ကောင်းကင်ဘုံ မြင်း
Vol. 23 Ch. 300
{အစ်ကိုကြီးရဲ့ မျက်ဝန်းထဲမှာ အလင်းရောင်လေးတွေ တောက်ပနေသလိုပဲ}
အတွေးနက်နေဟန် ရှိသည့် အစ်ကိုကြီးကို ကြည့်ရင်း လင်ယုယန် ဘာစကားမှ မပြောမိပေ။
သူမသည် မျက်နှာချင်းဆိုင်တွင် ထိုင်ရင်း အစ်ကိုကြီးကို ငေးမောကာ မျက်နှာတစ်ခုလုံး နူးညံ့သော အပြုံးတို့ ဖုံးလွှမ်းလျက် ရှိနေသည်။
ကျန်းပေရန် အကျဉ်းချုပ် သုံးသပ်ပြီးသွားသောအခါ လင်ယုယန်ကို ခေါင်းမော့ကြည့်ပြီး ပြောလိုက်သည်။
"ငါးလီလျှို ဖြစ်ဖို့ ရာခိုင်နှုန်း များနေပြီဆိုတော့ အဲဒီကနေပဲ စုံစမ်းစစ်ဆေးမှု စတင်တာပေါ့"
"ကောင်းပါပြီ"
လင်ယုယန် ချက်ချင်း ပြန်ဖြေလိုက်သည်။
"ဒီတစ်ခေါက်တော့ မင်းနဲ့ ခုနစ်လေး နှစ်ယောက်တွဲပြီး လှုပ်ရှားရလိမ့်မယ် တစ်ချိန်လုံး အဆက်အသွယ် မပြတ်စေနဲ့"
အစ်ကိုကြီး ကိုယ်တိုင် ပါဝင်လှုပ်ရှားမည် မဟုတ်ကြောင်း ကြားလိုက်ရသည့်အတွက် လင်ယုယန် စိတ်ပျက်မိသော်လည်း လိမ္မာစွာ ခေါင်းညိတ်လိုက်သည်။
ကျန်းပေရန် မလိုက်ပါရသည့် အကြောင်းရင်းကတော့ အရင်အတိုင်းပင် ဖြစ်ပြီး သူ ကိုယ်တိုင် ပါဝင်လိုက်သည်နှင့် မစ်ရှင်၏ အခက်အခဲ အဆင့်သည် မိုးထိအောင် မြင့်တက်သွားတတ်သောကြောင့် ဖြစ်သည်။
ဒါသည်လည်း သူ ဂျူနီယာများကို ပြုစုပျိုးထောင်ပေးနေရသည့် အဓိက အကြောင်းရင်းပင် ဖြစ်သည်။
ပထမအဆင့် စီမံကိန်း အတည်ပြုပြီးနောက် ကျန်းပေရန် ဆက်မေးလိုက်သည်။
"တခြား လျှို့ဝှက်နယ်မြေ နေရာတွေနဲ့ ပတ်သက်ပြီးရော ဘာထူးသေးလဲ"
"ထူးပါတယ်"
လင်ယုယန်သည် သူမ မှတ်စုစာအုပ်ထဲတွင် အတိုချုံး မှတ်သားထားသမျှကို ချက်ချင်း ပြန်လည်ပြောပြလိုက်သည်။
"အင်း ဒီလောက်အချိန်တိုလေးအတွင်းမှာ ဒီလောက်များများ မှတ်မိနေတာ မဆိုးဘူးပဲ"
ကျန်းပေရန် ခေါင်းညိတ်ကာ ချီးကျူးလိုက်သည်။
ချီးကျူးစကားကြောင့် လင်ယုယန်၏ နှလုံးသားလေး ကခုန်သွားပြီး ဦးညွှတ်လိုက်သည်။
"ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ် အစ်ကိုကြီး"
"ဒါပေမဲ့ ဒီသတင်းတွေက ရှုပ်ထွေးနေတယ် ဘယ်လောက်အထိ စိတ်ချရလဲ"
လင်ယုယန် ပြောပြချက်များအရ ကျန်းပေရန် သတိထားမိသည်မှာ လျှို့ဝှက်နယ်မြေ တစ်နေရာတည်းကိုပင် လုံးဝကွဲပြားခြားနားသည့် ကောလာဟလများ တစ်ပြိုင်နက် ထွက်ပေါ်နေခြင်းဖြစ်သည်။ တချို့ဆိုလျှင် အခြေအမြစ်မရှိသော အတင်းအဖျင်းစကားများကဲ့သို့ ဖြစ်နေသည်။
ဒီမေးခွန်းအတွက် ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သဖြင့် လင်ယုယန် ချက်ချင်း ပြန်ဖြေလိုက်သည်။
