← Chapters

အကဲခတ်ခြင်း

Vol. 42 Ch. 577

အကဲခတ်ခြင်း

Vol. 42 Ch. 577

ဝှစ်...

သွေးနီရောင်ချီစွမ်းအင်များမှာ ပြင်းထန်လှသောအရှိန်ဖြင့် ဇူယွမ်ထံသို့ ဦးတည်ပျံဝဲလာသည်။ ဖန့်ယောင်၏ တိုက်ခိုက်မှုမှာ ရုတ်တရက်ဆန်လွန်းလှသဖြင့် ကျင်ကျန်းတို့မှာ တားဆီးချိန်ပင်မရပဲ ပါးစပ်အဟောင်းသားဖြင့် ကြည့်ရှုနေမိကြသည်။

ဖန့်ယောင်မှာမူ နှုတ်ခမ်းထက်၌ မထီမဲ့မြင်ပြုသော အပြုံးတစ်ခုအား ချိတ်ဆွဲထားလျက် ရှိသည်။

သူသည် ပထမ၌ ဤနေရာတွင်ရှိနေသော ကန်ရွှမ်းအဖွဲ့အားလုံးကို ဖျက်စီးရန် ကြံစည်နေပါသော်လည်း အလှပန်းတစ်ရာနန်းတော်မှ မိန်းမငယ်လေးများ ရောက်ရှိနေသည်ကို မြင်တွေ့လိုက်ရသောကြောင့် အစီအစဉ် ပြောင်းလဲသွားရသည်။

ကန်ရွှမ်းကလန်သည် ဖျက်စီးရန် လွယ်ကူသော အဖွဲ့တစ်ခုမဟုတ်ကြောင်း သူကောင်းစွာ သိရှိနားလည်ထား၏။ ထို့ကြောင့် ကန်ရွှမ်းအဖွဲ့အား ဖျက်စီးနိုင်ခဲ့လျှင်ပင် ၎င်းတို့၏ မြင့်မြတ်သောနန်းတော်မှာလည်း ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ရမည်မှာ မလွဲမသွေပင် ဖြစ်သည်။

ထိုသို့ဖြစ်လာပါက အလှပန်းတစ်ရာနန်းတော်မှာ ကြားနေဝါဒီအနေဖြင့် အကျိုးအမြတ်များအားလုံး ရရှိသွားလိမ့်မည်သာ ဖြစ်သည်။

ဖန့်ယောင်သည် အလှပန်းတစ်ရာနန်းတော်မှ ဤလှပသော မိန်းမငယ်လေးများမှာ အစွယ်ဝှက်ထားသော မြေခွေးမလေးများသာဖြစ်ကြောင်း ကောင်းစွာသိရှိထားပေသည်။

ထို့ကြောင့် သူသည် မူလအစီအစဥ်များကိုပြောင်းလဲ၍ အထိခိုက် အပျက်အစီးနည်းပါးမည့် ဇူယွမ်တစ်ဦးတည်းကိုသာ သတ်ပစ်လိုက်ရန် ကြံရွယ်လိုက်တော့သည်။

"သွေးဝိဉာဉ်ကျင့်စဉ်....."

ဖန့်ယောင်မှ တိုးညင်းစွာ ရေရွတ်လိုက်သည်။ သူ၏​ခြေဖဝါးအောက်မှ သွေးနီရောင်အလင်းတန်းများ ထွက်ပေါ်လာလေသည်။

ထိုကျင့်စဉ်မှာ ဖန့်ယောင်အတွက် လွန်စွာကျွမ်းကျင်သော ကျင့်စဉ်တစ်ခုဖြစ်သည်။ ထိုကျင့်စဉ်သည် အလွန်ပင် ပြင်းထန်လှပြီး ဖန့်ယောင်မှာ ၎င်းအား အသုံးပြုခြင်းဖြင့် လူပေါင်းများစွာကို ဇီဝိန်​ခြွေခဲ့ပြီးပြီပင် ဖြစ်သည်။

ဝုန်း......

