်သာ ဖြစ်သည်။ ထို့ကြောင့် အနည်းငယ်မျှပင် အထင်ကြီးစရာမရှိသော စက်ဆုပ်စရာ လူတစ်ယောက်သာ ဖြစ်၏။
ထန်းရှောင်ယန့်မှာမူ မည်သည့်စကားမှမဆိုပဲ တိတ်ဆိတ်ငြိမ်သက်နေလျက် ရှိသည်။ ကျောက်ရူ၏ စကားများမှာ လက်ခံနိုင်ချင်စဖွယ်ပင် ဖြစ်၏။ လက်ရှိအခြေအနေအရ မြင့်မြတ်သောနန်းတော်မှ သိသာစွာပင် အင်အားကြီးနေကြောင်း တွေ့မြင်နေရသည်။
"စီနီယာအမတော် ရှောင်ယန့်..." လုလျိုမှာ ထန်းရှောင်ယန့်၏ အင်္ကျီစအားဆွဲလိုက်သည်။ သူမသည် ထန်းရှောင်ယန့်အား ကန်ရွှမ်းကလန်ဖက်မှနေ၍ အကူအညီပေးစေချင်နေခြင်းပင် ဖြစ်သည်။
လုလျိုသည်လည်း ဖန့်ယောင်အကြောင်း အကြိမ်ရေများစွာ ကြားသိခဲ့ရဖူးသည်။ ဖန့်ယောင်သည် မြင့်မြတ်သောနန်းတော်၏ သုံးယောက်မြောက် အထူးချွန်ဆုံး တပည့်ခေါင်းဆောင်ဖြစ်သည်သာမက ရှန်ဇူတိုက်ကြီး တစ်ခုလုံးမှ တပည့်ခေါင်းဆောင်များစာရင်းတွင်ပင် ထိပ်သီးဆယ်ယောက်အတွင်း ပါဝင်နေသူတစ်ယောက်ဖြစ်၏။
ထန်းရှောင်ယန့်မှာ အနည်းငယ် တွေဝေနေရသည်။ အလှပန်းတစ်ရာနန်းတော်မှ တပည့်များအား ဦးဆောင်နေရသော တပည့်ခေါင်းဆောင် တစ်ဦးအနေဖြင့် မသင့်လျော်သော ဆုံးဖြတ်ချက်များကို မချမှတ်မိစေရန် အထူးသတိပြုနေရ၏။
"ရှောင်ယန့် မြင့်မြတ်သောနန်းတော်နဲ့ ကန်ရွှမ်းကလန်ကြားထဲက ပြဿနာကို ငါတို့ဘာမှ ဝင်ပါနေစရာ အကြောင်းမရှိဘူးနော်။" ကျောက်ရူမှ အေးစက်စွာ ပြောလိုက်သည်။
"ပြီးတော့ အခုဖြစ်နေတာကလည်း ဇူယွမ်က မောက်မာလွန်းလို့ထင်တာပဲ။ အကိုတော်ဖန့်ယောင်က သူ့ကို သင်ခန်းစာပေးဖို့ ထိုက်တန်တယ်။ သူသာသိတက်ရင် ကျေးဇူးတောင်တင်သင့်တယ်။"
ကျောက်ရူ၏ အနီးတွင်ရှိနေသော မိန်းမငယ်လေးမှလည်း ထိုစကားအား ခေါင်းညိတ်ထောက်ခံလိုက်ကြသည်။
ထန်းရှောင်ယန့်မှာ မည်သို့မျှမတက်နိုင်တော့ပဲ အားတုံ့အားနာဖြစ်နေသော မျက်ဝန်းများဖြင့်သာ လုလျိုအား တောင်းပန်လိုက်ရသည်။ သူမကိုယ်တိုင်သည်လည်း အလှပန်းတစ်ရာနန်းတော်နှင့် အနည်းငယ်မျှ မသက်ဆိုင်သော ပြဿနာတစ်ခုအတွင်း ဝင်ပါလိုစိတ်မရှိချေ။