"စိတ်မချရပါဘူး ခုနစ်လေး ပြောပြချက်အရ ဒါတွေက ဒေသအနှံ့က သူ့မိတ်ဆွေတွေဆီကနေ စုစည်းထားတာပါ အချိန်က အရမ်းကပ်နေတော့ သူလည်း အဖိုးတန်တဲ့သတင်းတွေကို စိစစ်ချိန် မရလိုက်ပါဘူး"
"ကောင်းပြီလေ မင်းတို့နှစ်ယောက် ငါးလီလျှိုကို အရင်သွားကြည့်လိုက် ဒေါ်လေးကို တိုက်ရိုက်ရှာတွေ့ရင်တော့ အကောင်းဆုံးပေါ့ မတွေ့ရင် ပြန်လာခဲ့ ရေရှည်စီမံကိန်း ဆွဲကြတာပေါ့"
"ဟုတ်ကဲ့ပါ ဒါဆိုရင် သတင်းကောင်းနဲ့အတူ ပြန်လာမယ့်အချိန်ကို စောင့်မျှော်နေပေးပါ အစ်ကိုကြီး"
လင်ယုယန်သည် ကျန်းပေရန်ကို ဦးညွှတ်နှုတ်ဆက်ပြီး အခန်းထဲမှ ထွက်ခွာလာခဲ့သည်။
အောက်ထပ်သို့ ရောက်သောအခါ တည်းခိုခန်းပိုင်ရှင်၏ လမ်းညွှန်မှုဖြင့် ခုနစ်လေးကို အလွယ်တကူ ရှာတွေ့လိုက်သည်။
သူမ ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်သည်။
"သွားကြစို့"
"ကောင်းပါပြီ"
ခုနစ်လေးသည် သူမ၏ နောက်မှ ချက်ချင်း လိုက်ပါလာခဲ့သည်။
မြို့ပြင်သို့ ထွက်လာကြစဉ် လင်ယုယန်က ခေါင်းငဲ့ကြည့်ကာ မေးလိုက်သည်။
"မင်းရဲ့ အစ်ကိုကြီးဝမ် ဘာပြောလိုက်လဲဆိုတာ မမေးတော့ဘူးလား"
"ဟဲဟဲ ကျွန်တော့်အလုပ်က အမကြီးရဲ့ ညွှန်ကြားချက်ကို နာခံဖို့ပါပဲ ကျန်တာတွေက အရေးမကြီးပါဘူး"
"မင်းက ကိုယ်ကျိုးစီးပွားကို တကယ် သဘောမထားတာပဲ"
ကျေနပ်သွားသည့် လင်ယုယန်က ဆက်ပြောသည်။
"ငါးလီလျှိုကို မသွားခင် ဘာတွေ ပြင်ဆင်သင့်တယ်လို့ ထင်လဲ"
ခုနစ်လေးက လက်နှစ်ဖက်ယှက်လိုက်သည်။
"ကျွန်တော့်ရဲ့ ညံ့ဖျင်းမှုကို ခွင့်လွှတ်ပါ အမကြီး အခုအချိန်မှာ ငါးလီလျှိုတင် မကဘူး ဖီးနစ်နှစ်ကောင်မြို့ထဲမှာတောင် ကြက်သွေးရောင်နေမင်းဂိုဏ်းရဲ့ သူလျှိုတွေ ပြည့်နေပါတယ် အလွန်ဆုံး ကျွန်တော် လုပ်ပေးနိုင်တာက ဂိုဏ်းဖွဲ့လေးတချို့ကို လှုံ့ဆော်ပေးလို့ရမယ် ဒါပေမဲ့ သူတို့ကလည်း ကြက်သွေးရောင်နေမင်းဂိုဏ်းကို စုံစမ်းရဲမှာ မဟုတ်ဘူး"
"သဘောပေါက်ပြီ"
လင်ယုယန် ခေတ္တစဉ်းစားလိုက်ပြီးနောက် ခုနစ်လေးကဲ့သို့ သာမန်လူတစ်ယောက်အတွက် ဒါက တကယ်ကို ခက်ခဲလွန်းနေမှန်း နားလည်လိုက်သည်။
"ဒါဆိုရင် အစွန်အဖျားလောက်ပဲ သွားကြည့်ကြတာပေါ့ အထဲမှာ လူရှိမရှိ အတည်ပြုနိုင်တာနဲ့ ငါတို့ ပြန်ထွက်လာကြမယ်"
"ကောင်းပါပြီ အမကြီး သဘောအတိုင်းပါ"
လင်မိသားစု သခင်မလေးအနေဖြင့် သူမ ရှာဖွေနေသူ ငါးလီလျှိုထဲ ရှိမရှိ မည်သို့ အတည်ပြုမည်ကို ခုနစ်လေး မသိသော်လည်း မျိုးနွယ်စုကြီးများတွင် ကိုယ်ပိုင် လျှို့ဝှက်နည်းလမ်းများ ရှိစမြဲပင် ဖြစ်၏။