သွေးနီရောင်အလင်းတန်းများမှာ ဇူယွမ်နှင့် လွန်စွာနီးကပ်နေပြီပင် ဖြစ်သည်။ ဇူယွမ်မှာ ဖန့်ယောင်၏ ရုတ်တရက်ဆန်လွန်းသော တိုက်ခိုက်မှုကြောင့် အံ့အားသင့်သွားရသော်လည်း အခြားသူများကဲ့သို့ မျက်ဝန်းများတွင် ကြောက်ရွံ့မှု အရိပ်အယောင်များ ရှိမနေပေ။

အနက်ဖော်သူတော်စင်မှော်စာလုံး......

ဖန့်ယောင်တိုက်ခိုက်မှုမှာ မည်မျှပင် ပြည့်စုံနေပါစေ အနက်ဖော်သူတော်စင်မှော်စာလုံးထံမှ လွတ်မြောက်နိုင်မည် မဟုတ်ချေ။

ဇူယွမ်မှာ လက်သီးများကိုဆုပ်ထားလိုက်သည်နှင့်တကွ ခန္ဓာကိုယ်တစ်ခုလုံးမှာ ကျောက်စိမ်းရောင်အလင်းတန်းများ တောက်ပလာပြီး အသွေးအသာများမှာလည်း ငွေရောင်ခြည်အလင်းတန်းများဖြင့် ပြည့်နှက်သွားလေတော့သည်။

ဒုန်း....

စောင့်ကြည့်နေသော အကြည့်များစွာ၏အောက်၌ပင် သွေးနီရောင်အလင်းတန်းများအား ဇူယွမ်၏လက်ဖြင့် ဖမ်းဆုပ်လိုက်သည်။

ချပ်....

သေးငယ်သောအသံလေးတစ်ခုနှင့်အတူ သွေးနီရောင်အလင်းတန်းများမှာ ပြိုကွဲသွားလေသည်။ သွေးနီရောင်အလင်းတန်းများမှာ နေရာအနှံ့ ပြန့်ကြဲသွားသောကြောင့် ပတ်ဝန်းကျင်အား ကြည့်ရှုရသည်မှာ ထူးခြားဆန်းကြယ်နေသကဲ့သို့ ဖြစ်နေ၏။

"ဟာ....."

"ဟင်......"

အာမေဋိတ်သံများမှာ တိတ်ဆိတ်ငြိမ်သက်နေသော ပတ်ဝန်းကျင်အား ဖြိုခွဲလိုက်သကဲ့သို့ပင် ထွက်ပေါ်လာသည်။

ဖန့်ယောင်မှာလည်း သူ၏သွေးဝိဉာဉ် ဖြိုခွဲခံလိုက်ရသည့်အတွက် အလွန်ပင် အံ့အားသင့်သွားရ၏။

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..."

သူသည် ပြူးကျယ်နေသော မျက်ဝန်းများဖြင့် ဇူယွမ်၏ပုံရိပ်အား ကြည့်ရှုလိုက်မိသည်။

ဇူယွမ်မှာ ပြူးကျယ်နေသော ဖန့်ယောင်၏ မျက်ဝန်းများအားကြည့်ကာ ခပ်ဖွဖွ စကားဆိုလိုက်၏။ "မြင့်မြတ်သောနန်းတော်ရဲ့ တတိယမြောက် အထူးချွန်ဆုံး တပည့်ခေါင်းဆောင်က ဒီလောက်ထိ အသုံးမကျလောက်ဘူးလို့ ငါမထင်ထားခဲ့ဘူး။"

ဖန့်ယောင်မှာ နှုတ်ခမ်းများ ရှုံ့မဲသွားရကာ မျက်ဝန်းများမှာ ဒေါသအငွေ့အသက်များဖြင့် ပြည့်နှက်သွားရ၏။ မည်သို့ပင်ဆိုစေကာမူ ဇူယွမ်၏ တုံ့ပြန်မှုသည် သူ့အား အံ့အားသင့်စေခဲ့သည်မှာ အမှန်ပင် ဖြစ်သည်။ အတိတ်ကာလများ၌ ဤသွေးဝိဉာဉ်ကျင့်စဉ်ဖြင့်ပင် လူပေါင်းများစွာ၏ အသက်ဇီဝိန်များအား ဖျက်စီးပစ်ခဲ့ဖူး၏။ စင်စစ်အားဖြင့် သူသည်ပင်လျှင် ဤကျင့်စဉ်ဖြင့် တိုက်ခိုက်ခံရပါက ဆိုးရွားစွာ ထိခိုက်သွားနိုင်ပေသည်။ ယခုကဲ့သို့ သွေးဝိဉာဉ်ကျင့်စဉ်ကို လွယ်ကူစွာဖြင့် တစ်စစီ ပျက်စီးသွားသည်ကို မြင်တွေ့ရသည်မှာ ပထမဆုံးအကြိမ်ပင် ဖြစ်သည်။