ဖန့်ယောင်မှာ အေးစက်ခက်ထန်နေသော မျက်ဝန်းများဖြင့် ဇူယွမ်အားကြည့်ကာ ပြောလိုက်သည်။ "ဇူယွမ် မင်းကငါတို့ရဲ့ ဂျူနီယာညီတော် နင်မော့ကို သတ်ပစ်ခဲ့တယ်။ အဲ့ဒါတောင်မှ တောင်းပန်ရကောင်းမှန်းမသိပဲ အခုချိန်ထိ ငါတို့အပေါ် ရဲရဲတင်းတင်း ဆက်ဆံရဲသေးတယ်ပေါ့လေ။ မင်းငါတို့မြင့်မြတ်သောနန်းတော်ကို ဘာများထင်နေလို့လဲ။"
မြင့်မြတ်သောနန်းတော်၏ တပည့်များမှာ မုန်းတီးရွံရှာနေသော မျက်ဝန်းများဖြင့် ဇူယွမ်အား ကြည့်ရှုနေကြသည်။
ဖန့်ယောင်၏စကားများမှာ အလှပန်းတစ်ရာနန်းတော်မှ မိန်းမငယ်လေးများအား ရုတ်ရုတ်သဲသဲ ဖြစ်သွားစေ၏။ အလှပန်းတစ်ရာနန်းတော်၏ တပည့်ခေါင်းဆောင်များဖြစ်ကြသော ထန်းရှောင်ယန့်နှင့် ကျောက်ရူတို့သည်ပင် ဇူယွမ်၏ပုံရိပ်အား အံ့အားသင့်စွာဖြင့် ငေးမောကြည့်ရှုလိုက်ကြသည်။
မူလစဦး သတ္တမအဆင့်သာရှိသေးသော ဇူယွမ်သည် မြင့်မြတ်သောနန်းတော်မှ တပည့်ခေါင်းဆောင်တစ်ဦးကိုပင် သတ်ပစ်နိုင်ခဲ့သည်ဟူသောအချက်အား လက်မခံနိုင်ပင် ဖြစ်နေကြရ၏။
ကျောက်ရူမှာ ကူကယ်ရာမဲ့စွာဖြင့် ရေရွတ်လိုက်သည်။ "ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ သူက မူလစဦး သတ္တမအဆင့်ပဲ ရှိသေးတာလေ။ အဲ့ဒါကို ဘယ်လိုလုပ် မြင့်မြတ်သောနန်းတော်က တပည့်ခေါင်းဆောင်တစ်ယောက်ကို သတ်ပစ်နိုင်မှာလဲ။"
ထန်းရှောင်ယန့်မှာ ဇူယွမ်အား ငေးမောကြည့်ရှုလိုက်ပြီးနောက် ဖြည်းညင်းစွာ စကားဆိုလိုက်သည်။ "ကြည့်ရတာ မူလသူတော်စင်တောင်ထွတ်ရဲ့ တပည့်ခေါင်းဆောင်က ငါတို့ထင်သလောက် မရိုးရှင်းဘူးနဲ့တူတယ်။"
"ကျွန်မပြောသားပဲ ဇူယွမ်က အရမ်းတော်တာပါဆို။" လုလျိုမှ ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်သည်။
ကျောက်ရူမှ အေးစက်စွာပင် စကားဆိုလိုက်၏။ "သူက အရမ်းတော်တယ်ပဲ ထားပါတော့။ မြင့်မြတ်သောနန်းတော်က တပည့်ခေါင်းဆောင်ကို သတ်ရဲတဲ့အတွက် ဘယ်လိုပြန်ပြီးပေးဆပ်ရမလဲဆိုတာ စောင့်ကြည့်လိုက်ပါဦး။"