လျှို့ဝှက်သည်ဟု ဆိုကတည်းက ပြင်ပလူတစ်ယောက်အနေဖြင့် များများမေးလေ ပြဿနာတက်လေသာ ဖြစ်မည်။
အမိန့်နာခံတာက အကောင်းဆုံးပင်။
လွန်ခဲ့သော နှစ်တစ်ရာခန့်က ဖီးနစ်နှစ်ကောင်မြို့ အနီးတွင် ငလျင်အကြီးအကျယ် လှုပ်ခတ်ခဲ့ပြီး မြေပြင်သည် ဇာ့တစ်ရာကျော် နိမ့်ဆင်းသွားခဲ့သည်။
အနီးနားရှိ ရွာပေါင်းများစွာ ပျက်စီးခဲ့ပြီး ရေလွှမ်းမိုးမှုကြောင့် ယခုလက်ရှိ ငါးလီလျှို ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။
ငါးလီလျှိုသည် သဘာဝအလျောက် လှပသည့်အပြင် လျှို့ဝှက်နယ်မြေ ဒဏ္ဍာရီများကြောင့် ဧည့်သည်များစွာကို ဆွဲဆောင်နိုင်ခဲ့သည်။
သို့သော် ဒဏ္ဍာရီဆိုသည်မှာ ဒဏ္ဍာရီသာ ဖြစ်သည်။
ဟွမ်ဖင်စီရင်စုတွင် လျှို့ဝှက်နယ်မြေ ပုံပြင်များသည် ကောင်းကင်ပေါ်က တိမ်တိုက်များပမာ ပေါများလှသည်။
လူအများစုကတော့ အပျင်းပြေ နားထောင်ရုံသာရှိပြီး အလေးအနက် မထားကြပေ။
လာရောက်လည်ပတ်သူများသည်လည်း ရှုခင်းကြည့်ရန်သာ အဓိကထားကြသည်။
"အမကြီး"
ငါးလီလျှို အဝင်ဝသို့ ရောက်သောအခါ ခုနစ်လေးသည် ရုတ်တရက် ခေါင်းကို ဖိကာ ညည်းတွားလိုက်သည်။
"ဘာဖြစ်လို့လဲ"
လင်ယုယန် နားမလည်စွာ မေးလိုက်သည်။
"ရုတ်တရက် ခေါင်းကိုက်လာပြီး ပျို့အန်ချင်သလို ဖြစ်လာလို့ပါ ငါးလီလျှိုနဲ့ နီးလာလေ ပိုဆိုးလာလေပဲ"
လင်ယုယန် မျက်မှောင်ကြုတ်လိုက်သည်။
သူမတွင်မူ မည်သည့် လက္ခဏာမှ မခံစားရပေ။ ထို့ကြောင့် ဖြစ်နိုင်ခြေ နှစ်ခု ရှိသည်။
ပထမတစ်ချက်က တစ်စုံတစ်ယောက်သည် ငါးလီလျှိုတွင် ကျင့်ကြံသူများကို မထိခိုက်စေဘဲ သာမန်လူများကိုသာ နေမထိထိုင်မသာ ဖြစ်စေမည့် အစီအရင်တစ်ခု တည်ဆောက်ထားခြင်း ဖြစ်နိုင်သည်။ ရည်ရွယ်ချက်မှာ သာမန်လူများကို မောင်းထုတ်ရန်ပင် ဖြစ်နိုင်သည်။
ဒုတိယတစ်ချက် ငါးလီလျှို အတွင်းရှိ ဖြစ်စဉ်ထူးတစ်ခုခုကြောင့် ဒီလို တုံ့ပြန်မှု ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
လင်ယုယန်သည် ပထမအချက်ကို ပိုမိုဖြစ်နိုင်သည်ဟု ယူဆသည်။ အကယ်၍ ဖြစ်စဉ်ထူးကြောင့်သာဆိုလျှင် ခုနစ်လေးတစ်ယောက်တည်း ခံစားရပြီး သူမ ဘာမှမဖြစ်သည်မှာ မဟုတ်သေးပေ။
{ကြည့်ရတာ ကြက်သွေးရောင်နေမင်းဂိုဏ်းက ငါးလီလျှိုကို တကယ် ပိတ်ဆို့ဖို့ ကြိုးစားနေပုံပဲ}
ဒီအချက်ကို အတည်ပြုပြီးနောက် လင်ယုယန်သည် ခါးချိတ်တံဆိပ်ပြားကို ထုတ်ကာ အတွင်းအား စတင်ထည့်သွင်းလိုက်သည်။