နင်မော့အား ပြင်းထန်စွာ ဒဏ်ရာရရှိစေခဲ့သော ဇူယွမ်မှာ အမှန်တကယ်ပင် ခန့်မှန်းရခက်ခဲလှသော ရန်သူပင် ဖြစ်သည်။

အလှပန်းတစ်ရာနန်းတော်မှ မိန်းမငယ်လေးများမှာ မြင်တွေ့လိုက်ရသော မြင်ကွင်းကြောင့် အလွန်ပင် အံ့အားသင့်နေကြရသည်။ လုလျိုမှာမူ မျက်ဝန်းများ၌ စိုးရိမ်ပူပန်သော အရိပ်အယောင်များ လျော့ကျသွားရ၏။

"လုလျို နင်တို့သူငယ်ချင်းအုပ်စုထဲမှာ ဇူယွမ်က အတော်ဆုံးဆိုတာကို ငါစပြီးလက်ခံချင်လာသလိုပဲ။" ထန်းရှောင်ယန့်မှ လုလျိုအားကြည့်ကာ ပြုံး၍ပြောလိုက်သည်။

သူမ၏ မျက်ဝန်းများတွင် လေးစားမှုအငွေ့အသက်များ အနည်းငယ် ပါဝင်နေသည်။ အကယ်၍ ဖန့်ယောင်သည်သာ ထိုကျင့်စဉ်ဖြင့် သူမအား တိုက်ခိုက်လာပါက မည်သို့ပြန်လည်တုံ့ပြန်ရမည်ကို သူမ အမှန်တကယ် မသိပေ။ သို့သော် ဇူယွမ်မှာမူ ကြောက်ရွံ့ထိတ်လန့်ခြင်းပင်မရှိပဲ တည်ငြိမ်စွာပင် ဖြေရှင်းပြသွား၏။

ဇူယွမ်၏ ဆုံးဖြတ်နိုင်စွမ်းနှင့် တိုက်ခိုက်နိုင်စွမ်းတို့မှာ အမှန်တကယ် ကြောက်ရွံ့စရာပင် ဖြစ်လေသည်။

လုလျိုမှာ ပျော်ရွှင်ကျေနပ်နေသော မျက်ဝန်းများဖြင့် ပြုံးရယ်ကာ စကားဆိုလိုက်သည်။ "ဒါပေါ့....သူကတကယ်အတော်ဆုံးပဲ။"

ကျောက်ရူမှ မထီမဲ့မြင်ပြုသော အမူအရာဖြင့် လုလျိုအားကြည့်ကာ ပြောလိုက်သည်။ "အရမ်းတွေ အပိုလုပ်မနေပါနဲ့။ ဖန့်ယောင်ဆီက တိုက်ခိုက်မှုတစ်ကွက်လေးကို ဖျက်စီးပြတာနဲ့တင် သူကအရမ်းတော်ပါတယ်လို့ ပြောလို့မှမရတာ။ ဇူယွမ်မှာ ဖန့်ယောင်ကို တိုက်ခိုက်နိုင်တဲ့ အရည်အချင်းရှိမယ်လို့များ နင်ထင်နေတာလား။ အဲ့လိုဆိုရင်တော့ နင်က မြင့်မြတ်သောနန်းတော်ရဲ့ တတိယမြောက် အထူးချွန်ဆုံး တပည့်ခေါင်းဆောင်ကို အထင်သေးလိုက်တာပဲ။"

ထန်းရှောင်ယန့်မှ ခပ်ဖွဖွခေါင်းညိတ်ကာ ပြောလိုက်သည်။ "ဂျူနီယာညီမတော် ကျောက်ရူ ပြောတာလည်း ဟုတ်တော့ဟုတ်တယ်။ ဖန့်ယောင်က လုံးဝသာမန်လူမဟုတ်ဘူး။ အခုတစ်ကြိမ် တိုက်ခိုက်မှုကြောင့် သူဇူယွမ်ကို ပိုပြီးအလေးအနက် တိုက်ခိုက်လာလိမ့်မယ်။"