ဇူယွမ်မှာ ဖန့်ယောင်၏စကားကြောင့် အံ့အားသင့်နေရသည်။ သူသည် နင်မော့အား ဆိုးရွားစွာ ထိခိုက်ဒဏ်ရာ ရစေခဲ့ပါသော်လည်း ယခုကဲ့သို့ လျင်မြန်စွာ သေဆုံးသွားနိုင်မည် မဟုတ်ပေ။ မည်သို့ပင်ဆိုစေကာမူ ထိုကိစ္စနှင့်ပက်သက်၍ စိတ်မကောင်းဖြစ်နေစရာ အကြောင်းမရှိချေ။ နင်မော့သည် သေခြင်းတရားနှင့် ထိုက်တန်သူတစ်ဦးသာ ဖြစ်သည်။
ဇူယွမ်မှ ဂရုပင်မစိုက်သောဟန်ဖြင့် စကားဆိုလိုက်သည်။ "နင်မော့က ငါတို့ကန်ရွှမ်းကလန်က တပည့်တွေအများကြီးကို သတ်ပစ်ခဲ့တာလေ။ အဲ့ဒါကြောင့် သူသေရတာ ဘာဆန်းလဲ။"
"အဓိပ္ပါယ်မရှိတဲ့ စကားတွေပြောမနေပါနဲ့တော့။ မင်းတို့ဖက်က တိုက်ခိုက်ချင်တယ်ဆိုရင် ငါတို့ကန်ရွှမ်းကလန်ကလည်း အဆင်သင့်ပဲ။"
ဇူယွမ်မှာ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် အလှပန်းတစ်ရာနန်းတော်မှ မိန်းမငယ်လေးများအားကြည့်ကာ ပြောလိုက်သည်။ "မင်းတို့လည်း ဘယ်ဘက်ကနေမှာလဲဆိုတာ သေချာတွေးထားသင့်တယ်။ ကြားနေဝါဒီလုပ်နေရင် မင်းတို့ကိုပါ ထိခိုက်လာနိုင်တယ်နော်။"
အဝေးတွင်ရှိနေသော ကျောက်ရူနှင့် ထန်းရှောင်ယန့်တို့မှာ ဇူယွမ်၏စကားကြောင့် အံ့အားသင့်သွားကြရသည်။
ကျောက်ရူမှာ မျက်မှောင်ကျုံ့လျက် မထီမဲ့မြင်ပြုစွာ ပြောလိုက်သည်။ "နင်က ငါတို့ကိုတောင် ဒီလိုစကားမျိုးတွေ ပြောရဲတယ်ပေါ့လေ။"
ထန်းရှောင်ယန့်မှာမူ မည်သည့်စကားမှမဆိုပဲ ဇူယွမ်အား အဓိပ္ပါယ်မဖော်နိုင်သော မျက်ဝန်းများဖြင့်သာ ငေးမောကြည့်ရှုနေလျက် ရှိသည်။
ဖန့်ယောင်မှ ကျယ်လောင်စွာ ရယ်မောလျက် ပြောလိုက်သည်။ "ဟဟ....ကောင်လေး ငါက အလှပန်းတစ်ရာနန်းတော်က ဂျူနီယာညီမတော်တွေနဲ့ အဆင်ပြေပြီးသား။ မင်းဘယ်လိုပြောပြော ဘာမှထူးလာမှာ မဟုတ်ဘူး။"
ဇူယွမ်မှ ခပ်ဖွဖွပြုံးကာ ပြောလိုက်သည်။ "အဲ့ဒါဆိုလည်း ငါအပိုတွေ ပြောနေတယ်လို့ပဲ မှတ်လိုက်ပါတော့။ အခုငါတို့ တိုက်ခိုက်ကြတော့မလား။"
ဖန့်ယောင်မှာ အေးစက်ခက်ထန်စွာဖြင့် ဇူယွမ်အား ကြည့်ရှုလိုက်သည်။ စင်စစ်အားဖြင့်ဆိုရလျှင် သူသည် အလှပန်းတစ်ရာနန်းတော်အပေါ်တွင် ယုံကြည်မှုမရှိပေ။ ရောင်စဉ်ခြောက်သွယ်ရတနာနှင့် ပက်သတ်လာလျှင် ၎င်းသည် သူနှင့်အတူပါလာသော တပည့်များကိုပင် အယုံအကြည်မရှိပါချေ။