လင်မိသားစု ခါးချိတ်တံဆိပ်ပြားသည် ဆက်သွယ်ရေးအတွက်သာမက အခြားသူများကို အာရုံခံရာတွင်လည်း အသုံးပြုနိုင်သည်။
အကယ်၍ အနီးနားတွင် အခြားတစ်ယောက်ကလည်း တံဆိပ်ပြားထဲသို့ အတွင်းအား ထည့်သွင်းနေပါက သူမ၏ တံဆိပ်ပြားသည် တုံ့ပြန်မှု ပြသလိမ့်မည်။
ပုံမှန်အားဖြင့် ဒီလုပ်ဆောင်ချက်ကို အန္တရာယ်ကြုံမှသာ အသုံးပြုလေ့ရှိသည်။ ထို့ကြောင့် တုံ့ပြန်မှု ရရှိသည်နှင့် သူမ အမြန်ပြန်သွားပြီး ဖခင်ဖြစ်သူကို အကြောင်းကြားရန် လင်ယုယန် စီစဉ်ထားသည်။
သို့သော် ငါးလီလျှို တစ်ခွင်လုံး ပတ်ပြီးသည့်တိုင် သူမ၏ တံဆိပ်ပြားမှာ မည်သည့် တုံ့ပြန်မှုမှ မပြပေ။
ဒါက သူမကို စိတ်သက်သာရာ ရစေသလို စိတ်ပျက်မှုလည်း ဖြစ်စေသည်။
စိတ်သက်သာရာ ရသည်မှာ သူမ၏ ဒေါ်လေးတွင် လက်တလော အန္တရာယ် မရှိသေးကြောင်း ပြသနေသောကြောင့် ဖြစ်သည်။
စိတ်ပျက်ရသည်မှာ ယခင် သုံးသပ်ချက်များအရ ဒေါ်လေး ဒီနေရာတွင် ရှိနိုင်ခြေ အလွန်များသော်လည်း ရှာမတွေ့ခဲ့သောကြောင့် ဖြစ်သည်။
တုံ့ပြန်မှု မရှိကြောင်း သေချာသွားသောအခါ လင်ယုယန် ခုနစ်လေးဘက်သို့ လှည့်ကာ ပြောလိုက်သည်။
"ပြန်ကြစို့"
ရှာဖွေနေသူကို မတွေ့ရသဖြင့် ခုနစ်လေးလည်း အနည်းငယ် စိတ်ပျက်သွားသည်။
ပထမအကြိမ်မှာတင် မှန်ကန်ခဲ့မည်ဆိုလျှင် အစ်ကိုကြီးဝမ်၏ အမြင်တွင် သူ့အဆင့်အတန်း မြင့်တက်လာမည် မဟုတ်ပါလား။
သို့သော် မျက်နှာပေါ်တွင် ထုတ်မပြဘဲ ခေါင်းညိတ်ကာ သူမနောက်မှ လိုက်ပါသွားခဲ့သည်။
ပြန်ထွက်လာရာလမ်းတွင် လင်ယုယန်သည် အခြားသော လျှို့ဝှက်နယ်မြေ ကောလာဟလများကို စဉ်းစားပြီး နောက်ထပ် ဘယ်နေရာကို ဆက်ရှာရမလဲ တွေးတောနေမိသည်။
လက်ဖက်ရည်တစ်ခွက် သောက်စာအချိန်ခန့် ကြာသောအခါ ခုနစ်လေး ရုတ်တရက် ပြောလိုက်သည်။
"အမကြီး ဒီနေရာကို ကျွန်တော်တို့ ဖြတ်ပြီးသားလို့ မထင်ဘူးလား"
လင်ယုယန် သတိပြန်ဝင်လာပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
ယခုအချိန်ဆိုလျှင် သူတို့ လမ်းမကြီးပေါ် ရောက်နေသင့်ပြီ ဖြစ်သည်။
သို့သော် သူတို့သည် ငါးလီလျှို အတွင်း၌သာ လှည့်ပတ်သွားလာနေဆဲ ဖြစ်သည်။
ဒါက....အလွန် ပုံမှန်မဟုတ်ပေ။
"ချင်းဖုန်း ဟိုနှစ်ယောက်က ရိပ်မိသွားပုံပဲ ဘယ်လိုလုပ်မလဲ ငါတို့ လှုပ်ရှားလိုက်ကြမလား"
ချင်းဖုန်းဟု ခေါ်သော အမျိုးသားသည် မျက်မှောင်ကြုတ်လိုက်ပြီး လင်ယုယန်ကို စိုက်ကြည့်နေသည်။