လုလျိုမှ တိုးညင်းစွာ ရေရွတ်လိုက်သည်။ "ကျွန်မကတော့ ဇူယွမ်ကို ယုံတယ်။"

မည်သို့ပင်ဆိုစေကာမူ သူမမှာ အနည်းငယ် စိတ်ပူနေသေးသောကြောင့် ထန်းရှောင်ယန့်အားကြည့်ကာ ဖြည်းညင်းစွာ ပြောလိုက်သည်။ "စီနီယာအမတော် ရှောင်ယန့် ဖန့်ယောင်က အရမ်းစွမ်းအားကြီးတဲ့အပြင် ခန့်မှန်းရလည်း ခက်တယ်။ အဲ့ဒါကြောင့် ကန်ရွှန်းကလန်ဖက်မှာ ကျွန်မတို့နေပေးလိုက်ရင် ကောင်းမယ်နဲ့တူတယ်။ အဲ့ဒါမှ အင်အားမျှသလို ဖြစ်သွားမှာ။"

ထန်းရှောင်ယန့်မှ လုလျိုအားကြည့်ကာ ပြုံး၍ပြောလိုက်သည်။ "ကောင်မစုတ်လေး...နင်က အခြေအနေကိုတော့ ကောင်းကောင်းမြင်တက်သားပဲ။"

"ဘာပဲဖြစ်ဖြစ် နင့်ရဲ့ရည်ရွယ်ချက်က ကန်ရွှမ်းကလန်ကို ကူညီပေးစေချင်တာမလား။"

လုလျိုမှ တိုးညင်းစွာ စကားဆိုလိုက်သည်။ "ဖန့်ယောင်နဲ့ယှဉ်ရင် ဇူယွမ်က ပိုပြီးယုံကြည်ရတယ်လေ။"

ကျောက်ရူမှ စကားစဖြတ်ကာ ဝင်ရောက်ပြောဆိုလိုက်သည်။ "ငါလက်မခံဘူး။ ငါတို့ အလှပန်းတစ်ရာနန်းတော်က ကြားနေအဖြစ်နဲ့ပဲ နေသင့်တယ်။ မြင့်မြတ်သောနန်းတော်က ကန်ရွှမ်းကလန်နဲ့ အငြိုးအတေးရှိနေတာ။ အဲ့ဒါ သူတို့ရဲ့ ပြဿနာပဲ။ ငါတို့နဲ့ ဘာမှမဆိုင်ဘူး။"

"လုလျို လူတစ်ယောက်ရဲ့ စိတ်နေသဘောထားဆိုတာ အချိန်မရွေး ပြောင်းလဲသွားနိုင်တယ်။ ဇူယွမ်က အရင်တုန်းက နင့်ရဲ့သူငယ်ချင်းကောင်းတစ်ယောက် ဖြစ်ခဲ့တယ်ဆိုပေမယ့် အခုချိန်မှာ အရင်ကနဲ့ မတူတော့ပဲ ပြောင်းလဲသွားနိုင်တာပဲ။ နင်ရဲ့ ပုဂ္ဂိုလ်ရေးခံစားချက်တွေကြောင့် ငါတို့ရဲ့ အလှပန်းတစ်ရာနန်းတော်ကို ဒုက္ခမရောက်စေနဲ့။"

ကျောက်ရူမှာ ရွေးချယ်ရမည်ဆိုလျှင်လည်း မြင့်မြတ်သောနန်းတော်ကိုသာ ရွေးချယ်ချင်သူ ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ​ဖန့်ယောင်မှာ အလွန်ပင် အင်အားကြီးသူဖြစ်သောကြောင့် မြင့်မြတ်သောနန်းတော်နှင့်သာ ပူးပေါင်းလိုက်ပါက ကန်ရွှမ်းကလန်အား အလွယ်တကူပင် ဖျက်စီးပစ်လိုက်နိုင်မည် ဖြစ်၏။