လက်ရှိအနေအထားတွင်ရှိနေသော ကန်ရွှမ်းကလန်၏ အင်အားအရ မြင့်မြတ်သောနန်းတော်မှ ကောင်းစွာ အသာစီးမရနိုင်ပေ။ ထိုသို့ဖြစ်လာပါက အလှပန်းတစ်ရာနန်းတော်မှ ကြားနေဝါဒီအနေဖြင့် အကျိုးအမြတ်များ ရရှိသွားနိုင်ပေသည်။
ဝမ့်ယွမ်မှာ အနည်းငယ်မျှ တွေးတောလိုက်ပြီးနော် ဖန့်ယောင်အနားသို့ကပ်ကာ တိုးညင်းစွာ စကားဆိုလိုက်သည်။ "အလှပန်းတစ်ရာနန်းတော်ကိုလည်း လျှော့မတွက်ထားသင့်ဘူးနော်။"
သူသည် အလှပန်းတစ်ရာနန်းတော်အပေါ် ဖန့်ယောင်မှ အလွန်အမင်း နွေးထွေးကြင်နာပြနေသည့်အတွက် သတိပေးလိုခြင်း ဖြစ်သည်။ အလှပန်းတစ်ရာနန်းတော်သည် လှပသောမိန်းမငယ်လေးများသာ ပါဝင်နေပါသော်လည်း အင်အားကြီးကလန်ကြီးခြောက်ခုထဲမှ တစ်ခုဖြစ်သည်ဟူသောအချက်အား မေ့မထားသင့်ပေ။
ဖန့်ယောင်မှာ အချိန်အတော်ကြာ မည်သည့်စကားမှမဆိုပဲ တွေးတောချိန်ဆလျက် ရှိသည်။ ဇူယွမ်သည် မည်သို့မျှ ကြိုတင်ခန့်မှန်း၍ မရနိုင်သောသူ ဖြစ်သည်။ ထို့ကြောင့် ဖန့်ယောင်အတွက် အတော်ပင် ဦးနှောက်ခြောက်စေသည်။
အချိန်အတော်ကြာမျှ စဉ်းစားပြီးသည့်နောက်တွင် ဖန့်ယောင်၏ နှုတ်ခမ်းထက်၌ အပြုံးတစ်ပွင့် ပေါ်ပေါက်လာ၏။
"မင်းက တော်တော်ပြောရဆိုရခက်တဲ့ကောင်ပဲ။"
"ဘာပဲပြောပြော ဒီနေရာက တိုက်ခိုက်လို့ကောင်းတဲ့ နေရာတစ်ခုမဟုတ်ဘူး။ အဲ့ဒါကြောင့် မင်းအခုထွက်သွားတာ ကောင်းလိမ့်မယ်။ အဲ့လိုမှမဟုတ်ရင်တော့ နောက်မှ ငါ့ကိုအဆိုးမဆိုနဲ့။"
ဇူယွမ်မှ တည်ငြိမ်စွာ ပြောလိုက်သည်။ "အဲ့ဒါဆိုလည်း ငါတို့စောင့်ကြည့်ကြတာပေါ့။"
ဖန့်ယောင်မှ သက်ပြင်းချကာ စကားဆိုလိုက်သည်။ "ဟူး.....တကယ်ပြောမရတဲ့ကောင်ပဲ။"
ထို့နောက် ဖန့်ယောင်၏ ဦးခေါင်းထက်မှ သွေးနီရောင်ချီစွမ်းအင်များ ရုတ်ချည်းဆိုသလိုပင် ပေါက်ကွဲထွက်ပေါ်လာသည်။ ထိုသွေးနီရောင်ချီစွမ်းအင်များမှာ ပြင်းထန်လှသောအရှိန်ဖြင့် ဇူယွမ်ထံသို့ ဦးတည်ပျံဝဲသွား၏။
အလှပန်းတစ်ရာနန်းတော်မှ မိန်းမငယ်လေးများမှာ ဖန့်ယောင်၏ ပြင်းထန်လှသော ရုတ်တရက် တိုက်ခိုက်မှုကြောင့် အလွန်ပင် ထိတ်လန့်သွားကြသည်။ လုလျိုမှာလည်း စိုးရိမ်ပူပန်စွာဖြင့် အော်ဟစ်လိုက်၏။
"ဇူယွမ်....."