သူတို့သည် "ကောင်းကင်ဘုံ မြင်း" ဟုခေါ်သော အဖွဲ့အစည်းတစ်ခုမှ လှည့်လည်သွားလာနေသော ကျင့်ကြံသူများ ဖြစ်ကြသည်။ များသောအားဖြင့် ခြေရာဖျောက်ရန် (သို့မဟုတ်) မလိုအပ်သော ပြဿနာများကို ရှောင်ရှားရန်အတွက် ဂိုဏ်းကြီးများမှ အဖွဲ့ဝင်များအဖြစ် ဟန်ဆောင်လေ့ရှိကြသည်။
ယခုတစ်ကြိမ် ငါးလီလျှိုအနီး ဖြတ်သန်းသွားစဉ် ကောင်းကင်မှ "ကောင်းကင်ဘုံ ရေ" ကျဆင်းလာသည်ကို သူတို့ မြင်တွေ့လိုက်ရသည်။
ဒီနေရာတွင် လျှို့ဝှက်နယ်မြေ ကောလာဟလများ ရှိပြီးသားဖြစ်ကြောင်း သိထားသဖြင့် ဒီနေရာတွင် ကံကောင်းခြင်းကြီးတစ်ခု ရှိနေမည်ဟု သူတို့ ယုံကြည်သွားကြသည်။
လျှို့ဝှက်ချက်ကို တစ်ဦးတည်း ပိုင်ဆိုင်လိုသဖြင့် ကောင်းကင်ဘုံ ရေ ကို မြင်တွေ့လိုက်သော ဒေသခံများအားလုံးကို သတ်ဖြတ်ရန် ချက်ချင်း လူခွဲလိုက်ကြသည်။
သို့သော် ထိုသို့လုပ်ဆောင်ရင်း ပြိုင်ဘက်ကောင်း တစ်ယောက်နှင့် တွေ့ဆုံခဲ့ရသည်။အနက်ရောင် ဘုရင်အဆင့် ကျင့်ကြံခြင်း ရှိသော အမျိုးသမီးတစ်ဦးပင် ဖြစ်သည်။
သူတို့အဖွဲ့ဝင် ၁၄ ယောက်ထဲတွင် အနိမ့်ဆုံးက ဒုတိယအဆင့် အနက်ရောင် ဘုရင်များ ဖြစ်ကြပြီး အားလုံးပေါင်းလိုက်လျှင် အနက်ရောင် ဧကရာဇ် တစ်ပါးကိုပင် ယှဉ်ပြိုင်နိုင်စွမ်းရှိသဖြင့် ဒါက ကိစ္စကြီး မဟုတ်ပေ။
ပြဿနာက... ဒီအမျိုးသမီးက လင်မိသားစုဝင် ဖြစ်နေခြင်း ဖြစ်၏။
သူမ မနိုင်မှန်း သိလိုက်သောအခါ လင်မိသားစု ခါးချိတ်တံဆိပ်ပြားကို ထုတ်ပြလိုက်သည်။
တံဆိပ်ပြားကို မြင်လိုက်ရသည်နှင့် ကောင်းကင်ဘုံ မြင်း ကျင့်ကြံသူများ ကြက်သေ သေသွားကြသည်။
ဒါက ချီတိုင်းပြည်၏ အင်အားအကြီးဆုံး မျိုးနွယ်စုကြီးတစ်ခုဖြစ်သော လင်မိသားစု မဟုတ်ပါလား... ဘယ်သူက သူတို့ကို ထိပါးရဲမည်နည်း။
သို့သော် သူမ တံဆိပ်ပြား မထုတ်ခင်ကတည်းက သူတို့ သူမကို အပြင်းအထန် ဒဏ်ရာရအောင် လုပ်မိပြီးသား ဖြစ်နေသည်။
ဆိုလိုသည်မှာ ပြစ်မှုကျူးလွန်ပြီးသား ဖြစ်နေပြီ။
ထို့အပြင် ငါးလီလျှိုတွင် လျှို့ဝှက်နယ်မြေ ဝင်ပေါက် ရှိနိုင်သည်ဟူသော အချက်က မက်လောက်စရာ ဖြစ်နေသည်။
ဒီအချက်နှစ်ချက်ကို ချိန်ဆပြီးနောက် ကောင်းကင်ဘုံ မြင်း ကျင့်ကြံသူများသည် နှလုံးသွေး ရပ်တန့်မတတ် ဆုံးဖြတ်ချက်ချကာ လင်မိသားစု အမျိုးသမီး၏ ခါးချိတ်တံဆိပ်ပြားကို လုယူပြီး အသေ တိုက်ခိုက်ကြတော့သည်။
တံဆိပ်ပြား အလုခံလိုက်ရချိန်တွင် လင်ရှီယွင် ကြောင်အသွားခဲ့သည်။