သို့သော် ထန်းရှောင်ယန့်မှာ ဖန့်ယောင်အား အလိုမကျဖြစ်နေသည်ကို သူမသိရှိနေမိသည်။ မြင့်မြတ်သောနန်းတော်နှင့် ပူးပေါင်းလိုက်ရန် အကြံပေးလျှင်ပင် လက်ခံလိမ့်မည်မဟုတ်ကြောင်း သိရှိနေ၏။ ထို့ကြောင့်သာလျှင် သူမသည် ပူးပေါင်းရန်အတွက် အကြံမပေးတော့ပဲ အလှပန်းတစ်ရာနန်းတော်အား ကြားနေဝါဒီအဖြစ်သာ နေထိုင်ရန် ပြောဆိုနေခြင်း ဖြစ်သည်။

လုလျိုမှာ ကျောက်ရူ၏ ဆူပူကြိမ်းမောင်းမှုကြောင့် နှုတ်ခမ်းအစုံ ဆူပုတ်သွားရ၏။

ဖန့်ယောင်မှာ အေးစက်ခက်ထန်​စွာဖြင့် ဇူယွမ်အားကြည့်ကာ ပြောလိုက်သည်။ "ဒါက မင်းရဲ့အရည်အချင်းကို စမ်းသပ်တာလောက်ပဲ ရှိပါသေးတယ်။ ငါနဲ့ယှဉ်ရပ်နိုင်တဲ့ အရည်အချင်းရှိမရှိဆိုတာ မသေချာသေးပါဘူး။"

ဇူယွမ်မှ ခပ်ဖွဖွပြုံးကာ ပြောလိုက်သည်။ "ဘယ်လိုလဲ။ မင်းရဲ့စမ်းသပ်မှုရလဒ်ကို သဘောကျရဲ့လား။"

ဖန့်ယောင်မှ ဇူယွမ်အားကြည့်ကာ ပြောလိုက်သည်။ "ဇူယွမ် မင်းက တကယ်အရည်အချင်းရှိသားပဲ။ ဒါပေမယ့် ကံမကောင်းတာပဲ။ မင်းတို့ရဲ့ ကန်ရွှမ်းကလန်က အရည်အချင်းရှိတဲ့ တပည့်တစ်ယောက်ကို ဆုံးရှုံးရတော့မှာပေါ့။"

ဇူယွမ်မှ ရယ်မောလိုက်သည်။ "မြင့်မြတ်သောနန်းတော်က တပည့်ခေါင်းဆောင် နောက်တစ်ယောက် သေသွားတာလဲ ဖြစ်နိုင်တာပဲလေ။"

ထိုအချိန်၌ပင် ထန်းရှောင်ယန့်မှ အရှေ့သို့ထွက်ကာ စကားဆိုလိုက်သည်။ "ဒီအချိန်က တိုက်ခိုက်ဖို့မသင့်တော်ဘူး ထင်တယ်။ ကျွန်မတို့ အရင်ဆုံး ဆွေးနွေးကြည့်ရရင် မကောင်းဘူးလား။ ရောင်စဉ်ခြောက်သွယ်ရတနာရှိတဲ့နေရာဆိုတော့ ပတ်ဝန်းကျင်က အရမ်းကြမ်းတမ်းမှာပဲ။ တိုက်ခိုက်ကြရင် နှစ်ဖက်လုံး အပျက်အစီးများရလိမ့်မယ်။"

ဇူယွမ်နှင့် ဖန့်ယောင်မှာ အနည်းငယ် တွေဝေသွားရပြီးနောက် နှစ်ဦးလုံး ခေါင်းညိတ်ပြလိုက်ကြ၏။

"ကောင်းပြီ။"

ထန်းရှောင်ယန့်မှာ ခပ်ဖွဖွပြုံးလိုက်မိသည်။ ဇူယောင်နှင့် ဖန့်ယောင် နှစ်ဦးလုံး၏ မျက်ဝန်းများ၌ သတ်ဖြတ်လိုသော အရိပ်အယောင်များ ပြည့်နှက်နေပါသော်လည်း ဤနေရာတွင် မတိုက်ခိုက်လိုကြကြောင်း ထင်ရှားနေပေသည်။

နှစ်ဦးနှစ်ဖက်လုံးမှာ အလှပန်းတစ်ရာနန်းတော်မှ အကျိုးအမြတ်များအားလုံး ရယူသွားမည်ကို စိုးရိမ်ပူပန်နေကြလေတော့သတည်း။

All Chapters