ဝါရင့် "စူးစမ်းရှာဖွေသူ" တစ်ဦးအနေဖြင့် သူမသည် လျှို့ဝှက်နယ်မြေများတွင် အခြားသူများနှင့် မကြာခဏ ထိပ်တိုက်တွေ့လေ့ ရှိသော်လည်း သူမ၏ ကိုယ်ပိုင်အမှတ်အသားကို ထုတ်ပြလိုက်တိုင်း လူတိုင်းက ချက်ချင်း ရိုသေလေးစားသွားတတ်ကြသည်။
ထို့နောက် သူမက "တိုက်ခိုက်ခြင်း မရှိလျှင် မိတ်ဆွေ မဖြစ်နိုင်" စသဖြင့် သဘောထားကြီးသော စကားအနည်းငယ် ပြောလိုက်ရုံဖြင့် လျှို့ဝှက်နယ်မြေ ရှာဖွေရတာ ဝါသနာပါသော မိတ်ဆွေသစ်များ ရရှိသွားလေ့ရှိသည်။
သို့သော် ဒီတစ်ကြိမ်တွင်မူ သူမ၏ အောင်မြင်နေကျ နည်းလမ်းက အလုပ်မဖြစ်ခဲ့ပေ။
သူမ၏ နှလုံးသားဆီသို့ ဓားတစ်ချောင်း ထိုးစိုက်လာသည်ကို ခံစားလိုက်ရတော့မှ လင်ရှီယွင် သဘောပေါက်သွားသည်။
{သူတို့က ငါ့ကို တကယ် သတ်ရဲကြပါလား}
သို့သော် လင်မိသားစုဝင် တစ်ယောက်အနေဖြင့် ဒဏ်ရာအပြင်းအထန် ရထားသည့်တိုင် သူမတွင် ရတနာများစွာ ကျန်ရှိနေသေးသည်။
ရွှေရောင် အဆောင်လက်ဖွဲ့များနှင့် ကျောက်စိမ်းပြားများကို ဆက်တိုက် အသုံးပြုရင်း သူမ သီသီလေး လွတ်မြောက်ခဲ့သည်။
ကံဆိုးသည်မှာ တစ်ဖက်လူ အင်အားများလွန်းပြီး စနစ်တကျ ဖွဲ့စည်းထားသဖြင့် လွတ်မြောက်နိုင်မည့် လမ်းကြောင်းအားလုံးကို လျင်မြန်စွာ ပိတ်ဆို့ကာ သူမကို ဝိုင်းရံလိုက်ကြသည်။
သို့တိုင်အောင် လုံခြုံစိတ်ချရသော ဝိုင်းရံပိတ်ဆို့မှု ကြားမှပင် သူမကို ဖမ်းဆီးရန် ပျက်ကွက်ခဲ့ကြသည်။
ဒါက သူတို့ကို ထိတ်လန့်သွားစေသည်။အကယ်၍ သူမသာ လွတ်မြောက်သွားပါက သူတို့အတွက် သေလမ်းသာ ရှိတော့မည်။
ရွေးချယ်စရာ မရှိတော့သဖြင့် ငါးလီလျှိုကို ဆက်လက် စောင့်ကြပ်ရင်း လင်မိသားစု အမျိုးသမီး အထဲမှာ ရှိမရှိ ဆက်လက် ရှာဖွေရန် ဆုံးဖြတ်လိုက်ကြသည်။
သူတို့၏ တင်းမာမှုသည် နှစ်ရက်သာ ကြာမြင့်ခဲ့သည်။
သုံးရက်မြောက်နေ့ ရောက်သည်အထိ လင်မိသားစု စစ်ကူများ ရောက်မလာသောအခါ သူမသည် ငါးလီလျှိုထဲတွင် နည်းလမ်းတစ်ခုခု သုံးပြီး ပုန်းအောင်းနေဆဲ ဖြစ်ကြောင်း ကောက်ချက်ချလိုက်ကြသည်။
သူမ ရှိနေသေးကြောင်း သိလိုက်ရသည်နှင့် သူတို့ စိတ်အားပြန်တက်လာကြသည်။
တချို့က အစီအရင်များ ခင်းကျင်းကြသည်။ တချို့က ဗေဒင်တွက်ကြသည်။ သူတို့သည် တစ်လက်မ မကျန် လိုက်လံရှာဖွေကြတော့သည်။
လင်မိသားစုသည် ဟင်းလင်းပြင် အတတ်ပညာတွင် နာမည်ကျော်ကြားသဖြင့် သူမသည် အခြားဟင်းလင်းပြင် တစ်ခုတွင် ပုန်းအောင်းနေသည်ဟု ကောင်းကင်ဘုံ မြင်း ကျင့်ကြံသူများက တွက်ဆထားကြသည်။
သို့သော် လင်မိသားစု ကျွမ်းကျင်သူများ ရောက်မလာသေးသဖြင့် သူမသည် ပုန်းအောင်းရုံသာ တတ်နိုင်ပြီး ဘာမှ မလုပ်နိုင်ကြောင်း သေချာသလောက် ရှိနေသည်။
သူမ ပုန်းခိုရာ နေရာကို ရှာတွေ့ရန်အတွက် သူတို့အနေဖြင့် "ဟင်းလင်းပြင် သခင်" တစ်ဦး လိုအပ်နေသည်။
သို့သော် ထိုကဲ့သို့ အဆင့်မြင့် အနက်ရောင် အတတ်ပညာရှင်များသည် ရှားပါးလှပြီး တကယ့် ကျွမ်းကျင်သူများမှာ ပို၍ပင် ရှားပါးသေးသည်။
ဘယ်သူ့ကို ရှာရမှန်း သူတို့ မသိကြပေ။
ထို့ကြောင့် အခြေအနေသည် ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေသည်။
သူတို့သည် ငါးလီလျှိုကို တင်းကြပ်စွာ စောင့်ကြပ်ထားပြီး မထွက်ခွာရဲကြပေ။ တစ်ဖက်တွင် လျှို့ဝှက်နယ်မြေ ဝင်ပေါက်ကို ရှာဖွေနေသလို အခြားတစ်ဖက်တွင် သူတို့ကို ကူညီပေးမည့် ဟင်းလင်းပြင် သခင် တစ်ဦးကိုလည်း ရှာဖွေနေကြရသည်။
ယနေ့တွင်တော့ လူသစ်နှစ်ယောက် ရောက်ရှိလာခြင်းက ဟန်ချက်ညီနေမှုကို ပျက်ပြားစေခဲ့သည်။ အကြောင်းမှာ သူတို့၏ ကင်းထောက်ဖြစ်သူ ဖန်ရှီ က ထိုနှစ်ယောက်ထဲမှ တစ်ယောက်သည် လင်မိသားစု အမျိုးသမီး ကိုင်ဆောင်သော ခါးချိတ်တံဆိပ်ပြားနှင့် ထပ်တူညီသော တံဆိပ်ပြားတစ်ခုကို ကိုင်ဆောင်ထားကြောင်း တွေ့ရှိလိုက်သောကြောင့် ဖြစ်သည်။
ဆိုရိုးစကား ရှိသည်မလား... လွှတ်ပေးလိုက်တာထက် မှားယွင်း သတ်ဖြတ်လိုက်တာက ပိုကောင်းတယ် တဲ့။
လင်မိသားစုဝင် တစ်ယောက် ဒီနေရာကို ရောက်လာတယ်ဆိုရင် သူမ တစ်ခုခု ရှာတွေ့သွားတာ ဖြစ်နိုင်တယ်။
{ခေါင်းကိုက်လိုက်တာကွာ...}
ချင်းဖုန်း အကြိမ်တစ်ထောင်မက နောင်တရနေမိသည်။
ငါးလီလျှို လျှို့ဝှက်နယ်မြေကို မလိုချင်ခဲ့ဘူးဆိုရင် သူတို့ ဒီလို အရှုပ်အထွေးထဲ ရောက်နေမှာ မဟုတ်ဘူး။
အကယ်၍ နောက်ဆုံးမှာ လျှို့ဝှက်နယ်မြေကို ရှာတွေ့ခဲ့ရင်တော့ တန်ကောင်း တန်နိုင်ပါသေးတယ်။
ဒါပေမဲ့ ဒီလောက်ကြာတဲ့အထိ ဘာမှ ရှာမတွေ့သေးဘူး။
ဆိုလိုတာက သူတို့ဟာ မျိုးနွယ်စုကြီးတစ်ခုကို အလကားသက်သက် စော်ကားမိလိုက်တာပဲ။ ယင်ကောင်ကို မျိုချမိတာထက်တောင် ပိုဆိုးသေးတယ်။
ဒါပေမဲ့ အခုချိန်မှာတော့ ဆက်လက် တောင့်ခံထားရုံမှတပါး ရွေးချယ်စရာ မရှိတော့။
လျှို့ဝှက်နယ်မြေ ရှာဖွေတာကို ရပ်လို့မရသလို လင်မိသားစုဝင်တွေကို စောင့်ကြည့်တာလည်း ရပ်လို့မရပေ။
ဒါမှမဟုတ်ရင် သူတို့ သွားပြီပဲ။
လင်ယုယန် ရောက်လာတာကို မြင်တုန်းက ချင်းဖုန်း တွေးလိုက်တာက လင်မိသားစုဝင် တစ်ယောက် ပျောက်သွားတာက သတိထားမိလောက်မှာ မဟုတ်ပေမယ့် နှစ်ယောက် ပျောက်သွားရင်တော့ အရမ်း အန္တရာယ်များသွားနိုင်တယ် ဟူ၍ ဖြစ်၏။
ဒါကြောင့် သူမ ဘာမှ မတွေ့ရှိဘူးဆိုရင် ပြန်လွှတ်ပေးလိုက်ဖို့ သူ စီစဉ်ထားခဲ့သည်။
ဒါပေမဲ့ သူမ ပြန်လှည့်ထွက်သွားတာကို မြင်လိုက်ရတဲ့အခါ ချင်းဖုန်း သွားကိုကြိတ်ပြီး သူမကို ပိတ်လှောင်ဖို့အတွက် "စိတ်ကူးယဉ် အစီအရင်" ကို ဖွင့်လိုက်တော့သည်။
သူ လောင်းကြေးမထပ်ရဲဘူး တကယ်လို့ သူမ တစ်ခုခု တွေ့ရှိသွားပြီး သူက လွှတ်ပေးလိုက်မိရင် ဒီမှာရှိတဲ့ လူအားလုံး သူနဲ့အတူ လိုက်သေရလိမ့်မယ်။
"ချင်းဖုန်း ငါတို့ လှုပ်ရှားမှာလား မလှုပ်ရှားဘူးလား"
ဖန်ရှီက ထပ်မေးလိုက်သည်။
"ငါ့ကို စဉ်းစားခိုင်းပါဦးကွာ"
ချင်းဖုန်း ပြန်အော်လိုက်သည်။
သူ မျှော်လင့်ချက် သဲ့သဲ့လေးကို ဆုပ်ကိုင်ထားချင်သေးသည်။ ဘာပဲပြောပြော သူတို့က လင်မိသားစုကို စော်ကားမိရုံပဲ ရှိသေးတယ် တကယ် လူသတ်ထားတာမှ မဟုတ်သေးတာ။
ဒီကိစ္စကို စုံစမ်းစစ်ဆေးလာရင်တောင် သူ အသက်ရှင်နိုင်ဦးမှာပါ။
ဒါပေမဲ့ လူသတ်လိုက်ပြီ ဆိုရင်တော့ ဒါက သွေးကြွေး ဖြစ်သွားပြီ။
အဲဒီအချိန်မှာပဲ အမျိုးသမီးတစ်ယောက် ချင်းဖုန်းဘေးနား ရုတ်တရက် ရောက်လာသည်။
"ဒီလို အခြေအနေမျိုး ရောက်နေမှတော့ လင်မိသားစုက ငါတို့ကို ခွင့်လွှတ်လိမ့်မယ်လို့ မင်း ထင်မနေဘူး မဟုတ်လား"
သူမကို ကြည့်ရင်း ချင်းဖုန်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။
"လျှို့ဝှက်နယ်မြေလည်း ရှာမတွေ့သေးဘဲနဲ့ လင်မိသားစုဝင်တွေကိုပါ ထပ်သတ်လိုက်မယ်ဆိုရင် အဲဒါက သေလမ်း မဟုတ်ဘူးလား"
အမျိုးသမီးက သူ့ကျောကုန်းကို ပွတ်သပ်ပေးရင်း ချော့မော့ပြောဆိုလိုက်သည်။
"ကြည့်စမ်း... ဒီလောက်ရက်တွေ အများကြီး ကြာသွားတာတောင် လင်မိသားစု ရောက်မလာသေးဘူးလေ။ ဒါက ဘာပြနေလဲဆိုတော့ မျိုးနွယ်စုကြီးတွေက ပြောသလောက် မကြောက်စရာကောင်းဘူး ဆိုတာပဲ။ ငါတို့သာ ဒီနှစ်ယောက်လုံးကို သတ်ပြီး အလောင်း ဖျောက်လိုက်ရင် ဘယ်သူက ငါတို့လက်ချက်မှန်း သိမှာလဲ"
"ဒါပေမဲ့..."
ချင်းဖုန်း လက်သီးဆုပ်ကို ဖြည်းဖြည်းချင်း ဖြေလျှော့လိုက်သည်။
တုံရွှမ် ပြောတာမှန်မှန်း သူ သိသည်။လမ်းတစ်လမ်းပဲ ကျန်တော့သည်။
သက်သေတွေကို နှုတ်ပိတ်သတ်ဖြတ်ပစ်ဖို့သာ ရှိတော့သည်။
"ဟူး..."
ချင်းဖုန်း သက်ပြင်းရှည်ကြီး ချလိုက်ပြီး ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ မင်းသဘောအတိုင်း လုပ်ကြတာပေါ့"
ဖန်ရှီက ချက်ချင်း ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ ဒါဆို ငါသွားတော့မယ်"